၂၀၂၅ ဇူလိုင်လ ၁၆ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ "ဒို့ပြန်လာပြီ ဧရာဝတီကမ်ပိန်း" ရည်မှန်းချက် (၁၀၀)ရာခိုင်နှုန်းကျော်လွန်ကာ အောင်မြင်ခဲ့
📌 ၂။ ဒေါ်အောင်ဆန်းစုကြည်အပေါ် လူငယ်များ၏ထောက်ခံမှု (၆၇)ရာခိုင်နှုန်းရှိနေဆဲဖြစ်
📌 ၃။ ဘယ်လာရုစ်တက္ကသိုလ်များက မြန်မာစစ်အုပ်စုကျောင်းသားများအား လက်ခံသင်ကြားပေးနေ
📌 ၄။ မန္တလေးနဲ့မိတ္ထီလာတွင် အင်အားအသင့်အတင့်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့
========================
၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၆ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ အာဏာရှင်စနစ်ကို တိုက်ထုတ်နေတဲ့ အဖွဲ့အစည်းတိုင်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ KNU ဥက္ကဋ္ဌ တိုက်တွန်း
🚩 ၂။ ကရင်အမျိုးသားတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ KNUအပြင် ပြည်တွင်းပြည်ပမှာရှိတဲ့ ကရင်လူမျိုး အားလုံးမှာ တာဝန်ရှိတယ်လို့ KNDO စစ်ဦးစီးချုပ် ပြော
🚩 ၃။ ကချင်ဒေသအထူးစစ်ဆင်ရေးကြီးတွေကနေ စစ်ဗျူဟာကောင်းတွေနဲ့ အတွေ့အကြုံကောင်းတွေရခဲ့တယ်လို့ ဗမာ့တပ်တော် BA ပြော
🚩 ၄။ သာယာဝတီထောင်မှာ အကျဉ်းထောင်ဝန်ထမ်းက နိုင်ငံရေးအကျဉ်းသားတဦးကို ပုခုံးအဆစ်ပြုတ်တဲ့အထိ ရိုက်နှက်ပြီး တိုက်ပိတ်ထား
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ "ဒို့ပြန်လာပြီ ဧရာဝတီကမ်ပိန်း" ရည်မှန်းချက် (၁၀၀)ရာခိုင်နှုန်းကျော်လွန်ကာ အောင်မြင်ခဲ့
ဇူလိုင် ၁၆ရက်
“ဒို့ပြန်လာပြီ ဧရာဝတီကမ်ပိန်း" ၏ရည်မှန်းချက်ကို(၁၀၀) ရာခိုင်နှုန်းကျော်လွန်ကာ အောင်မြင်ခဲ့ပါတယ်။
"ဒို့ပြန်လာပြီ ဧရာဝတီကမ်ပိန်း" ဟာ ပြည်သူတွေရဲ့ အားပေးကူညီမှုဖြင့် ရည်မှန်းချက်ပြည့်မြောက်ခဲ့ပါပြီ။ရည်မှန်းချက်ကို ပြည့်မှီတဲ့အပြင် ရာခိုင်နှုန်းကျော်လွန်ခဲ့တာပါ။ရလာဒ်တွေကြားက ကိန်းဂဏန်းဟာ ပြည်သူရဲ့ မေတ္တာတရားဟာ သက်သေထူနိုင်ခဲ့ပါတယ်။နေ့ရက်တွေကြားမှာ ကမ်ပိန်းဟာ” အောင်ပြီ အောင်ပြီ အောင်ပြီ “လို့ ဝံ့ကြွားနိုင်ကြောင်း ကမ်ပိန်းကဖော်ပြပါတယ်။
"ဒို့ပြန်လာပြီ ဧရာဝတီကမ်ပိန်း"ကျပ်သိန်း(၇၀၀၀) ရည်မှန်းချက်ဟာ မူလသတ်မှတ်ချက်ထက် ကျော်လွန်ကာ(၁၂၀)ရာခိုင်နှုန်းအထိရရှိခဲ့ပါတယ်။
========================
📌📌 ၂။ ဒေါ်အောင်ဆန်းစုကြည်အပေါ် လူငယ်များ၏ထောက်ခံမှု (၆၇)ရာခိုင်နှုန်းရှိနေဆဲဖြစ်
ဇူလိုင် ၁၆ရက်
ဒေါ်အောင်ဆန်းစုကြည်အပေါ် လူငယ်များ၏ထောက်ခံမှုမှာ(၆၇) ရာခိုင်နှုန်းရှိနေဆဲဖြစ်တယ်လို့သိရပါတယ်။
အင်စတီကျူးရှင်းနှင့် လူပုဂ္ဂိုလ်များအပေါ် လူငယ်များ၏ယုံကြည်မှုအတိုင်းအတာကို Blue Shirt အဖွဲ့က စစ်တမ်းကောက်ယူကာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
Blue Shirt အဖွဲ့ရဲ့ ၂၀၂၅ ခုနှစ်မတ်လအတွင်း မြို့နယ် ၂၃၇ ခုမှာ ကောက်ယူခဲ့တဲ့စစ်တမ်းအရ နိုင်ငံသား ၂,၈၀၈ ဦးပါဝင်ပြီး အဲ့ထဲက ၁,၈၃၁ ဦးက အသက် ၁၈ နှစ်နှင့် ၃၅နှစ်အကြား လူငယ်တွေ ပါဝင်ဖြေဆိုခဲ့ကြတာဖြစ်ပါတယ်။
စစ်တမ်းရဲ့ တွေ့ရှိချက်တွေအရ ဒေါ်အောင်ဆန်းစုကြည်အပေါ်ထောက်ခံမှုသည်(၆၇)ရာခိုင်နှုန်း၊NUG၏ပြည်သူ့ကာကွယ်ရေးတပ်PDFများအပေါ် (၅၇) ရာခိုင်နှုန်း၊အမျိုးသားညီညွတ်ရေးအစိုးရNUGအပေါ် (၄၈)ရာခိုင်နှုန်းယုံကြည်မှုရှိကြောင်းဖော်ပြပါတယ်။
========================
📌📌 ၃။ ဘယ်လာရုစ်တက္ကသိုလ်များက မြန်မာစစ်အုပ်စုကျောင်းသားများအား လက်ခံသင်ကြားပေးနေ
ဇူလိုင် ၁၆ရက်
ဘယ်လာရုစ်တက္ကသိုလ်များက မြန်မာစစ်အုပ်စုကျောင်းသားများအား လက်ခံသင်ကြားပေးနေတယ်လို့ JusticeForMyanmarက ဖော်ထုတ်လိုက်ပါတယ်။
သင်ကြားပေးသောတက္ကသိုလ်များမှာ Belarusian State University (BSU) ၊ Belarusian State University of Informatics & Radioelectronics (BSUIR) ၊ Belarusian State Technological University (BSTU) တို့ဖြစ်ပြီး အဆိုပါတက္ကသိုလ်များသည် မြန်မာစစ်အုပ်စုအရာရှိများအား အဆင့်မြင့်ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများပေးပြီး စစ်အုပ်စုမှ ပြည်သူများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ ဆောင်ရွက်နိုင်ရန် ကူညီထောက်ပံ့နေတယ်လို့ ဖော်ပြပါတယ်။
Belarusian State University သည် မြန်မာစစ်အုပ်စုကျောင်းသားများအား လက်ခံသင်ကြားပေးရန် ရန်ကုန်တက္ကသိုလ်၊ အခြားတက္ကသိုလ်များနှင့် နားလည်မှုစာချွန်လွှာတစ်ရပ် ရေးထိုးခဲ့ကာမြန်မာစစ်အုပ်စုကျောင်းသား ၁၀ ဦးအား လက်ခံထားပြီး၊ စစ်ဘက်ဆိုင်ရာဥပဒေ၊ ပထဝီတည်နေရာသတင်းအချက်အလက်ပညာနှင့် ဆက်စပ်ဘာသာရပ်များအပါအဝင် ပညာရပ်အစီအစဉ်များကို ၎င်းတို့၏ စစ်ဘက်ဆိုင်ရာဌာနကြီးများတွင် သင်ကြားပေးလျက်ရှိပါတယ်။
Belarusian State University of Informatics & Radioelectronics သည် မြန်မာစစ်အုပ်စုကျောင်းသားများအား အထူးအားဖြင့် လေကြောင်းရန်ကာကွယ်ရေးစနစ်များအတွက် ရေဒီယို-အီလက်ထရောနစ်အင်ဂျင်နီးယားရင်းပညာရပ်ဆိုင်ရာများ သုတေသနပြုလေ့လာရန် လက်ခံသင်ကြားပေးလျက်ရှိကာ ကျောင်းသားများသည် မြန်မာနိုင်ငံရှိ စစ်လက်နက်ထုတ်လုပ်ရေး စက်ရုံများဖြစ်သော အမှတ် (၄) ကာကွယ်ရေးပစ္စည်းစက်ရုံ (နေပြည်တော်)၊ အမှတ် (၂၀) ကာကွယ်ရေးပစ္စည်းစက်ရုံ (မကွေး) နှင့် အမှတ် (၁၀) မြန်မာ့အကြီးစားစက်မှုလုပ်ငန်း (မန္တလေး)တို့မှ ကျောင်းသားများ ဖြစ်တယ်လို့သိရပါတယ်။
Belarusian State Technological University သည် မြေပြင်စစ်လက်နက်နှင့် ထောက်ပံ့ပို့ဆောင်ရေးအတွက် စစ်ဘက်လေ့ကျင့်ရေးဌာနတစ်ခု ဖွင့်လှစ်ပေးထားကာ ၂၀၂၅ ခုနှစ်၊ မေလအတွင်း BSTU ၏ ကျောင်းအုပ်ကြီးသည် မြန်မာစစ်ဗိုလ်ချုပ်ကြီးများနှင့် မကြာမီက အဆင့်မြင့် စစ်ဘက်ပညာရပ်များ ပြီးမြောက်ထားသည့် မြန်မာကျောင်းသား ၃၄ ဦးတို့နှင့် တွေ့ဆုံခဲ့ပါတယ်။
ယင်းတက္ကသိုလ်များသည် ပညာရပ်ကျွမ်းကျင်မှုများအား သင်ကြားပေးအပ်ခြင်းအားဖြင့် စစ်ရာဇဝတ်ကောင်များအား ဘွဲ့ဒီဂရီများ အပ်နှင်းရုံသာမကဘဲ အဆတိုး လူသတ်နိုင်ရန် အားပေးကူညီနေခြင်းပင် ဖြစ်တယ်လို့JusticeForMyanmarကဆိုပါတယ်။
========================
📌📌 ၄။ မန္တလေးနဲ့မိတ္ထီလာတွင် အင်အားအသင့်အတင့်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့
ဇူလိုင် ၁၆ရက်
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် ၃:၂၇ မိနစ်အချိန်ခန့်တွင် မန္တလေးတိုင်း၊ မန္တလေးမြို့၏အနောက်ဘက် ၁ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၃၂ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၄.၇ အဆင့်နှင့် အင်အားအသင့်အတင့်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ NUGလူသားချင်းစာနာထောက်ထားရေးနှင့်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
အလားတူ မြန်မာစံတော်ချိန် နံနက် ၇:၅၂ မိနစ်အချိန်ခန့်တွင် မန္တလေးတိုင်း၊ မိတ္ထီလာမြို့၏အရှေ့ - အရှေ့မြောက်ဘက် ၄၅ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၄.၄ အဆင့်နှင့် အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ဖော်ပါတယ်။
စစ်ကိုင်းငလျင်ကြီး၏နောက်ဆက်တွဲငလျင်ငယ်များကြောင့် ထိခိုက်ဆုံးရှုံးမှုများလျော့နည်းစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြရန် NUGလူသားချင်းစာနာထောက်ထားရေးနှင့်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက အသိပေးကြေညာထားပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် သာကီမှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ အာဏာရှင်စနစ်ကို တိုက်ထုတ်နေတဲ့ အဖွဲ့အစည်းတိုင်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ KNU ဥက္ကဋ္ဌ တိုက်တွန်း
ဇူလိုင် ၁၆ရက်
စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး တိုက်ပွဲဝင်နေတဲ့ လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ဒီမိုကရေစီအင်အားစုတွေ အပါအဝင် အမျိုးသမီးတွေ လူငယ်အဖွဲ့အစည်းတွေနဲ့ လက်တွဲဆောင်ရွက်သွားဖို့ ကရင်အမျိုးသားအစည်းအရုံး - KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက တိုက်တွန်းပြောကြားလိုက်ပါတယ်။
ဒီနေ့ ဇူလိုင် ၁၆ ရက်မှာ ကျရောက်တဲ့ ၇၈ နှစ်ပြည့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ - KNDO နေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာကနေ အခုလို တိုက်တွန်းပြောဆိုထားတာ ဖြစ်ပါတယ်။
ကရင်ပြည်နယ်တင်မဟုတ်ဘဲ နိုင်ငံအနှံ့မှာရှိတဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ စစ်ကောင်စီကို ဆန့်ကျင်တဲ့ KNDO အပါအဝင် ကရင်တော်လှန်ရေးတပ်ဖွဲ့က ရဲဘော်တွေအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်လုပ်ငန်းတွေမှာ ကျရာတာဝန်တွေကို ထမ်းဆောင်သွားရမယ်လို့လည်း KNU ဥက္ကဋ္ဌက ပြောထားပါတယ်။
ကရင့်နိုင်ငံရေးရည်မှန်းချက် အကောင်အထည်ဖော်နိုင်ဖို့ဆိုရင် ကရင့်တော်လှန်ရေးအဖွဲ့အစည်းတွေတင်မဟုတ်ဘဲ ကရင်လူမျိုးအားလုံး ကရင်အဖွဲ့အစည်းအားလုံး ပူးပေါင်းလုပ်ဆောင်ကြဖို့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဖိတ်ခေါ် ထားပါတယ်။
စစ်ကောင်စီရဲ့ မတရားစစ်မှုထမ်းစေမှုကြောင့် စစ်သားဖြစ်လာသူတွေ ကရင့်တော်လှန်ရေးအဖွဲ့တွေဆီမှာ လက်နက်ချ ပူးပေါင်းလိုသူတွေကို အဖွဲ့အစည်းမူဝါဒအတိုင်း လုပ်ဆောင်ရမှာဖြစ်ပြီး KNU ထိန်းချုပ်နယ်မြေမှာ တရားဥပဒေစိုးမိုးရေး KNU ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းဆောင်ရွက်ရမယ်လို့လည်း အသိပေးထားပါတယ်။
ဒါ့အပြင် ဘဝတူ လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းတွေ ဒီမိုကရေစီအင်အားစုတွေ တက်ကြွလှုပ်ရှားသူတွေအပါအဝင် မီဒီယာတွေနဲ့ ဖက်ဒရယ်တည်ဆောက်ရေးအားပေးတဲ့ နိုင်ငံတကာအစိုးရအဖွဲ့အစည်းတွေနဲ့ လက်တွဲဆောင်ရွက်ရမယ်လို့ လည်း KNU ဥက္ကဋ္ဌ သဝဏ်လွှာကနေ တိုက်တွန်းထားပါတယ်။
ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO ဆိုတာ ကရင်တော်လှန်ရေးသမိုင်းမှာ ကရင်အမျိုးသားတို့ရဲ့ အခွင့်အရေးနဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်စောင့်ရှောက်ဖို့ ဖွဲ့စည်းတည်ထောင်တဲ့ ပထမဆုံး ကရင်လက်နက်ကိုင်တပ်လို့ သိရပါတယ်။
========================
🚩🚩 ၂။ ကရင်အမျိုးသားတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ KNUအပြင် ပြည်တွင်းပြည်ပမှာရှိတဲ့ ကရင်လူမျိုး အားလုံးမှာ တာဝန်ရှိတယ်လို့ KNDO စစ်ဦးစီးချုပ် ပြော
ဇူလိုင် ၁၆ရက်
ကရင်အမျိုးသားတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ကိုရောက်ဖို့ ကရင်အမျိုးသားအစည်းအရုံး KNU အပြင် ပြည်တွင်းပြည်ပမှာ ရှိတဲ့ ကရင်လူမျိုးအားလုံးမှာ တာဝန်ရှိတယ်လို့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောရှီးလေက ပြောကြားလိုက်ပါတယ်။
KNDO စစ်ဦးစီးချုပ်ဗိုလ်မှူးချုပ်စောရှီးလေက ဒီနေ့ ဇူလိုင် ၁၆ မှာကျရောက်တဲ့ ၇၈ ကြိမ်မြောက် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့နေ့မှာ အခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်းက လူမျိုးကြီးတွေထဲမှာပါတဲ့ ကရင်အမျိုးသားတွေအနေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေး ရရှိဖို့အတွက် ကရင်အမျိုးသားအစည်းအရုံး KNU စတင်ဖွဲ့စည်း တည်ထောင်ချိန်ကတည်းက ကရင်ပြည်လွတ်မြောက်ရေး ကြိုးပမ်းခဲ့ကြတယ်လို့ဆိုပါတယ်။
KNDO အနေနဲ့ ကရင်လူမျိုးတို့ရဲ့ အသက်အိုးအိမ် စည်းစိမ်ဥစ္စာကို ကာကွယ်စောင့်ရှောက်ဖို့ ကရင်အမျိုးသားလွတ်မြောက် ရေး KNU ရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေ အောင်မြင်စေဖို့ မိခင်အစည်းအရုံးဖြစ်တဲ့ KNU ကို ကာကွယ်ပေးဖို့၊ မိမိတို့ လိုချင်တဲ့ အခွင့်အရေးတွေရဖို့နဲ့ ရန်သူက အကြမ်းဖက်နည်းလမ်းတွေသုံးလာရင် ကာကွယ်ဖို့ဆိုတဲ့ အဓိကရည်မှန်းချက် ၃ ချက်ရှိတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ KNU ရဲ့ မျှော်မှန်းချက်ဖြစ်တဲ့ လွတ်လပ်တဲ့ ကရင်ပြည်တည်ထောင်ခွင့်နဲ့ ကရင့်ကံကြမ္မာ ကရင်ဖန်တီးနိုင်ရေး ဆိုတဲ့ ရည်မှန်းချက်ပန်းတိုင်ကို မရောက်သေးတဲ့အတွက် KNDO ဆက်ရှိနေမှာလို့ အသိပေးပါတယ်။
ကရင်အမျိုးသားတို့ရဲ့ ရည်မှန်းချက်ပန်းတိုင် ရောက်တဲ့အချိန်မှာလည်း ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်တွေကျန်ရှိနေဦးမှာပဲဖြစ်တယ်လို့လည်း KNDO စစ်ဦးစီးချုပ်က ဆက်ပြောပါတယ်။
ကရင်အမျိုးသားရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ အားလုံး ညီညီညွတ်ညွတ်လုပ်ဆောင်ကြဖို့လိုသလို ရည်ရွယ်ချက်၊ ရည်မှန်း ချက်တွေ တူညီဖို့လည်းလိုအပ်တဲ့အတွက် ကရင်လူမျိုးတိုင်းမှာ တာဝန်ကိုယ်စီရှိတယ်လို့လည်း ထပ်ပြီး သတိပေးထား ပါတယ်။
ဒါကြောင့် ကရင်အမျိုးသားတို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ကရင်ပြည်ကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ အမျိုးသားရေး ရည်မှန်း ချက်တွေ ရရှိဖို့ ကမ္ဘာတဝန်းမှာရှိတဲ့ ကရင်လူမျိုးတွေအားလုံး စည်းလုံး ညီညွတ်ကြဖို့ KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောရှီးလေက တိုက်တွန်းပြောဆိုထားပါတယ်။
========================
🚩🚩 ၃။ ကချင်ဒေသအထူးစစ်ဆင်ရေးကြီးတွေကနေ စစ်ဗျူဟာကောင်းတွေနဲ့ အတွေ့အကြုံကောင်းတွေရခဲ့တယ်လို့ ဗမာ့တပ်တော် BA ပြော
ဇူလိုင် ၁၆ရက်
ကချင်ဒေသအထူးစစ်ဆင်ရေးကြီးတွေကနေ စစ်ဗျူဟာကောင်းတွေနဲ့ အတွေ့အကြုံကောင်းတွေရခဲ့တယ်လို့ ဗမာ့တပ်တော် BA က ဒီနေ့မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် - KIA က ၂၀၂၄ ခုနှစ် ၇ လပိုင်း ၃ ရက်နေ့မှာစတင်ခဲ့တဲ့ အထူးစစ်ဆင်ရေးကြီးမှာ KIA နဲ့ အတူ တိုက်ပွဲဝင်ခဲ့ကြတဲ့ မှတ်တမ်းတွေကို ထုတ်ပြန်ရာမှာ အခုလို အသိပေးလိုက်တာဖြစ်ပါတယ်။
ကချင်ဒေသအထူးစစ်ဆင်ရေးကြီးတွေမှာ ဗမာ့တပ်တော်အနေနဲ့ မိုးကြိုးပြောက်ကျားတပ်ဖွဲ့အမည်နဲ့ တိုက်ပွဲဝင်ခဲ့ကြတာလို့ ဆိုပါတယ်။
ကချင်ဒေသအထူးစစ်ဆင်ရေးကြီးမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ စခန်းကြီး စခန်းငယ်တွေကို ထိုးစစ်ဆင်ခဲ့ရာမှာ KIA နဲ့အတူ ဗမာ့တပ်တော် - BA ဟာ မိုးကြိုးပြောက်ကျားတပ်ဖွဲ့အနေနဲ့ ပါဝင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ ရဲ့ တပ်ရင်းဌာနချုပ်အပါအဝင် စခန်းကြီး၊ စခန်းငယ်တွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
KIO/KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကို အမြောက်လက်နက်ကြီးပစ်ကူတွေနဲ့ အဓိကခြိမ်းခြောက်နေတဲ့ ဘွမ်ရယ်ဘွမ် - ပွိုင့် -၇၇၁ ဗျူဟာကုန်း၊ ဖွန်ပြန်ဘွမ် - သံခမောက်တောင်ဗျူဟာကုန်း၊ ဂဂမ်ဘွမ်ဗျူဟာကုန်းနဲ့ တာဝါတိုင်ကုန်းတွေအပြင် အခြား ကာကင်းစခန်းငယ်တွေကိုလဲ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ အသိပေးပါတယ်။
ဒါ့အပြင် ဗန်းမော် - မြစ်ကြီးနား လမ်းမကြီးတလျောက် ဗျူဟာကျတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ အမှတ် - ၃၇၀ အမြောက် တပ်ရင်းဌာနချုပ်၊ အမှတ် - ၆၀၁ ဒုံးတပ်ရင်းနဲ့ စကခ - ၂၁ ဗန်းမော် လက်အောက်ခံတပ်တွေဖြစ်တဲ့ ခလရ ၂၃၇၊ ခမရ ၄၃၇ စတဲ့ တပ်ရင်းဌာနချုပ်တွေကိုလည်း တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။
အခုလို ကချင်လွတ်လပ်ရေးတပ်မတော် - KIA နဲ့အတူ တိုက်ပွဲဝင်ရင်း အောင်ပွဲဆင်ခွင့်ရခဲ့တာတွေအတွက် ဗမာ့တပ်တော်-BA အနေနဲ့ အလွန်ဂုဏ်ယူတယ်လို့လည်း ဆိုထားပါတယ်။
KIA ရဲ့ စစ်ဗျူဟာကောင်းတွေ အတွေ့အကြုံကောင်းတွေနဲ့ ဗမာ့တပ်တော် - BA က ရဲဘော်တွေကို တိုက်စွမ်းရည် ပြည့်ဝအောင် လက်တွေ့သင်ကြားကူညီလမ်းပြပေးခဲ့တဲ့ KIA ကို ကျေးဇူးတင်တဲ့အနေနဲ့ တိုက်ပွဲဝင်ခဲ့တဲ့ မှတ်တမ်းအချို့ကို တော်လှန်မိဘပြည်သူတွေ သိရှိစေဖို့ ဗမာ့တပ်တော် - BA က အခုလို ထုတ်ပြန်တာဖြစ်ပါတယ်။
ဗမာ့တပ်တော် -BA ဟာ ၁၉၄၇ ပင်လုံအနှစ်သာရကို လေးစားတန်ဖိုးထားတဲ့ တပ်တော်တခုဖြစ်ကြောင်းလည်း မိဘပြည်သူ တွေကို ထပ်ပြီး အသိပေးထားပါတယ်။
========================
🚩🚩 ၄။ သာယာဝတီထောင်မှာ အကျဉ်းထောင်ဝန်ထမ်းက နိုင်ငံရေးအကျဉ်းသားတဦးကို ပုခုံးအဆစ်ပြုတ်တဲ့အထိ ရိုက်နှက်ပြီး တိုက်ပိတ်ထား
ဇူလိုင် ၁၆ရက်
ပဲခူးတိုင်း သာယာဝတီအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ကိုအောင်သူထက်ကို ထောင်ဝန်ထမ်း စိုးမင်းဆိုသူက ပုခုံးအဆစ်ပြုတ်တဲ့အထိ ရိုက်နှက်ပြီး တိုက်ပိတ်ထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က ဒီနေ့ ဇူလိုင် ၁၆ မှာ ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က သူတို့ စုံစမ်းသိရှိထားတာကို အခုလို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
ဇူလိုင်လ ၆ ရက်နေ့ မနက်ပိုင်းမှာ ထောင်ဝန်ထမ်းစိုးမင်းက သာယာဝတီထောင် အဆောင်မှူးရုံးခန်းမှာ အလုပ်လုပ်နေတဲ့ အခြားအမှုနဲ့ ထောင်ကျနေတဲ့ အကျဉ်းသားတဦးနဲ့ ရန်ဖြစ်တယ်လို့ စွပ်စွဲပြီး နိုင်ငံရေးအကျဉ်းသား ကိုအောင်သူထက်ကို ရိုက်နှက်ခဲ့တာလို့ ဆိုပါတယ်။
ထောင်ဝန်ထမ်းစိုးမင်းဟာ အရင်ကလည်း နိုင်ငံရေးအကျဉ်းသားတွေအပေါ် ကိုယ်ထိရောက်ရောက်ကျူးလွန်တာတွေ မကြာခဏ ပြုလုပ်တတ်သူတဦးလို့ သိရပါတယ်။
သာယာဝတီထောင်ကို ထောင်ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်ခဲ့တာကြောင့် တိုင်ကြားခံထားရသူ တဦးလည်း ဖြစ်တယ်လို့ PPNM ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကိုအောင်သူထက်ကို ပုခုံးအဆစ်ပြုတ်အောင် ရိုက်နှက်ပြီးနောက် အချိန်အတော်ကြာအောင် ဆေးကုပေးတာမရှိတဲ့အတွက် အခြားနိုင်ငံရေးအကျဉ်းသားတွေ ဝိုင်းဝန်းတောင်းဆိုမှ အဲဒီနေ့ နေ့လည် ၂ နာရီခန့်မှာ ဆေးကုသခွင့်ပေးခဲ့ပြီး တိုက်ပိတ်ထား တယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ထောင်အာဏာပိုင်တွေဘက်က ထောင်ဝန်ထမ်း စိုးမင်းဆိုသူကို အပြင်ထွက်ခွင့်ပိတ်တာနဲ့ သာယာဝတီ ထောင်မှာပဲ နေရာပြောင်းတာမျိုး ပြုလုပ်ခဲ့ပြီး အရေးယူတာ ဒီနေ့အထိ မရှိသေးဘူးလို့လည်း အသိပေးပါတယ်။
စစ်ကောင်စီလက်အောက်မှာရှိတဲ့ အကျဉ်းထောင်တွေက ထောင်ဝန်ထမ်းတွေ နိုင်ငံရေးအကျဉ်းသားတွေအပေါ် ဖိနှိပ်တာနဲ့ ရိုက်နှက်တာ စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေပေမယ့် ထောင်အာဏာပိုင်တွေဘက်က ထိုက်သင့်တဲ့ အပြစ်ပေး အရေးယူတာမျိုး မလုပ်ဘဲ လျစ်လျူရှုနေတဲ့အတွက် ထောင်ဝန်ထမ်းတွေဟာ နိုင်ငံရေးအကျဉ်းသားတွေကို ပိုပြီး ဖိနှိပ်လာတာပဲဖြစ်ပါတယ်။
ဒါကြောင့် ထောင်အာဏာပိုင်တွေအနေနဲ့ ထောင်ဝန်ထမ်းတွေ တရားဥပဒေမဲ့ ရိုက်နှက်နေတာတွေ ရပ်တန့်သွားအောင် အမြန်ဆုံး ဆောင်ရွက်ပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် - PPNM က တောင်းဆိုထား ပါတယ်။
အခုလို အလူ့အခွင့်အရေးချိုးဖောက်တာမျိုးတွေကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က သက်သေတွေနဲ့အတူ စနစ်တကျ မှတ်တမ်းတင်ထားတဲ့အတွက် တရားမျှတမှုကို ဖော်ဆောင်တဲ့အချိန်မှာ ပြန်ပြီး တာဝန်ယူရမယ်လို့ PPNM ဘက်က အသိပေးထားပါတယ်
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment