၂၀၂၅ မေလ ၂၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ စိတ်ချလုံခြုံသော ဆေးရုံများတည်ဆောက်နိုင်ရေး ပြည်သူလူထု ပါဝင်ကူညီရန် ဦးမင်းကိုနိုင် တိုက်တွန်း
📌 ၂။ ဆွီဒင်နိုင်ငံအနေဖြင့် မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူများ၏ မိသားစုဝင်များအတွက် အထူးဝမ်းနည်းကြောင်း ထုတ်ပြန်ကြေညာ
📌 ၃။ အာဆီယံက ၎င်းတို့ရဲ့ မအောင်မြင်တဲ့ ဘုံသဘောထား ငါးရပ်ကို ဆက်လက်အမွှန်းတင်နေပြီး အာဆီယံရဲ့ကြံရာပါက အရပ်သားပြည်သူများကို သတ်ဖြတ်နေဟု JFM ဆို
📌 ၄။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လူထုထောက်ခံ လမ်းလျှောက်ပွဲ ယူကေမှာ ကျင်းပမယ်
📌 ၅။ အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးထိန်းသိမ်းပြီးနောက် သေဆုံးသူ အမျိုးသမီး (၁) ဦးနှင့် အမျိုးသား (၁၆) ဦး စုစုပေါင်း (၁၇) ဦး ရှိခဲ့ပြီး အကျဉ်းထောင်တွင်း သေဆုံးသူ (၂) ဦး ပါဝင်
========================
၂၀၂၅ ခုနှစ် မေလ ၂၉ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ DKBA ဌာနချုပ်အနီး တိုက်ပွဲမှာ စစ်ကောင်စီ စစ်ကူစစ်ကြောင်း ချေမှုန်းခံရပြီး (၃၀) ကျော် ဖမ်းဆီးရမိ၊ ဆုံဆည်းမြိုင် ကျေးရွာကို စစ်ကောင်စီ ဗုံးကြဲခဲ့ရာ ကလေးငယ်တဦး ဒဏ်ရာရ
🚩 ၂။ ဖားကန့်မြို့နယ် လုံးခင်းရွာတွင် စစ်ကောင်စီတပ်မှ ဒေသခံများကို ဖမ်းဆီးရိုက်နှက်မှုများ ပြုလုပ်နေပြီး တိုက်ပွဲများလည်း ဖြစ်ပွားနေ
🚩 ၃။ သရက်ခရိုင်၊ အမှတ် (၄) တပ်ရင်း လှုပ်ရှားနယ်မြေ အတွင်းက ပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေး
🚩 ၄။ ပုတိမ်စု ပျူခေါင်းဆောင် ရာအိမ်မှူး တဦးအား ရှင်းလင်းခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ စိတ်ချလုံခြုံသော ဆေးရုံများတည်ဆောက်နိုင်ရေး ပြည်သူလူထု ပါဝင်ကူညီရန် ဦးမင်းကိုနိုင် တိုက်တွန်း
တစ်ပြည်လုံးအတိုင်းအတာဖြင့် ထိုးစစ်များ ဆင်နွှဲရန် ပြင်ဆင်နေသည့် အခြေအနေတွင် စိတ်ချရသော ဆေးရုံဆေးခန်းများ လိုအပ်မှုကို ဖြည့်ဆည်းပေးရန်အတွက် ပြည်သူလူထုပါဝင်ကူညီရန် ဦးမင်းကိုနိုင်က တိုက်တွန်းပြောကြားလိုက်ပါတယ်။
"ဖက်ဆစ်တပ်က ဖက်ဆစ်အပြုမူအတိုင်း ရိုင်းရိုင်းစိုင်းစိုင်း ဆေးရုံတွေ၊ ဆေးခန်းတွေ၊ စာသင်ကျောင်းတွေ၊ အရပ်ဘက်ပစ်မှတ်တွေကို သဲသဲမဲမဲ လေကြောင်းက တိုက်နေတဲ့ အခြေအနေမျိုးမှာ ကျနော်တို့ တိုက်ပွဲဝင်မယ့်ရဲဘော်တွေ အပါအဝင် ပြည်သူလူထုရော၊ အဲဒီကျန်းမာရေးအပြင် တကယ်အရေးပေါ် တိုက်ပွဲတွေမှာဖြစ်လာရင်ကျနော်တို့ ကိုယ်တွေ့ ကြုံခဲ့ကြရတာပေါ့နော်။ အများကြီးလည်း ကြုံဖူးကြပါတယ်။ ဒါက ဘာလဲဆိုတော့ ဆေးကုပေးမယ့်နေရာ အရောက်သယ်ကြတဲ့အခါမှာ အခက်အခဲတွေရှိတဲ့အခါ ကြန့်ကြာခဲ့ရင် မဖြစ်သင့်တာတွေ မဆုံးရှုံးသင့်တာတွေ ဆုံးရှုံးရပါတယ်။ မနေ့ကဆိုရင်လည်း အဲလိုပဲ ရဲဘော်တစ်ယောက်။ တော်တော် နစ်နာတာပေါ့။ ဒီလို ကုသရေးကို အချိန်မီမရောက်နိုင်တဲ့အခါ။ အဲတော့ ကျနော်တို့ ရွေ့လျားဆေးခန်းတွေလည်း လိုတယ်။ ဒါပေမယ့် အားလုံးဟာ စိတ်ချလုံခြုံတဲ့ ဆေးခန်းမျိုး ဆေးရုံမျိုး ဖြစ်ဖို့ လိုပါတယ်။ အဲဒီအတွက်ကတော့ ဘဏ္ဍရေးလိုအပ်ချက်ရှိတယ်ပေါ့။ ဒါပါပဲ။ အဲဒီအတွက်တော့ ပြည်သူလူထုတွေ ကူကြရပါလိမ့်မယ်။” လို့ ဦးမင်းကိုနိုင်က ပြောပါတယ်။
ဆက်လက်၍ ဆေးကုသရေးအတွက် ကျန်းမာရေး CDM ပညာရှင်များနှင့် လေ့ကျင့်သင်ကြားပြီးသူများအပါအဝင် လူသားအရင်းအမြစ်များ အပြည့်အဝရှိသော်လည်း လိုအပ်နေသည်မှာ စိတ်ချရသော ဆေးကုသရေးနေရာများဖြစ်ကြောင်း၊ လေကြောင်းတိုက်ခိုက်မှုဒဏ်ကိုပါ ခံနိုင်ရည်ရှိသော ဆေးရုံဆေးခန်းများကို တည်ဆောက်ရန် ဘဏ္ဍာရေးအရ ပံ့ပိုးမှုများ လိုအပ်လျက်ရှိကြောင်း၊ တော်လှန်ရေးသည် ပြည်သူလူထု၏ အားနှင့်သာ အောင်မြင်မည်ဖြစ်သဖြင့် ဤလိုအပ်ချက်အတွက် ပြည်သူလူထုအား ဝိုင်းဝန်းပါဝင်ကူညီပေးရန် တောင်းဆိုကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။
ဤလိုအပ်ချက်များကို ဖြည့်ဆည်းရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနမှ Safe Hospital, Safe Healthcare Fundraising Campaign ကို စတင်လိုက်ပြီဖြစ်ပြီး အဆိုပါကမ်ပိန်းသည် မြန်မာနိုင်ငံတွင် ဘေးကင်းလုံခြုံသော ကျန်းမာရေးစောင့်ရှောက်မှုများ ရရှိရေးနှင့် လေကြောင်းတိုက်ခိုက်မှုဒဏ်ခံနိုင်သောဆေးရုံများ တည်ဆောက်နိုင်ရေးအတွက် ရည်ရွယ်ထားကာ ကမ်ပိန်းကာလသည် မေ (၂၄) ရက်မှ ဇွန် (၃၀) ရက်အထိ ဖြစ်ပြီး ရည်မှန်းဘဏ္ဍာရေးပမာဏမှာ အမေရိကန်ဒေါ်လာ (၄၀၀,၀၀၀) ဖြစ်တယ်လို့ သိရပါတယ်။
========================
📌📌 ၂။ ဆွီဒင်နိုင်ငံအနေဖြင့် မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူများ၏ မိသားစုဝင်များအတွက် အထူးဝမ်းနည်းကြောင်း ထုတ်ပြန်ကြေညာ
ဆွီဒင်နိုင်ငံအနေဖြင့် စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူး၊ ရခိုင်၊ ချင်းနှင့် မြန်မာနိုင်ငံရှိ အခြားတိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူများ၏ မိသားစုဝင်များအတွက် အထူးဝမ်းနည်းရတယ်လို့ မေလ (၂၈) ရက်နေ့မှာ ဆွီဒင်သံရုံး-ရန်ကုန်က ကြေညာပါတယ်။
"စကစ၏ ကိုယ်တိုင်ကြေညာထားသော အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ပြီး စာသင်ကျောင်းများ၊ ဆေးရုံများနှင့် ဘာသာရေး အဆောက်အအုံများ အပါအဝင် အရပ်သားပြည်သူများကို စစ်တပ်က လေကြောင်းမှ နေ့စဉ်နီးပါး တိုက်ခိုက်မှု အစီရင်ခံစာများနှင့်ပတ်သက်၍ အလွန်စိုးရိမ်ပါတယ်"လို့ဖော်ပြပါတယ်။
အရပ်သားပြည်သူများ၊ အထူးသဖြင့် အပြစ်မဲ့ကလေးများကို တိုက်ခိုက်ခြင်းသည် စစ်ရာဇဝတ်မှုဖြစ်ပြီး ဆွီဒင်နိုင်ငံသည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို အမြဲကာကွယ်ပေးမည်ဖြစ်သောကြောင့် မြန်မာပြည်သူများနှင့်အတူ ရပ်တည်သွားမယ်လို့ ဆိုပါတယ်။
========================
📌📌 ၃။ အာဆီယံက ၎င်းတို့ရဲ့ မအောင်မြင်တဲ့ ဘုံသဘောထား ငါးရပ်ကို ဆက်လက်အမွှန်းတင်နေပြီး အာဆီယံရဲ့ကြံရာပါက အရပ်သားပြည်သူများကို သတ်ဖြတ်နေဟု JFM ဆို
အပစ်ရပ်ကြေညာပြီး အရပ်သားပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှု၊ အမြောက်လက်နက်ကြီးပစ်ခတ်မှုတွေ တိုးမြှင့်လုပ်ဆောင်လာတဲ့ စစ်အုပ်စုရဲ့ မည်ကာမတ္တ အပစ်ရပ်ကြေညာချက်ကို အာဆီယံက ချီးကျူးထောပနာပြုကြောင်း၊ အာဆီယံက ၎င်းတို့ရဲ့ မအောင်မြင်တဲ့ ဘုံသဘောထား ငါးရပ်ကို ဆက်လက်အမွှန်းတင်နေကြောင်း မေလ (၂၈) ရက်မှာ Justice For Myanmar က အသိပေးဖော်ပြပါတယ်။
"ဒီဘုံသဘောထား ငါးရပ်က ဘာမှအလုပ်မဖြစ်ခဲ့ရုံသာမက ထိရောက်တဲ့ နိုင်ငံတကာအရေးယူဆောင်ရွက်မှုမှန်သမျှကို ဟန့်တားခဲ့ပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ဆက်လက်လုပ်ဆောင်ဖို့ စစ်အုပ်စုကို အကာအကွယ်ပေးထားခဲ့ပါတယ်" လို့ ဖော်ပြပါတယ်။
တစ်ချိန်တည်းမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ ကော်ပိုရေးရှင်းတွေက အဆိုပါရက်စက်ကြမ်းကြုတ်မှုကြီးများအား ကျူးလွန်သူတွေအတွက် ဘဏ္ဍာငွေတွေကို အားတက်သရော ပံ့ပိုးပေးခြင်းဖြင့် လူထောင်ပေါင်းများစွာအားသတ်ဖြတ်ပြီး၊ လူပေါင်းသန်းချီကို နေရပ်စွန့်ခွာစေခဲ့သည့် စစ်အုပ်စု၏ နိုင်ငံတဝန်း ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်စစ်ဆင်ရေးကို အားပေးကူညီပေးနေကြောင်း၊ စီးပွားရေးကော်ပိုရိတ်တွေရဲ့ကြံရာပါမှုကို ဖြေရှင်းဖို့ အာဆီယံရဲ့ ပျက်ကွက်မှုက လေကြောင်းတိုက်ခိုက်မှုတွေ၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေနဲ့ ကလေးသူငယ်များအား သတ်ဖြတ်မှုတွေအတွက် လောင်စာဖြည့်ကူညီနေတာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်
အာဆီယံအနေနဲ့ ကြံရာပါမှုကို အဆုံးသတ်ရန်၊ စစ်အုပ်စုနဲ့ ဆက်နွှယ်မှုအားလုံးကို ဖြတ်တောက်ရန်၊ မြန်မာပြည်သူတွေရဲ့ အခွင့်အရေးနဲ့ ဒီမိုကရေစီမျှော်မှန်းချက်တွေကို လေးစားလိုက်နာရန် အချိန်ဖြစ်တယ်လို့လည်း JFM က ထောက်ပြထားပါတယ်။
========================
📌📌 ၄။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လူထုထောက်ခံ လမ်းလျှောက်ပွဲ ယူကေမှာ ကျင်းပမယ်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လူထုထောက်ခံ လမ်းလျှောက်ပွဲ ယူကေမှာ ကျင်းပမယ်လို့ Myanmar Events in UK က မေလ (၂၈) ရက်မှာ အခုလို အသိပေးဖော်ပြပါတယ်။
"အမေစုနှင့်မြန်မာပြည် လွတ်မြောက်ရေးအတွက် သွေးမအေးကြောင်း ငါတို့အတူပြသကြမယ်၊
လာအတူ လမ်းလျှောက်ပါစို့။
အမေနှင့် သားမြေးများ၊
ဝေးကွာနေလည်း ချစ်ခြင်းများ
ဘယ်မှာ မယွင်းပြီမို့၊
စက္ကန့်မလပ် သတိရခြင်းများဖြင့်
အပြန်အလှန်၊ စိတ်ခြင်းယှက်နွယ်
ပို့သ မေတ္တာ၊ မျှဝေ တောင်းဆု
ငါတို့ အမေ၊ လွတ်မြောက်စေရန်
စုပေါင်းညီစွာ၊ လက်တွေ့ ဆောင်ရွက်
လာလေ တို့အတူ၊ ခိုင်မြဲ သစ္စာထား
ရှေ့သို့ တူရှု၊ ရွေ့လို့ လှမ်းကြွ
လူချင်းဆုံမယ်၊ တူညီ ဤလမ်းထက်
ငါတို့အတူ၊ လက်တွဲခိုင်မာ လမ်းလျှောက်ပါစို့။ " လို့ ဖိတ်ခေါ်ထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လူထုထောက်ခံ လမ်းလျှောက်ပွဲကို ယူကေနိုင်ငံမှာ ဇွန်လ (၈) ရက်နေ့ မွန်းတည့် (၁၂း၀၀) မှ မွန်းလွဲ (၂း၃၀) နာရီအထိ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
========================
📌📌 ၅။ အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးထိန်းသိမ်းပြီးနောက် သေဆုံးသူ အမျိုးသမီး (၁) ဦးနှင့် အမျိုးသား (၁၆) ဦး စုစုပေါင်း (၁၇) ဦး ရှိခဲ့ပြီး အကျဉ်းထောင်တွင်း သေဆုံးသူ (၂) ဦး ပါဝင်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၅ ခုနှစ်၊ မေလ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးထိန်းသိမ်းပြီးနောက် သေဆုံးသူ အမျိုးသမီး (၁) ဦးနှင့် အမျိုးသား (၁၆) ဦး စုစုပေါင်း (၁၇) ဦး ရှိခဲ့သည်ကို အမည်နှင့်တကွအတည်ပြုနိုင်ခဲ့ပြီး ထိုအထဲတွင် အကျဉ်းထောင်တွင်း သေဆုံးသူ (၂) ဦး ပါဝင်တယ်လို့ သိရပါတယ်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်နေ့တွင် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ တကူကုန်းကျေးရွာ၊ ကြာအင်း ကျေးရွာအုပ်စုရှိ ဦးကျော်စိုး (ခ) ယောပေါလေး၏နေအိမ်သို့ အကြမ်းဖက်စစ်အုပ်စု၏တပ်မှ အရပ်ဝတ်စစ်သား ခုနစ်ဦးက ဝင်ရောက်ခဲ့ပြီး Moon Light အဖွဲ့နှင့် ဆက်စပ်နေသည်ဟုစွပ်စွဲကာ ၎င်းအား ဖမ်းဆီးခဲ့ပြီးနောက် အိမ်စီးကားဖြင့် လှည်းကူးစစ်ကြောရေးသို့ ပို့ဆောင်ခဲ့ပါတယ်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်နေ့တွင် အင်းစိန်ထောင်တွင်းတရားရုံးမှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ဈ) အရ ထောင်ဒဏ် (၁၀) နှစ်ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ၎င်းသည် စစ်ကြောရေးတွင် နှိပ်စက်ညှဥ်းပန်းခံခဲ့ရသော ဒဏ်ရာများကြောင့် မကြာခဏ မူးလဲသည့်ဝေဒနာခံစားနေရသူဖြစ်သော်လည်း သာယာဝတီအကျဉ်းထောင်၌ ချုပ်နှောင်ခြင်းခံထားရစဉ် လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှု မရရှိခဲ့သောကြောင့် ၂၀၂၅ ခုနှစ်၊ မေလ ၂၃ ရက်နေ့တွင် သေဆုံးခဲ့ရပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် သာကီ၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ DKBA ဌာနချုပ်အနီး တိုက်ပွဲမှာ စစ်ကောင်စီ စစ်ကူစစ်ကြောင်း ချေမှုန်းခံရပြီး (၃၀) ကျော် ဖမ်းဆီးရမိ၊ ဆုံဆည်းမြိုင် ကျေးရွာကို စစ်ကောင်စီ ဗုံးကြဲခဲ့ရာ ကလေးငယ်တဦး ဒဏ်ရာရ
ကရင်ပြည်နယ်၊ ထိုင်း - မြန်မာ နယ်စပ်၊ သေ့ဘောဘိုး စခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို DKBA ဌာနချုပ်၊ ဆုံဆည်းမြိုင် ကျေးရွာ အနီးမှာ KNLA နဲ့ မဟာမိတ် ပူးပေါင်းတပ်များက ပိတ်ဆို့ တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ သိရပါတယ်။
မေလ (၂၇) ရက်နေ့မှ စတင်ကာ အင်အား (၇၀) ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ (၃၀) ကျော် အရှင်ဖမ်းမိပြီး အများအပြား သေဆုံးခဲ့ကာ (၁၀) ဦးထက်မနည်း ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက စတင်ကာ ထိုင်း - မြန်မာနယ်စပ် သေ့ဘောဘိုး ရွာထိပ်က စစ်ကောင်စီ တပ်စခန်းနဲ့ ကာကင်းစခန်း အပါအဝင် မော်ခီး၊ ကနဲလေး၊ ထီးသဲဘလယ် စခန်းများကို KNLA မဟာမိတ် ပူးပေါင်းတပ်များက ပိတ်ဆို့ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
ထို့အပြင် စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်တွေ တိုက်ခိုက် ချေမှုန်းခဲ့တဲ့ DKBA ဌာနချုပ်အနီး ဆုံဆည်းမြိုင်ကျေးရွာကို မေလ (၂၈) ရက်၊ မွန်းလွဲပိုင်းမှာ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက Yak-130 တိုက်လေယာဉ် တစီးဖြင့် ဗုံးကြဲတိုက်ခိုက် ခဲ့တာဖြစ်ပြီး ကလေးငယ် တစ်ဦး ဗုံးစ ထိမှန်ကာ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
DKBA ဟာ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးယူထားတဲ့ အဖွဲ့အစည်း ဖြစ်ပေမယ့် စစ်ကောင်စီတပ်က နယ်မြေကျူးကျော် ဝင်ရောက်လာခဲ့သလို လေယာဉ်ဖြင့်ပါ ဗုံးကြဲ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဆုံဆည်းမြိုင်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီရဲ့ တိုက်လေယာဉ်က နယ်စပ်အနီးထိ ရောက်လာတာကြောင့် ထိုင်း လေတပ်မှ တိုက်လေယာဉ် (၂) စီး အရေးပေါ် စေလွှတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ထို့အပြင် ထိုင်း စစ်တပ်ကလည်း အချိန်ပြည့် ကင်းလှည့် စစ်ဆေးနေပြီး အသင့်အနေအထား ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေကြောင့် နယ်စပ်ဖြတ်ကျော်ပြီး ထွက်ပြေးလာတဲ့ စစ်ဘေးရှောင် (၃၀၀) ကျော်ကိုလည်း ထိုင်းနိုင်ငံအတွင်းက ဘုန်းကြီးကျောင်းနဲ့ ချာ့ချ်ကျောင်းတွေမှာ ယာယီ လက်ခံပေးထားတယ်လို့ သတင်းဌာနတွေက ဖော်ပြထားပါတယ်။
========================
🚩🚩 ၂။ ဖားကန့်မြို့နယ် လုံးခင်းရွာတွင် စစ်ကောင်စီတပ်မှ ဒေသခံများကို ဖမ်းဆီးရိုက်နှက်မှုများ ပြုလုပ်နေပြီး တိုက်ပွဲများလည်း ဖြစ်ပွားနေ
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာတွင် မေလ (၂၈) ရက် နံနက် (၉း၃၀) နာရီခန့်မှစတင်ကာ စစ်ကောင်စီတပ်ဖွဲ့များက ဒေသခံပြည်သူများကို ဖမ်းဆီးရိုက်နှက်မှုများ ပြုလုပ်နေကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရပါတယ်။
လုံးခင်းတံတားဟောင်းထိပ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းသွားလမ်းလာပြည်သူအချို့ကို ဖမ်းဆီးခဲ့ပြီး၊ အချို့ကို ပေါ်တာအဖြစ် အသုံးပြုရန် ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်
လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့နေသည့် ရုပ်သံဖိုင်များအရ လုံးခင်းတံတားထိပ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများကို ဖမ်းဆီးနေသည့် မြင်ကွင်းများကိုလည်း တွေ့ရသည့်အပြင် ဖမ်းဆီးခံရသူများပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းတစ်ခု တိုက်ခိုက်ခံရတာကိုလည်း တွေ့မြင်ရပါတယ်။
လုံးခင်းရွာအတွင်း စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး၊ ဆိုင်ကယ်စီးလာသည့် ပြည်သူတစ်ဦး ပစ်သတ်ခံရတယ်လို့ သိရပါတယ်။
လက်ရှိအချိန်တွင် လုံးခင်းရွာအတွင်း စစ်ကောင်စီတပ်များနှင့် KIA/KPDF ပူးပေါင်းတပ်များအကြား အနီးကပ်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး၊ ဒေသခံပြည်သူများ လုံခြုံရေးအတွက် စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ သရက်ခရိုင်၊ အမှတ် (၄) တပ်ရင်း လှုပ်ရှားနယ်မြေ အတွင်းက ပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေး
ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) သရက်ခရိုင်၊ အမှတ် (၄) တပ်ရင်းက ၎င်းတို့ စစ်ရေးလှုပ်ရှားရာဒေသအတွင်းရှိ ပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
လှုပ်ရှားနယ်မြေအတွင်းရှိ ကျေးရွာများမှ ပြည်သူလူထုနဲ့ တွေ့ဆုံရာမှာ လက်ရှိစစ်ရေး အခြေအနေများအား ဆွေးနွေးတင်ပြခြင်း၊ ကျေးရွာချင်းဆက် လမ်းပိုင်းများအား ဒေသခံလူထုနဲ့ ပူးပေါင်း ပြင်ဆင်ခြင်းများ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ထို့အပြင် သရက်ခရိုင်၊ အမှတ် (၄) တပ်ရင်းဟာ ပြည်သူထံမှ ပေါက်ဖွားလာတဲ့ ပြည်သူ့ဘက်တော်သားများ ဖြစ်တဲ့အလျောက် ပြည်သူများနဲ့ တသွေးထဲ တသားထဲ ရှိနေမှာဖြစ်ပြီး အာဏာရှင် စနစ်ကို အမြစ် ပြတ်တဲ့အထိ တိုက်ခိုက်ချေမှုန်း သွားမယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၄။ ပုတိမ်စု ပျူခေါင်းဆောင် ရာအိမ်မှူး တဦးအား ရှင်းလင်းခဲ့
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ပုတိမ်စုအုပ်စု၊ ပုတိမ်စုရွာနေ ပျူခေါင်းဆောင် ရာအိမ်မှူး တဦးအား ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း - ၃၈ဝ၂၊ တပ်ခွဲ (၃) က ထုတ်ပြန်ထားပါတယ်။
မေလ (၂၇) ရက်နေ့ မွန်းလွဲ (၁း၀၀) နာရီခန့်မှာ စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှ ခြေလျင် ပြန်လာတဲ့ ရာအိမ်မှူး ထွန်းထွန်းအား အသင့်စောင့်ကြိုကာ ဦးခေါင်း တည့်တည့်ကို သေနတ်ဖြင့် သုံးချက် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။
ပစ်ခတ်ခံရတာကြောင့် ရာအိမ်မှူး ထွန်းထွန်းဟာ နေရာမှာပဲ သေဆုံးသွားခဲ့ပြီး ၎င်းထံမှ စစ်ကောင်စီနဲ့ ဆက်သွယ်ထားတဲ့ ဖုန်းတလုံးကို သိမ်းဆည်းရရှိ ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
၎င်းဟာ စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးအဖွဲ့ ခေါင်းဆောင်ဖြစ်သလို တော်လှန်ရေးတပ်ဖွဲ့များရဲ့ သွားလာလှုပ်ရှားမှုများကို စုံစမ်း ထောက်လှမ်းပြီး စစ်ကောင်စီထံ သတင်းပေးတာ၊ လူငယ်များအား စစ်မှုထမ်းဖို့ ဖိအားပေးလူစုတာ၊ စစ်မှုထမ်းကြေးဆိုကာ ပြည်သူများထံမှ အတင်းအကြပ် ကောက်ခံပြီး မပေးသူများအား စစ်တပ်ခေါ် ဖမ်းဆီးခိုင်းတာ၊ စစ်ကောင်စီထံ မမှန်သတင်းပေးကာ ပြည်သူများအား ဖမ်းဆီးခိုင်းတာ၊ တော်လှန်ရေး တပ်ဖွဲ့များကို ဂရုမစိုက်ဘူးဟု စိန်ခေါ်ပြီး လူငယ်များအား စစ်တပ်ထဲ အတင်းအကြပ် ထည့်သွင်းခြင်းများကို လုပ်ဆောင်နေတာကြောင့် အခုလို အရေးယူခဲ့တာလို့ အသိပေး ထားပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် သာကီ၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment