၂၀၂၅ ဇူလိုင်လ ၂၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ နွေဦးတော်လှန်ရေးခရီးကြမ်းတစ်လျှောက်မှာ အသက်ပေးဆပ်ခဲ့ကြရတဲ့ မျိုးဆက်သစ်သူရဲကောင်းများကို CRPHကိုယ်စား ဦးညွှတ်အလေးပြုတယ်လို့ CRPH ဥက္ကဋ္ဌ ပြောကြား
📌 ၂။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မျှော်လင့်ချက် အိပ်မက်ဖြစ်တဲ့ လူမျိုး၊ ကိုးကွယ်သက်ဝင်မှု၊ လူမှုအတန်းအစားမရွေး လူတိုင်းသာတူညီမျှ ရှိရမယ်ဆိုတဲ့ နိုင်ငံရေးယုံကြည်ချက်က အခုထိ ရှင်သန်နေဆဲလို့ ကိုထိန်လင်းပြောကြား
📌 ၃။ သထုံထောင်တွင် နိုင်ငံရေးအကျဉ်းသား ဦးပြည့်စုံအောင် ကျဆုံး၊ အလောင်းအား ထောင်အာဏာပိုင်များက နေ့ချင်း မီးသဂြိုလ်
📌 ၄။ ရေးခရိုင်အတွင်း စစ်ကောင်စီ၏ ရွေးကောက်ပွဲဆိုင်ရာ အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်မှု မပြုလုပ်ရန် သတိပေး
========================
၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ဂေါဝန်ဆိပ်ကမ်းက ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘော ၁၄စီးကို တိုက်ခိုက်ရာ ၁စီး နစ်မြှုပ်၊ ၃စီး မီးလောင်ပျက်စီး
🚩 ၂။ ပခုက္ကူ အရှေ့ဘုန်းကံရွာ၌ အထိုင်ချတပ်စွဲထားသော စစ်ကောင်စီစခန်းကို 60mm၊ 40mm တို့ဖြင့် ပစ်ခတ်၊ ၁ဦး သေဆုံး
🚩 ၃။ ငါန်းဇွန်မြို့နယ်တွင် တိုက်ပွဲ ၁၀ ရက်ကျော်ဆက်လက်ဖြစ်ပွား
🚩 ၄။ ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီမှ လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် (၁၈) နှစ်အောက်ကလေးငယ် (၂) ဦးနှင့် ပြည်သူ (၂) ဦး ထိခိုက်ဒဏ်ရာရ
🚩 ၅။ စစ်ကောင်စီ၏ အဓမ္မစစ်သားစုဆောင်းမှုမှ ထွက်ပြေးရန် KNU ထံ အလင်းဝင်သူများ တိုက်တွန်း
🚩 ၆။ စစ်ကောင်စီ၏ အမိန့်ဖြင့် ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်များ ဖျက်ဆီးခဲ့ရကြောင်း AA ထံ အလင်းဝင် စစ်မှုထမ်းတပ်သားသစ် ပြော
🚩 ၇။ ကျိုက်ထို၊ အမှတ် ၆၀၂ ဒုံးတပ်ရင်းနှင့် ရန်ကုန် မှော်ဘီ ရဲတပ်ရင်း(၅)မှ စစ်မှုထမ်း တပ်သားသစ် ၂ ဦး သေနတ် ၃ လက်၊ ခဲယမ်းများနှင့် အလင်းဝင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ နွေဦးတော်လှန်ရေးခရီးကြမ်းတစ်လျှောက်မှာ အသက်ပေးဆပ်ခဲ့ကြရတဲ့ မျိုးဆက်သစ်သူရဲကောင်းများကို CRPHကိုယ်စား ဦးညွှတ်အလေးပြုတယ်လို့ CRPH ဥက္ကဋ္ဌ ပြောကြား
ဇူလိုင်လ ၂၀ရက်
Radio NUG
နွေဦးတော်လှန်ရေးခရီးကြမ်းတစ်လျှောက်မှာ အသက်ပေးဆပ်ခဲ့ကြရတဲ့ မျိုးဆက်သစ်သူရဲကောင်းများကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီကိုယ်စား ဦးညွှတ်အလေးပြုတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနား မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပါတယ်။
"အာဇာနည်ခေါင်းဆောင်ကြီးများနည်းတူ ဒီကနေ့ရဲ့ မျိုးဆက်သစ်လူငယ်သူရဲကောင်းများဟာ အသက်၊ ခန္ဓာ၊ သွေးချွေး အများကြီး အဆုံးရှုံးခံပြီး ဒီကနေ့အထိ မယိုင်မလဲ ကြိုးပမ်းနေကြပါတယ်။ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ဇာတိစွဲမရှိ၊ လူမျိုးစွဲမထား၊ ပြည်နယ်/ပြည်မ မခွဲခြားဘဲ တစ်ပြည်လုံးလွတ်မြောက်ရေး ဦးတည်ချက်နဲ့ နိုင်ငံတစ်ဝှမ်းမှာ အာဏာရှင်တွေကို အမြစ်ဖြတ်နိုင်ဖို့ စွန့်လွှတ်ကြိုးပမ်းနေကြဆဲဖြစ်ပါတယ်။" လို့ ပြောကြားခဲ့ပါတယ်။
========================
📌📌 ၂။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မျှော်လင့်ချက် အိပ်မက်ဖြစ်တဲ့ လူမျိုး၊ ကိုးကွယ်သက်ဝင်မှု၊ လူမှုအတန်းအစားမရွေး လူတိုင်းသာတူညီမျှ ရှိရမယ်ဆိုတဲ့ နိုင်ငံရေးယုံကြည်ချက်က အခုထိ ရှင်သန်နေဆဲလို့ ကိုထိန်လင်းပြောကြား
ဇူလိုင်လ ၂၀ရက်
Radio NUG
ဗိုလ်ချုပ်အောင်ဆန်းဟာ ၁၉၄၇ ခုနှစ် လွတ်လပ်ရေးမရခင် လ အနည်းငယ်အလိုမှာ လုပ်ကြံခံခဲ့ရပေမယ့် သူ့ရဲ့မျှော်လင့်ချက် အိပ်မက်ဖြစ်တဲ့ လူမျိုး၊ ကိုးကွယ်သက်ဝင်မှု၊ လူမှုအတန်းအစားမရွေး လူတိုင်း သာတူညီမျှ ရှိရမယ်ဆိုတဲ့ နိုင်ငံရေးယုံကြည်ချက်က ကူးစက်ရှင်သန်နေဆဲဖြစ်တယ်လို့ Kim Aris (ခ) ကိုထိန်လင်းက (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့ခဲ့သည့် အောက်မေ့ဖွယ် အမှတ်တရစကား ရုပ်သံဖိုင်တွင် ပြောကြားခဲ့ပါတယ်။
" ဒီနေ့ဟာ အတိတ်က ကျွန်တော့်ဖိုးဖိုး ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားပေါင်းစုံ အပါအဝင် မြန်မာနိုင်ငံလွတ်မြောက်ရေးအတွက် ညီညီညွတ်ညွတ် ရဲဝံ့ခဲ့သူ အာဇာနည်အပေါင်းတို့ကို အထူးအမှတ်ရ ဦးညွှတ်ဂုဏ်ပြုရတဲ့နေ့ဖြစ်ပါတယ်။ သူတို့အသက် ဘဝတွေကို ပေးဆပ်ခြင်းဟာ လွတ်လပ် ငြိမ်းချမ်းတဲ့ မြန်မာနိုင်ငံဖြစ်လာဖို့အတွက် အခြေခံအုတ်မြစ်တည်ဆောက်ပေးခြင်းပဲ ဖြစ်ပါတယ်။" လို့ ဆိုထားပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းကို ကိုယ်တိုင် မသိမီလိုက်ပေမယ့် အဖိုးဖြစ်သူ အကြောင်းကို မိခင်နဲ့ မိသားစုဝင်တွေဆီကနေ တဆင့်ကြားသိ အကျွမ်းဝင်ပြီး ကြီးပြင်းခဲ့ရတယ်လို့ ပြောပြထားပါတယ်။
" သူတို့အတွက် ဖိုးဖိုးဟာ နိုင်ငံ့သူရဲကောင်းတင်မဟုတ် သတ္တိရှိတဲ့ စိတ်ဓာတ်တည်ကြည် ခိုင်မာတဲ့ လူတစ်ယောက်လည်း ဖြစ်ပါတယ်။ မေမေဒေါ်အောင်ဆန်းစုကြည်ကလည်း သူ့ဖခင်ရဲ့ ယုံကြည်ချက် တာဝန်ကို လက်လွှဲယူပြီး တရားမျှတမှု၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအတွက် သူ့ဘဝတစ်လျှောက်လုံး လုပ်ဆောင်ခဲ့ပါတယ်။ သူမကြာမကြာ သတိပေးတတ်တာက "မှန်တာကို လုပ်ဖို့အတွက်မှာ ကြောက်စိတ်က အဟန့်အတားမဖြစ်စေနဲ့"တဲ့။" လို့ ရုပ်သံမှာ ပြောကြားထားပါတယ်။
အဆိုပါရုပ်သံတွင် ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ မြန်မာနိုင်ငံ လွတ်မြောက်ဖို့အတွက် အများကြီးပေးဆပ်ပြီး တိုက်ပွဲဝင်နေကြသူ အားလုံးကို အထူးလေးစား ဂုဏ်ပြုဦးညွှတ်ကြောင်း၊ သူတို့ရဲ့ ခံယူချက်၊ တန်ဖိုးတွေအတိုင်း ရှင်သန်ကြပြီး မြန်မာနိုင်ငံကြီး လွတ်လပ်ငြိမ်းချမ်းတဲ့နေ့အတွက်ကို အမြန်ရောက်ဖို့ ဆုတောင်းပေးကြောင်း ပါရှိပါတယ်။
========================
📌📌 ၃။ သထုံထောင်တွင် နိုင်ငံရေးအကျဉ်းသား ဦးပြည့်စုံအောင် ကျဆုံး၊ အလောင်းအား ထောင်အာဏာပိုင်များက နေ့ချင်း မီးသဂြိုလ်
ဇူလိုင်လ ၂၀ရက်
Radio NUG
မွန်ပြည်နယ်၊ သထုံအကျဉ်းထောင်တွင် အကျဉ်းကျခံနေရသည့် ဘီးလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အလုပ်အမှုဆောင် ဦးပြည့်စုံအောင်သည် ဇူလိုင်လ ၁၉ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ရုတ်တရက်ကွယ်လွန်ခဲ့ပြီး ထိုနေ့ ညနေ ၄ နာရီ ၅၂ မိနစ်တွင် ထောင်အာဏာပိုင်များက ၎င်း၏အလောင်းကို မီးသဂြိုလ်လိုက်တယ်လို့ သတင်းရရှိပါတယ်။
မနက် ၁၁ နာရီလောက်မှာ ဦးပြည့်စုံအောင်က အသက်ရှုကြပ်ဝေဒနာခံစားခဲ့ရပြီး ထောင်တာဝန်ရှိသူများထံ ဆေးဝါးတောင်းခံခဲ့သော်လည်း လုံလောက်စွာ မရှိတာကြောင့် ၂နာရီအကြာမှာ ကွယ်လွန်သွားကာ သေဆုံးရတဲ့ အကြောင်းအမှန်ကို ရင်ခွဲစစ်ဆေးတာမျိုး မလုပ်ခဲ့ဘဲ ညနေပိုင်းမှာ ထောင်ဘက်က ချက်ချင်းမီးသဂြိုလ်လိုက်တယ်လို့ သိရပါတယ်။
ဇူလိုင်လ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် သထုံအကျဉ်းထောင်အတွင်း ဦးပြည့်စုံအောင်နှင့် အခြားနိုင်ငံရေးအကျဉ်းသားအချို့အား ထောင်အာဏာပိုင်များက ခေါ်ယူရိုက်နှက်နှိပ်စက်မှုကြောင့် နိုင်ငံရေးအကျဉ်းသားတစ်ဦး အရေးပေါ်ဆေးရုံသို့ ပို့ဆောင်ခံခဲ့ရတယ်လို့ သိရပါတယ်။
ဦးပြည့်စုံအောင်သည် ဘီးလင်းမြို့နယ် NLD ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံတစ်ဦးဖြစ်ပြီး ပုဒ်မ ၅၀၅(က) အပါအဝင် နိုင်ငံရေးဆိုင်ရာ ပုဒ်မများစွာဖြင့် စစ်တပ်က ထောင်ဒဏ် ၆ နှစ် ချမှတ်ခံထားရသူဖြစ်ပါတယ်။
========================
📌📌 ၄။ ရေးခရိုင်အတွင်း စစ်ကောင်စီ၏ ရွေးကောက်ပွဲဆိုင်ရာ အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်မှု မပြုလုပ်ရန် သတိပေး
ဇူလိုင်လ ၂ဝရက်
Radio NUG
စစ်ကောင်စီ၏ ရွေးကောက်ပွဲဆိုင်ရာ အာဏာပိုင်များနှင့် သွားလာလှုပ်ရှားမှုများကို တော်လှန်ရေးအဖွဲ့ အစည်းများမှ သတင်းအချက်အလက်များ ရရှိနေကာ ရွေးကောက်ပွဲ မလုပ်နိုင်စေရေးအတွက် တားဆီးသွားမယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF)နှင့် ဒေါနတပ်ရင်း ၂ (Dawna Column)မှ အသိပေးချက်ထုတ်ပြန်ပါတယ်။
စစ်ကောင်စီသည် ၄င်းတို့ အာဏာကို ဆက်လက်ထိန်းသိမ်းရေးအတွက် ရွေးကောက်ပွဲပြင်ဆင်ရာတွင် အီလက်ထရောနစ် မဲပေးစက်ကိုင်သင်တန်းကို ရေးခရိုင်တွင် ပေးမှာကို သိရှိထားပြီးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ထို့ကြောင့် အုပ်ချုပ်ရေးမှူးများ၊ Non-CDM ဝန်ထမ်းများအနေဖြင့် စစ်ကောင်စီ ရွေးကောက်ပွဲဆိုင်ရာ အာဏာပိုင်များနှင့် အတူတကွ သွားလာခြင်း၊ သင်တန်းတက်ခြင်း၊ လုပ်ငန်းအကောင်အထည်ဖော်ခြင်းများ မပြုလုပ်ရန် သတိပေးထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ဂေါဝန်ဆိပ်ကမ်းက ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘော ၁၄စီးကို တိုက်ခိုက်ရာ ၁စီး နစ်မြှုပ်၊ ၃စီး မီးလောင်ပျက်စီး
ဇူလိုင်လ ၂၀ရက်
Radio NUG
ဇူလိုင်လ (၁၇)ရက်နေ့တွင် မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းမှစတင်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသော စစ်ကောင်စီ၏ စစ်သင်္ဘော (၅)စီးပါ စုစုပေါင်း သင်္ဘော (၁၄)စီးအုပ်အား ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ မတ္တရာမြို့နယ် ၊ စဉ့်ကူးမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်များတလျှောက် ဖြတ်တောက်ပိတ်ဆို့တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါ မြစ်ကြောင်းတလျှောက် တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ၏ လက်နက်ခဲယမ်းနှင့် ရိက္ခာများတင်ဆောင်ထားသော တွဲတွန်းသင်္ဘော (၁)စီး နစ်မြှုပ်သွားခဲ့ပြီး စစ်သင်္ဘော (၁)စီးနှင့် အခြား တွန်းသင်္ဘော (၂)စီးသည် မီးလောင်ပျက်စီးမှုများပြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထို့အပြင် အကြမ်းဖက်စစ်ကောင်စီသည် စစ်သင်္ဘောအုပ် အထက်သို့ ဆန်တက်ရာ၌ မြစ်ကြောင်းတလျှောက်တွင် Y-12 လေယာဉ်များဖြင့် ထပ်ကြပ်မကွာ ဗုံးကြဲစောင့်ရှောက်ပေးခဲ့ပြီး ဂျက်ဖိုက်တာ ၊ Mi-35 များဖြင့် အကြိမ်ကြိမ်ဗုံးကြဲနေသည့်ကြားမှ ၄င်းတို့ အထိနာစေရန် တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၂။ ပခုက္ကူ အရှေ့ဘုန်းကံရွာ၌ အထိုင်ချတပ်စွဲထားသော စစ်ကောင်စီစခန်းကို 60mm၊ 40mm တို့ဖြင့် ပစ်ခတ်၊ ၁ဦး သေဆုံး
ဇူလိုင်လ ၂၀ရက်
Radio NUG
ဇူလိုင်လ ၁၉ရက်နေ့ မနက်ခင်း ၁၀ နာရီအချိန်တွင် ပခုက္ကူမြို့နယ် အရှေ့ဘုန်းကံရွာ၌ အထိုင်ချတပ်စွဲထားသော စစ်ကောင်စီစခန်းကို အဝေးပစ် 60mmနှင့် အနီးကပ် 40mm တို့ဖြင့် ပစ်ခတ်ခဲ့ကြောင်း Southern YSO PDFမှ သတင်းထုတ်ပြန်ပါတယ်။
အဆိုပါပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်မှ ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရာရရှိကာ သေဆုံး၊ ဒဏ်ရာရသူများကို ပခုက္ကူမြို့ သီတာလမ်းဂိတ်၊ ရေဘေး၊ ဘုန်းကံရွာထိ ကင်းများ အထပ်ထပ်ချပြီး ပခုက္ကူမြို့သို့ လာရောက် သယ်ဆောင်သွားပြီး ဘုန်းကံ ဂိတ်ကိုလည်း အင်အား ၇၀နီးပါး ဖြည့်တင်းထားတယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ ငါန်းဇွန်မြို့နယ်တွင် တိုက်ပွဲ ၁၀ ရက်ကျော်ဆက်လက်ဖြစ်ပွား
ဇူလိုင်လ ၂၀ရက်
Radio NUG
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF) နှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား တိုက်ပွဲများ ဇူလိုင်လ ၉ ရက်မှ စတင်ဖြစ်ပွားခဲ့ပြီး ၁၀ ရက်ကျော်ရှိလာပြီဖြစ်သည်ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) က သတင်းထုတ်ပြန်ထားပါတယ်
တိုက်ပွဲများမှာ PDF တပ်ဖွဲ့ဝင်များက မဲလက်မှတ်ရောင်းချရန် ကျေးရွာများသို့ သွားရောက်စဉ် စစ်ကောင်စီတပ်၏ အင်အား ၃၀၀ ကျော်ပါ စစ်ကြောင်းနှင့် ထိပ်တိုက်တွေ့ဆုံမှုကြောင့် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီတပ်ဖွဲ့များသည် နေ့စဉ်လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည့်အတွက် ထောင်နှင့်ချီသော ဒေသခံပြည်သူများ အနီးဝန်းကျင်ဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဖော်ပြထားပါတယ်။
"စစ်ကောင်စီဘက်က အင်အားများလွန်းပြီး ရဲဘော်တွေက နယ်ခံတွေမဟုတ်ကြတာရယ် တိုက်ပွဲဝင်ဖို့သွားကြတာ မဟုတ်တာရယ်ကြောင့် ရက်ရှည်လာရင် ကြုံလာရမယ့်အခက်အခဲတွေကို တွေးပီး ပြန်လာဖို့လှမ်းခေါ်ပေမယ့် ပြည်သူတွေက မပြန်ပါနဲ့ဦး တားနေလို့ သူတို့ရှိနေသေးရင် ကျနော်တို့လည်း ပြည်သူတွေကို ဆက်ကာပေးထားဖို့ ပြန်မလာသေးဘူး ဆရာဆိုတော့ လေးစားပါတယ် ပြည်သူ့ရဲဘော်တို့။" လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၄။ ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီမှ လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် (၁၈) နှစ်အောက်ကလေးငယ် (၂) ဦးနှင့် ပြည်သူ (၂) ဦး ထိခိုက်ဒဏ်ရာရ
ဇူလိုင်လ ၂၀ရက်
Radio NUG
ကေအဲန်ယူ-၊ ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊မူးမြို့နယ်တွင် ဇူလိုင်လ(၁၄)ရက်နေ့၌ နတ်သံကွင်းမှ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များသည် လက်နက်ကြီး ၁၂၀မမဖြင့် ရေလဲအနောက်ဘက်ကမ်း ကျေးရွာတွင် (၂)လုံး၊ ရေလဲကျေးရွာနှင့် တောင်စုကျေးရွာကြားတွင် (၂)လုံး စုစုပေါင်း(၄)လုံး ပစ်ခတ်ခဲ့ကြောင်း ကေအဲန်ယူ-ခလယ်လွီထူခရိုင်မှ သတင်းထုတ်ပြန်ပါတယ်။
ယင်းပစ်ခတ်မှုကြောင့် ရေလဲအနောက်ဘက်ကမ်းကျေးရွာတွင် ဦးကြည်နိုင်(၄၀)နှစ်၊ မောင်ဟိန်းဇော်(၁၇)နှစ်နှင့် မနှင်းရတီမိုး(၄)နှစ် စသည်တို့ လက်နက်ကြီးစ ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် ဇူလိုင်လ (၁၈)ရက်နေ့တွင် နတ်သံကွင်းမှ စစ်ကောင်စီတပ်များသည် အညာစုကျေးရွာနှင့် ရေလဲကရင်ကျေးရွာကြားတွင် လက်နက်ကြီး (၂)လုံး၊ ရေလဲကရင်ကျေးရွာအရှေ့ဘက်တွင် (၂)လုံး၊ ရေလဲကရင်ကျေးရွာ အနောက်ဘက်တွင် (၂)လုံး စုစုပေါင်း(၆)လုံး ပစ်ခတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထိုနေ့တစ်ရက်တည်းမှာပင် ခမရ-၃၀၇မှ သင်္ကန်းကုန်းကျေးရွာသို့ လက်နက်ကြီး (၁)လုံး ပစ်ခတ်ပစ်ခတ်မှုကြောင့် သင်္ကန်းကုန်းကျေးရွာမှ မဆောနန်းဝေ(၃၆)နှစ် လက်နက်ကြီးစ ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အလားတူ ဆောထိမြို့နယ်တွင်၊ ဇူလိုင်လ(၁၆)ရက်နေ့၌ ဇလုပ်ကြီးအခြေစိုက်စစ်ကောင်စီတပ် ခမရ-၅၉၈သည် ရည်ရွယ်ချက်ရှိရှိ ဝင်းကံကျေးရွာသို့ လက်နက်ကြီး (၈၁)မမ (၄)လုံး ပစ်ခတ်ခဲ့ပြီး ဇူလိုင်လ (၁၈)ရက်နေ့တွင် ခမရ-၂၀မှ ဂွေးကုန်းကျေးရွာသို့ လက်နက်ကြီး၁၂၀မမ (၅)လုံး ပစ်ခတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထို့အတူ လယ်ဒိုမြို့နယ်တွင် ဇူလိုင်လ(၁၆)ရက်နေ့၌ သစ်ဖရောင်းတန်းကျေးရွာမှ ဦးမျိုးမင်းသိန်း (၅၂)နှစ်သည် ညောင်လေးပင်မြို့သို့ ဈေးဝယ်သွားရင်း အပြန်တွင် စစ်ကောင်စီတပ်၏ ငှက်ပျောတောဂိတ်တွင် ဖမ်းဆီးခံရပြီး ဇူလိုင်လ (၁၈)ရက်နေ့တွင် ခမရ-၂၀မှ ရင်တွင်းကုန်းကျေးရွာလယ်ကွင်းပြင်တွင် လက်နက်ကြီး၁၂၀မမ(၂)လုံး၊ ကညင်ကျိုးကျေးရွာသို့ (၁)လုံး စုစုပေါင်း(၃)လုံး ပစ်ခတ်ခဲ့ကာ တစ်ဆက်တည်းမှာပင် ခလရ-၂၆၄မှ လေးအိမ်စုကျေးရွာသို့ လက်နက်ကြီး ၁၂၀မမ (၁)လုံး ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ စစ်ကောင်စီ၏ အဓမ္မစစ်သားစုဆောင်းမှုမှ ထွက်ပြေးရန် KNU ထံ အလင်းဝင်သူများ တိုက်တွန်း
ဇူလိုင်လ ၂၀ရက်
Radio NUG
မြန်မာနိုင်ငံတွင် စစ်ကောင်စီက ပြည်သူများအား အဓမ္မစစ်သားစုဆောင်းပြီး ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်နေသည့်အပေါ် KNU ညောင်လေးပင်ခရိုင်၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၃) ထံ အလင်းဝင်လာသည့် တပ်သားနှစ်ဦးဖြစ်တဲ့ ခမရ(၅၈၁) တပ်ရင်းမှ တပ်သား စိုးဌေးအောင်နှင့် ခမရ(၂၀) တပ်ရင်းမှ တပ်သား နှင်းမောင်တို့က ၎င်းတို့၏ တပ်တွင်းအတွေ့အကြုံများကို ဇူလိုင်လ ၂၀ ရက်တွင် KNLA ဌာနချုပ်မှ ထုတ်ပြန်ချက်အရ သိရပါတယ်။
တပ်သား စိုးဌေးအောင်က ၎င်းအား ညအချိန်တွင် ရပ်ကွက်အတွင်း လှည့်လည်နေစဉ် စစ်ကောင်စီတပ်ဖွဲ့က သေနတ်ထောက်ကာ ကားပေါ်တင်ခေါ်ဆောင်သွားခဲ့ပြီး စစ်သင်တန်းသို့ ပို့ဆောင်ခံခဲ့ရကာ သင်တန်းဆင်းပြီးနောက် နတ်သံကွင်းတွင် လမ်းကင်းထိုင်ရန် ညွှန်ကြားခံရပြီး ရှေ့တန်းသို့ ပို့ဆောင်ခံခဲ့ရတယ်လို့ ပြောကြားထားပါတယ်။
ပထမအကြိမ် ထွက်ပြေးရာတွင် ပြန်လည်ဖမ်းဆီးခံရပြီး အချုပ်ထောင်တွင် ထိန်းသိမ်းခံခဲ့ရသော်လည်း လူအင်အားလိုအပ်မှုကြောင့် အချုပ်မှထုတ်ယူကာ ရှေ့တန်းသို့ ထပ်မံပို့ဆောင်ခံခဲ့ရတယ်လို့ ထပ်လောင်းပြောကြားထားပါတယ်။
“စစ်ကောင်စီက ခေါ်ရင် လွတ်အောင်ပြေးပါ၊ ရှောင်နိုင်ရင် ရှောင်ပါ။ ကျွန်တော်တို့ ခံစားခဲ့ရတာကို ကျွန်တော်တို့ပဲ သိပါတယ်။ စစ်တပ်ထဲမှာ ကြောက်ရွံ့မှုတွေနဲ့ နေနေရတာကြောင့် လူတွေ မပြေးရဲကြတာပါ။ ရဲရဲဝံ့ဝံ့ ဆက်သွယ်ပြီး အလင်းဝင်လာခဲ့ပါ” ဟု စိုးဌေးအောင်က တိုက်တွန်းထားပါတယ်။
တပ်သား နှင်းမောင်ကလည်း ၎င်းအား အဓမ္မစစမ်းစုဆောင်းခံရပြီး နတ်မောက်အချုပ်မှ မကွေးစုဆောင်းရေးစခန်းသို့ ပို့ဆောင်ခံရကာ ထိုမှတဆင့် ရှမ်းပြည်နယ် ဟိုပုံးမြို့တွင် စစ်သင်တန်းတက်ရောက်ခဲ့ရသလို သင်တန်းပြီးဆုံးပြီးနောက် ထွက်ပြေးရန် ကြိုးစားခဲ့မှုကြောင့် ဖမ်းဆီးခံရပြီး အချုပ်ထောင်တွင် တစ်လကြာ ထိန်းသိမ်းခံခဲ့ရသော်လည်း လက်နက်ကြီးလုံခြုံရေးအတွက်ဟု ဆိုကာ ရှေ့တန်းသို့ ပြန်လည်ပို့ဆောင်ခံခဲ့ရတယ်လို့ ဆိုထားပါတယ်။
၎င်းက စစ်တပ်အတွင်းကျန်ရှိနေသည့် သူငယ်ချင်းများအား တော်လှန်ရေးတပ်ဖွဲ့များနှင့် ဆက်သွယ်ကာ အလင်းဝင်ရန် တိုက်တွန်းထားပါတယ်။
========================
🚩🚩 ၆။ စစ်ကောင်စီ၏ အမိန့်ဖြင့် ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်များ ဖျက်ဆီးခဲ့ရကြောင်း AA ထံ အလင်းဝင် စစ်မှုထမ်းတပ်သားသစ် ပြော
ဇူလိုင်လ ၂၀ရက်
Radio NUG
ရက္ခိုင်ပြည်နယ်အတွင်း ပြည်သူများ၏ နေအိမ်များနှင့် ဘုန်းကြီးကျောင်းများကို ဖျက်ဆီးရန် စစ်ကောင်စီက အမိန့်အာဏာဖြင့် ခိုင်းစေခဲ့သည်ဟု အာရက္ခတပ်တော် (AA) ထံ အလင်းဝင်လာသည့် စစ်မှုထမ်းတပ်သားသစ် တပ်သား နိုင်ဝင်းစိုးက ပြောကြားထားပါတယ်။
တပ်သား နိုင်ဝင်းစိုးသည် ကော့မှူးမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး ၂၀၂၅ ဇန်နဝါရီလတွင် စစ်ကောင်စီက ၎င်းအား အဓမ္မစစ်မှုထမ်းရန် စုဆောင်းခဲ့ကာ ရဲမွန်တပ်မြို့တွင် တစ်လခွဲကြာ စစ်သင်တန်းပေးပြီး ရက္ခိုင်ဒေသသို့ ပို့ဆောင်ခဲ့သည်ဟု ဆိုထားပါတယ်။
၎င်းသည် ငပလီတွင် တပ်ပျက်ပြီးနောက် စစ်တွေမြို့တွင် ပြန်လည်ဖွဲ့စည်းထားသည့် တပ်မ(၅၅) တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး အမြင့်ကျွန်းရှေ့တန်းကာကင်းတွင် ရောက်ရှိစဉ် ဒေသခံများနှင့် ချိတ်ဆက်ကာ AA ထံ အလင်းဝင်ခဲ့သည်ဟု ပြောကြားထားပါတယ်။
ရက္ခိုင်ဒေသသို့ ရောက်ရှိစဉ် ၎င်းအား ဘန်ကာဆောက်လုပ်ရန်၊ ဆက်သွယ်ရေးမြောင်းတူးရန်၊ ဗုံးခိုကျင်းတူးရန်အပြင် ရွာများသို့ ဝင်ရောက်ကာ နေအိမ်များနှင့် ဘုန်းကြီးကျောင်းများကို ဖျက်ဆီးရန် အမိန့်ပေးခံခဲ့ရသည်ဟု ပြောပြထားပါတယ်။
“သူတို့က ကျွန်တော်တို့ကို အမြင့်ကျွန်းရှေ့မှာ အာရက္ခတပ်တော်ရှိတယ်၊ အလင်းဝင်ရင်ဖြစ်ဖြစ်၊ အဖမ်းခံရရင်ဖြစ်ဖြစ်၊ ရောက်သွားရင် လက်ပြန်ကြိုးတုတ်ပြီး ရိုက်နှက်မယ်၊ လည်လှီးသတ်မယ်၊ အစာရေစာ အငတ်ခံထားမယ်ဆိုပြီး ခြိမ်းခြောက်ထားတယ်” ဟု ၎င်းက ပြောကြားထားပါတယ်။
ထို့ပြင် စစ်ကောင်စီက ၎င်းတို့၏ ဖုန်းများကို သိမ်းဆည်းထားပြီး မိသားစုများနှင့် အဆက်အသွယ်ဖြတ်ကာ ပြင်ပသတင်းများမှ လုံးဝပိတ်ပင်ထားသည်ဟု ၎င်းက ဆက်လက်ပြောကြားထားပါတယ်။
စစ်ကောင်စီသည် သင်တန်းကာလအတွင်း AA ၏ ရက်စက်မှုဆိုင်ရာ ရုပ်သံနှင့် ဓာတ်ပုံများကို ပြသခဲ့ပြီး အလင်းဝင်ရောက်မှုများကို ဟန့်တားရန်ကြိုးပမ်းခဲ့သည့်အပြင် စစ်ကောင်စီက ကရင်ဒေသသို့ ပို့ဆောင်မည့် တပ်သားများကို ကရင်အမျိုးသားအစည်းအရုံး (KNU) ထံ အလင်းဝင်ပါက ရက်စက်စွာ သတ်ဖြတ်မည်ဟု ဝါဒဖြန့်ချက်များ ပြုလုပ်ထားသလို ကချင်ဒေသသို့ ပို့ဆောင်မည့်သူများကိုလည်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထံ အလင်းဝင်ပါက ရက်စက်စွာ သတ်ဖြတ်မည်ဟု လိမ်ညာဝါဒဖြန့်ထားသည်ဟု ဆိုထားပါတယ်။
========================
🚩🚩 ၇။ ကျိုက်ထို၊ အမှတ် ၆၀၂ ဒုံးတပ်ရင်းနှင့် ရန်ကုန် မှော်ဘီ ရဲတပ်ရင်း(၅)မှ စစ်မှုထမ်း တပ်သားသစ် ၂ ဦး သေနတ် ၃ လက်၊ ခဲယမ်းများနှင့် အလင်းဝင်
ဇူလိုင်လ ၂၀ရက်
Radio NUG
ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျိုက်ထိုမြို့ ၊ အမှတ် ၆၀၂ ဒုံးတပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦး သေနတ် ၃ လက် ယူဆောင်လာပြီး အမှတ် ၂၇ စစ်ဗျူဟာ အမှတ် ၂ စစ်ဒေသခွဲထံသို့ အလင်းဝင်ရောက်လာခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
စစ်မှုထမ်း အပတ်စဉ် ၁၀က အဆိုပါ တပ်သားသစ်သည် MA-1 သေနတ် ၂ လက်၊ MA-3 သေနတ် ၁ လက်၊ ကျည်ဘောက် ၆ ခု၊ ကျည် ၁၂၉ တောင့်၊ အီနာဂါ ၁ လုံးတို့ ယူဆောင်လာခဲ့ကာ ဗျူဟာ ၂၇ နှင့် ကျိုက်ထို ပကဖ အဖွဲ့တို့က ပူးပေါင်း ကယ်ထုတ်ခဲ့ရတယ်လို့ သိရပါတယ်။
အလားတူ ဇူလိုင်လ ၁၉ရက်နေ့က စစ်မှုထမ်းဖြင့် အတင်းအဓမ္မပေါ်တာဆွဲခံရသူ မောင်ငြိမ်းမင်း ကိုယ်ပိုင်အမှတ် လ_306146 ရန်ကုန် မှော်ဘီ ရဲတပ်ရင်း (၅)သည် လက်ပစ်ဗုံး နှစ်လုံး၊ ကျည် ၂၅၀-တောင့်တို့နှင့်အတူ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ ဆက်သွယ်ချိတ်ဆက်၍ ထွက်ပြေးအလင်းဝင်လာခဲ့တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment