၂၀၂၅ သြဂုတ်လ ၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ PRF အစီအစဥ်မှာ ဆက်လက်ပါဝင်ခြင်းအားဖြင့် တော်လှန်ရေးရဲဘော်များ လိုအပ်နေတဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းခွန်အားများ ဆက်ပြီးချီးမြှင့်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး တိုက်တွန်းနှိုးဆော်
📌 ၂။ ရေဘေးသင့် ပြည်သူငါးသောင်းကျော်အတွက် အရေးပေါ်စားနပ်ရိက္ခာ အကူအညီများ NUG ထောက်ပံ့ပေးခဲ့
📌 ၃။ ဩဂုတ်လ ၅ရက်နေ့အထိ Safe Schools, Safe Education Campaign တွင် အလှူငွေ လက်ခံရရှိမှု အခြေအနေ ထုတ်ပြန်
📌 ၄။ ရန်ကုန်ဖက်ဒရယ်ယူနစ်၏ ကြားကာလအစီအမံ (မူကြမ်း) ရေးဆွဲရေးကော်မရှင်က ပေးပို့လာသော ကော်မရှင်ဖွဲ့စည်းပုံကို ရန်ကုန်လွှတ်တော် အတည်ပြုထုတ်ပြန်
📌 ၅။ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဇူလိုင်လတွင် အမျိုးသမီး ၆၄ ဦး သေဆုံးဟု BWU ထုတ်ပြန်
📌 ၆။ သိန္နီခရိုင်မှာ မူးယစ်ဆေးဖြတ်စခန်း စတင်ဖွင့်လှစ်ခဲ့ပြီး အထူးဒေသ (၁) အတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အားကောင်းလာ
========================
၂၀၂၅ ခုနှစ် သြဂုတ်လ ၆ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ TNLA က သိမ်းပိုက်ထားသော မြို့နယ်များကို လက်မလွှတ်ရန် မဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်နေ၊ တရုတ်နိုင်ငံ၏ ဖိအားပေးမှုနှင့် စစ်ကောင်စီ၏ စစ်ရေးဖိအားများကို ရင်ဆိုင်နေရ၊ ကျားဖြန့်လုပ်ငန်းဆိုင်ရာ စွပ်စွဲချက်များကို ငြင်းဆို
🚩 ၂။ စစ်ကောင်စီက DKBA စစ်ရေးချုပ်နေအိမ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်
🚩 ၃။ ဟိုပင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် SNA အင်ကြင်းကုန်းတွင် ထိတွေ့တိုက်ပွဲဖြစ်ပွား၊ KPDF ရဲဘော်တစ်ဦး ကျဆုံး
🚩 ၄။ မုံရွာ - မန္တလေး လမ်းပိုင်းမှာ ကင်းပုန်းဝပ်ဖို့ ထွက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့အား ပစ်ခတ်တိုက်ခိုက်
🚩 ၅။ ဝင်းဝ ရွာသား တစ်ဦးကို စစ်ကောင်စီတပ်က မတရား ဖမ်းဆီးသတ်ဖြတ်ခဲ့
🚩 ၆။ ရေစကြိုမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဟောင်ဝှစ်ဇာဖြင့် ပစ်ခတ်ခဲ့ရာ အသက် ၂ နှစ်အရွယ် ကလေးငယ် တစ်ဦး သေဆုံး
🚩 ၇။ သရက်ကန် ပျူရွာမှ ပြည်သူတစ်ဦး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေထံ ခိုလှုံလာခဲ့
🚩 ၈။ 4th Birthday Project ကမ်ပိန်းမှ ရရှိမှုများကို ကျည်ကာဦးထုပ်၊ ကျည်ကာအင်္ကျီ၊ ကျည်ကာပြား အစုံ ၄၇ စုံ ဝယ်ယူရရှိတပ်ဆင်နိုင်ခဲ့တယ်လို့ DMO Local PDF အသိပေးကြေညာ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ PRF အစီအစဥ်မှာ ဆက်လက်ပါဝင်ခြင်းအားဖြင့် တော်လှန်ရေးရဲဘော်များ လိုအပ်နေတဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းခွန်အားများ ဆက်ပြီးချီးမြှင့်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး တိုက်တွန်းနှိုးဆော်
သြဂုတ်လ ၅ရက်
Radio NUG
PRFအစီအစဥ်မှာ ဆက်လက်ပါဝင်ခြင်းအားဖြင့် တော်လှန်ရေးရဲဘော်များ လိုအပ်နေတဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းခွန်အားများ ဆက်ပြီးချီးမြှင့်ကြဖို့ အမျိုးသား ညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းနှိုးဆော်ထားပါတယ်။
ဇွန်လ ၂၁ ရက်နေ့ကနေ ဇူလိုင်လ ၃၁ ရက်နေ့ထိ ပြုလုပ်ခဲ့တဲ့ "ပျက်ကွက်မှုမရှိ" အစီအစဉ်ပြီးဆုံးခဲ့ပြီဖြစ်လို့ ဂုဏ်ပြုလက်ဆောင်ချီးမြှင့်ခြင်း အခမ်းအနားသို့ ကာကွယ်ရေးဝန်ကြီး ပေးပို့သော ဗီဒီယိုရုပ်သံဖိုင်မှာ ပြောကြားထားပါတယ်။
"PRFစတင်ခဲ့တဲ့ ၂၀၂၂ကနေ့ ယနေ့အချိန်အထိ သုံးနှစ်ကျော် လေးနှစ်နီးပါး ပျက်ကွက်မှုမရှိ ထောက်ပို့ခဲ့ကြတဲ့ PRFရဲဘော်များကို ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ အထူးကျေးဇူးတင်ရှိကြောင်းပြောလိုပါတယ်။ PDFရဲဘော်တွေ ရှေ့တန်းမှာ စိတ်ဖြောင့်ဖြောင့်တိုက်ပွဲဝင်နိုင်ဖို့၊ PRFရဲဘော်တွေ နောက်တန်းထောက်ပို့မှုက အထူးအရေးကြီးပါတယ်။ PDFတပ်ရင်း၊ တပ်ဖွဲ့တွေကို အရင်က အကြိမ်အရေအတွက်နဲ့ ထောက်ပံ့ခဲ့ရပြီး၊ ပြီးခဲ့တဲ့ဇွန်လကစလို့ လစဥ် ထောက်ပံ့နိုင်ပြီလည်း ဖြစ်ပါတယ်။ PRFအစီအစဥ်မှာ ဆက်လက်ပါဝင်ခြင်းအားဖြင့် တော်လှန်ရေးရဲဘော်များ လိုအပ်နေတဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းခွန်အားများ ဆက်ပြီး ချီးမြှင့်ကြပါလို့ ကျွန်တော့အနေနဲ့ နှိုးဆော်ချင်ပါတယ်"လို့ ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
========================
📌📌 ၂။ ရေဘေးသင့် ပြည်သူငါးသောင်းကျော်အတွက် အရေးပေါ်စားနပ်ရိက္ခာ အကူအညီများ NUG ထောက်ပံ့ပေးခဲ့
ဩဂုတ်လ ၅ရက်
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနအနေနှင့် မြန်မာနိုင်ငံတစ်ဝှမ်း မိုးအဆက်မပြတ် ရွာသွန်းပြီး မြစ်ရေ မြင့်တက်မှုတို့ကြောင့် ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်းရှိ ရေဘေးသင့်ခဲ့သည့် ညောင်လေးပင်မြို့နယ် (၁၇,၀၃၀)ဦး၊ ကျောက်တံခါးမြို့နယ် (၃၄၂)ဦး၊ ဖြူးမြို့နယ် (၁၃,၄၂၂)ဦး၊ အုတ်တွင်းမြို့နယ် (၁၇,၅၈၈)ဦး၊ ထန်းတပင်မြို့နယ် (၁၀,၃၇၇)ဦးနှင့် ရေတာရှည်မြို့နယ်တို့မှ ရေဘေးသင့်ပြည်သူ (၃၃၆)ဦး အတွက် အရေးပေါ် စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။
ထို့အပြင် ဘေးကင်းသည့်နေရာများသို့ အရေးပေါ်ရွှေ့ပြောင်းပေးခြင်း၊ အရေးပေါ်လူသားချင်းစာနာမှု အကူအညီများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အချိန်မီရရှိနိုင်ရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြို့နယ် ပအဖအဖွဲ့၊ လူသားစာနာတာဝန်ခံများနှင့် ချိတ်ဆက်ကာ ထောက်ပံ့ပေးလျက်ရှိတယ်လို့ ဖော်ပြပါတယ်။
ယခုလို ပြည်သူမှ ပြည်သူသို့ ထောက်ပံ့နိုင်ရေးအတွက် ပြည်တွင်း၊ ပြည်ပမှ လှူဒါန်းပေးကြတဲ့ စေတနာရှင်၊ အလှူရှင်များကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။
========================
📌📌 ၃။ ဩဂုတ်လ ၅ရက်နေ့အထိ Safe Schools, Safe Education Campaign တွင် အလှူငွေ လက်ခံရရှိမှု အခြေအနေ ထုတ်ပြန်
သြဂုတ်လ ၅ရက်
Radio NUG
သြဂုတ်လ ၅ရက်နေ့အထိ Safe Schools, Safe Education Campaign တွင် အလှူငွေ လက်ခံရရှိမှုအခြေအနေကို အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အလှူငွေလက်ခံရရှိမှုများတွင် OFP and Other International FRs မှ 35,821.00 USD၊ Spring CrowdFund (SCF)မှ 22,715,876.06 MMK၊ GoFundMe (Brighter Future Foundation)မှ 530.00 POUNDနှင့် GoFundMe (HDFM) 2,448.00 USD လက်ခံရရှိခဲ့တယ်လို့ အသိပေးထားပါတယ်။
မြန်မာနိုင်ငံတွင် ကလေးသူငယ်များ ကာကွယ်ရေးအစီအမံများရှိသည့် ကျောင်းများတွင် ဘေးကင်းလုံခြုံစွာ ပညာဆက်လက်သင်ယူခွင့် ရရှိနိုင်စေရန်အတွက် ဆောင်ရွက်လျက်ရှိသည့် ဘေးကင်းလုံခြုံသောကျောင်းများ၊ ဘေးကင်းလုံခြုံသောပညာရေး ကမ်ပိန်းတွင် ပါဝင်ကူညီပံ့ပိုးပေးကြရန် ဆက်လက် ဖိတ်ခေါ်ထားပါတယ်။
========================
📌📌 ၄။ ရန်ကုန်ဖက်ဒရယ်ယူနစ်၏ ကြားကာလအစီအမံ (မူကြမ်း) ရေးဆွဲရေးကော်မရှင်က ပေးပို့လာသော ကော်မရှင်ဖွဲ့စည်းပုံကို ရန်ကုန်လွှတ်တော် အတည်ပြုထုတ်ပြန်
သြဂုတ်လ ၅ရက်
Radio NUG
ရန်ကုန်လွှတ်တော်သည် ရန်ကုန်ဖက်ဒရယ်ယူနစ်၏ ကြားကာလအစီအမံ (မူကြမ်း) ရေးဆွဲရေး ကော်မရှင်က ရန်ကုန်ဖက်ဒရယ်ယူနစ်၏ ကြားကာလအစီအမံ (မူကြမ်း) ရေးဆွဲရေးကော်မရှင်ဆိုင်ရာ ဥပဒေ ပုဒ်မ(၁၂)နှင့်အညီ ပေးပို့လာသော ကော်မရှင်ဖွဲ့စည်းပုံကို ပုဒ်မ(၁၃)အရ အတည်ပြု ထုတ်ပြန်ကြောင်း သြဂုတ်လ ၅ရက်တွင် သတင်းထုတ်ပြန်ပါတယ်။
ပေးပို့လာသော ကော်မရှင်ဖွဲ့စည်းပုံတွင် ဦးမင်းမင်း - ဥက္ကဋ္ဌ (ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့) ၊ ဦးကျော်ဇင်ဦး- အတွင်းရေးမှူး (ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့)၊ ဦးကိုကို- အတွင်းရေးမှူး (နိုင်ငံရေးပါတီများအစုအဖွဲ့)၊ ဦးသိင်္ဃမိုး- အတွင်းရေးမှူး (စီဒီအမ်လှုပ်ရှားမှုဆိုင်ရာအစုအဖွဲ့)၊ ဦးအေဝမ်း - အတွင်းရေးမှူး (မြေပြင်တော်လှန်ရေးအင်အားစုများအစုအဖွဲ့)၊ ဦးပီတာ- အတွင်းရေးမှူး (ဒီမိုကရေစီအင်အားစုနှင့် လူထုသပိတ်လှုပ်ရှားမှုဆိုင်ရာအစုအဖွဲ့)၊ ဒေါ်စတဲလာအောင်- အတွင်းရေးမှူး (အမျိုးသမီး၊ လူငယ်၊ လူနည်းစုနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများဆိုင်ရာအစုအဖွဲ့)၊ ဦးဒေါင်းကြီး- အတွင်းရေးမှူး (တတ်သိပညာရှင်များအစုအဖွဲ့)၊ ဦးဘန်- ဘဏ္ဍာရေးမှူး (မြေပြင်တော်လှန်ရေးအင်အားစုများအစုအဖွဲ့)၊ ဒေါ်လတ်- စာရင်းစစ်(အမျိုးသမီး၊ လူငယ်၊ လူနည်းစုနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများဆိုင်ရာအစုအဖွဲ့)တို့ ပါဝင်ပါတယ်။
========================
📌📌 ၅။ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဇူလိုင်လတွင် အမျိုးသမီး ၆၄ ဦး သေဆုံးဟု BWU ထုတ်ပြန်
ဩဂုတ်လ ၅ရက်
Radio NUG
၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အမျိုးသမီး ၅၂ ဦး သေဆုံးခဲ့ပြီး ၆၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ဩဂုတ်လ ၅ ရက်တွင် ထုတ်ပြန်ပါတယ်။
အထူးသဖြင့် ကရင်နီပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှု ၇ ကြိမ်ကြောင့် အမျိုးသမီး ၉ ဦးအပါအဝင် အရပ်သား ၁၄ ဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ထို့ပြင် လက်နက်ကြီးပစ်ခတ်မှုများကြောင့် အမျိုးသမီး ၁၁ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကာ ထောင်တွင်း ဆေးဝါးကုသခွင့်မရရှိမှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံးခဲ့သလို မြေမြုပ်မိုင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကြောင့် အမျိုးသမီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အသိပေးထားပါတယ်။
စုစုပေါင်း ဇူလိုင်လအတွင်း စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် အမျိုးသမီး ၆၄ ဦး သေဆုံးပြီး ၈၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ သေဆုံးသူများအနက် အသက် ၁၈ နှစ်အောက် အမျိုးသမီး ၁၄ ဦး ပါဝင်တယ်လို့ BWU က ထုတ်ဖော်ထားပါတယ်။
========================
📌📌 ၆။ သိန္နီခရိုင်မှာ မူးယစ်ဆေးဖြတ်စခန်း စတင်ဖွင့်လှစ်ခဲ့ပြီး အထူးဒေသ (၁) အတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အားကောင်းလာ
ဩဂုတ်လ ၅ ရက်၊
Radio NUG
ကိုးကန့်တပ် MNDAA က ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်ဒေသ သိန္နီခရိုင်၊ အီနိုင်းတိုက်နယ်၊ တောင့်တလောရွာမှာ “လပ်ထူး” မူးယစ်ဆေးဖြတ်စခန်းကို စတင်ဖွင့်လှစ်ခဲ့ပြီး အထူးဒေသ (၁) အတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အားကောင်းလာတယ်လို့ The Kokang က ဖော်ပြထားပါတယ်။
“လပ်ထူး” မူးယစ်ဆေးဖြတ်စခန်းကို ၂၀၂၅ ဇွန်လ ၁ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လက်ရှိ မူးယစ်ဆေးဖြတ်သူ ၁၀၀ ကျော် ရှိနေပြီ ဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါစခန်းမှာ လူသားချင်းစာနာမှုအခြေပြု စီမံခန့်ခွဲမှုပုံစံကို အသုံးပြုထားပြီး စိတ်ပိုင်းဆိုင်ရာ လမ်းညွန်မှုများ၊ ကျွမ်းကျင်မှု သင်တန်းများကို အလေးထားဆောင်ရွက်ပြီး မူးယစ်ဆေးဖြတ်သူများရဲ့ ရုပ်ပိုင်း စိတ်ပိုင်းနဲ့ နေထိုင်မှု စွမ်းရည်များ ပြန်လည်ကောင်းမွန်လာစေဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
အသက်မွေး ဝမ်းကျောင်းမှုဆိုင်ရာ အသုံးဝင်တဲ့ ကျွမ်းကျင်မှု သင်တန်းများကို ပို့ချပေးလျက်ရှိပြီး၊ နိုင်ရာတာဝန်များကို ကူညီလုပ်ဆောင်စေကာ၊ အမျိုးသမီး ဆေးဖြတ်သူများအတွက်လည်း သီးသန့်အဆောင်များ ထားရှိပေးထားတယ်လို့ သိရပါတယ်။
ထို့အပြင် မူးယစ်ဆေး အန္တရာယ်နဲ့ ပတ်သက်တဲ့ အသိပညာပေးခြင်း၊ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှုအတွက် ကျန်းမာရေး ဝန်ထမ်းအဖွဲ့များကို ဖွဲ့စည်းထားခြင်း၊ နေ့စဉ် အားကစား လှုပ်ရှားမှုများနဲ့ အနားယူချိန်များကိုလည်း စီစဉ်ပေးထားကာ စိတ်ဖိစီးမှု လျော့ပါးစေရန်နဲ့ ကိုယ်ခံစွမ်းအား ကောင်းမွန်လာစေရန် စီစဉ်ပေးထားပါတယ်။
မိသားစုဝင်များအနေဖြင့် တနင်္ဂနွေနေ့ သတ်မှတ်ထားသော အချိန်အတွင်း လာရောက်တွေ့ဆုံနိုင်ပြီး ငွေသားများ ယူဆောင်လာခြင်း၊ စခန်းဝန်ထမ်းများမှတဆင့် ပစ္စည်းများဝယ်ယူပေးစေခြင်းတို့ကိုတော့ ကန့်သတ်ထားတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ မူးယစ်ဆေး ဖြတ်သူများကို အမျိုးအစား ၂ မျိုး ခွဲထားပြီး နယ်မြေအတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေး သုံးစွဲသူများဟာ အနည်းဆုံး ၆ လ ဆေးဖြတ်ရမှာဖြစ်ပြီး မိသားစုမှ စခန်းကို ပို့လာတဲ့ ဆေးဖြတ်သူများကိုတော့ ဖြတ်ချိန်ကို ပြန်လည်ကောင်းမွန်မှု အခြေအနေနဲ့ မိသားစု ဆန္ဒအလိုက် ပြောင်းလဲနိုင်တယ်လို့ သိရပါတယ်။
အဆိုပါ ဆေးဖြတ်စခန်းမှာ အဆောက်အဦးနဲ့ ပစ္စည်းကရိယာများ ပြည့်စုံပြီးစီးပါက လူဦးရေ ၂၀၀ အထိ လက်ခံနိုင်မှာဖြစ်ကာ အထူးဒေသ (၁) အတွင်းက မူးယစ်ဆေးဖြတ်လိုသူ မည်သူမဆို အခမဲ့ ဆေးဖြတ်ပေးမှာ ဖြစ်တယ် လို့ သိရှိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီ၊ ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ TNLA က သိမ်းပိုက်ထားသော မြို့နယ်များကို လက်မလွှတ်ရန် မဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်နေ၊ တရုတ်နိုင်ငံ၏ ဖိအားပေးမှုနှင့် စစ်ကောင်စီ၏ စစ်ရေးဖိအားများကို ရင်ဆိုင်နေရ၊ ကျားဖြန့်လုပ်ငန်းဆိုင်ရာ စွပ်စွဲချက်များကို ငြင်းဆို
ဩဂုတ်လ ၅ရက်
Radio NUG
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သည် ၎င်းတို့ထိန်းချုပ်ထားသော မြို့နယ်များကို ထပ်မံလက်မလွှတ်ရရေးအတွက် မဟာမိတ်အင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ဩဂုတ်လ ၅ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နောင်ချိုမြို့ကို အရပ်သားပြည်သူများ ထိခိုက်မှုမရှိစေရန် ရည်ရွယ်၍ လက်လွှတ်ခဲ့ရသော်လည်း၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်အပါအဝင် အခြားမြို့နယ်များကို ဆက်လက်ထိန်းသိမ်းရန် မဟာမိတ်များနှင့် ပူးပေါင်းလုပ်ဆောင်နေတယ်လို့ ၎င်းက ဆိုပါတယ်။
"ကျွန်မတို့အနေနဲ့ ပြည်သူလူထုဘက်က ရပ်တည်ပြီး တော်လှန်ရေးပန်းတိုင်ကို အောင်မြင်အောင် ဆောင်ရွက်သွားမှာပါ။ မဟာမိတ်တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်နေပြီး အားလုံးပါဝင်လာနိုင်ဖို့လည်း ကြိုးပမ်းနေပါတယ်" လို့ လွေးယေဦးက ပြောကြားခဲ့ပါတယ်။
TNLA သည် တရုတ်နိုင်ငံ၏ ဖိအားပေးမှုနှင့် စစ်ကောင်စီ၏ စစ်ရေးဖိအားများကို ရင်ဆိုင်နေရကြောင်း ၎င်းက ထုတ်ဖော်ပြောဆိုသည်။ တရုတ်နိုင်ငံက ရှမ်းမြောက်ဒေသတွင် တိုက်ပွဲများ မဖြစ်ပွားရန် ဖိအားပေးနေသော်လည်း၊ စစ်ကောင်စီသည် မိုးကုတ်၊ သပိတ်ကျင်း၊ သီပေါ၊ ကျောက်မဲစသည့် မြို့နယ်များတွင် လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ၎င်းက ဆိုပါတယ်။
ဇူလိုင်လအတွင်း နောင်ချိုမြို့တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၅၆ ကြိမ်၊ လက်နက်ကြီးဖြင့် ၁,၆၅၅ ကြိမ်၊ ဒရုန်းဖြင့် ၆၆၁ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး၊ အဆိပ်ငွေ့ဗုံးများပါ အသုံးပြုခဲ့ပြီး အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့ကို ဆုတ်ခွာပေးလိုက်ရတယ်လို့ လွေးယေဦးက ပြောကြားခဲ့ပါတယ်။
ဩဂုတ်လအတွင်း တရုတ်နိုင်ငံ၏ ကြားဝင်စီစဉ်မှုဖြင့် TNLA နှင့် စစ်ကောင်စီတို့ တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသော်လည်း၊ TNLA သည် ၎င်းတို့၏ မူဝါဒများအတိုင်း ပြည်သူလူထုဘက်မှ ရပ်တည်ပြီး ဆွေးနွေးသွားမယ်လို့ လွေးယေဦးက ဆိုပါတယ်။
စစ်ကောင်စီက ၎င်းတို့သိမ်းပိုက်ထားသော မြို့နယ်များကို ပြန်လည်တောင်းယူရန် ကြိုးပမ်းနေသော်လည်း၊ TNLA က ၎င်းတို့အား ပြန်လည်လွှဲပြောင်းပေးရန် အလျှင်အမြန် သဘောမတူဘူးလို့ ပြောကြားခဲ့ပါတယ်။
"စစ်ကောင်စီက မြို့နယ်တွေ ပြန်လွှဲပေးဖို့ တောင်းဆိုနေပေမယ့် ဒီလိုရပ်တည်ချက်နဲ့ဆိုရင် ဆွေးနွေးပွဲက ရလဒ်ထွက်လာမှာ မဟုတ်ပါဘူး" လို့ ၎င်းက ပြောကြားပါတယ်။
TNLA ထိန်းချုပ်နယ်မြေများတွင် ကျားဖြန့်လုပ်ငန်းများကို အကာအကွယ်ပေးနေသည်ဟူသော စွပ်စွဲချက်များကို လွေးယေဦးက ငြင်းဆိုခဲ့ပါတယ်။
"ကျားဖြန့်လုပ်ငန်းတွေကို အကာအကွယ်ပေးနေတယ်ဆိုတာ သတင်းအမှားပါ။ ကျွန်မတို့က ဒီလုပ်ငန်းတွေကို ထိထိရောက်ရောက် နှိမ်နင်းနေပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
ဇွန်လ ၁၀ ရက်က နမ့်ခမ်း၊ နမ္မတူ၊ ကွတ်ခိုင်မြို့နယ်များတွင် ကျားဖြန့်လုပ်ငန်းနှင့် ပတ်သက်သူ ၁၂ ဦးကို ဖမ်းဆီးပြီး တရုတ်အာဏာပိုင်များထံ လွှဲပြောင်းပေးခဲ့ကြောင်း၊ ၎င်းတို့သည် တရုတ်နိုင်ငံသားများဖြစ်ပြီး၊ ယင်းလုပ်ငန်းများကို နှိမ်နင်းရန် ဆက်လက်ဆောင်ရွက်နေကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။
"ပြည်သူလူထုအနေနဲ့ ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်တဲ့ သတင်းတွေ သိရှိရင် ကျွန်မတို့ကို သတင်းပို့ပေးပါ။ ကျွန်မတို့က ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိပါတယ်" လို့ လွေးယေဦးက တိုက်တွန်းထားပါတယ်။
========================
🚩🚩 ၂။ စစ်ကောင်စီက DKBA စစ်ရေးချုပ်နေအိမ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်
ဩဂုတ်လ ၅ ရက်
Radio NUG
DKBA ၏ စစ်ရေးချုပ် ဗိုလ်မှူးကြီးစောစိန်ဝင်း၏ မြဝတီမြို့နယ်၊ ဝေါလေရှိ နေအိမ်ကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်နှင့် ကားဂိုဒေါင် ပျက်စီးသွားခဲ့သော်လည်း လူထိခိုက်မှု မရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များမှ သိရပါတယ်။
ထိုတိုက်ခိုက်မှုသည် ဩဂုတ်လ ၃ ရက်က ဖြစ်ပွားခဲ့ပြီး၊ စစ်ကောင်စီက ကာမိကာဇေ အသေခံဒရုန်းများကို အသုံးပြုခဲ့တယ်လို့ သိရပါတယ်။
DKBA စစ်ရေးချုပ်၏ နေအိမ်ကို စစ်ကောင်စီက ဦးတည်တိုက်ခိုက်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ပြီး၊ ထိုနေရာကို သိလျက်နှင့် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
ဗိုလ်မှူးကြီးစောစိန်ဝင်းသည် အဆိုပါနေအိမ်တွင် နေထိုင်ခြင်း မရှိတော့သည်မှာ ကြာမြင့်ပြီဖြစ်သော်လည်း၊ တိုက်ခိုက်မှုကြောင့် DKBA အတွင်း တပ်လှန့်မှုများ ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။
"DKBA အနေနဲ့ စစ်တပ်ကို တရားဝင်ထုတ်ဖော်ပြီး ဆန့်ကျင်တာမျိုး မရှိပေမယ့် စစ်ကောင်စီကို မကူညီပါဘူး။ ဒါကြောင့် စစ်တပ်က DKBA ကို ရန်သူအဖြစ် ရှုမြင်ပြီး တိုက်ခိုက်လာတာဖြစ်နိုင်တယ်" ဟု သတင်းရင်းမြစ်က ထပ်လောင်းပြောကြားသည်။
မြဝတီအနီးရှိ ဝေါလေ ဗျူဟာကုန်းစစ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များက ပိတ်ဆို့တိုက်ခိုက်နေပြီး စစ်ကောင်စီ၏ မြေပြင်စစ်ကူများ မရောက်ရှိနိုင်သဖြင့် လေကြောင်းမှ ရိက္ခာနှင့် လက်နက်ခဲယမ်းများ ကြဲချရာ ထိုပစ္စည်းများကို KNLA ပူးပေါင်းတပ်များက ရယူထားနိုင်တယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ ဟိုပင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် SNA အင်ကြင်းကုန်းတွင် ထိတွေ့တိုက်ပွဲဖြစ်ပွား၊ KPDF ရဲဘော်တစ်ဦး ကျဆုံး
ဩဂုတ်လ ၅ရက်
Radio NUG
ကချင်ပြည်နယ်၊ ဟိုပင်မြို့နယ်၊ အင်ကြင်းကုန်းတွင် ဟိုပင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) နှင့် ရှမ်းနီအမျိုးသားတပ်မတော် (SNA) နှင့် ပြည်သူ့စစ်များအကြား ဩဂုတ်လ ၁ ရက်က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ SNA ဘက်မှ အရာရှိအဆင့် ၂ ဦးနှင့် အခြားအဆင့် ၄ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း KPDF ၏ သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။
တိုက်ပွဲအတွင်း KPDF မှ ရဲဘော်တစ်ဦး တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးလှူခဲ့ရကြောင်း ဖော်ပြထားပါတယ်။
KPDF က ထိတွေ့တိုက်ပွဲများ အကြိမ်ကြိမ်ဖြစ်ပွားခဲ့သော်လည်း၊ ဆက်သွယ်ရေးအခက်အခဲများနှင့် လူမှုကွန်ရက်စာမျက်နှာ အဆင်မပြေမှုများကြောင့် သတင်းထုတ်ပြန်မှုများ နှောင့်နှေးခဲ့ရတယ်လို့ အသိပေးထားပါတယ်။
========================
🚩🚩 ၄။ မုံရွာ - မန္တလေး လမ်းပိုင်းမှာ ကင်းပုန်းဝပ်ဖို့ ထွက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့အား ပစ်ခတ်တိုက်ခိုက်
ဩဂုတ်လ ၅ ရက်၊
Radio NUG
မုံရွာ-မန္တလေး လမ်းပိုင်းမှာ ကင်းပုန်းဝပ်ရန် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဂွေးပင်တော ဂိတ်စခန်းမှ ထွက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့ People's Defence Force - South Monywa က သတင်းထုတ်ပြန်ထားပါတယ်။
ဩဂုတ်လ ၄ ရက်၊ နေ့လယ် ၁ နာရီ ၅၀ မိနစ် အချိန်မှာ ဂွေးပင်တော ဂိတ်စခန်းမှ ကင်းပုန်းဝပ်ဖို့ ထွက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ ဦးအား ဆင်နှစ်ကောင် ဘုန်းကြီးကျောင်း အနီးမှာ အသင့်စောင့်ကြို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ၁ ဦး နေရာမှာပဲ သေဆုံးသွားခဲ့ပြီး ကျန် ၄ ဦးမှာ ဘုန်းကြီးကျောင်းထဲ ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။
မုံရွာ-မန္တလေး လမ်းပိုင်းကို အသုံးပြုနေကြတဲ့ ပြည်သူများ အနေဖြင့် စစ်ကောင်စီ ကားတန်းများနဲ့ ကြုံတွေ့ပါက ခပ်ဝေးဝေးမှ ရှောင်ရွားကြဖို့နဲ့ တိုက်ပွဲဖြစ်ပွားနေတာနဲ့ ကြုံတွေ့ပါက ရောက်တဲ့နေရာမှာ ရပ်တန့်ပေးကြဖို့ PDF - South Monywa မုံရွာခရိုင် အမှတ် ၁၁ တပ်ရင်းက မေတ္တာရပ်ခံ ထားပါတယ်။
========================
🚩🚩 ၅။ ဝင်းဝ ရွာသား တစ်ဦးကို စစ်ကောင်စီတပ်က မတရား ဖမ်းဆီးသတ်ဖြတ်ခဲ့
ဩဂုတ်လ ၅ ရက်၊
Radio NUG
ကရင့်အမျိုးသား အစည်းအရုံး၊ မြိတ် - ထားဝယ် ခရိုင်၊ ဝင်းဝ ကျေးရွာမှ ရွာသား တစ်ဦးကို စစ်ကောင်စီတပ်က မတရား ဖမ်ဆီးသတ်ဖြတ်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
ဩဂုတ်လ ၃ ရက်နေ့က ဝင်းဝရွာ အခြေစိုက် စစ်ကောင်စီရဲ့ ခလရ (၄၀၃) တပ်စခန်းကနေ ထွက်ပြေးသွားခဲ့တဲ့ စစ်ကောင်စီ တပ်သား ၂ ဦးကို လိုက်လံဖမ်းဆီးရင်း ည ၁၁ နာရီ အချိန်မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ဝင်းဝရွာထဲ ဝင်ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။
ထို့နောက် ကျေးရွာအတွင်းရှိ ရွာသူရွာသားများကို ဖမ်းဆီးကာ စစ်ဆေးမေးမြန်းခဲ့ပြီး အသက် (၅၈) နှစ်အရွယ်ရှိ ဝင်းဝရွာသား ဦးသန်းစိုး ဆိုသူကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။
ထို့ပြင် အခြားသော ရွာသူရွာသားများကိုလည်း စစ်စခန်းအတွင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ညနက်သန်းခေါင် ၁ နာရီ ဝန်းကျင်အချိန်မှ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ ဝင်းဝ တပ်စခန်းကနေ ထွက်ပြေး လွတ်မြောက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦးဟာ ကရင့်အမျိုးသား လွတ်မြောက်ရေး တပ်မတော် - KNLA တပ်မဟာ (၄) တပ်ရင်း (၁၂) တပ်ခွဲ (၂) ထံကို ဩဂုတ်လ ၄ ရက်နေ့က လက်နက်နဲ့တကွ အလင်းဝင်ရောက်ခဲ့တယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၆။ ရေစကြိုမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဟောင်ဝှစ်ဇာဖြင့် ပစ်ခတ်ခဲ့ရာ အသက် ၂ နှစ်အရွယ် ကလေးငယ် တစ်ဦး သေဆုံး
ဩဂုတ်လ ၅ ရက်၊
Radio NUG
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့ စည်ပင်ပန်းခြံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဟောင်ဝှစ်ဇာများဖြင့် ပစ်ခတ်ခဲ့တာကြောင့် အသက် (၂) နှစ်အရွယ် ကလေးငယ် တစ်ဦး သေဆုံးခဲ့တယ်လို့ Yesagyo Township Info Committee က ထုတ်ပြန်ထားပါတယ်။
ဩဂုတ်လ ၄ ရက်၊ နေ့လယ် ၁၂ နာရီခန့်မှာ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တဲ့ ဟောင်ဝှစ်ဇာ လက်နက်ကြီးကြောင့် မီးလောင်ကျွန်းရွာ (ရွာကွဲ) နှစ်ရွာကြားက ကျွန်းပေါ်ကို ၂ လုံး၊ မီးလောင်ကျွန်း တောင်ဘက်ရွာရဲ့ အရှေ့မြောက်ဘက်မှာ ၁ လုံးနဲ့ ဖြုံဘူးရွာ တောင်ဘက်က ဘောလုံးကွင်း အနီးမှာ ၂ လုံး ကျရောက်ပေါက်ကွဲ ခဲ့ပါတယ်။
လက်နက်ကြီး ပေါက်ကွဲမှုကြောင့် ဖြုံဘူးရွာမှ အသက် ၂ နှစ်အရွယ် မောင်ပေါက်စီရဲ့ ဦးခေါင်းကို အစထိမှန်ကာ သေဆုံးသွားခဲ့ပြီး အသက် ၆၇ နှစ်အရွယ် ဦးဝင်းကြည် ခြေထောက်နဲ့ တင်ပါးတို့မှာ ထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ရေစကြို မြို့နယ်က စစ်ကောင်စီ တပ်ဖွဲ့ဟာ ဟောင်ဝှစ်ဇာ လက်နက်ကြီးများဖြင့် နေ့စဉ်လိုလို ရမ်းကား ပစ်ခတ်နေပြီး ပြည်သူများကို ဆင်းရဲဒုက္ခ မျိုးစုံ ပေးနေကြောင်း သိရှိရပါတယ်။
========================
🚩🚩 ၇။ သရက်ကန် ပျူရွာမှ ပြည်သူတစ်ဦး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေထံ ခိုလှုံလာခဲ့
ဩဂုတ်လ ၅ ရက်၊
Radio NUG
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ပျူရွာမှ ပြည်သူတစ်ဦး အမြင်မှန်ရပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေထံ ခိုလှုံလာခဲ့တယ်လို့ TYK ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
သရက်ကန်ရွာမှ အသက် ၆၀ ကျော်အရွယ် ဦးဝင်းစိန် ဆိုသူဟာ ပျူစောထီးတွေ ထိန်းချုပ်ထားတဲ့ ရွာမှာ နေထိုင်လိုခြင်း မရှိတာကြောင့် ဩဂုတ်လ ၄ ရက်နေ့မှာ ထွက်ခွာလာခဲ့တာလို့ ဆိုပါတယ်။
ဦးဝင်းစိန်ဟာ ကျန်းမာရေးလည်း မကောင်းတာကြောင့် တော်လှန်ရေး တပ်ဖွဲ့တွေက ဆေးကုသမှုပေးခဲ့ပြီး ၎င်း နေထိုင်လိုတဲ့ အရပ်ကို ပို့ဆောင်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ ကယ်ထုတ်မှုကို ဒေါင်းမာန် အဖွဲ့က ဦးဆောင်ပြီး TYK ပြောက်ကျား တပ်ဖွဲ့နှင့်အတူ ခေါ်ထုတ်ပေးခဲ့တာ ဖြစ်တယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၈။ 4th Birthday Project ကမ်ပိန်းမှ ရရှိမှုများကို ကျည်ကာဦးထုပ်၊ ကျည်ကာအင်္ကျီ၊ ကျည်ကာပြား အစုံ ၄၇ စုံ ဝယ်ယူရရှိတပ်ဆင်နိုင်ခဲ့တယ်လို့ DMO Local PDF အသိပေးကြေညာ
သြဂုတ်လ ၅ရက်
Radio NUG
DMO Local PDF မှ မေလ၁ရက်မှ ဇွန်လ၇ရက်အထိ ရက်ပေါင်း ၃၈ ရက်ပြုလုပ်ခဲ့သော 4th Birthday Project ကမ်ပိန်းမှ (72.14%) ရရှိခဲ့ရာ ကျည်ကာဦးထုပ်၊ ကျည်ကာအင်္ကျီ၊ ကျည်ကာပြား အစုံ ၄၇ စုံဝယ်ယူရရှိ တပ်ဆင်နိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။
အဆိုပါပစ္စည်းများအား တပ်ရင်းတပ်ခွဲဌာနအသီးသီးကို ခွဲဝေပေးပြီးစီးကြောင်း DMO Local PDF Fundraising Page မှ အတည်ပြုထားပါတယ်။
နောက်ထပ်ပြုလုပ်ထားတဲ့ "ဆေးဝါးဖြည့်ပါ ၆ လစာကမ်ပိန်း" မှာလည်း တော်လှန်ပြည်သူညီအစ်ကိုမောင်နှမများက ပူးပေါင်းပါဝင်ပေးကြဖို့ ဖိတ်ခေါ်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် သာကီ၊ ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment