၂၀၂၅ ဇူလိုင်လ ၂၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ဇူလိုင်၂၅ရက်နေ့အထိ Safe Schools, Safe Education ကမ်ပိန်းတွင် အလှူငွေ လက်ခံရရှိမှုစာရင်း NUG ပညာရေးဝန်ကြီးဌာန ထုတ်ပြန်
📌 ၂။ ထိုင်းနှင့်ကမ္ဘောဒီးယားနယ်စပ် တိုက်ပွဲများ ပြင်းထန်နေပြီး ထိုင်းဘက်မှ ၁၅ ဦးသေဆုံး၊ ဘန်ကောက် စျေးတစ်ခုတွင် မြန်မာအလုပ်သမား ၂ ဦးကို ကမ္ဘောဒီးယားလူမျိုးဟု ထင်မှတ်ပြီး ထိုးကြိတ်ခံရ
📌 ၃။ အကျဥ်းထောင်တွင်း နိုင်ငံရေးအကျဥ်းသားများအပေါ် နှိပ်စက်ညှင်းပန်း၊ လူ့အခွင့်ရေးချိုးဖောက်သည့် အကျဥ်းဦးစီးဌာန ဝန်ထမ်း တစ်ရာကျော် စာရင်း ထုတ်ပြန်
📌 ၄။ ကရင်နီဒေသ စစ်ဘေးရှောင် အိမ်ထောင်စုများအတွက် အစားအသောက်နှင့် နေရာထိုင်ခင်း အရေးပေါ် လိုအပ်နေ
📌 ၅။ ကျောင်းသား ၃၀၀ ကို ပညာသင်ကြားနိုင်ဖို့မျိုးဆက်သစ် ကမ်ပိန်းတွင်ပါဝင်ကြရန် နှိုးဆော်
📌 ၆။ ဒါရိုက်တာကိုပေါက် ရိုက်ကူးပြီး အကယ်ဒမီ မင်းမော်ကွန်း သရုပ်ဆောင်ထားသော တော်လှန်ရေးရုပ်ရှင်ဇာတ်ကားကို အမေရိကန်၊ ဂျပန်၊ သြစတြေးလျတို့မှာ ပြသမည်
========================
၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ လောင်းလုံးနှင့် ဘီးလင်းရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် တစ်ဦးအပါအဝင် သုံးဦး သေဆုံး
🚩 ၂။ အုတ်ဖိုမြို့နယ် ကြို့ကိုးပင်ရွာတွင် ကျန်ရှိနေသော စကစတပ်များကို တိုက်ခိုက်ရာ ထွက်ပြေးသွား
🚩 ၃။ ဝီဖာ ဆိုင်ကလုန်းမုန်တိုင်းနှင့် ပတ်သက်၍ ပြည်သူလူထုအား အရေးပေါ် သတိပေးချက် KNU ထုတ်ပြန်
🚩 ၄။ အာရက္ခပြည်၌ မိုးများစွာရွာသွန်းမှုကြောင့် ရေကြီး၊ ရေလျှံမှုများဖြစ်ပွား၍ အရေးပေါ်အကူအညီများ လိုအပ်နေ
🚩 ၅။ ကလိန်အောင် စစ်ကောင်စီ ခလရ (၂၈၂) တပ်ရင်းဧရိယာ ဓါတ်ငွေ့ပိုက်လိုင်းအနီးတွင် အမည်မသိအမျိုးသား အလောင်းတစ်လောင်း တွေ့ရှိ
🚩 ၆။ ကျောက်မဲနှင့် နမ္မတူတွင် တအာင်းပြည်မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသား (၄) ဦးနှင့် ရောင်းဝယ်သူ (၂) ဦးတို့ကို ဖမ်းဆီးရမိ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ဇူလိုင်၂၅ရက်နေ့အထိ Safe Schools, Safe Education ကမ်ပိန်းတွင် အလှူငွေ လက်ခံရရှိမှုစာရင်း NUG ပညာရေးဝန်ကြီးဌာန ထုတ်ပြန်
ဇူလိုင်လ ၂၅ရက်
Radio NUG
ဇူလိုင်၂၅ရက်နေ့အထိ Safe Schools, Safe Education ကမ်ပိန်းတွင် အလှူငွေ လက်ခံရရှိမှုစာရင်း NUG ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ရရှိငွေ အသီးသီးမှာ OFP and Other International FRsမှ 14,979.00 USD၊ Spring Crowd Fund(SCF)မှ 12,987,076.06 MMK၊ GoFundMe (Brighter Future Foundation)မှ 350.00 POUNDနှင့် GoFundMe (HDFM)မှ 1,920.00 USD ဖြစ်တယ်လို့ သိရပါတယ်။
Safe Schools, Safe Education ကမ်ပိန်းကို အမေရိကန်ဒေါ်လာ ၄သိန်း ရည်မှန်းထားပြီး ကမ်ပိန်းကာလ ဇူလိုင်လ (၁၅) မှ ဩဂုတ်လ (၃၁) အထိ သတ်မှတ်ထားပါတယ်။
========================
📌📌 ၂။ ထိုင်းနှင့်ကမ္ဘောဒီးယားနယ်စပ် တိုက်ပွဲများ ပြင်းထန်နေပြီး ထိုင်းဘက်မှ ၁၅ ဦးသေဆုံး၊ ဘန်ကောက် စျေးတစ်ခုတွင် မြန်မာအလုပ်သမား ၂ ဦးကို ကမ္ဘောဒီးယားလူမျိုးဟု ထင်မှတ်ပြီး ထိုးကြိတ်ခံရ
ဇူလိုင်လ ၂၅ ရက်
Radio NUG
ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား နယ်စပ်တွင် ဒုတိယနေ့အဖြစ် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး၊ ထိုင်းဘက်မှ ၁၅ ဦးသေဆုံးကာ ပြည်သူ ၁၀၀,၀၀၀ ကျော် စစ်ဘေးရှောင်နေရသည်ဟု ထိုင်းအစိုးရက ထုတ်ပြန်ထားပါတယ်။
ထိုင်းဘက်က ကမ္ဘောဒီးယားက အရပ်သားများနေထိုင်ရာ နေရာများကို ပစ်မှတ်ထားတိုက်ခိုက်နေသည်ဟု စွပ်စွဲထားပြီး ထိုင်းနယ်စပ်ဒေသများမှ ဆေးရုံ ၇ ရုံကို ပိတ်သိမ်းထားရကာ နယ်စပ်ပြည်နယ် လေးခုမှ လူပေါင်း ၃၀၀,၀၀၀ ကျော်ကို ယာယီခိုလှုံရေးစခန်း ၃၀၀ နီးပါးသို့ ရွှေ့ပြောင်းထားရသည်ဟု ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားထားပါတယ်။
ကမ္ဘောဒီးယားဘက်တွင်လည်း ထိုင်းစစ်တပ်၏ ပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကမ္ဘောဒီးယားအာဏာပိုင်များက ထုတ်ပြန်ထားပါတယ်။
ထို့အပြင် ဘန်ကောက်မြို့၊ စမွတ်ပရကန်ခရိုင်တွင် ထိုင်းမျိုးချစ်အဖွဲ့များက ကမ္ဘောဒီးယားရွှေ့ပြောင်းအလုပ်သမားများကို ရှာဖွေတိုက်ခိုက်နေရာ၊ မြန်မာအလုပ်သမားအချို့မှာ ကမ္ဘောဒီးယားလူမျိုးများနှင့် မှားယွင်းခံရပြီး စစ်ဆေးခံရကာ ထိုးကြိတ်ခံရသည့် ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်တွင် ပျံ့နှံ့နေပြီး၊ ထိခိုက်ဒဏ်ရာများ သိသိသာသာ မရှိခဲ့ဘူးလို့ သိရပါတယ်။
"မြန်မာမှန်း သိအောင် သနပ်ခါးလိမ်းထားရမယ်" ဟု ထိုင်းရောက်မြန်မာအလုပ်သမားတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားပြီး၊ မြန်မာနှင့် ကမ္ဘောဒီးယားလူမျိုးများ၏ သဏ္ဌာန်ဆင်တူမှုကြောင့် ဤသို့ခွဲခြားသတ်မှတ်ရန် ကြိုးစားနေကြသည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများအပါအဝင် မလေးရှား၊ မြန်မာ၊ တရုတ်နှင့် စင်္ကာပူတို့က ထိုင်းနှင့်ကမ္ဘောဒီးယားအား ငြိမ်းချမ်းသောနည်းလမ်းဖြင့် ပဋိပက္ခဖြေရှင်းရန် တိုက်တွန်းထားပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီသည်လည်း အရေးပေါ်အစည်းအဝေး ကျင်းပရန် ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ထိုင်းနှင့် ကမ္ဘောဒီးယားနယ်စပ်ဒေသများ ဖြစ်သည့် ဆီဆက်စ်၊ ကျန်ထဘူရီနှင့် ရယောင်းခရိုင်များတွင် မြန်မာအလုပ်သမားပေါင်း ၂၀၀,၀၀၀ ကျော်ရှိနေပြီး၊ လက်ရှိအခြေအနေတွင် ၎င်းတို့အနေဖြင့် အထူးသတိထားရန် လိုအပ်နေပါတယ်။
========================
📌📌 ၃။ အကျဥ်းထောင်တွင်း နိုင်ငံရေးအကျဥ်းသားများအပေါ် နှိပ်စက်ညှင်းပန်း၊ လူ့အခွင့်ရေးချိုးဖောက်သည့် အကျဥ်းဦးစီးဌာန ဝန်ထမ်း တစ်ရာကျော် စာရင်း ထုတ်ပြန်
ဇူလိုင်လ ၂၅ရက်
Radio NUG
အကျဥ်းထောင်တွင်း နိုင်ငံရေးအကျဥ်းသားများအပေါ် နှိပ်စက်ညှင်းပန်း၊ လူ့အခွင့်ရေးချိုးဖောက်သည့် အကျဥ်းဦးစီးဌာန ဝန်ထမ်း တစ်ရာကျော်စာရင်း ဇူလိုင် ၂၅ရက်နေ့မှာ PPNMက ထုတ်ပြန်ဖော်ပြပါတယ်။
သက်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့များ တာဝန်ရှိသူများအနေဖြင့် တာဝန်ယူသည့် လမ်းပိုင်းတစ်လျှောက်တွင် မှတ်ပုံတင်နံပါတ်များအား စီစစ်ခြင်း စစ်ဆေးဖမ်းဆီးခြင်းများ ပြုလုပ်ပေးပါရန် တောင်းဆိုအပ်တယ်လို့လည်း ဆိုပါတယ်။
ဖော်ပြထားသည့် အမည်စာရင်းများသည် အကျဉ်းထောင်တွင်း လူ့အခွင့်အရေးချိုးဖောက်မှု၊ ဥပဒေမဲ့ သတ်ဖြတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ ထောင်ပြောင်းရွှေ့မှုတစ်ခုခြင်းစီတိုင်းအတွက် တရားမျှတမှုဖော်ဆောင်ရေးကဏ္ဍတွင် တာဝန်ယူမှုကို အပြည့်အဝ ခံယူကြရမည်ဖြစ်ကြောင်းလည်း သတိပေးအပ်တယ်လို့ PPNMက ဖော်ပြပါတယ်။
ကနဦးအနေဖြင့် တော်လှန်ရေး အင်အားစုများ လုံခြုံရေးတာဝန်ယူထားသည့် လမ်းပိုင်းများတွင် စစ်ဆေးဖမ်းဆီးအပြစ်ပေးနိုင်ရန် အမည်၊ ရာထူးနှင့် မှတ်ပုံတင်နံပါတ်များကို ပေးပို့ မျှဝေအပ်တယ်လို့ ဆိုပါတယ်။
========================
📌📌 ၄။ ကရင်နီဒေသ စစ်ဘေးရှောင် အိမ်ထောင်စုများအတွက် အစားအသောက်နှင့် နေရာထိုင်ခင်း အရေးပေါ် လိုအပ်နေ
ဇူလိုင်လ ၂၅ရက်
Radio NUG
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကရင်နီဒေသတွင် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူများသည် ဘေးလုံခြုံရာသို့ ဆက်လက်ထွက်ပြေးနေရပြီး အစားအသောက်နှင့် နေရာထိုင်ခင်း အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း CTER-Karenni အဖွဲ့မှ ထုတ်ပြန်ထားပါတယ်။
လက်ရှိအချိန်တွင် အိမ်ထောင်စု ၁၀၀ ကျော်သည် ရောက်ရှိလာခဲ့ပြီး၊ နောက်ထပ်များစွာလည်း ရောက်ရှိလာဖွယ်ရှိတယ်လို့ သိရပါတယ်။
စစ်ကောင်စီ၏ ဆက်လက်ထိုးစစ်ဆင်မှုများနှင့် မကြာခဏ နေရပ်စွန့်ခွာရမှုများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူများသည် ယခင်ကကဲ့သို့ တစ်နေရာတည်းတွင် ကြာရှည်နေထိုင်နိုင်ခြင်း မရှိတော့ဘဲ တောအုပ်ထဲရှိ ယာယီတဲများတွင် နေထိုင်နေရတယ်လို့ ဖော်ပြထားပါတယ်။
ဖယ်ခုံမြို့နယ်အရှေ့ပိုင်းရှိ ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများသည် စစ်ကောင်စီ၏ ထိုးစစ်ကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရပြီး၊ ထောင်နှင့်ချီသော အရပ်သားများမှာလည်း ကျေးရွာများအတွင်း ပိတ်မိနေရဆဲဖြစ်တယ်လို့ သိရပါတယ်။
========================
📌📌 ၅။ ကျောင်းသား ၃၀၀ ကို ပညာသင်ကြားနိုင်ဖို့မျိုးဆက်သစ် ကမ်ပိန်းတွင်ပါဝင်ကြရန် နှိုးဆော်
ဇူလိုင်လ ၂၅ရက်
Radio NUG
စစ်ဘေးရှောင် မူလတန်းနဲ့ အလယ်တန်း ကျောင်းသားများ ပညာသင်ကြားနိုင်ရေးအတွက် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ကမ်ပိန်းတရပ် ပြုလုပ်နေတယ်လို့ သိရပါတယ်။
အာရက္ခပြည်၏ ဝေးလံခေါင်ဖျားသော တစ်နေရာမှာ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ၏ ကျောင်းသားရေးရာကော်မတီမှ ကြီးမှူးပြီး စစ်ဘေးရှောင် မူလတန်းနှင့် အလယ်တန်းကျောင်းသား ၃၀၀ခန့်ကို စာသင်နိုင်ရေး "မျိုးဆက်သစ်" ကမ်ပိန်းကို ပြုလုပ်ရခြင်းဖြစ်ကာ ကျောင်းသုံးပစ္စည်းတွေ၊ ကျောင်းတွင်းအဆောက်အအုံတွေ၊ ဆရာ/ဆရာမထောက်ပံ့ကြေးတွေနဲ့ စားရေရိက္ခာတွေ ထောက်ပံ့ဖြည့်တင်းနိုင်ဖို့ရည်ရွယ်တယ်လို့ သိရပါတယ်။
ဒီကမ်ပိန်းမှာ ပါဝင်လှူဒါန်းလိုတဲ့ အလှူရှင်များအနေနဲ့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂရဲ့ fundraising page ဖြစ်တဲ့ Arakha Student's Voice Facebook စာမျက်နှာသို့ တိုက်ရိုက်ဆက်သွယ် လှူဒါန်းကြဖို့ မေတ္တာရပ်ခံထားပါတယ်။
========================
📌📌 ၆။ ဒါရိုက်တာကိုပေါက် ရိုက်ကူးပြီး အကယ်ဒမီ မင်းမော်ကွန်း သရုပ်ဆောင်ထားသော တော်လှန်ရေးရုပ်ရှင်ဇာတ်ကားကို အမေရိကန်၊ ဂျပန်၊ သြစတြေးလျတို့မှာ ပြသမည်
ဇူလိုင်လ ၂၅ရက်
Radio NUG
ဒါရိုက်တာကိုပေါက် ရိုက်ကူးပြီး အကယ်ဒမီ မင်းမော်ကွန်း သရုပ်ဆောင်ထားသော အချစ် အလွမ်း ဟာသ အက်ရှင် တော်လှန်ရေး ရုပ်ရှင်ဇာတ်ကားကြီးကို Australia / Sydney တွင် သြဂုတ်လ ၁၀ရက်နေ့၊ အမေရိကန် နယူးယောက်မြို့တွင် သြဂုတ်လ ၁၁ရက်နေ့နှင့် ဂျပန်နိုင်ငံ တိုကျိုမြို့တွင် သြဂုတ်လ ၂၄ရက်နေ့တို့တွင် ပြသသွားမယ်လို့ သိရပါတယ်။
လက်မှတ်ရောင်းရငွေထဲမှ ၂၀%ကို ရုပ်ရှင်ရိုက်ကူးရာတွင်ပါဝင်ခဲ့ကြသည့် မြေပြင်တွင် တာဝန်ထမ်းဆောင်လျက်ရှိကြသော ဆရာဝန်များ၊ ဆေးတပ်ဖွဲ့ဝင်များ၊ စစ်ရှောင်ကူညီကြသူများ၊ ရဲဘော်များနှင့်နယ်စပ်ဒေသတွင် ခက်ခဲစွာရုန်းကန်ရင်း တော်လှန်ရေးအတွက် ပါဝင်ကူညီလျက်ရှိသော အနုပညာရှင်များကို စားဝတ်နေရေးနှင့် မိမိထောက်ပံ့လိုသော အဖွဲ့အစည်းများကို ပြန်လည်ထောက်ပံ့နိုင်ရန် ပေးအပ်မည်ဖြစ်ပြီး ကျန်သော လက်မှတ်ရောင်းရငွေ ၈၀%အပါအဝင် လေလံသီးသန့်အလှူငွေ Merchandise ရောင်းရငွေ အားလုံးအားလုံး၏ ၅၀%ကို မြေပြင်ရှိ ပြည်သူနှင့် တပ်ရင်းတပ်ဖွဲ့များ၏ စစ်ဘေးရှောင်/ ရိက္ခာ/ ဆေးဝါးများအတွက် အသုံးပြုရန်၊ ၅၀%ကို လွတ်မြောက်နယ်မြေရှိ (အညာတခွင်၊ နယ်စပ်တလျှောက်၊ ဒုတိယနိုင်ငံ အစရှိသော နေရာများရှိ CDMမိသားစုများ၏ သား/သမီးပညာရေးကျောင်းစရိတ် ထောက်ပံ့ကူညီငွေအဖြစ် ခွဲဝေစီးဆင်းမယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ရေတာရှည် မြို့မရဲစခန်းကို ရှော့တိုက် ၁၄လုံးနှင့် ပစ်ခတ်မှုအတွင်း ၃၀ခန့် သေဆုံး
ဇူလိုင်လ ၂၅ရက်
Radio NUG
Black leopard UG အဖွဲ့မှ ဇူလိုင်လ ၂၁ရက် မနက် ၄:၂၀ တွင် ရေတာရှည် မြို့မရဲစခန်းကို 79 ထောက်ပြောင်း 40mm (14)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အသေအပျောက် 30 ဦးထက်မနည်း ရှိနိုင်ကြောင်း နောက်ဆက်တွဲ သတင်းထုတ်ပြန်ထားပါတယ်။
79 ထောက်ပြောင်း ရှော့တိုက် 14လုံးဖြင့် ရေတာရှည် ရဲစခန်းအား ပစ်ခတ်တိုက်ခိုက်ရာတွင် ဗုံးသီး 14 လုံးစလုံး ပစ်မှတ်အတွင်း ဝင်ရောက်ခဲ့ပြီး ပစ်ခတ်မူ ပြုလုပ်နေစဉ် အကြမ်းဖက်စစ်သားနှင့် ရဲများမှ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ထို့နောက် မီးအမှောင်ချကာ နာရေးကား ၃စီး အရှေ့ပေါက်မှ ဝင်ပီး နောက်ပေါက်မှ ထွက်ကာ အဝင်အထွက် အကြိမ်ကြိမ်ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အာဏာရှင်၏ အရေးကြီးသော ထောက်တိုင်ပစ်မှတ်များကို မစ်ရှင် ဖော်ဆောင်သည့်အခါ ပြည်သူများ ထိခိုက်မှုမရှိအောင် အထူးရှောင်ရှားကြပါဟု မေတ္တာရပ်ခံထားပါတယ်။
========================
🚩🚩 ၂။ ကော့ကရိတ်-ကျုံဒိုးလမ်းပိုင်းတွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီက ပြည်သူ ၂ ဦးကို ဖမ်းဆီး သတ်ဖြတ်
ဇူလိုင်လ ၂၅ရက်
Radio NUG
ကရင်ပြည်နယ်၊ ကော့ကရိတ်-ကျုံဒိုးလမ်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး၊ စစ်ကောင်စီက ဒေသခံပြည်သူ ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်များမှ သိရပါတယ်။
ဇူလိုင် ၂၅ ရက် နံနက် ၉ နာရီခန့်တွင် ကျုံဒိုးမြို့နယ်၊ ဂျိုင်းတံတားအနီးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များက မိဂလုံ၊ တောင်ကမ္ပလိုက်နှင့် မလာကုန်းဘက်သို့ မစ်ဇိုင်းဒုံး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နံနက် ၁၀ နာရီခန့်တွင် မစ်ဇိုင်းဒုံးများ ထပ်မံပစ်ခတ်ခဲ့ရာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကလည်း မစ်ဇိုင်းဒုံး၊ ရှော့တိုက်ဒုံးနှင့် လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် ဇူလိုင် ၂၄ ရက်တွင် ကျုံဒိုးမြို့၌ တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များနှင့် ဒီကေဘီအေ (DKBA) စစ်ကြောင်းတို့ ပူးပေါင်းကာ ၅ တိုင်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးခဲ့ပြီး၊ နေအိမ်သို့ ပြန်လာသည့် အသက် ၄၅ နှစ်အရွယ် မန်းကျော်ရှားလာနှင့် အသက် ၄၄ နှစ်အရွယ် မန်းအကလိုက်တို့ကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။
ထို့အတူ စစ်ကောင်စီနှင့် DKBA ဗိုလ်ဘိအဖွဲ့မှ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက် ၆၃ နှစ်အရွယ် ဦးတင်တင်လည်း ခြေထောက်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး၊ ဘားအံမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရတယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ ပုသိမ်ကြီးနှင့် မတ္တရာမြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများစွာ ပြုလုပ်
ဇူလိုင်လ ၂၅ရက်
RadioNUG
ဇူလိုင်လ ၂၅ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်နှင့် မတ္တရာမြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများစွာ ပြုလုပ်ခဲ့ကြောင်း Voice of Mandalay မှ ထုတ်ပြန်ထားပါတယ်။
ပုသိမ်ကြီးမြို့နယ်၊ မြကန်သာကျေးရွာသို့ စစ်ကောင်စီတံတားဦးလေတပ်စခန်းမှ ထွက်လာသော ဂျက်ဖိုက်တာ (Jet Fighter) တစ်စီးဖြင့် နံနက် ၁:၁၅၊ ၁:၃၀ နှင့် ညနေ ၄:၀၈၊ ၄:၁၂၊ ၅:၄၃ နာရီတို့တွင် လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ် ပြုလုပ်ခဲ့သည့်အပြင် Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ် တစ်စီးဖြင့် ညနေ ၄:၁၈၊ ၄:၁၉၊ ၄:၂၂၊ ၄:၂၅ နှင့် ၄:၂၇ နာရီတို့တွင် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
ထို့အပြင် မတ္တရာမြို့နယ်ရှိ Alpha ဘိလပ်မြေစက်ရုံအနီး ကားကြီးကွင်းသို့လည်း တံတားဦးလေတပ်မှ ထွက်လာသော ဂျက်ဖိုက်တာတစ်စီးဖြင့် နေ့လယ် ၁၂:၁၉ နာရီတွင် လေကြောင်းတိုက်ခိုက်မှု ၁ ကြိမ်နှင့် Mi-35 ရဟတ်ယာဉ် တစ်စီးဖြင့် နေ့လယ် ၁၂:၂၁၊ ၁၂:၂၄၊ ၁၂:၂၆၊ ၁၂:၂၇ နှင့် ၁၂:၂၈ နာရီတို့တွင် တိုက်ခိုက်မှု ၅ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၄။ ပြည်တော်ဝင်ခရီးအတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးက တပ်သားသစ်များဖိတ်ခေါ်
ဇူလိုင်လ ၂၅ရက်
Radio NUG
ပြည်တော်ဝင်ခရီးအတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးက တပ်သားသစ်များ ဖိတ်ခေါ်လျက်ရှိပါတယ်။
ဇူလိုင်၂၅ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးကအသိပေးကြေညာထားပါတယ်။
"ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးဟာ အခုဆို တော်လှန်ရေးသက်တမ်း(၄)နှစ်ကျော်ကာလကို ရောက်ခဲ့ပါပြီ။အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ပွဲဝင်ရတာ ကျနော်တို့မျိုးဆက်က နောက်ဆုံးမျိုးဆက် ဖြစ်ကို ဖြစ်ရမယ်ဆိုတဲ့ ယုံကြည်ချက် သန္နိဋ္ဌာန်ချထားကြပါတယ်။ မပြီးဆုံးသေးတဲ့ ပြည်သူ့တော်လှန်ရေးခရီးကြမ်းကြီးကို အဆုံးထိတိုင် အတူ ဆက်လက်ဖြတ်သန်းကြမှာဖြစ်ပါတယ်။ လက်ရှိတော်လှန်ရေးကာလမှာ စစ်အနိုင်တိုက်ရေးဟာအဓိကပါပဲ။ ရန်သူကတော့ သူ့အလုပ်သူလုပ်နေပါတယ်။ ခုချိန်ထိလည်း စစ်မှုထမ်းဥပဒေကို အသက်သွင်းတာနဲ့ ပေါ်တာဆွဲပြီး လိုအပ်တဲ့ စစ်သားအရေအတွက်ကို ဖြည့်နေတယ်ဆိုတာ အားလုံးအသိပါပဲ။ စစ်ကောင်စီပြုတ်မကျသရွေ့၊ အာဏာရှင်စနစ်ဆိုးရှိနေသရွေ့ ပြည်သူလူထုလည်း အေးချမ်းစွာနေရမှာမဟုတ်ပါဘူး။ မန္တလေးပြည်တော်ဝင်ဖို့ဟာလည်း ကျွန်တော်တို့အတူတူကြိုးစားကြမယ်ဆိုရင် အလှမ်းမဝေးတော့တဲ့ခရီးတစ်ခုပါပဲ။ ရှေ့ဆက်ရမယ့် တော်လှန်ရေးခရီးမှာ ကျွန်တော်တို့နဲ့အတူ ရင်ချင်းထပ် ပုခုံးချင်းအပ်ပြီး အတူလျှောက်ဖို့အတွက် မိတ်ဆွေတို့ကို ဖိတ်ခေါ်ပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင်ကြောက်ခေတ်ကို ယနေ့ခေတ်မှာပဲ အမြစ်ဖြတ်လိုက်ကြဖို့ကိုလည်း မန္တလေးPDFကနှိုးဆော်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် သာကီနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment