၂၀၂၅ ဇွန်လ ၃ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ အမျိုးသမီးခေါင်းဆောင်မှုနှင့် ပါဝင်မှုတိုးမြှင့်ရေးအတွက် ကော်သူးလေ အမျိုးသမီးနှီးနှောဖလှယ်ပွဲ အောင်မြင်စွာကျင်းပ
📌 ၂။ ဒေါ်အောင်ဆန်းစုကြည်၏ အသက်၈၀ပြည့်မွေးနေ့အမှတ်တရ ဆုတောင်းဗီဒီယိုကို ဇွန်လ၄ရက်နေ့ကစတင်ပေးပို့နိုင်
📌 ၃။ ချက်သမ္မတနိုင်ငံ၌ကျင်းပတဲ့ ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲတွင် NUGကိုယ်စားလှယ်ဦးလင်းသန့် ပါ၀င်ဆင်နွှဲ
📌 ၄။ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day) အထိမ်းအမှတ် အခြေခံပညာအဆင့် ကလေးပန်းချီပြိုင်ပွဲ ဖိတ်ခေါ်
📌 ၅။ မေလတွင် နွေဦးထီလက်မှတ်၁၅၉၆၅၅စောင်ရောင်းချခဲ့ရ
========================
၂၀၂၅ ခုနှစ် ဇွန်လ ၃ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ မန္တလေးဒေသ တော်လှန်ရေးအင်အားစုများအစည်းအဝေးမှာ လက်တလောနိုင်ငံရေး၊ တော်လှန်ရေး ဖြစ်ပေါ်တိုးတက်မှုများကို အပြန်အလှန် မျှဝေ၊ ဆွေးနွေးခဲ့
🚩 ၂။ ကန့်ဘလူချပ်သင်းအထိုင်ထွက် စစ်ကောင်စီတပ်နှင့်ပျူစောထီးများသည် ကံကြီးရွာမှအပြစ်မဲ့ပြည်သူ ၂ ဦး အားအကြမ်းဖက်သတ်ဖြတ်ပြီး အရပ်သား၁၆ ဦးအား ဖမ်းဆီးခေါ်ဆောင်သွား
🚩 ၃။ စကစတပ်ရဲ့သေ့ဘောဘိုးကုန်းကို KNU/KNLAနဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်နေပြီးဒေသခံ ငါးရာကျော်စစ်ရှောင်
🚩 ၄။ VENOMစစ်သည်များအတွက် ကျည်ကာများနှင့်အတူ ဦးထုပ်၊ အီကွေ့မင့်များ တပ်ဆင်ပေးခဲ့
🚩 ၅။ PNOပြည်သူ့စစ်မှ လက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ PNLAထုတ်ပြန်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ အမျိုးသမီးခေါင်းဆောင်မှုနှင့် ပါဝင်မှုတိုးမြှင့်ရေးအတွက် ကော်သူးလေ အမျိုးသမီးနှီးနှောဖလှယ်ပွဲ အောင်မြင်စွာကျင်းပ
ဇွန်လ ၃ရက်
ကရင်အမျိုးသားအစည်းအရုံး (KNU) သည် အမျိုးသမီး ခေါင်းဆောင်မှုနှင့် ပါဝင်မှုတိုးမြှင့်ရေးအတွက် ကော်သူးလေ အမျိုးသမီးနှီးနှောဖလှယ်ပွဲကို ကော်သူးလေနယ်စပ်တွင် မေလ ၂၇ မှ ၂၉ ရက်အထိ သုံးရက်တာ အောင်မြင်စွာ ကျင်းပခဲ့ပါတယ်။
ဤပွဲကို KNU ၏လမ်းညွှန်မှု၊ ကေအဲန်ယူ-နိုင်ငံခြားရေးဌာန၏ ဦးဆောင်မှုနှင့် ကရင်အမျိုးသမီး အစည်းအရုံး (KWO) ၏ ပူးပေါင်းပါဝင်မှုဖြင့် ကျင်းပခဲ့ပြီး ကရင်အရပ်ဘက် အဖွဲ့အစည်းများ၊ တစ်သီးပုဂ္ဂလ ပညာရှင်များနှင့် မြန်မာနိုင်ငံ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားနေသည့် ခေါင်းဆောင်များအပါအဝင် ကိုယ်စားလှယ် ၁၄၀ ကျော် တက်ရောက်ခဲ့ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU) သည် (၁၇)ကြိမ်မြောက်ကွန်ဂရက်တွင် ကော်သူးလေဒေသအတွင်း အမျိုးသမီးများ ကြုံတွေ့ နေရသည့် စိုးရိမ်ပူပန်ချက်များကို ဖော်ထုတ်ဖြေရှင်းကာ အရေးပါသော အကျိုးပြုဆောင်ရွက်မှု အစီအစဉ်တစ်ရပ်ကို တည်ဆောက်ရန်၊ KNU ၏ကိုယ်ပိုင်စီမံအုပ်ချုပ်၍ ဒီမိုကရေစီစံနှုန်းနှင့်ပြည့်ဝသော ကော်သူးလေအစိုးရအဖွဲ့တို့တွင် ကဏ္ဍအသီးသီး၌ အမျိုးသမီးခေါင်းဆောင်မှုတိုးမြှင့်ရန် နှင့် အမျိုးသမီးများပါဝင်မှု အားမြှင့်တင်ရန် ၊လာမည့် ကွန်ကရက်၌ ဆုံးဖြတ်ချက်ချမှတ်သည့်နေရာတွင် အမျိုးသမီး (၃၀) % ပါဝင်လာစေရန် ဆုံးဖြတ် ချမှတ်ခဲ့ပြီး ကေအဲန်ယူ-နိုင်ငံခြားရေးဌာနမှ ရှေ့ဆက်အကောင်အထည်ဖော်ခဲ့ပါတယ်။အကောင်အထည် ဖော်ရာတွင် ပထမဦးစွာ Women's Participation and Leadership in KNU politics dialogueကို ပြုလုပ်ခဲ့ပါတယ်။ နောက်ထပ် တစ်ကြိမ်မှာတော့ ဌာနဆိုင်ရာအသီးသီးက အမျိုးသမီးကိုယ်စားလှယ်များကို ဖိတ်ခေါ်ပြီး Women's dialogue ကို အောက်တိုဘာလ ၂၀၂၃ ခုနှစ်တွင် ထပ်မံပြုလုပ်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်၊ ဇွန်လ(၂၄) မှ (၂၆) ရက်အထိ ကရင်အမျိုးသမီး ခေါင်းဆောင်မှုအလုပ်ရုံဆွေးနွေးပွဲကျင်းပခဲ့ပါတယ်။online ကနေလည်း workshop များစွာ ပြုလုပ်ခဲ့ပါတယ်။ online တွင် တွေ့ဆုံစဉ်က အမျိုးသမီးခေါင်းဆောင်များကို ခရိုင်၊ မြို့နယ်၊ ဌာနများ နှင့် ဒုက္ခသည်စခန်းများမှ (၅၀)ဦးခန့် ရွေးချယ်ခဲ့ပါတယ်။ online တွင် ပြုလုပ်ပြီးနောက်တွင် မျက်နှာချင်းဆိုင်တွေ့ဆုံရန် ကြိုးပမ်းခဲ့ပါတယ်။ ဒီဇင်ဘာလ ၂၀၂၄ ခုနှစ်တွင် Womens consultation ကို ပြုလုပ်ခဲ့ပါတယ်။ Womens consultation ကို ပြုလုပ်စဉ်အခါက ရှေ့လုပ်ငန်းစဉ်အနေဖြင့် အမျိုးသမီးနှီးနှောဖလှယ်ပွဲ ပြုလုပ်ရန်အတွက် ဆုံးဖြတ်ချက်ချမှတ် ခဲ့ပါတယ်။ ထို့နောက် ကော်သူးလေအမျိုးသမီးများနှီးနှောဖလှယ်ပွဲ ကို ကျင်းပရန် Working Committee အသစ် ဖွဲ့စည်း၍ ယခုလိုကျင်းပခြင်းဖြစ်ကြောင်း ကေအဲန်ယူ-နိုင်ငံခြားရေးဌာန ရုံးအုပ်ဖြစ်သူ ဆရာမ Flower မှ နှီးနှောဖလှယ်ပွဲတွင် ပြောကြားခဲ့ပါတယ်။
နှီးနှောဖလှယ်ပွဲသည် (၁) ကရင်အမျိုးသားအစည်းအရုံး၏ အုပ်ချုပ်ရေးဖွဲ့စည်းတည်ဆောက်မှု နှင့် အစိုးရဝန်ဆောင်မှု တို့တွင် အမျိုးသမီးများ အဓိက အခန်းကဏ္ဍတွင် ပါဝင်မှု မြှင့်တင်ပေးရန်။ (၂) KNU ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ကျားမရေးရာမူဝါဒရေးဆွဲခြင်း နှင့် ကော်သူးလေအစိုးရသစ်တွင် အမျိုးသမီး ပါဝင်မှု၊ KNU ၏ အသွင်ကူးပြောင်းရေးတို့ နှင့် စပ်လျဉ်း၍ အမျိုးသမီးနှီးနှော ဖလှယ်ပွဲ ကျင်းပရန်။ (၃) KNU တွင် အမျိုးသမီးများ၏ အခန်းကဏ္ဍ နှင့် ပတ်သက်၍ အမျိုးသမီးများ ပိုမိုဆွေးနွေး တင်ပြနိုင်ရန်၊ (၄)KNU ၏ အနာဂတ်ဖွဲ့စည်းပုံနှင့် အခန်းကဏ္ဍ တို့နှင့် ပတ်သက်သည့် ဆွေးနွေးပွဲ များတွင် အမျိုးသမီးများ ပိုမိုပါဝင်လာရန်။ (၅) ကော်သူးလေရှိ အမျိုးသမီးများအပေါ် သက်ရောက်မှုရှိသည့် ကိစ္စရပ်များကို ဆွေးနွေးရန် ရည်ရွယ်တယ်လို့သိရပါတယ်။
========================
📌📌 ၂။ ဒေါ်အောင်ဆန်းစုကြည်၏ အသက်၈၀ပြည့်မွေးနေ့အမှတ်တရ ဆုတောင်းဗီဒီယိုကို ဇွန်လ၄ရက်နေ့ကစတင်ပေးပို့နိုင်
ဇွန်လ ၃ရက်
ဒေါ်အောင်ဆန်းစုကြည်၏ အသက်၈၀ပြည့်မွေးနေ့အမှတ်တရဆုတောင်းဗီဒီယိုကို ဇွန်လ၄ရက်နေ့ကစတင်ပေးပို့နိုင်လို့ SUU 80 Birthday Campaignက အသိပေးဆိုထားပါတယ်။
ဗီဒီယိုတွင် စက္ကန့်၃၀ထက်မပိုရဘဲ ဟတ်ပီးဘတ်ဒေးနဲ့စတင်ကာ Suuဆိုသောစကားလုံးပါဝင်ရမည်ဖြစ်ပြီး လူတဦးကိုဗီဒီယိုတခုသာပေးပို့ရမည်ဖြစ်ကြောင်း စည်းကမ်းသတ်မှတ်ထားပါတယ်။
"၄ ရက်နေ့မှစပြီး SUU 80 Birthday Campaign Official Fundraiser များထံမှတဆင့်ဆက်သွယ်ခြင်း(သို့မဟုတ်) ၄ ရက်နေ့တွင် တင်ပေးမည့် public link မှတဆင့် လည်းမိမိကိုယ်တိုင်တင်ခြင်း"တို့ ပြုလုပ်နိုင်တယ်လို့ ကမ်ပိန်းကဆိုပါတယ်။
ဒါ့အပြင် Electronic Birthday card များကို နိုင်ငံတကာမှ SUU 80 Campaign official fundraiser များထံမှ တရားဝင်မှာယူနိုင်မည်ဖြစ်ပြီး Birthday Cardတွင် အမေ့အတွက် မွေးနေ့ဆုတောင်းများကို ရေးပေးနိုင်ကြပြီး မွေးနေ့ ကဒ်များကို ကင်မ် မှ အမေစု နှင့်တွေ့ခွင့်ရသောအခါ ကိုယ်တိုင် ပေးအပ်သွားမှာလည်းဖြစ်ပါတယ်။
========================
📌📌 ၃။ ချက်သမ္မတနိုင်ငံ၌ကျင်းပတဲ့ ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲတွင် NUGကိုယ်စားလှယ်ဦးလင်းသန့် ပါ၀င်ဆင်နွှဲ
ဇွန်လ ၃ရက်
ချက်သမ္မတနိုင်ငံ၌ကျင်းပတဲ့ ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲတွင် NUGကိုယ်စားလှယ်ဦးလင်းသန့် ပါ၀င်ဆင်နွှဲခဲ့တယ်လို့သတင်းရရှိပါတယ်။
"ပြီးခဲ့တဲ့ စနေနေ့က ချက်မှာအခြေစိုက်တဲ့ HWPL နဲ့ IPYG တို့ ပူးပေါင်းစီစဥ်ကြပြီး ဖိတ်ကြားလာတဲ့ ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲကို ပါ၀င်ဆင်နွှဲခဲ့တယ်။ကမ္ဘာမှာ စစ်ပွဲတွေကြောင့် ကလေးသူငယ်တွေ၊ အမျိုးသမီးတွေနဲ့ အရပ်သားပြည်သူတွေ နေ့စဥ်ရက်စက် သေဆုံးနေကြရတယ်။ယူကရိန်းမှာ ကြည့်မလား၊ ဂါဇာမှာ ကြည့်မလား၊ မြန်မာမှာ ကြည့်မလား။ စစ်ဟာ လူသားတွေကို ဖျက်ဆီးခြင်းတရားတွေနဲ့ မလုံခြုံမှုတွေပေးနေကြတယ်။ဒီစစ်ပွဲတွေ အဆုံးသတ်ပြီး ငြိမ်းချမ်းရေးထွန်းကားတဲ့ လူဘောင်ဖြစ်ဖို့ အတော်ရုန်းကန်ကြိုးစားကြရမှာဖြစ်တယ်"လို့ ဦးလင်းသန့်ကဆိုပါတယ်။
မြန်မာနိုင်ငံမှာတော့ ငြိမ်းချမ်းရေးရဲ့ အဓိက ပြဿနာဖန်တီးသူဟာ အကြမ်းဖက်စစ်တပ်ကို တလွဲအသုံးချနေတဲ့ စစ်ခေါင်းဆောင်အုပ်စု ဖြစ်ကြတယ်လို့ NUGကိုယ်စားလှယ်ဦးလင်းသန့်ကထပ်လောင်းဆိုပါတယ်။
========================
📌📌 ၄။ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day) အထိမ်းအမှတ် အခြေခံပညာအဆင့် ကလေးပန်းချီပြိုင်ပွဲ ဖိတ်ခေါ်
ဇွန်လ ၃ရက်
ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day) အထိမ်းအမှတ် အခြေခံပညာအဆင့် ကလေးပန်းချီပြိုင်ပွဲအတွက် ဖိတ်ခေါ်ထားပါတယ်။
အများပြည်သူအကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိ ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိစေရန်၊ မျိုးဆက်သစ် ကလေးသူငယ်များ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသိ ထက်သန်စေရန်နှင့် ကလေးများ၏ အနုပညာဖန်တီးမှုကို ပံ့ပိုးအားပေးရန် ရည်ရွယ်၍ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ် Beat Plastic Pollution ပလတ်စတစ်ညစ်ညမ်းမှုကိုတွန်းလှန်၊ အာဏာရှင်စနစ်ကိုမြေလှန် အကြောင်းအရာကို ဖော်ကျူးသည့် ကလေးပန်းချီလက်ရာများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါကြောင်း ဖိတ်ခေါ်အပ်တယ်လို့ သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကဆိုပါတယ်။
ပြိုင်ပွဲစည်းကမ်းသတ်မှတ်ချက်များအနေနဲ့အခြေခံပညာ Grade 1 မှ Grade 9 အထိ၊ အသက် ၁၆ နှစ်အောက် ကျောင်းသူကျောင်းသားများ ပါဝင်ယှဉ်ပြိုင်နိုင်ပြီးပြိုင်ပွဲဝင်တဦးလျှင် ပန်းချီပုံ ၁ ပုံသာ ပါဝင်ယှဉ်ပြိုင်နိုင်တယ်လို့ ဖော်ပြပါတယ်။
ပြိုင်ပွဲဝင်ပန်းချီလက်ရာကို သတ်မှတ်ချက်များပြည့်စုံစွာဖြင့် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၇ ရက်၊ ည ၁၂ နာရီအထိ ပေးပို့နိုင်တယ်လို့ဆိုပါတယ်။
========================
📌📌 ၅။ မေလတွင် နွေဦးထီလက်မှတ်၁၅၉၆၅၅စောင်ရောင်းချခဲ့ရ
မေလတွင် နွေဦးထီလက်မှတ် (၁၅၉,၆၅၅)စောင် ရောင်းချခဲ့ရပြီးမြန်မာ၊ စင်ကာပူ၊အမေရိကန်၊ထိုင်း၊ဂျပန်စတဲ့နိုင်ငံများမှ အများဆုံးဝယ်ယူအားပေးခဲ့ကြပါတယ်။
"ပြည်သူမှပြည်သူ ကမ်းလက်တွေနဲ့ ချစ်ခြင်းတွေ ပြသနေတဲ့ နွေဦးထီရဲ့ အားစိုက်ထုတ်မှုကြောင့် ဆုပေါင်း(3405) အပြင်ကတိဆု (၅)ဆု ပေါ်ထွက်ခဲ့ပြီး ကံထူးရှင်များ၏အကောင့်ထဲသို့ တိုက်ရိုက်ဆုချီးမြှင့်နိုင်ခဲ့ပါပြီ"လို့ နွေဦးထီမိသားစုကအသိပေးဆိုပါတယ်။
အနာဂတ် အိပ်မက်တွေကို လွတ်လပ်စွာမက်ရင်း ဖက်ဆစ်အာဏာရှင်ကိုအင်တိုက်အားတိုက် ဆက်လက်တွန်းကန်ဖို့လိုအပ်တဲ့အတွက် ရှေ့ဆက်မည့် လစဉ်လတိုင်း ဆုကြီးများနှင့်ကံထူးနှုန်းမြှင့်တင်ရန်အတွက် အားလုံးပူးပေါင်းမှုတွေနဲ့အတူ အိမ်ပြန်လမ်းတွေဆီ အတူတူလျှောက်လှမ်းကြဖို့ ဖိတ်ခေါ်ထားပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် သာကီမှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ မန္တလေးဒေသ တော်လှန်ရေးအင်အားစုများအစည်းအဝေးမှာ လက်တလောနိုင်ငံရေး၊ တော်လှန်ရေး ဖြစ်ပေါ်တိုးတက်မှုများကို အပြန်အလှန် မျှဝေ၊ ဆွေးနွေးခဲ့
ဇွန်လ ၃ရက်
မန္တလေးဒေသ တော်လှန်ရေးအင်အားစုများကြား တွေ့ဆုံမှုအစည်းအဝေးကို(ဇွန်လ ၂ ရက်၊ ၂၀၂၅) မှာ Zoom Platform မှတဆင့် ကျင်းပခဲ့ကြပါတယ်။
အစည်းအဝေးတွင် ပထမအစီအစဉ်အဖြစ် လက်ရှိဆောင်ရွက်လျက်ရှိတဲ့ မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံ (မူကြမ်း) ရေးဆွဲရေးလုပ်ငန်းစဉ်နဲ့ပတ်သတ်ပြီး မျှဝေတင်ပြခဲ့ကြပါတယ်။
အဲ့ဒီနောက်မှာ မန်းလွှတ်တော် CRMH က မျှဝေတင်ပြခြင်း၊ လူသားစာနာမှုနှင့် အရေးပေါ်ကူညီတုံ့ပြန်ဆောင်ရွက်မှုလုပ်ငန်းစဉ်များကို Emergency Management Committee - MDY (EMC-MDY) က မျှဝေတင်ပြခြင်း၊ ပညာရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခြင်းတို့ ပြုခဲ့ကြပါတယ်။ဆက်လက်ပြီး လက်တလော နိုင်ငံရေး၊ တော်လှန်ရေး ဖြစ်ပေါ်တိုးတက်မှုများကို အပြန်အလှန် မျှဝေ၊ ဆွေးနွေးကြပါတယ်။
ဒါ့အပြင် မန္တလေးဒေသမှ တော်လှန်ရေးအင်အားစုများအားလုံး ပိုမိုလွှမ်းခြုံကျယ်ပြန့်ပြီး စုစည်းခိုင်မာကာရှေ့ဆက်၍ တော်လှန်ရေးအလုပ်များကို အရှိန်ကောင်းသထက် ကောင်းအောင် ပူးပေါင်း၊ လက်တွဲ၊ ဖော်ဆောင်နိုင်ရေးအတွက်လည်း ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါတယ်။
========================
🚩🚩 ၂။ ကန့်ဘလူချပ်သင်းအထိုင်ထွက် စစ်ကောင်စီတပ်နှင့်ပျူစောထီးများသည် ကံကြီးရွာမှအပြစ်မဲ့ပြည်သူ ၂ ဦး အားအကြမ်းဖက်သတ်ဖြတ်ပြီး အရပ်သား၁၆ ဦးအား ဖမ်းဆီးခေါ်ဆောင်သွား
ဇွန်လ ၃ရက်
ကန့်ဘလူချပ်သင်းအထိုင်ထွက် စစ်ကောင်စီတပ်နှင့်ပျူစောထီးများသည် ကံကြီးရွာမှအပြစ်မဲ့ပြည်သူ ၂ ဦး အားအကြမ်းဖက်သတ်ဖြတ်ပြီး အရပ်သား၁၆ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
မေလ ၃၁ ရက်နေ့မနက် ၉ နာရီ ၃၀ မိနစ်တွင် ကန့်ဘလူမြို့နယ် ချပ်သင်းစစ်ကောင်စီအထိုင်စခန်းမှ ထွက်လာသော စစ်ကောင်စီတပ်နှင့် ပျူစောထီးအင်အား ၁၀၀ ခန့်သည် ကံကြီးရွာအနောက်ကုန်းမှ အသက် ၄၀အရွယ် ကိုသိန်းထွေး နှင့် အသက် ၂၀အရွယ် မောင်ဇေယျာထွန်းတို့ နှစ်ဦးအား အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်ကအတည်ပြုထားပါတယ်။ထို့နောက်အသက်မပြည့်သေးသည့် ကလေးငယ်များအပါအဝင် ပြည်သူ ၁၆ ဦးအားဖမ်းဆီး ခေါ်ဆောင်သွားကြောင်းသိရပါတယ်။
မေလ၁၈ရက်နေ့မှစ၍ကိုးတောင်ဘို့အထိုင်နှင့် ချပ်သင်းအထိုင်စခန်းမှထွက်လာသော စစ်ကောင်စီ စစ်ကြောင်းနှစ်ကြောင်းကြောင့် ကိုးတောင်ဘို့တိုက်နယ်နှင့် ချပ်သင်းတိုက်နယ်အတွင်းရှိ ကျေးရွာများမှ ပြည်သူ ၁သောင်းခန့် စစ်ဘေးရှောင်နေကြသည်မှာ နှစ်ပတ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။
၎င်းစစ်ကြောင်း နှစ်ကြောင်းပေါင်း၍ အင်အား ၂၀၀ ခန့်ဖြင့် သင်တောရွာ၌ အထိုင်ချတပ်ဆွဲထားကာ ပြည်သူပိုင် လှည်း၊နွားများနှင့်အဖိုးတန်ပစ္စည်းများအား ခိုးယူသယ်ဆောင်နေကြောင်းသိရပါတယ်။
မေလ ၃၁ ရက်နေ့တွင် ချပ်သင်းအထိုင်မှ ထပ်မံထွက်လာသော စစ်ကောင်စီစစ်ကြောင်းသည် ကံကြီးရွာအနောက်ကုန်းသို့ ဝင်ရောက်ခဲ့ပြီး ကျေးရွာအတွင်းရှိ ကိုသိန်းထွေး နှင့် မောင်ဇေယျာထွန်းတို့နှစ်ဦးအား ရက်ရက်စက်စက် ပစ်သတ်ခဲ့ပြီး အသက်မပြည့်သေးသည့် ၇နှစ်၊၈နှစ်နှင့်၁၂နှစ်အရွယ်မိန်းကလေးငယ် ၃ ဦးအပါအဝင် ပြည်သူ ၁၆ဦးအား ဖမ်းဆီးခေါ်ဆောင်သွားရာ ယခုအချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း သိရပါတယ်။
========================
🚩🚩 ၃။ စကစတပ်ရဲ့သေ့ဘောဘိုးကုန်းကို KNU/KNLAနဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်နေပြီးဒေသခံ ငါးရာကျော်စစ်ရှောင်
ဇွန်လ ၃ရက်
စကစတပ်ရဲ့သေ့ဘောဘိုးကုန်းကို KNU/KNLAနဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်နေပြီးဒေသခံ ငါးရာကျော်စစ်ရှောင်နေကြရတယ်လို့သိရပါတယ်။
ဇွန်လ ၂ရက်နေ့ မနက်ပိုင်းကစလို့ စစ်ကောင်စီ တပ်တွေ စခန်းထိုင်ထာတဲ့(အမတ ၄၄၃၊ ခမရ ၃၂) သေ့ဘောဘိုးကုန်းကို KNU/KNLAနဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်နေကြောင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့များ၏ မဟာဗျူဟာလေ့လာရေးမှတ်တမ်းဌာနကသိရပါတယ်။
ယင်းတိုက်ခိုက်မူများကြောင့် ၂ဖက်တိုက်ပွဲပြင်းထန်လာမှာကို စိုးရိမ်ပြီး ဝေါလေဒေသနဲ့ သေ့ဘောဘိုးဒေသတဝိုက်က ကျေရွာတွေက (ဝေါလေ ၃၂၆ယောက်၊ သေ့ဘေဘိုး၁၂၅ယောကျ၊ ဆုံဆည်းမြိုင် ၆၅ယောက်)စစ်ရှောင်ပြည်သူ ၅၀၇ဦး ထိုင်းဖက်ကမ်းကို စစ်ရှောင်နေကြတယ်လို့သိရပါတယ်။
========================
🚩🚩 ၄။ VENOMစစ်သည်များအတွက် ကျည်ကာများနှင့်အတူ ဦးထုပ်၊ အီကွေ့မင့်များ တပ်ဆင်ပေးခဲ့
ဇွန်လ ၃ရက်
VENOMစစ်သည်များအတွက် ဘတ်ငွေငါးသိန်းကျော်တန်ဖိုးရှိ ကျည်ကာများနှင့်အတူ ဦးထုပ်၊ အီကွေ့မင့်များ တပ်ဆင်ပေးခဲ့တယ်လို့ ဇွန်လအတွင်းCobraColumn2VENOMက သတင်းထုတ်ပြန်ဖော်ပြပါတယ်။
"ကျနော်တို့ စစ်ကြောင်းမှူး၏ ဆရာမှတဆင့် စစ်ကြောင်းမှူးက သင်တန်းဆင်းရဲဘော်များအား ဘတ်ငွေ(၅) သိန်းကျော် တန်ဖိုးရှိတဲ့ ကျည်ကာများနှင့်အတူ ဦးထုပ်၊ အီကွေ့မင့်များ တပ်ဆင်ပေးခဲ့ပါတယ်"လို့ဖော်ပြပါတယ်။
========================
🚩🚩 ၅။ PNOပြည်သူ့စစ်မှ လက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ PNLAထုတ်ပြန်
ဇွန်လ ၃ရက်
စစ်ကောင်စီနှင့်၎င်း၏လက်အောက်ခံ PNOပြည်သူ့စစ်မှ လက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ PNLAကထုတ်ပြန်ပါတယ်။
စစ်ကောင်စီသည် အပစ်ခတ်ရပ်စဲရေးကို ဇွန်လ (၁)ရက်နေ့မှ (၃၀) ရက်နေအထိ တစ်လသက်တမ်းတိုးထားကြောင်း ထုတ်ပြန်ကြေညာသော်လည်း ၎င်းတို့၏ အောက်ခြေ တိုင်း၊ ဗျူဟာများနှင့် အပေါင်းပါ လက်အောက်ခံ PNO ပြည်သူ့စစ်မှ လိုက်နာဆောင်ရွက်ခြင်းမရှိတော့ပဲ ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
၂၀၂၅ ခုနှစ် ဇွန်လ (၁) ရက်နေ့တွင် ဆီဆိုင်မြို့နယ် နောင်ထော် ဒေသတွင်းသို့သော်လည်းကောင်း၊ ဇွန်လ (၂) ရက်နေ့တွင် မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသ PNLO ဌာနချုပ်ကို ဦးတည်၍ ဗန်းမတ်ဒေသတွင်း သို့တွင် လည်းကောင်း တိုက်ပွဲဖြစ်ပွါးခြင်းမရှိပဲ အကြောင်းမဲ့ လက်နက်ကြီးဖြင့် (၁၀) ကြိမ်ထက်မနည်း မှန်း၍ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့အတည်ပြုထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် သာကီမှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment