၂၀၂၅ ဇူလိုင်လ ၁၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ NUCC နှင့် မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေးလုပ်ငန်းကော်မတီတို့ တွေ့ဆုံ
📌 ၂။ Thinking Classroom Foundation နှင့် မီးအိမ် ရပ်ရွာလူထုအခြေပြုပညာရေးကော်မတီ၊ မီးအိမ်ပညာရေးကျောင်း တာဝန်ခံဆရာ ဆရာမများနှင့် တွေ့ဆုံဆွေးနွေး
📌 ၃။ စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲ သွေးထွက် သံယိုမှုများ ပိုမိုများပြားလာနိုင်ကြောင်း International Crisis Group-ICGက အစီရင်ခံထုတ်ပြန်
📌 ၄။ မန္တလေးနှင့် နေပြည်တော်အနီးတွင် ငလျင်များ လှုပ်ခတ်၊ မတ်လ ၂၈ ရက်က ငလျင်ဒဏ်ခံခဲ့ရသည့် အဆောက်အဦးအချို့ ထပ်မံပြိုကျ
📌 ၅။ လားရှိုးမြို့ခံများ စစ်ရှောင်များအတွက် အခမဲ့ဆေးကုသမှုနှင့် နေရာထိုင်ခင်း ထောက်ပံ့ပေးနေ
📌 ၆။ Phyu Phyu In Sydney မှ လူသားချင်းစာနာမှု ထောက်ပံ့မှု ကျပ်သိန်းပေါင်း ၃,၀၀၀ ကျော်ပေးအပ်
📌 ၇။ ရွှေညဝါဆရာတော်နှင့် ဆရာမောင်သာချိုတို့အားရည်စူး၍ ယောနယ်တစ်နေရာတွင် ကုသိုလ်ကောင်းမှုများ ပြုလုပ်
========================
၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ နတ်မောက်မြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းကို ၂ ရက်ဆက် ပစ်ခတ်တိုက်ခိုက်
🚩 ၂။ အရာတော်မြို့နယ်မှာ ပျူစောထီး ကင်းစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်
🚩 ၃။ တောင်သာမြို့ နာရီစင်အနီး စစ်ကောင်စီဘန်ကာဂိတ်အား ဗုံးပစ်သွင်း တိုက်ခိုက်ရာ ရဲ ၁ဦး သေဆုံး၊ ၂ဦး ဒဏ်ရာရ
🚩 ၄။ အရာတော်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ ဓားစားခံ ၄ ဦးနဲ့ ဘုန်းကြီး ၁ ပါးအား ကယ်ထုတ်နိုင်ခဲ့
🚩 ၅။ ညောင်လေးပင်မြို့ကို ဈေးဝယ်သွားတဲ့ ပြည်သူများအား စစ်ကောင်စီတပ်က အဓမ္မ ဖမ်းဆီးထား
🚩 ၆။ ဖားကန့်မှာ ပိန်းဥတူးနေတဲ့ အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး သေဆုံး၊ လက်နက်ကြီးကျလို့ ၅ ဦး ဒဏ်ရာရ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ NUCC နှင့် မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေးလုပ်ငန်းကော်မတီတို့ တွေ့ဆုံ
ဇူလိုင်လ ၁၈ရက်
Radio NUG
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)နှင့် မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်း ရေးဆွဲရေးလုပ်ငန်းကော်မတီတို့အကြား တွေ့ဆုံမှုကို ဇူလိုင်လ ၁၈ ရက်နေ့ ညနေ (၄:၀၀) မှ (၆:၃၀) နာရီ အထိ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။
တွေ့ဆုံမှုတွင် မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံ (မူကြမ်း)အား မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေးလုပ်ငန်းကော်မတီဘက်မှ တင်ပြခဲ့ပြီး အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)ဘက်မှ မရှင်းလင်းသည့်အချက်များ ပြန်လည်မေးမြန်းခြင်း၊ အကြံပြုချက်များ၊ သုံးသပ်ချက်များ လမ်းညွှန်ခြင်းနှင့် မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေးလုပ်ငန်းကော်မတီဘက်မှ မေးမြန်းချက်များ ပြန်လည်ရှင်းလင်း ဆွေးနွေးခြင်းတို့ကို အဓိက ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ထို့နောက် အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပြီး တွေ့ဆုံမှုကို အောင်မြင်စွာ ရပ်နားခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၂။ Thinking Classroom Foundation နှင့် မီးအိမ် ရပ်ရွာလူထုအခြေပြုပညာရေးကော်မတီ၊ မီးအိမ်ပညာရေးကျောင်း တာဝန်ခံဆရာ ဆရာမများနှင့် တွေ့ဆုံဆွေးနွေး
ဇူလိုင်လ ၁၈ရက်
Radio NUG
ဆရာကြီး ဒေါက်တာသိန်းလွင်၊ ဆရာမ အစိုင်း Thinking Classroom Foundation နှင့် မီးအိမ် ရပ်ရွာလူထုအခြေပြုပညာရေးကော်မတီ၊ မီးအိမ်ပညာရေးကျောင်း တာဝန်ခံဆရာ ဆရာမများ ဇူလိုင်လ ၁၈ ရက်နေ့ နေ့လယ်တွင် ပညာရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါတယ်။
တွေ့ဆုံမှုတွင် Thinking Classroom Foundation ဘက်မှ မီးအိမ် ရွပ်ရွာလူထုအခြေပြုပညာရေးကော်မတီအား မိတ်ဖက်အင်အားစုတစ်ခုအဖြစ် အသိမှတ်ပြုပြီး မီးအိမ်ပညာရေးကျောင်းများတွင် စွမ်းရည်အခြေပြုသင်ရိုးညွန်းတမ်း (Competency- Based Curriculum)၊ စစ်ဆေးကဲဖြတ်မှု (RWCT Assessment)၊ သင်ကြားရေးနည်းစနစ် (RWCT)များကို အသုံးချနိုင်ရန် ပံ့ပိုးကူညီပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
========================
📌📌 ၃။ စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲ သွေးထွက် သံယိုမှုများ ပိုမိုများပြားလာနိုင်ကြောင်း International Crisis Group-ICGက အစီရင်ခံထုတ်ပြန်
ဇူလိုင်လ ၁၈ရက်
Radio NUG
စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲ သွေးထွက် သံယိုမှုများ ပိုမိုများပြားလာနိုင်ကြောင်း International Crisis Group-ICGက အစီရင်ခံထုတ်ပြန်လိုက်ပါတယ်။
အစီရင်ခံစာအရ အများလက်ခံယုံကြည်မှုမရှိသော ရွေးကောက်ပွဲနည်းလမ်းသည် မြန်မာ့နိုင်ငံရေးအကြပ်အတည်းနှင့် ပဋိပက္ခအတွက် အဖြေမဟုတ်ဘဲ ပြည်တွင်းနိုင်ငံရေး အကွဲအပြဲကိုသာ ပိုမိုနက်ရှိုင်းစေမယ်လို့ ထောက်ပြထားပါတယ်။
နိုင်ငံတကာအနေဖြင့် ပဋိပက္ခနှင့်ဆက်နွယ်သူ အင်အားစုအားလုံးပါဝင်သော နိုင်ငံရေးလုပ်ငန်းစဥ် ပေါ်ပေါက်လာရေး ကြိုးပမ်းပေးရမည်ဖြစ်ပြီး ရွေးကောက်ပွဲကို တရားဝင်နိုင်ငံရေး လမ်းစဥ်အဖြစ် အသိအမှတ်မပြုမိစေရန် ဂရုပြုရမယ်လို့ ဖော်ပြထားပါတယ်။
========================
📌📌 ၄။ မန္တလေးနှင့် နေပြည်တော်အနီးတွင် ငလျင်များ လှုပ်ခတ်၊ မတ်လ ၂၈ ရက်က ငလျင်ဒဏ်ခံခဲ့ရသည့် အဆောက်အဦးအချို့ ထပ်မံပြိုကျ
ဇူလိုင်လ ၁၈ရက်
Radio NUG
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ရွှေဘိုအနီးတွင် ရစ်ခ်တာစကေး ၅.၄ အဆင့် ငလျင်နှင့် နေပြည်တော်အနီးတွင် ရစ်ခ်တာစကေး ၄.၂ အဆင့် ငလျင်များ လှုပ်ခတ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက သတင်းထုတ်ပြန်ပါတယ်။
ညနေ ၄နာရီခန့်တွင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၏ အရှေ့-အရှေ့မြောက်ဘက် ၃၄ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၃၅ ကီလိုမီတာကို ဗဟိုပြု၍ ရစ်ခ်တာစကေး ၅.၄ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ၁၀ စက္ကန့်ခန့် ကြာမြင့်ခဲ့ကာ မန္တလေးမြို့အပါအဝင် ပြင်ဦးလွင်၊ အမရပူရ၊ မိတ္ထီလာ၊ ရမည်းသင်း၊ စစ်ကိုင်းနှင့် မုံရွာဒေသများတွင် သိသာစွာ ခံစားခဲ့ရတယ်လို့ ဒေသသတင်းများအရ သိရပါတယ်။
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှ ဒေသခံအမျိုးသမီးတစ်ဦးက “အစက ဖြည်းဖြည်းလေးလှုပ်တာ။ ပြီးမှ တဒုန်းဒုန်းနဲ့ ဆက်တိုက်လှုပ်တော့တာပဲ။ အိမ်ပြင်ရောက်တော့ အိမ်နားက ဖြိုလက်စတိုက်က အောက်ထပ်တခုလုံး ကျွံကျပြန်ရော။ ဘယ်ပြေးရမှန်းကို မသိတော့ဘူး” ဟု ပြောကြားထားပါတယ်။
ဒေသခံပရဟိတသမားတစ်ဦးက ယခုငလျင်ကြောင့် ယခင်မတ်လ ၂၈ ရက်က ငလျင်ဒဏ်ခံခဲ့ရသည့် အဆောက်အဦးအချို့ ထပ်မံပြိုကျခဲ့သော်လည်း လူထိခိုက်မှုမရှိဟု ဆိုထားပါတယ်။
ထိုနေ့ထဲတွင်ပင် မြန်မာစံတော်ချိန် နေ့လယ် ၁:၃၉ မိနစ်ခန့်တွင် နေပြည်တော်မြို့၏ မြောက်ဘက် ၃၉ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ ရစ်ခ်တာစကေး ၄.၂ အဆင့်ရှိ အင်အားအနည်းငယ်ရှိသည့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါတယ်။
ထို့အပြင် ဇူလိုင်လ ၁၆ ရက်နေ့ မနက် ၃:၂၈ မိနစ်ခန့်တွင်လည်း မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၏ အရှေ့တောင်ဘက် ၄ မိုင်ခန့်အကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာတွင် ဗဟိုပြု၍ ရစ်ခ်တာစကေး ၄.၉ အဆင့်ရှိ နောက်ဆက်တွဲငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါတယ်။
ယခုလှုပ်ခတ်မှုများသည် မတ်လ ၂၈ ရက်က စစ်ကိုင်းငလျင်ပြီးနောက် ဒေသခံများအကြား စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများ ခံစားနေရပြီး အာဏာပိုင်များထံမှ အဆောက်အဦးများ၏ ဘေးကင်းမှုဆိုင်ရာ စစ်ဆေးမှုများနှင့် ကယ်ဆယ်ရေးအစီအမံများ ပိုမိုလိုအပ်နေတယ်လို့ သိရပါတယ်။
========================
📌📌 ၅။ လားရှိုးမြို့ခံများ စစ်ရှောင်များအတွက် အခမဲ့ဆေးကုသမှုနှင့် နေရာထိုင်ခင်း ထောက်ပံ့ပေးနေ
ဇူလိုင်လ ၁၈ ရက်
Radio NUG
ရှမ်းပြည်နယ်၊ လားရှိုးမြို့တွင် ဒေသခံများသည် ကျောက်မဲနှင့် သီပေါမြို့များမှ စစ်ဘေးရှောင်ဒုက္ခသည်များအတွက် အခမဲ့ဆေးကုသမှုနှင့် နေရာထိုင်ခင်းများ အခမဲ့ထောက်ပံ့ပေးနေခြင်း၊ အိမ်ငှားခ ဈေးသက်သာစွာ ငှားရမ်းနေကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရပါတယ်။
လူမှုကွန်ရက်စာမျက်နှာများတွင်လည်း စစ်ရှောင်များအတွက် အခမဲ့နေရာထိုင်ခင်းနှင့် ဆေးကုသမှုများ ရရှိနိုင်ကြောင်း အသိပေးစာများကို အချင်းချင်း မျှဝေနေကြသည်ကို တွေ့ရှိရပါတယ်။
လက်ရှိတွင် သီပေါနှင့် ကျောက်မဲမှ စစ်ရှောင်ဒုက္ခသည် အများအပြား လားရှိုးမြို့သို့ ရောက်ရှိလာနေပြီး ၎င်းတို့အနက် အများစုမှာ အသိမိတ်ဆွေများ သို့မဟုတ် ဆွေမျိုးမိသားစုများ၏ နေအိမ်များတွင် ခိုလှုံနေထိုင်လျက်ရှိတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့များသည် နောင်ချိုမြို့သို့ ထိုးစစ်ဆင်နေစဉ် တအာင်းတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် သီပေါ၊ ကျောက်မဲနှင့် မိုးကုတ်မြို့များကို လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်ပါတယ်။
========================
📌📌 ၆။ Phyu Phyu In Sydney မှ လူသားချင်းစာနာမှု ထောက်ပံ့မှု ကျပ်သိန်းပေါင်း ၃,၀၀၀ ကျော်ပေးအပ်
ဇူလိုင်လ ၁၈ရက်
Radio NUG
Phyu Phyu In Sydney မှ မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှု အကူအညီများအတွက် မြန်မာကျပ်ငွေ သိန်းပေါင်း ၃,၀၈၇ ကျော်ကို ထောက်ပံ့ပေးခဲ့ကြောင်း သိရပါတယ်။
ယင်းထောက်ပံ့မှုများတွင် မတ်လ ၂၇ ရက်က ငလျင်ဘေးဒဏ်သင့်ဒေသများအတွက် ကျပ်သိန်း ၃၀၀၊ တရားမျှတမှုဆိုင်ရာ လူသားချင်းစာနာမှု အကူအညီအတွက် ကျပ်သိန်း ၂၀၀၊ ဒေါက်တာစိုးမင်း ချန်ဂင်ဆေးရုံ ပြန်လည်တည်ဆောက်ရေးအတွက် ကျပ်သိန်း ၂၀၀ နှင့် ကရင်နီဒဏ်ရာရရဲဘော်များ ပြန်လည်ထူထောင်ရေးအတွက် ကျပ်သိန်း ၂၀၀ တို့ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။
ထို့ပြင် တနင်္သာရီတိုင်းအတွက် ကျပ်သိန်း ၁၀၀၊ ကရင်ပြည်နယ်အတွက် ကျပ်သိန်း ၂၀၇၊ ရခိုင်ပြည်နယ်အတွက် ကျပ်သိန်း ၈၀၄ (မူလထောက်ပံ့မှု ကျပ်သိန်း ၁၁၆ အပြင်၊ ဖြူဖြူ၏ လာမည့်တစ်လအတွင်း ပြုလုပ်မည့် soft power project ဖြစ်သည့် အွန်လိုင်းဖျော်ဖြေပွဲအတွက် ၂၅% ဖြည့်စွမ်းမှုအနေဖြင့် ကျပ်သိန်း ၆၈၈)၊ ဆစ်ဒနီလူမှုရေးနှင့် လူသားချင်းစာနာမှု အကူအညီအဖွဲ့အတွက် ကျပ်သိန်း ၁၀၉၊ ချင်းပြည်နယ်အတွက် ကျပ်သိန်း ၁၁၆၊ နေပြည်တော်အတွက် ကျပ်သိန်း ၅၀၊ အညာဒေသအတွက် ကျပ်သိန်း ၁၅၀၊ ကလေးမြို့နယ်အတွက် ကျပ်သိန်း ၁၅၀နှင့် မကွေးတိုင်းအတွက် ကျပ်သိန်း ၅၀၀ အသီးသီး ထောက်ပံ့ကူညီခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၇။ ရွှေညဝါဆရာတော်နှင့် ဆရာမောင်သာချိုတို့အားရည်စူး၍ ယောနယ်တစ်နေရာတွင် ကုသိုလ်ကောင်းမှုများ ပြုလုပ်
ဇူလိုင်လ ၁၈ရက်
Radio NUG
ဇူလိုင်လ ၁၀ ရက်နေ့တွင် ပျံလွန်တော်မူခဲ့တဲ့ ရွှေညဝါဆရာတော်နှင့် ဘ၀တစ်ပါးသို့ ပြောင်းသွားပြီဖြစ်တဲ့ စာရေးဆရာ မောင်သာချိုတို့ကို ရည်စူး၍ ယောနယ် စစ်ရှောင်စခန်း တစ်ခုတွင် ရည်စူးကုသိုလ်ကောင်းမှုများ ပြုလုပ်ခဲ့ကြတယ်လို့ ယောအလင်းတန်းမှာ ဖော်ပြထားပါတယ်။
ဇူလိုင်လ ၁၇ ရက်နေ့ ရက်လည်တဲ့နေ့တွင် ရွှေညဝါ ဆရာတော်နှင့် စာရေးဆရာ မောင်သာချိုတို့ ရည်စူးပြီး ယောမင်းကြီးဆရာတော်မှ အမှူးပြုကာ ဒကာ၊ဒကာမများမှ စုပေါင်းကုသိုလ်များ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
ရွှေညဝါဆရာတော်နှင့် စာရေးဆရာ မောင်သာချိုတို့ကို ရည်စူးပြီး ဆရာတော်ဘုရားအား ဝါဆိုသင်္ကန်းကပ်လှူခြင်း၊ နေ့ဆွမ်းကပ်လှူခြင်း၊ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူကလေးငယ်များကို နေ့လယ်စာ တည်ခင်းဧည့်ခံခြင်း၊ ရေစက်ချ အမျှဝေခြင်းတို့ကို ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ နတ်မောက်မြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းကို ၂ ရက်ဆက် ပစ်ခတ်တိုက်ခိုက်
ဇူလိုင်လ ၁၈ ရက်၊
Radio NUG
မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ စစ်ကောင်စီတပ်၊ ရဲနဲ့ ပျူစောထီး ပူးပေါင်း စစ်ကြောင်းကို ၂ ရက်ဆက်တိုက် ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့ ငါးပြေမပြောက်ကျားတပ်ဖွဲ့ က ထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ ၁၇ ရက်နေ့က အင်အား (၁၅၀) ခန့်ပါ ၎င်းစစ်ကောင်စီ စစ်ကြောင်းကို ကမ်းပြိုရွာနဲ့ ကွင်းကြီးရွာကြား ဘုတောင်နှင့် ဘတောင် အနီးမှာ ၆၀ မမ၊ ၄၀ မမ၊ 30.06 Rifle တို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
နောက်တစ်နေ့ ဇူလိုင် ၁၈ ရက်မှာလည်း သမှုန်းကုန်းကြီးရွာနဲ့ ကုလားရှင်ရွာကြားမှာ စစ်ကောင်စီ စစ်ကြောင်းနှင့် မဟာမိတ် တော်လှန်ရေး တပ်တွေကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ စစ်ကြောင်း ကစဉ့်ကလျားဖြင့် ဦးတည်မှု ပြောင်းလဲသွားတယ်လို့ သိရပါတယ်။
၎င်းတိုက်ခိုက်မှုကို သရက်ခရိုင် အမှတ် (၃) ငါးပြေမတပ်ရင်း၊ နတ်မောက် ပကဖ နဲ့ ဒေါင်းစစ်သည် ပြောက်ကျား တပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှု စာရင်းကို စုံစမ်းနေဆဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၂။ အရာတော်မြို့နယ်မှာ ပျူစောထီး ကင်းစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်
ဇူလိုင်လ ၁၈ ရက်၊
Radio NUG
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်းပျူရွာရှိ ကင်းစခန်း ၂ ခုကို တော်လှန်ရေးအဖွဲ့များက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ ပျူစောထီးတစ်ဦး သေဆုံးခဲ့တယ်လို့ Ngwe Dwin Revolution Force က ထုတ်ပြန်ထားပါတယ်။
ဇူလိုင် ၁၇ ရက်နေ့မှာ ငွေတွင်းပျူရွာ ကင်း ၂ ကင်းကို မုံရွာခရိုင် အမှတ် (၂၁) တပ်ရင်း၊ တပ်ရင်း (၁၆)၊ တိုက်နယ် (၉, ၁၀, ၁၁) မုံရွာခရိုင် ပကဖ အထူးတိုက်ခိုက်ရေး တပ်ဖွဲ့ Danger Force နဲ့ Ngwe Dwin Revolution Force တို့က ဝင်ရောက်စီးနင်း ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း ပျူစောထီး ၁ ဦး သေဆုံးခဲ့ပြီး ၅ ဦး အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ မြေပြင်သတင်းပေးချက်အရ သိရကြောင်း ဖော်ပြထားပါတယ်။
တိုက်ပွဲဖြစ်ပွားချိန် ၅ နာရီ အတွင်းမှာ အရာတော် အခြေစိုက် လကရ (၁၀) တပ်ရင်းကနေ ဟောင်ဝှစ်ဇာ ၄ လုံး ပစ်ကူပေးခဲ့ပြီး တော်လှန်ရေး ရဲဘော် တစ်ဦးလည်း တိုက်မိုင်းထိမှန် ဒဏ်ရာရရှိခဲ့ကာ ပျူရွာက မြေမြှပ်မိုင်း ၄ လုံးကို ရှာဖွေသိမ်းဆည်း နိုင်ခဲ့တယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၃။ တောင်သာမြို့ နာရီစင်အနီး စစ်ကောင်စီဘန်ကာဂိတ်အား ဗုံးပစ်သွင်း တိုက်ခိုက်ရာ ရဲ ၁ဦး သေဆုံး၊ ၂ဦး ဒဏ်ရာရ
ဇူလိုင်လ ၁၈ရက်
Radio NUG
ဇူလိုင်လ ၁၈ရက် နေ့လယ် ၂:၃၀ အချိန်ခန့်တွင် တောင်သာမြို့၊ နာရီစင်အနီး စီးပွားရေးဘဏ်စောင့် စစ်ကောင်စီဘန်ကာဂိတ်အား ဗုံး ၁လုံး ပစ်သွင်းတိုက်ခိုက်ခဲ့ကြောင်း Taung Tha People Defense Forceမှ သတင်းထုတ်ပြန်ပါတယ်။
ပြောက်ကျားမစ်ရှင်အဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဘဏ်စောင့် ရဲ (၁)ဦး သေဆုံး၍ ရဲ (၂)ဦး ပြင်းထန်ဒဏ်ရာရရှိသွားပြီး တော်လှန်ရေးရဲဘော်များ အန္တရာယ်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ အရာတော်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ ဓားစားခံ ၄ ဦးနဲ့ ဘုန်းကြီး ၁ ပါးအား ကယ်ထုတ်နိုင်ခဲ့
ဇူလိုင်လ ၁၈ ရက်၊
Radio NUG
စစ်ကိုင်းတိုင်း၊ အရာတော် မြို့နယ်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ ဓားစာခံ ၄ ဦးနဲ့ ဘုန်းကြီး ၁ ပါးတို့ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဘုတလင်မြို့နယ် ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။
မြေနတ်ရွာ ဘုန်းကြီးကျောင်းနဲ့ သီလရှင်ကျောင်းမှာ အင်အား ၁၀၀ ဝန်းကျင်ဖြင့် တပ်စွဲထားတဲ့ စစ်ကောင်စီတပ် အဖွဲ့ ၂ ဖွဲ့ကို ဇူလိုင်လ ၁၇ ရက်နေ့ မနက် ၁၀ နာရီခန့်မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ တွေက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ညနေ ၅ နာရီလောက်မှာ တိုက်ပွဲပြီးဆုံးခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အထိနာခဲ့တာကြောင့် ငွေတွင်း ပျူရွာထဲကို တပ်ပြန်ဆုတ်သွားခဲ့ပြီး ၎င်းတို့ ဓားစာခံအဖြစ် ဖမ်းဆီးထားတဲ့ ဒေသခံ ၄ ဦးနဲ့ ဘုန်းကြီး တစ်ပါးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ဘုန်းကြီးကျောင်းနဲ့ သီလရှင်ကျောင်းမှာ စစ်ကောင်စီ တပ်ဖွဲ့တွေ တပ်စွဲထားတာ ၃ ရက်ခန့် ရှိပြီဖြစ်ကာ တော်လှန်ရေး တပ်ဖွဲ့တွေက ပြန်လည်သိမ်းယူ နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဓားစာခံတွေရဲ့ ပြောပြချက်အရ စစ်ကောင်စီတပ်က တော်တော်လေးအထိနာပြီး ပြန်ဆုတ်သွားခဲ့တာလို့ သိရပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ ဘက်ကလည်း ရဲဘော်တစ်ဦး နင်းမိုင်းထိပြီး ခြေထောက် ဖြတ်လိုက်ရတယ်လို့ သိရပါတယ်။
အဆိုပါ စစ်ဆင်ရေးကို ဘုတလင်မြို့နယ် ပကဖ အဖွဲ့နဲ့ တိုက်နယ် ပကဖ အဖွဲ့တွေ၊ မုံရွာခရိုင် တပ်ရင်း-၂၀ BOB ၊ အရာတော် မြို့နယ် ပကဖ အဖွဲ့နဲ့ တိုက်နယ် ပကဖ အဖွဲ့တွေ၊ မုံရွာခရိုင် ဗျူဟာ (၆၆) နဲ့ ရေဦးမြို့နယ် ကိုးကင်း တိုက်နယ် အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
========================
🚩🚩 ၅။ ညောင်လေးပင်မြို့ကို ဈေးဝယ်သွားတဲ့ ပြည်သူများအား စစ်ကောင်စီတပ်က အဓမ္မ ဖမ်းဆီးထား
ဇူလိုင်လ ၁၈ ရက်၊
Radio NUG
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့ကို ဈေးဝယ်သွားတဲ့ လမ်းသွားလမ်းလာ ပြည်သူ ၃ ဦးအား စစ်ကောင်စီက အဓမ္မ ဖမ်းဆီးထားတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ ၄ ရက်နေ့က လယ်ဒိုမြို့နယ်၊ အင်းနက်ရွာမှ ညောင်လေးပင်ကို ဈေးကုန်တင်ရန်သွားတဲ့ နိုင်လင်းထွန်း (ခ) ကြက်ကုလား (အသက် ၃၅ နှစ်)နဲ့ ဦးစန်းလွင် (အသက် ၅၃ နှစ်) တို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားခဲ့ပြီး ဒီနေ့အချိန်ထိ မိသားစုနဲ့ အဆက်အသွယ် မရသေးဘူးလို့ ဆိုပါတယ်။
အလားတူ ဇူလိုင်လ ၁၂ ရက်နေ့မှာ ဆောထိမြို့နယ်၊ ဘိုးပိုက်ဆံရွာမှ ညောင်လေးပင်ကို ဈေးဝယ်သွားတဲ့ အသက် ၃၁ နှစ်အရွယ် စောအောင်မြင့်လေး ဆိုသူကို စစ်ကောင်စီ ခမရ (၂၀) တပ်ရင်းက သက်တူရွေးတံတားမှာ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် လယ်ဝိုင်ကြီးရွာမှ စစ်ဘေးရှောင်များ နေထိုင်တဲ့ နေရာကို ဇူလိုင်လ ၁၀ ရက်နေ့မှာ စစ်ကောင်စီတပ်က ဒရုန်းဖြင့် လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဇူလိုင်လ ၁၁ ရက်နေ့မှာလည်း ကျောက်တံခါးမြို့က စစ်ကောင်စီ တပ်ဖွဲ့ဟာ ချွဲတလဲရွာကို လက်နက်ကြီး ၃ လုံး၊ ခိုလုံရွာ အနောက်ဘက်ကို လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ပြီး တစ်ချိန်တည်းမှာပဲ ပိန်းဇလုပ် အခြေစိုက် ခလရ - ၂၆၄ တပ်က နွားရေချောင်းရွာ အရှေ့ဘက် လယ်ကွင်းပြင်ကို ၁၂၀ မမ လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ပါတယ်။
အလားတူ ဇူလိုင်လ ၁၃ ရက်နေ့မှာလည်း ခလရ - ၂၆၄ တပ်ရင်းကနေ ဟောင်ဝစ်ဇာ လက်နက်ကြီးများဖြင့် ဘုရားငုတ်တိုရွာ လယ်ကွင်းပြင်မှာ ၃ လုံး၊ ငဖယ်အင်းရွာ လယ်ကွင်းပြင်မှာ ၁ လုံး၊ ဒိုးတန်းရွာမှာ ၂ လုံး ပစ်ခတ်ခဲ့တယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၆။ ဖားကန့်မှာ ပိန်းဥတူးနေတဲ့ အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး သေဆုံး၊ လက်နက်ကြီးကျလို့ ၅ ဦး ဒဏ်ရာရ
ဇူလိုင်လ ၁၈ ရက်၊
Radio NUG
ကချင်ပြည်နယ်၊ ဖားကန့်-ဆိပ်မူ လမ်းတနေရာမှာ ပိန်းဥတူးနေတဲ့ အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကာ လက်နက်ကြီး ထိမှန်ပြီး ပြည်သူ ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဇူလိုင်လ ၁၈ ရက်နေ့ နေ့လယ် ၁ နာရီခွဲခန့်က ယူမာကျေးရွာရှိ အဲဗားဝင်းနား ကုမ္ပဏီ ဝင်ပေါက်ရှေ့မှာ ပိန်းဥတူးနေတဲ့ အမျိုးသား ၂ ဦး မိုင်းထိခဲ့ကာ တစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
မိုင်းထိမှန်သေဆုံးခဲ့တဲ့ အမျိုးသားဟာ မည်သူမည်ဝါ ဖြစ်တယ်ဆိုတာကို မသိရသေးသလို အဆိုပါ ကုမ္ပဏီထဲမှာ စစ်ကောင်စီ တပ်သားတွေ အထိုင်ချထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဇူလိုင်လ ၁၈ ရက်နေ့ ညနေ ၄ နာရီ ခန့်ကလည်း ဖားကန့် အ.ထ.က ကျောင်းရှေ့ လမ်းဆုံ၊ ဗျူဟာကုန်းနဲ့ ရဲစခန်းကြားမှာ လက်နက်ကြီး တစ်လုံး ကျရောက် ပေါက်ကွဲခဲ့ကာ ရေခဲမုန့် ရောင်းနေတဲ့ အမျိုးသမီး ၁ ဦး၊ အားကစား ပစ္စည်းဆိုင်က အမျိုးသမီး ၂ ဦးနဲ့ ဆိုင်ကယ် မောင်းလာတဲ့ အမျိုးသား ၂ ဦး ထိမှန် ဒဏ်ရာရခဲ့ပါတယ်။
ထို့အပြင် ညနေ ၅ နာရီ ၄၀ မိနစ်ခန့်မှာလည်း ဖားကန့်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးလာကြဲသွားတယ်လို့ သိရပြီး အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။
ဖားကန့်ဒေသမှာ စစ်ကောင်စီနဲ့ KIA , KPDF ပူးပေါင်း အဖွဲ့တွေကြား ထိတွေ့တိုက်ပွဲ အနည်းငယ် ဖြစ်ပွားနေပြီး ပြင်းပြင်းထန်ထန် ဖြစ်ပွားတာမျိုးတော့ မရှိနေဘူးလို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment