၂၀၂၅ ဇူလိုင်လ ၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရနှင့် မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေးလုပ်ငန်းကော်မတီတို့ တွေ့ဆုံဆွေးနွေးပွဲ ယာယီသမ္မတနှင့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များတက်ရောက်
📌 ၂။ မြစ်ရေကြီးမှုများဖြစ်ပေါ်လာနိုင်၍ မြေနိမ့်ပိုင်းရေဝင်နိုင်သည့် နေရာများတွင် နေထိုင်သူများ၊ စစ်ရှောင်ပြည်သူများနှင့် မြစ်ကမ်းပါးများအနီးတွင် နေထိုင်သူများအနေဖြင့်သတိပြုရန်NUGသတိပေး
📌 ၃။ ငလျင်ဘေးဒဏ် ခံစားနေရသော ပြည်သူများနှင့် စစ်ဘေးရှောင် ကလေးများအား ထောက်ပံ့လှူဒါန်း
📌 ၄။ တီမောလက်စ်တီ နိုင်ငံသည် အကြမ်းဖက်စစ်ကောင်စီ၏ အာဆီယံ အဖွဲ့ဝင်အဖြစ် ကန့်ကွက်မှုကို အရေးမပါဟု ပြောကာ ပယ်ချ
📌 ၅။ အိန္ဒိယနိုင်ငံမှာ ခိုလှုံနေတဲ့ ဒုက္ခသည်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို အိန္ဒိယ အစိုးရထံ လွှဲပေးခဲ့တဲ့ UNHCR India ကို အရေးယူပေးဖို့ အဖွဲ့အစည်း ၁၄၁ ဖွဲ့ တောင်းဆို
📌 ၆။ လောက်ကိုင်မြို့ ဆီအောကျေးရွာတွင် ရေလှောင်တမံကျိုးပျက်ပြီး ရေကြီးမှုဖြစ်ပွားကာ ၃ဦး သေဆုံး
========================
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရနှင့် မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေးလုပ်ငန်းကော်မတီတို့ တွေ့ဆုံဆွေးနွေးပွဲ ယာယီသမ္မတနှင့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များတက်ရောက်
ဇူလိုင်လ (၄) ရက်
Radio NUG
နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ ဦးဆောင်သော အမျိုးသားညီညွတ်ရေးအစိုးရနှင့် မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေးလုပ်ငန်းကော်မတီတို့ဟာ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့တွင် ZOOM Platform မှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
တွေ့ဆုံမှုတွင် နိုင်ငံတော် ယာယီသမ္မတနှင့်တကွ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အတွင်းဝန်များနှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ကြ၍ မန္တလေးကြားကာလ လုပ်ငန်းကော်မတီဝင်များ ပါဝင်တက်ရောက်ခဲ့ကြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်နယ်/ဖက်ဒရယ်ယူနစ်ဆိုင်ရာ မူဝါဒသဘောထားများကို မျှဝေဆွေးနွေးပြီးနောက် မန္တလေးဒေသ မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီက မန္တလေးဒေသကြားကာလ နိုင်ငံရေးအစီအမံ မူကြမ်းရေးဆွဲရေးလုပ်ငန်းစဉ်နှင့်တကွ ရေးဆွဲထားသော မူကြမ်းကို မျှဝေဆွေးနွေးခဲ့တယ်လို့သတင်းရရှိပါတယ်။
ယင်းနောက် တက်ရောက်လာသူများအကြား မေးခွန်းများ မေးမြန်းခြင်း၊ အကြံပြုခြင်း၊ ဆွေးနွေးဖလှယ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါတယ်။ ထို့နောက် မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံဆိုင်ရာ ရှေ့ဆက် ပူးပေါင်းဆောင်ရွက်သွားကြမည့် လုပ်ငန်းစဉ်ကိုလည်း ညှိနှိုင်းအတည်ပြုခဲ့ကြတယ်လို့ သိရှိရပါတယ်။
========================
📌📌 ၂။ မြစ်ရေကြီးမှုများဖြစ်ပေါ်လာနိုင်၍ မြေနိမ့်ပိုင်းရေဝင်နိုင်သည့် နေရာများတွင် နေထိုင်သူများ၊ စစ်ရှောင်ပြည်သူများနှင့် မြစ်ကမ်းပါးများအနီးတွင် နေထိုင်သူများအနေဖြင့်သတိပြုရန်NUGသတိပေး
ဇူလိုင်လ ၄ ရက်
Radio NUG
မြစ်ရေကြီးမှုများဖြစ်ပေါ်လာနိုင်၍ မြေနိမ့်ပိုင်းရေဝင်နိုင်သည့် နေရာများတွင် နေထိုင်သူများ၊ စစ်ရှောင်ပြည်သူများနှင့် မြစ်ကမ်းပါးများအနီးတွင် နေထိုင်သူများအနေဖြင့် သတိပြုရန် အမျိုးသားညီညွတ်ရေးအစိုး၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်စီမံခန့်ခွဲရေးဝန်ကြီးဌာနက သတိပေးထုတ်ပြန်ပါတယ်။
လာမည့် ၃ ရက်အတွင်း မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် မိုးရွာသွန်းနိုင်ပြီး ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းနှင့် ကရင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မိုးထစ်ချုန်းရွာနိုင်ပြီး ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့တွင် နေရာကွက်၍မိုးကြီးနိုင်တယ်လို့ မိုးလေဝသ သတင်းကို NUGကထုတ်ပြန်ပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် မြစ်ရေကြီးခြင်း၊ မြို့ပြဒေသများတွင် လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပွားနိုင်ပါသဖြင့် မြေနိမ့်ပိုင်းရေဝင်နိုင်သည့် နေရာများတွင် နေထိုင်သူများ၊ စစ်ရှောင်ပြည်သူများနှင့် မြစ်ကမ်းပါးများအနီးတွင် နေထိုင်သူများအနေဖြင့် မိုးလေဝသခန့်မှန်းချက်များကို သတိပြုကာ ရေကြောင့်ပျက်စီးနိုင်သည့်ပစ္စည်းများကို ကြိုတင်ရွှေ့ပြောင်းထားခြင်း၊ လိုအပ်ပါက ယာယီနေရာရွှေ့ပြောင်းနေထိုင်ခြင်းများ ပြုလုပ်နိုင်ပါရန် အသိပေးကြေညာထားပါတယ်။
========================
📌📌 ၃။ ငလျင်ဘေးဒဏ် ခံစားနေရသော ပြည်သူများနှင့် စစ်ဘေးရှောင် ကလေးများအား ထောက်ပံ့လှူဒါန်း
ဇူလိုင်လ ၄ ရက်
Radio NUG
ဂျပန်နိုင်ငံ၊ Hokkaido -MYAH အလှူရှင်များမှထောက်ပံ့လှူဒါန်းထားသော ဂျပန် ယန်း(၂၀၀၀၀၀)အား အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ လက်ခံရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ငလျင်ဘေးဒဏ် ခံစားနေရသော အိမ်ထောင်စုပေါင်း (၆၀)စာ အတွက် ဆေးဝါးနှင့်စားနပ်ရိက္ခာများ ၊ မွန်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင် ကလေးများအတွက် မီးစက်နှင့်စာရေးကိရိယာများ အသီးသီး ပြန်လည်ထောက်ပံ့လှူဒါန်းပေးမှုအား အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနမှ လုပ်ဆောင်ပေးခဲ့တယ်လို့ ဖော်ပြပါတယ်။
========================
📌📌 ၄။ တီမောလက်စ်တီ နိုင်ငံသည် အကြမ်းဖက်စစ်ကောင်စီ၏ အာဆီယံ အဖွဲ့ဝင်အဖြစ် ကန့်ကွက်မှုကို အရေးမပါဟု ပြောကာ ပယ်ချ
ဇူလိုင်လ ၄ရက်
Radio NUG
တီမောလက်စ်တီနိုင်ငံသည် အကြမ်းဖက်စစ်ကောင်စီက အာဆီယံ (ASEAN) အဖွဲ့ဝင်အဖြစ် တီမောလက်စ်တီနိုင်ငံ ပါဝင်ရန် ကန့်ကွက်မှုကို “အရေးမပါ” ဟု ပယ်ချပြီး အဆိုပါ ကန့်ကွက်မှုသည် “အကျိုးသက်ရောက်မှုမရှိ” ဟု သမ္မတ ဂျိုးဇီ ရာမို့စ်-ဟိုတာ က ပြောကြားခဲ့ပါတယ်။
အကြမ်းဖက်စစ်ကောင်စီက တီမောလက်စ်တီနိုင်ငံအား အာဆီယံ၏ အဓိကမူဝါဒဖြစ်သည့် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးသို့ ဝင်ရောက်စွက်ဖက်မှု မပြုရန်မူကို ချိုးဖောက်သည်ဟု စွပ်စွဲကာ တရားဝင် ကန့်ကွက်ခဲ့ပါတယ်။
သမ္မတ ရာမို့စ်-ဟိုတာ က “မြန်မာ၏ ကန့်ကွက်မှုသည် အရေးမပါပါ။ တီမောလက်စ်တီနိုင်ငံအား အာဆီယံအဖွဲ့ဝင်အဖြစ် လက်ခံရန် တရားဝင်ဆုံးဖြတ်ချက်ကို ရထားပြီးဖြစ်ပြီး ထိုဆုံးဖြတ်ချက်သည် အာဆီယံ၏ နောက်ဆုံးထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။ ကျွန်ုပ်တို့၏ အဖွဲ့ဝင်အဖြစ် တရားဝင်ပါဝင်မှုကို အောက်တိုဘာလတွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် အခမ်းအနားဖြင့် အသိအမှတ်ပြုမယ်” လို့ ပြောကြားခဲ့ပါတယ်။
========================
📌📌 ၅။ အိန္ဒိယနိုင်ငံမှာ ခိုလှုံနေတဲ့ ဒုက္ခသည်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို အိန္ဒိယ အစိုးရထံ လွှဲပေးခဲ့တဲ့ UNHCR India ကို အရေးယူပေးဖို့ အဖွဲ့အစည်း ၁၄၁ ဖွဲ့ တောင်းဆို
ဇူလိုင်လ ၄ ရက်၊
Radio NUG
အိန္ဒိယနိုင်ငံမှာ ခိုလှုံနေတဲ့ မြန်မာ ဒုက္ခသည်တွေ အပါအဝင် ခိုလှုံနေသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို အိန္ဒိယ အစိုးရထံ လွှဲပေးခဲ့တဲ့ UNHCR India ရုံးရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုမဲ့တဲ့ လုပ်ရပ်ကို ဖြေရှင်းပေးဖို့ အဖွဲ့အစည်း (၁၄၁) ဖွဲ့က တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။
ပြည်တွင်း၊ ပြည်ပက အဖွဲ့အစည်း (၁၄၁) ဖွဲ့ဟာ ဆွစ်ဇာလန် နိုင်ငံရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကို အိတ်ဖွင့်စာ ပေးပို့တောင်းဆိုခဲ့တယ်လို့ ဇူလိုင်လ ၄ ရက်နေ့မှာ ထုတ်ပြန်ထားတာပါ။
အိတ်ဖွင့်ပေးစာထဲမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုနောက်ပိုင်း အိန္ဒိယနိုင်ငံမှာ ရောက်ရှိခိုလှုံနေတဲ့ မြန်မာနိုင်ငံသား ၁၀,၀၀၀ ကျော် UNHCR India ရုံးမှာ ဒုက္ခသည် အဖြစ် မှတ်ပုံတင်ကာ အကာကွယ်တောင်းခံခဲ့ပြီး အဲဒီထဲမှာ စစ်ကောင်စီရဲ့ ပစ်မှတ်ထား ခြိမ်းခြောက်မှုခံရတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ လူ့အခွင့်ရေးကာကွယ်သူတွေနဲ့ လုံခြုံရေးအထူးလိုအပ်သူတွေ အများအပြား ပါရှိခဲ့ပြီး ဒီ ဒုက္ခသည်တွေရဲ့ လျှို့ဝှက်ရမယ့် အချက်အလက်တွေကို အိန္ဒိယ အစိုးရထံကို လုံလောက်တဲ့ အကာအကွယ် မရှိဘဲ လွှဲပြောင်းပေးခဲ့တယ်လို့ ပါရှိပါတယ်။
UNHCR India ရုံးကနေ ရရှိတဲ့ အချက်အလက်တွေကို အသုံးပြုပြီး မြန်မာနိုင်ငံသား ၂၆၁ ဦးကျော်ကို နိုင်ငံခြားသား ဥပဒေဖြင့် ဖမ်းဆီးခဲ့ပြီး အဲ့ဒီထဲက အမျိုးသမီး ၆ ဦးဟာ အကျဉ်းထောင်ထဲမှာပဲ ကလေး မွေးဖွားခဲ့ရသလို အမျိုးသား ၂ ဦးဟာလည်း အကျဉ်းထောင်အတွင်းမှာ သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လူပေါင်း ၁၃၄ ဦးခန့်ကိုလည်း မြန်မာစစ်ကောင်စီ လက်ထဲကို ပြန်ပို့ဆောင်ခဲ့တာတွေ ရှိခဲ့ကာ အဲ့ဒီထဲက အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် ၃၄ ဦးကို စစ်ကောင်စီက ဆက်လက်ဖမ်းဆီးထားခဲ့သလို ရိုဟင်ဂျာ ဒုက္ခသည် ၄၀ ခန့်ဟာလည်း နေအိမ်တွေထဲထိ ဝင်ရောက်ဖမ်းဆီးခံရကာ မြန်မာနိုင်ငံကို ပြန်ပို့ခံခဲ့ရတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
UNHCR ဟာ ဒုက္ခသည်တွေရဲ့ နောက်ဆုံး မျှော်လင်ချက်နဲ့ အားကိုးရာ ဖြစ်ပြီး အဲ့ဒီမျှော်လင့်ချက်ကို ပျက်သုဉ်းမသွားစေဖို့ ဒုက္ခသည်တွေရဲ့ အသက်အန္တရာယ်ကို ကာကွယ်နိုင်ဖို့အတွက် အဆင့်မြင့်မင်းကြီး အနေနဲ့ အမြန်ဆုံး တုံ့ပြန်ဆောင်ရွက်ပေးဖို့ အမည်မဖော်လိုတဲ့ အရပ်ဘက်အဖွဲ့အစည်း ၅ ဖွဲ့ အပါအဝင် အဖွဲ့အစည်းပေါင်း ၁၄၁ ဖွဲ့က ပူးတွဲပေးပို့ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။
========================
📌📌 ၆။ လောက်ကိုင်မြို့ ဆီအောကျေးရွာတွင် ရေလှောင်တမံကျိုးပျက်ပြီး ရေကြီးမှုဖြစ်ပွားကာ ၃ဦး သေဆုံး
ဇူလိုင်လ ၄ရက်
Radio NUG
ဇူလိုင်လ ၃ ရက်နေ့ မွန်းလွဲပိုင်းတွင် အထူးဒေသ(၁) လောက်ကိုင်မြို့၊ ဆီအောကျေးရွာ၊ ပေါက်ပေါက်ရွာအပေါ်ဘက်ရှိ ရေလှောင်တမံတစ်ခု၏ ခံနိုင်ဝန် စံချိန်ထက် ရေအလွန်များပြားလာမှုကြောင့် ရေလှောင်တမံကျိုးပျက်ပြီး ရေကြီးမှုဖြစ်ပွားခဲ့ကြောင်း The Kokangမှ သတင်းထုတ်ပြန်ပါတယ်။
မိုးသည်းထန်မှုများကြောင့် ကျေးရွာအတွင်းရှိလမ်းများတွင် ရေများပြည့်လျှံသွားခဲ့ပြီး ရေထုတ်စနစ် အရှိန်လွန်ကဲသွားကာ လမ်းများ ပိတ်ဆို့သွားခဲ့တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
ရေလှောင်တမံကျိုးပျက်ပြီး ဆီအောကျေးရွာ၏ လယ်ကွင်းများနှင့် မြစ်ကမ်းဘေးလမ်းများ၊ အိမ်များကို ချက်ချင်းရေမြှုပ်သွားစေခဲ့ကာ မြစ်ကမ်းနီးရှိ နိမ့်သောနေရာတွင် တည်ဆောက်ထားသည့် တဲအိမ် တစ်လုံးတွင် နေထိုင်သည့် လယ်သမားဇနီးမောင်နှံနှင့် မြေးဖြစ်သူတို့ ရေစီးတွင် မျောပါသွားခဲ့တယ်လို့ သိရပါတယ်။
ရေကြီးမှုဘေးအန္တရာယ်သတင်းကို သိရှိပြီးနောက် လောက်ကိုင်မြို့တော်အုပ်ချုပ်ရေးကော်မတီမှ ကယ်ဆယ်ရေးအဖွဲ့များ ချက်ချင်းစေလွှတ်ခဲ့ပြီး MNDAA တပ်မှလည်း တပ်သားများ ပူးပေါင်းကူညီခဲ့ကာ လောက်ကိုင်မြို့တော်ဝန်နှင့် ယာယီ ဒု-မြို့တော်ဝန်တို့မှ ဘေးသင့်ပြည်သူများအား အခြေချစေရန် စီစဉ်ဆောင်ရွက်မှုများပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ရေစီးကြောင်းအတွင်း ပျောက်ဆုံးနေသူများအား ဂရုတစိုက်ရှာဖွေခဲ့ပြီး အနီးအနားရှိ ကျေးရွာသားများကလည်း မိမိသဘောဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီခဲ့ကြကာ သေဆုံးသူ (၃)ဦး၏ အလောင်းကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ရေကြီးမှုကြောင့် မြစ်ကမ်းဘေးရှိ လယ်ကွင်းများ ပျက်စီးခဲ့ပြီး သီးနှံများ ဆုံးရှုံးမှုများ ရှိခဲ့ကာ ကျေးရွာအတွင်းလမ်းများ ပိတ်ဆို့သွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
သေဆုံးသူများ၏ အလောင်းများကို လောက်ကိုင်မြို့တော်ဆေးရုံသို့ ယာယီပို့ဆောင်ထားပြီး မြို့တော်ဝန်မှ သေဆုံးသူမိသားစုများအား ထောက်ပံ့ကြေးထုတ်ပေးခဲ့ကာ ရေဘေးသင့်ပြည်သူများအား နောက်ဆက်တွဲကယ်ဆယ်ရေးနှင့် သန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ငါန်းဇွန်နှင့် မြို့သာ အကြား တစ်နေရာတွင် စစ်ကောင်စီ၏ လက်နက်ကျည်ရိက္ခာပို့ စစ်ယာဉ်တန်းနှင့် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ ၃၀ဦးခန့် သေဆုံး၊ ၄ဦး ဖမ်းမိ
ဇူလိုင်လ ၄ရက်
Radio NUG
ဇူလိုင်လ ၃ ရက်နေ့ နံနက် ၇ နာရီ ၁၉ မိနစ်အချိန် မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြို့သာ-ဆီမီးခုံသွားကားလမ်း၊ ငါန်းဇွန်နှင့် မြို့သာအကြား တစ်နေရာတွင် စစ်ကောင်စီ၏ လက်နက်ကျည်ရိက္ခာပို့ စစ်ယာဉ်တန်းနှင့် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းမှာ တပ်ပျက် ထွက်ပြေးသွားခဲ့ကြောင်း ZERO ပြောက်ကျားတပ်ဖွဲ့မှ သတင်းထုတ်ပြန်ပါတယ်။
ထိုတိုက်ခိုက်မှုအတွင်း စစ်ကြောင်းမှူး အပါအဝင် စစ်သား ၃၀ ဦးခန့် သေဆုံးခဲ့တယ်လို့ စုံစမ်းသိရှိရပြီး တပ်ကြပ် ၁ဦးအပါအဝင် ၄ဦး ဖမ်းဆီးရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ တိုက်ပွဲကို မြင်းခြံခရိုင် တပ်ရင်း ၇ Zero ပျောက်ကြားတပ်ဖွဲ့၊ မန္တလေးခရိုင်တပ်ရင်း ၅ နှင့် ဒေသ ပြည်သူကာကွယ်ရေးတပ်များက ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၂။ တောင်သာ စွပ်ကျယ်စက်ရုံက အရက်ဘီယာ ထွက်ဝယ်တဲ့ စစ်ကောင်စီ ရဲ နှစ်ဦး ဖမ်းမိ
ဇူလိုင်လ ၄ ရက်
Radio NUG
ဇူလိုင်လ ၃ရက်နေ့ ညနေပိုင်းတွင် တောင်သာမြို့ အမှတ် (၁) စွပ်ကျယ်စက်ရုံတွင် လုံခြုံရေးတာဝန်ကျနေတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရန်ကုန် မှော်ဘီရဲတပ်ရင်း (၅)မှ ရဲ နှစ်ဦးကို ဖမ်းဆီးရမိကြောင်း ပကဖ တောင်သာမြို့နယ် NUGမှ သတင်းထုတ်ပြန်ပါတယ်။
ရဲတပ်သား အောင်သီဟ (ကိုယ်ပိုင်နံပါတ် လ-၃၀၆၉၁၇)နှင့် ဒုတပ်ကြပ် ဟန်ဝေအောင် (ကိုယ်ပိုင်အမှတ် လ-၂၆၄၅၈၈)တို့သည် အရက်ဘီယာဝယ်ရန် ထွက်လာကြစဥ် မြို့ပြင်သို့ ကျွံထွက်လာသဖြင့် တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးရဲဘော်များက ဆိုင်ကယ် တစ်စီး၊ ဖုန်း နှစ်လုံး၊ လက်ပစ်ဗုံး တစ်လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ စစ်ကောင်စီတပ်၏ အကြမ်းဖက်လုပ်ရပ်များကြောင့် လယ်ဒိုနှင့် ဆောထိမြို့နယ်တွင် ပြည်သူ (၅)ဦး သေဆုံးပြီး (၂၅) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ နေအိမ် နှစ်လုံး ပျက်ဆီး
ဇူလိုင်လ ၄ ရက်
Radio NUG
လယ်ဒို မြို့နယ်နှင့် ဆောထိမြို့နယ်တို့အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ ပြည်သူလူထုများအား ပစ်မှတ်ထားပြီး ပြည်သူလူထုများနေထိုင်ရာ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများနှင့် လေကြာင်းမှ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် အပြစ်မဲ့အရပ်သားပြည်သူ (၅)ဦး ထိခိုက်သေဆုံးပြီး (၂၅) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ရကာ နေအိမ် တစ်လုံး ထိခိုက်ပျက်ဆီးခဲ့ရသည့်အပြင် နွား (၃) ကောင်ပါ ထိခိုက် သေဆုံးခဲ့ရကြောင်း ကေအဲန်ယူ-ဗဟိုမှ သတင်းထုတ်ပြန်ပါတယ်။
လယ်ဒိုမြို့နယ်အတွင်း ဇူလိုင်လ (၁) ရက်နေ့ ည (၀၉း၀၀) နာရီအချိန်တွင် ပိန်းဇလုတ် အခြေစိုက် ခလရ-၂၆၄ တပ်ရင်းမှ နေ၍ ၈၁ မမ လက်နက်ကြီး (၂)လုံး ပစ်ခတ်ရာ ရေတွင်းကုန်းကျေးရွာတွင်းသို့ ကျရောက်ပေါက်ကွဲပြီး နေအိမ်တစ်လုံး ထိမှန်ပျက်စီးကာ နွား(၃) ကောင် ထိမှန်သေဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
အလားတူ ဇွန်လ (၂၉) ရက်နေ့တွင် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်၏ တောင်ငူလေတပ်မှ ဝဲကြီးဝဲဒေါကျေးရွာထဲသို့ ဂျက်ဖိုက်တာလေယာဥ်ဖြင့် လာရောက်ပစ်ခတ်မှုကြောင့် ဒေါ်သီတာဦး (၃၅)နှစ်၊ ဒေါ်အေးအေးဦး (၆၇)နှစ်၊ ဒေါ်ခင်ရွှေ (၆၅)၊ မောင်ဇွဲပြည့် (၄)နှစ်တို့ (၄)ဦး ထိခိုက်သေဆုံးပြီး အပြစ်မဲ့ အရပ်သား ပြည်သူ (၂၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် ဆောထိမြို့နယ်အတွင်း ဇွန်လ (၂၈) ရက်နေ့ ည (၀၇း၂၀) မိနစ်အချိန်တွင် ခလရ-၂၆၄ တပ်ရင်းမှ ဟောင်ဝစ်ဇာတစ်လုံး ပစ်ခတ်ခဲ့ရာ ချုံအင်းကျေးရွာထဲ ကျရောက်ပေါက်ကွဲပြီး ညားသောင်းတင် (၇၅)နှစ် ထိခိုက်သေဆုံးခဲ့ရပြီး နေအိမ်တစ်လုံး ထိမှန် ပျက်စီးခဲ့ကြောင်း အသိပေးထားပါတယ်။
========================
🚩🚩 ၄။ ဝေါလေမြို့တွင် တိုက်ပွဲပြင်းထန်၊ အရပ်သားသုံးဦး ဒဏ်ရာရ
ဇူလိုင်လ ၄ ရက်
Radio NUG
ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်အနီးရှိ ဝေါ်လေမြို့တွင် ဇူလိုင် ၄ ရက် နံနက်ပိုင်းက စစ်ကောင်စီနှင့် KNU ဦးစီးသည့် ပူးပေါင်းတပ်များအကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး လက်နက်ကြီးကျည်များ မြို့အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အရပ်သားသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။
နံနက် ၁၀ နာရီခွဲဝန်းကျင်တွင် KNU ပူးပေါင်းတပ်များက ဝေါလေဗျူဟာစခန်းနှင့် ထီးသဲလယ် ကာကင်းစခန်းများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီက လက်နက်ကြီးများဖြင့် တန်ပြန်ပစ်ခတ်ခဲ့မှုကြောင့် ဝေါ်လေမြို့ ရပ်ကွက် (၄) အတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သားသုံးဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒဏ်ရာရရှိသူများကို ထိုင်းနိုင်ငံဘက်သို့ အလျင်အမြန်ပို့ဆောင်ကာ ဆေးကုသမှုပေးနေပြီး၊ ထိုင်းစစ်တပ်က နယ်စပ်တစ်လျှောက် လုံခြုံရေးတင်းကျပ်ထားကာ တိုက်ပွဲများကို အနီးကပ်စောင့်ကြည့်နေသည်ဟု သိရပါတယ်။
ဇူလိုင် ၃ ရက်ကလည်း ဝေါလေမြို့ ရပ်ကွက် (၄) တွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ရာ အရပ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဝေါလေမြို့အနီးရှိ ဗျူဟာစခန်းများကို KNU ဦးစီးသည့် ပူးပေါင်းတပ်များက ဇူလိုင်လအစောပိုင်းမှစတင်ကာ ပိတ်ဆို့တိုက်ခိုက်နေပြီး၊ ဇူလိုင်လ ၄ရက် ညနေပိုင်းတွင် စစ်ကောင်စီလေတပ်က ဝေါလေမြို့အား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲများကြောင့် ဝေါလေမြို့မှ ဒေသခံရာနှင့်ချီသည် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရပြီး၊ ထိုင်းအာဏာပိုင်များက စစ်ဘေးရှောင်များအတွက် ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနေသည်ဟု ထိုင်းသတင်းဌာနများက ဖော်ပြထားပါတယ်။
========================
🚩🚩 ၅။ ၁၀၀၃တပ်ရင်း /ဓနုဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ အခြေခံစစ်သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့
ဇူလိုင်လ ၄ရက်
Radio NUG
၁၀၀၃တပ်ရင်း /ဓနုဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ အခြေခံသင်တန်းအား ရန်သူစစ်ကြောင်းထိုးမှုများအကြားမှ သင်တန်းအား ခက်ခက်ခဲခဲ ပြုလုပ်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
သင်တန်း ပြီးဆုံးအောင် တက်ရောက်ခဲ့ကြတဲ့ ရဲဘော်များ၊ သင်ကြားပို့ချပေးတဲ့ သင်တန်းဆရာများအား ဂုဏ်ပြုအပ်တယ်လို့ ဖော်ပြထားပါတယ်။
သင်တန်းပြီးဆုံးချိန်တွင် ရန်သူစစ်ကြောင်းများ သင်တန်းကွင်းအနီး စစ်ကြောင်းထိုးနေတဲ့အတွက် တိုက်ပွဲများလည်း အချိန်မရွေးဖြစ်ပွားနိုင်ကြောင်း အသိပေးထားပါတယ်။
========================
🚩🚩 ၆။ လှိုင်းဘွဲ့ မြို့မရဲစခန်းမှ ရဲတပ်သား တစ်ဦး မြိတ်ခရိုင် တပ်ရင်း (၃) ထံ ဘက်ပြောင်းခိုလှုံလာ
ဇူလိုင်လ ၄ ရက်၊
Radio NUG
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့ မြို့မရဲစခန်းမှ ရဲတပ်သား တစ်ဦး ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ မြိတ်ခရိုင်၊ အမှတ် (၃) တပ်ရင်းထံ ဘက်ပြောင်းခိုလှုံလာတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ ၄ ရက်နေ့က စစ်ကောင်စီ လက်အောက်ခံ လှိုင်းဘွဲ့မြို့၊ မြို့မရဲစခန်းမှ ရဲတပ်သား တစ်ဦးဟာ မြိတ်ခရိုင် အမှတ် (၃) တပ်ရင်းထံ ထွက်ပြေး အလင်းဝင်လာခဲ့တယ်လို့ ဆိုပါတယ်။
အလင်းဝင်ရဲတပ်သား ရန်နိုင်လင်း ဆိုသူဟာ ပြည်မြို့ ဝက်ထီးကန်ရှိ အမှတ် (၂) အခြေခံရဲလေ့ကျင့်ရေး သင်တန်းကျောင်း အပတ်စဉ် (၂၉၂) စည်သူတပ်ခွဲမှာ သင်တန်းတက်ရောက်ခဲ့ကာ ရဲလုပ်သက် (၁၁) နှစ် ရှိပြီဖြစ်တယ်လို့ သိရပါတယ်။
၎င်းဟာ လှိုင်းဘွဲ့မြို့မ ရဲစခန်းမှာ တာဝန်ကျနေချိန် စစ်ကောင်စီရဲ့ ပြည်သူများကို အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တာကြောင့် မိဘများရှိရာ တနင်္သာရီမြို့နယ်ဘက်ကို ထွက်ပြေးလာခဲ့ပြီး အမှတ် (၃) တပ်ရင်းထံ အလင်းဝင်လာခဲ့တာလို့ ဆိုပါတယ်။
အလင်းဝင်ရဲတပ်သားအား ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေး ဝန်ကြီးဌာန က ချမှတ်ထားတဲ့ မူဝါဒ နှင့်အညီ ဆက်လက် ဆောင်ရွက်လျှက် ရှိတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment