၂၀၂၅ ဇူလိုင်လ ၂၀ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ စစ်ကြောရေးရရှိဒဏ်ရာများအား လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုမရရှိ၍ နိုင်ငံရေးအကျဉ်းသူမဝတ်ရည်အောင် ကျဆုံး
📌 ၂။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးနဲ့ အညာဗျူဟာတို့ အွန်လိုင်းကနေ ပထမဆုံးအကြိမ် တွေဆုံ
📌 ၃။ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြားက တော်လှန်စိုးမိုးနယ်မြေမှာ ၇၈ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပနိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် TRI ဗျူဟာ ပြော
📌 ၄။ ငပုတောမြို့နယ်မှာ စစ်မှုထမ်းတပ်သားသစ်ရှာမပေးတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို စစ်မှုထမ်းဥပဒေနဲ့ အရေးယူမယ်လို့ မြို့နယ်စီမံဥက္ကဋ္ဌ ခြမ်းခြောက်
========================
၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၀ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ သီပေါမြို့ကို စစ်တပ်က လေကြောင်းကနေ ထပ်ပြီး ဗုံးကြဲတိုက်ခိုက်
🚩 ၂။ မြင်းခြံမှာ ခရီးသွားပြည်သူဆီက ဆက်ကြေးကောက်ဖို့ထွက်လာတဲ့ စစ်သားတွေကို တိုက်ခိုက်ရာမှာ စစ်သား ၃ ဦး သေပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ
🚩 ၃။ ချင်းတွင်းမြစ်အတိုင်း အထက်ကိုဆန်တက်လာတဲ့ စစ်ရေယာဉ်အုပ်ကို တော်လှန်ရေးတပ်တွေတိုက်ခိုက်ခဲ့ရာမှာ ရေယာဉ် ၂ စင်း ပျက်စီးပြီး စစ်သား ၂ ဦးသေဆုံး
🚩 ၄။ ပလောက်မြို့ ခလရ ၂၈၀ မှာတာဝန်ကျနေတဲ့ စစ်မှုထမ်းတပ်သား တဦး လက်နက်ခဲယမ်းတွေနဲ့အတူ ပုလော ပကဖထံ အလင်းဝင်
🚩 ၅။ ရေးမြို့ စကခ ၁၉ ကနေ ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သားသစ် ၃ ဦးကို ဖမ်းမိထားတယ်လို့ ရေးဘီလူးတပ်ရင်း ပြော
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ စစ်ကြောရေးရရှိဒဏ်ရာများအား လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုမရရှိ၍ နိုင်ငံရေးအကျဉ်းသူမဝတ်ရည်အောင် ကျဆုံး
ဇူလိုင် ၂၀ရက်
ထောင်ဒဏ်နှစ်ရှည်ဖြင့် အင်းစိန်ထောင်၌ အကျဉ်းချထားသည့် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မဝတ်ရည်အောင် အသက်(၂၅)နှစ်သည် ယနေ့ ဇူလိုင်လ (၂၀ ) ရက်နေ့ မနက် ၌ ကျဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှ ထုတ်ပြန်ထားပါတယ်။
အသက်(၂၅)နှစ်အရွယ် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်ငံရေးအကျဉ်းသူတစ်ဦးဖြစ်သူ မဝတ်ရည်အောင်သည် အကြမ်းဖက်စစ်ကောင်စီတပ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့သည့်အတွက် စစ်ကောင်စီတပ်မှ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရပြီးနောက် မဝတ်ရည်အောင်ကို အင်းစိန်အကျဉ်းထောင်မှာ ပုဒ်မ ၅၀၅ (က) နဲ့ထောင်ဒဏ် (၃) နှစ် ချမှတ်ခဲ့ပြီးနောက် ဒိုက်ဦးအကျဉ်းထောင်သို့ ထောင်ပြောင်းရွှေ့ခဲ့သည်။ထို့နောက် ဒိုက်ဦးထောင်မှ အင်းစိန်ထောင်သို့ ပြန်လည်ခေါ်ဆောင်၍ ၂၀၂၃ ခုနှစ် ဇွန်လ ၂၇ ရက်နေ့မှာ ပုဒ်မ ၅၂ (က)နဲ့ ထောင်ဒဏ် ၄ နှစ် ထပ်မံကျခံခဲ့ရသည်။
မဝတ်ရည်အောင်သည် ဖမ်းဆီးခံရချိန် စစ်ကြောရေး၌ ညှဉ်းပမ်းနှိပ်စက်ခံရခြင်းကြောင့် ဦးခေါင်းနှင့် ခန္ဓာကိုယ်တစ်ဝိုက်တွင် ပြင်းထန်သည့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး ထောင်ရောက်ချိန်မှစ၍ ဆေးဝါးကုသမှုခံယူခဲ့ရသူဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှ ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၂။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးနဲ့ အညာဗျူဟာတို့ အွန်လိုင်းကနေ ပထမဆုံးအကြိမ် တွေဆုံ
ဇူလိုင် ၂၀ရက်
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး - မကဒတ ဗဟိုစစ်ကော်မရှင်နဲ့ အညာဗျူဟာ - Anyar Tactic တို့ အွန်လိုင်းကနေတွေ့ဆုံမှုတခု ပထမဆုံးအကြိမ် ပြုလုပ်ခဲ့တယ်လို့ အဲဒီအဖွဲ့တွေက ပူးတွဲထုတ်ပြန်ထားပါတယ်။
ဒီတွေ့ဆုံမှုကို ဇူလိုင် ၁၆ ရက်ကကျင်းပခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး - မကဒတ ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ ရဲဘော် သံခဲဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ အညာဗျူဟာ - Anyar Tactic က စစ်ဦးစီးမှူး ရဲဘော် ဝလုံး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ဝင်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
တွေဆုံမှုအတွင်း နှစ်ဘက်အဖွဲ့အစည်းတွေရဲ့ အခြေအနေ၊ သမိုင်းကြောင်း၊ စစ်ရေး နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ဒေသတွင်း အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး နိုင်ငံရေး စစ်ရေးဆိုင်ရာ လုပ်ငန်းစဉ်တွေ အားကောင်းလာစေရေး လတ်တလာ လုပ်ငန်းစဉ်တွေနဲ့ ရှေ့လုပ်ငန်းစဉ်တွေကို နှစ်ဘက် အပြန်အလှန်ဆွေးနွေးပြီး အမြင်ချင်း ဖလှယ်ခဲ့ကြတယ်လို့လည်း အသိပေးပါတယ်။
ဒီတွေဆုံမှုဟာ မြေပြန့်လွင်ပြင်မှာရှိတဲ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေ စုစည်းရေးနဲ့ အခြေခံဒေသတွေ ပေါ်ထွန်း လာရေးနဲ့ မဟာမိတ်ဆိုင်ရာ စုဖွဲ့တည်ဆောက်ရေးလုပ်ငန်းစဉ်တွေလည်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတယ်လို့ ပူးတွဲ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
========================
📌📌 ၃။ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြားက တော်လှန်စိုးမိုးနယ်မြေမှာ ၇၈ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပနိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် TRI ဗျူဟာ ပြော
ဇူလိုင် ၂၀ရက်
မန္တလေးတိုင်းအတွင်း တော်လှန်ရေးအင်အားစုတွေ စိုးမိုးထားတဲ့နယ်မြေမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေရှိနေတဲ့ကြားက မနေ့ ၁၉ ဇူလိုင်ရက် မနက်ပိုင်းက ၇၈ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် TRI ဗျူဟာက ထုတ်ပြန်ပါတယ်။
စစ်အုပ်စုရဲ့ လေကြောင်းဗုံးကြဲမှုတွေကြားက ဒေသခံပြည်သူတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့အတူ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးတွေကို ချီတက်အလေးပြုခဲ့တယ်လို့ ဆိုပါတယ်။
ဒီအခမ်းအနားကို ပြည်သူကာကွယ်ရေးတပ်မတော် - TRI ဗျူဟာနဲ့အတူ မန္တလေးတိုင်းလွှတ်တော် ကိုယ်စားပြုကော်မတီ - CRMH၊ Women Alliance Burma၊ အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အား များ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ - AFCC-Mandalay၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် MDY-PDF၊ NUG ကျန်းမာရေးဝန်ကြီးဌာန - စဉ့်ကူး၊ ဒေသခံ လူသားစာနာအဖွဲ့ဝင်တွေနဲ့ ပြည်သူများစွာ တက်ရောက်ခဲ့ ကြပြီး အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ရှေးဦးလွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းကို ဂုဏ်ပြုခဲ့ကြသလို ရဲဘော်ရဲဘက် အာဇာနည်တွေကိုလည်း လေးစားဦးညွတ်ဂုဏ်ပြုခဲ့ကြတယ်လို့ အသိပေးပါတယ်။
စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို မကြောက်မရွံ့ ရင်ဆိုင်ပြီး အောင်မြင်ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့တာဟာ တော်လှန်ရေးစိတ်ဓာတ် ခိုင်မာမှုကိုပြသရာရောက်တဲ့အပြင် ပြည်သူ့အင်အားစု တွေရဲ့ စည်းလုံးညီညွတ်မှုကိုလည်း ထင်ဟပ်စေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် - TRI ဗျူဟာအနေနဲ့ အာဇာနည်တွေရဲ့ ဆန္ဒနဲ့အညီ ဒီမိုကရေစီအရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ကြေညာ ထားပါတယ်။
========================
📌📌 ၄။ ငပုတောမြို့နယ်မှာ စစ်မှုထမ်းတပ်သားသစ်ရှာမပေးတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို စစ်မှုထမ်းဥပဒေနဲ့ အရေးယူမယ်လို့ မြို့နယ်စီမံဥက္ကဋ္ဌ ခြမ်းခြောက်
ဇူလိုင် ၂၀ရက်
ဧရာဝတီတိုင်း ပုသိမ်ခရိုင် ငပုတောမြို့နယ် စီမံဥက္ကဋ္ဌက စစ်မှုထမ်းတပ်သားသစ်ရှာမပေးတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို စစ်မှုထမ်းဥပဒေနဲ့ အရေးယူမယ်လို့ ခြမ်းခြောက်ပြောဆိုထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
ငပုတောမြို့နယ်ထဲက အုတ်ရှစ်ကွင်းကျေးရွာအုပ်စု၊ ကုန်းတန်းပုတ္တကျေးရွာအုပ်စု၊ကျောက်တံခါးအုပ်စု စတဲ့ ကျေးရွာအုပ်စု ၃ စုက အုပ်ချုပ်ရေးမှူးတွေနဲ့ ကျေးရွာအုပ်စုစာရေးတို့ကို ကျေးရွာအုပ်စုအတွင်း အရွယ်ရောက်သူတိုင်း စစ်မှုထမ်းရမယ့် မှတ်ပုံတင်စာရင်း ပုံစံ (၁) နဲ့ (၂) ပေးပို့ဖို့နဲ့ စစ်မှုထမ်းအပတ်စဉ် ၁၆ အတွက် သင်တန်းသားပေးပို့ဖို့ ပျက်ကွက်တယ်ဆိုပြီး ဇူလိုင် ၁၇ ရက်နေ့မှာ စာထုတ်ပြီး အကြောင်းကြားလာတာလို့ ဆိုပါတယ်။
စစ်မှုထမ်းဥပဒေအရ ပုံစံ ၁ နဲ့ ပုံစံ ၂ ပေးသွင်းတာနဲ့ စစ်မှုထမ်းအပတ်စဉ်တိုင်း သင်တန်းသားတဦးစီပေးပို့ဖို့ မြို့နယ်စီမံအဖွဲ့ က ညွန်ကြားထားတာကို ပျက်ကွက်တဲ့အတွက် စစ်မှုထမ်းဥပဒေပုဒ်မ ၂၅ နဲ့ အရေးယူခံရမယ်လို့ စစ်ကောက်စီ လက်အောက်ခံ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က ခြိမ်းခြောက်ပြောဆိုထားပါတယ်။
ဒါ့အပြင် စစ်မှုထမ်းရမယ့် မှတ်ပုံတင်စာရင်း ပုံစံ ၁ နဲ့ ပုံစံ ၂ အပြင် စစ်မှုထမ်းတပ်သားသစ်တဦး ဇူလိုင် ၂၂ ရက်နေ့အတွင်း မပေးပို့နိုင်ဘူးဆိုရင် အုပ်ချုပ်ရေးမှူးတွေကို စစ်မှုထမ်းဥပဒေပုဒ်မ ၂၅ နဲ့ အရေးယူမှာဖြစ်သလို ရပ်ကျေးစာရေးတွေကို နိုင်ငံဝန်ထမ်း ဥပဒေ၊ နည်းဥပဒေနဲ့အညီ စစ်ဆေးအရေးယူသွားမယ်လို့ ငပုတောမြို့နယ် စီမံဥက္ကဋ္ဌက ခြိမ်းခြောက်စာ ပေးပို့ထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ သီပေါမြို့ကို စစ်တပ်က လေကြောင်းကနေ ထပ်ပြီး ဗုံးကြဲတိုက်ခိုက်
ဇူလိုင် ၂၀ရက်
ရှမ်းမြောက်ဒေသက PSLF/TNLA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို စစ်တပ်က လေကြောင်းကနေ ထပ်ပြီး ဗုံးကြဲတိုက်ခိုက်တာကြောင့် စာသင်ကျောင်းဆောင်တွေ ထိမှန်ပျက်စီးသွားတယ်လို့ PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ဒီနေ့ ဇူလိုင် ၂ဝ မှာ ထုတ်ပြန်ပါတယ်။
အာဇာနည်နေ့ဖြစ်တဲ့ မနေ့ ဇူလိုင် ၁၉ ရက် ည ၁၁ နာရီ ၄၅ မိနစ်ခန့်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ဂျက်ဖိုက်တာက ပေါင် ၂၅၀ ဗုံး ၃ လုံး လာရောက်ကြဲချခဲ့တာလို့ ဆိုပါတယ်။
စစ်လေယာဉ်ကကြဲချတဲ့ဗုံးတွေဟာ ဇာတ်စုရပ်ကွက်နဲ့ ရွှေကျောင်းရပ်ကွက်တို့မှာ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အမှတ် ၁ အခြေခံပညာမူလတန်းကျောင်းမှာရှိတဲ့ ကျောင်းဆောင်တွေ ဗုံးစထိမှန်ပျက်စီးသွားခဲ့တယ်လို့ အသိပေးထားပါတယ်။
ဒေသတွင်းသတင်းတွေဌာနတွေကတော့ သီပေါအကျဉ်းထောင်က ဝန်ထမ်းလိုင်ခန်းကို အရင် ဗုံးကြဲပြီးမှ အမက ၁ နဲ့ ဇာတ်စုရပ်ကွက်ကို ဗုံးကြဲသွားတာလို့ ဖော်ပြထားပါတယ်။
ဒီ ဗုံးကြဲတိုက်ခိုက်မှုမှာ အရပ်သားပြည်သူတွေ ထိခိုက်တာမရှိဘူးလို့လည်း သိရပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်ဟာ အခု ဇူလိုင် ၄ ရက်နေ့မှာတကြိမ်၊ ဇူလိုင် ၁၄ ရက်မှာ တကြိမ် သီပေါမြို့က အရပ်သား ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၂ ဦး သေဆုံးကာ ၅ ဦးဒဏ်ရာရခဲ့ပြီး အိမ် ၁၃ လုံးနဲ့ အဆောက်အအုံ ၆ လုံး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေး ဌာန မှတ်တမ်းတွေအရ သိရပါတယ်။
အခုလို စစ်ကောင်စီဘက်က အရပ်သားပြည်သူတွေကို ဦးတည်တိုက်ခိုက်တဲ့လုပ်ရပ်တွေ ဆက်တိုက်လုပ်နေတာကြောင့် မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကနေ ရှောင်ရှားနိုင်အောင် စစ်ရေးသတိ အမြဲရှိဖိုလိုပြီး လေကြောင်း ရန်ကနေ ကာကွယ်နိုင်ဖို့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို လိုက်နာဆောင်ရွက်ကြဖို့ TNLA ဘက်က တိုက်တွန်း နှိုးဆော်ထားပါတယ်။
========================
🚩🚩 ၂။ မြင်းခြံမှာ ခရီးသွားပြည်သူဆီက ဆက်ကြေးကောက်ဖို့ထွက်လာတဲ့ စစ်သားတွေကို တိုက်ခိုက်ရာမှာ စစ်သား ၃ ဦး သေပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ
ဇူလိုင် ၂၀ရက်
မန္တလေးတိုင်း မြင်းခြံမြို့နယ်မှာ ခရီးသွားပြည်သူဆီကနေ ဆက်ကြေးကောက်ဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် ဖွဲ့ကို ပစ်ခတ်တိုက်ခိုက်ရာမှာ စစ်သား ၃ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ရွှေခြံသား ပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။
မြင်းခြံမြို့နယ် ကုက္ကဲနယ်မြေရဲစခန်းနဲ့ ကုက္ကဲ အခြေခံပညာအထက်တန်းကျောင်းခွဲမှာ အထိုင်ချတပ်စွဲပြီး ပြည်သူဆီက ဆက်ကြေးကောက်ဖို့ ထွက်လာတဲ့ စစ်သား ၃ ဦးကို တော်လှန်ရေးတပ်ဖွဲ့တွေက ဇူလိုင်လ ၁၇ ရက်နေ့မှာ ပစ်ခတ်တိုက်ခိုက် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်သား ၃ ဦးစလုံး သေဆုံးခဲ့ပြီး သူတို့ကိုင်တဲ့ သေနတ်တွေနဲ့ ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့ တယ်လို့ သိရပါတယ်။
သေဆုံးသွားသော အကြမ်းဖက်စစ်သားဆီက MA -11 သေနတ် ၂ လက်၊ MA-11 ကျည်ဘောက် ၂ ခု၊ 5 ပွိုင့် 56 ကျည် ၃၉ တောင့်၊ လက်ပစ်ဗုံးတလုံး၊ ဓား ၂ ချောင်း၊ ဖုန်းတလုံး၊ ငွေသား ၄၀၂၀၀ ကျပ်၊ လွယ်အိတ်တလုံး၊ နားကြပ်တခု၊ ပေါ့တခု သိမ်းဆည်းရရှိခဲ့တယ်လို့ ရွှေခြံသား ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
တော်လှန်ရေးတပ်တွေဘက်က စစ်ရေးအရှိန်မြင့်ပြီး ဆက်လက်တိုက်ခိုက်သွားမှာဖြစ်တာကြောင့် မိဘပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်တပ်နဲ့ နီးစပ်ရာနေရာတွေကို ရှောင်ရှားသွားလာကြဖို့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်ကို ကာကွယ် နိုင်ဖို့ ဗုံးခိုကျင်းတွေ တူးထားကြဖို့ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့က အသိပေးနှိုးဆော်ထားပါတယ်။
========================
🚩🚩 ၃။ ချင်းတွင်းမြစ်အတိုင်း အထက်ကိုဆန်တက်လာတဲ့ စစ်ရေယာဉ်အုပ်ကို တော်လှန်ရေးတပ်တွေတိုက်ခိုက်ခဲ့ရာမှာ ရေယာဉ် ၂ စင်း ပျက်စီးပြီး စစ်သား ၂ ဦးသေဆုံး
ဇူလိုင် ၂၀ရက်
စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အလုံဆိပ်ကမ်းကနေ ချင်းတွင်းမြစ်အတိုင်း အထက်ကိုဆန်တက်လာတဲ့ စစ်ရေယာဉ်အုပ်ကို တော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ရာမှာ ရေယာဉ် ၂စင်း ပျက်စီးသွားပြီး စစ်သား ၂ ဦး သေဆုံးသွားတယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၁၄/၁၅ Salingyi Special Task Force က ဒီနေ့ ဇူလိုင် ၂ဝ မှာ ထုတ်ပြန်လာပါတယ်။
စစ်သင်္ဘော ၄ စင်းနဲ့ ထောက်ပို့ဖလပ်ရေယာဉ်တွေပါတဲ့ သင်္ဘောအစင်း ၃ဝ ခန့်ဟာ ဇူလိုင် ၁၄ ရက်နေ့ မနက် ၅ နာရီ ခန့်က စပြီး မုံရွာ အလုံ ဆိပ်ကမ်းကနေ ချင်းတွင်းမြစ်အတိုင်း အထက်ကို ဆန်တက်လာရာ တော်လှန်ရေးအဖွဲ့တွေ ရှိမယ်ထင်တဲ့ နေရာတွေကို တံတားဦးကနေ တက်လာတဲ့ Y12 လေယာဉ်က ၂ ကြိမ်၊ နမခ ကနေ တက်လာတဲ့ ပါရာမော်တာ ၂ စင်း၊ ကနီမြို့ကတက်လာတဲ့ ဒရုန်းတွေက ဗုံးကြဲတိုက်ခိုက်ကာ နယ်မြေရှင်းလင်းခဲ့ပြီး ကနီမြိုနယ် သရက်ပင်ကျေးရွာအနီးမှာ ညအိပ် တပ်ဆွဲခဲ့တယ်လို့ ဆိုပါတယ်။
ကနီမြိုနယ် သရက်ပင်ရွာအနီ ညအိပ်တပ်ဆွဲခဲ့တဲ့ စစ်သင်္ဘောအုပ်ဟာ ဇူလိုင် ၁၅ ရက်နေ့ မနက် ၅ နာရီခန့်မှာ ချင်းတွင်းမြစ် အတိုင်း ဆက်လက်ဆန်တက်လာတဲ့အတွက် ချင်းတွင်းမြစ်ဘေးတနေရာမှာ ဗျူဟာ - ၄၅ KLG PDF၊ ယင်းမာပင်ခရိုင် တပ်ရင်း ၁၄/၁၅ SSTF နဲ့ မဟာမိတ်အဖွဲ့တွေပေါင်းပြီး လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အသိပေးပါတယ်။
တော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်မှုကြောင့် ရွှေတော်ဝင်အမည်ရတဲ့ ဖလပ်သင်္ဘော လက်နက်ကြီးထိမှန်ပြီး စစ်သား ၂ယောက် သေဆုံးသွားသလို အခြားသင်္ဘောတစင်းလည်း ပျက်စီးသွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထိခိုက်ပျက်စီးသွားတဲ့ သင်္ဘော၂ စင်းနဲ့ အခြားစစ်သင်္ဘောတွေဟာ နမခကနေ တက်လာတဲ့ MI-35p တိုက်ခိုက်ရေး လေယာဉ်ရဲ့ အကာအကွယ်နဲ့ အထက်ဘက်ကို ဆက်လက် ဆန်တက်သွားတယ်လို့ Salingyi Special Task Force က အသိပေးထားပါတယ်။
========================
🚩🚩 ၄။ ပလောက်မြို့ ခလရ ၂၈၀ မှာတာဝန်ကျနေတဲ့ စစ်မှုထမ်းတပ်သား တဦး လက်နက်ခဲယမ်းတွေနဲ့အတူ ပုလော ပကဖထံ အလင်းဝင်
ဇူလိုင် ၂၀ရက်
တနင်္သာရီတိုင်း ပလောမြို့မှာရှိတဲ့ အမှတ် ၂၈၀ ခြေလျင်တပ်ရင်းမှာ တာဝန်ကျနေတဲ့ စစ်မှုထမ်း တပ်သားသစ်တဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က ဒီနေ့ ဇူလိုင် ၂ဝ မှာ ထုတ်ပြန်လာပါတယ်။
အဲဒီစစ်မှုထမ်းတပ်သားဟာ မြိတ်ခရိုင် ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ မြို့နယ်တိုက်ခိုက် ရေးအဖွဲ့ထံမှာ ဇူလိုင် ၁၂ ရက်နေ့မှာ အလင်းဝင်လာတာလို့ ဆိုပါတယ်။
ပဲခူးတိုင်း ပြည်ခရိုင် ရွှေတောင်မြို့နယ်က အသက် ၂၇ နှစ်အရွယ် စစ်မှုထမ်းတပ်သား ငြိမ်းချမ်းဟာ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၈ ဆင်းတဦးဖြစ်တယ်လို့ သိရပါတယ်။
သူဟာ MA-1 အမျိုးအစား သေနတ်တလက်၊ ကျည်ဘောက်တခု၊ လက်ပစ်ဗုံးတလုံး၊ကျည် ၂၇ တောင့်နဲ့
အတူ အလင်းဝင်လာခဲ့တာလို့ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၅။ ရေးမြို့ စကခ ၁၉ ကနေ ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သားသစ် ၃ ဦးကို ဖမ်းမိထားတယ်လို့ ရေးဘီလူးတပ်ရင်း ပြော
ဇူလိုင် ၂၀ရက်
မွန်ပြည်နယ် ရေးမြို့မှာအခြေစိုက်တဲ့ အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၁၉ ကနေ ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သားသစ် ၃ ဦးကို အရှင်ဖမ်းမိထားတယ်လို့ ရေးဘီးလူးတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
ရေးမြို့ အခြေစိုက် စကခ ၁၉ မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်မှုထမ်းတပ်သားသစ် ၃ ဦး တပ်ကနေထွက်ပြေးလာတာကို ရေးဘီလူးတပ်ရင်းက ဇူလိုင်လ ၁၈ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
ဖမ်းဆီးရမိတဲ့ စစ်မှုထမ်းတပ်သားသစ် မောင်ဝေယံအောင်နဲ့ ပြည့်ဖုန်းစံတို့ဟာ ကလေးမြို့နယ် အရှေ့စည်းကျေးရွာက ဖြစ်ပြီး စစ်မှုထမ်းအပတ်စဉ် ၇ သင်တန်းဆင်းတွေဖြစ်ကာ စစ်မှုထမ်းတပ်သားသစ် အောင်စိုးမင်းကတော့ မော်လမြိုင် သာယာအေးရပ်ကွက်ကဖြစ်ပြီး စစ်မှုထမ်းအပတ်စဉ် ၆ သင်တန်းဆင်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment