၂၀၂၅ စက်တင်ဘာလ ၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ဧရာဝတီတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ အစည်းအဝေးကျင်းပပြုလုပ်
📌 ၂။ လူ့အခွင့်အရေးဆိုင်ရာတာဝန်ခံတွေကို အမျိုးသမီးနှင့် ကလေးကာကွယ်စောင့်ရှောက်ရေး နည်းပြသင်တန်း ဩဂုတ်လအတွင်း ပြုလုပ်ပေးခဲ့
📌 ၃။ (၅၃) နှစ်ပြည့် တအောင်းစာပေနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပခဲ့
📌 ၄။ ကျောက်မဲမြို့နယ်က စစ်ဘေးရှောင် ပြည်သူများကို SSPP/SSA မှ စားနပ်ရိက္ခာများ ကူညီထောက်ပံ့
📌 ၅။ ဘုတလင်နှင့် ပုလဲမြို့နယ်တွင်းရှိ ရေရှည်စစ်ဘေးဒဏ်ခံကျေးရွာများသို့ ကွန်ရက်ဆေးအဖွဲ့မှ အခမဲ့ဆေးကုသပေး
📌 ၆။ ရေနံချောင်းမြို့နယ်တွင် ဘုန်းကြီးကျောင်းအတွင်း စစ်တပ်က လူငယ် ၄ ဦးကို ပေါ်တာဆွဲ ဖမ်းဆီး
========================
၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းတွင် တိုက်ပွဲပြင်းထန်၊ စစ်တပ်ဘက်မှ ၇၀ ကျော်သေဆုံးရာတွင် စစ်မှုထမ်းတပ်သားသစ်များ အများဆုံးပါဝင်
🚩 ၂။ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၊ အရာရှိ အပါအဝင် ၈ ဦး သေဆုံး
🚩 ၃။ မြောင်လမ်းခွဲမှ ထွက်လာတဲ့ စစ်ကော်မရှင် ကား ၂ စီးကို စောင့်ကြိုတိုက်ခိုက်ခဲ့၊ ၁၃ ဦး သေဆုံးခဲ့ပြီး လက်နက် ၂ လက် သိမ်းဆည်းရရှိ
🚩 ၄။ ပဒဲကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင် တပ်ဖွဲ့ကို ၂ ကြိမ်တိုင် ခုခံတိုက်ခိုက်ခဲ့
🚩 ၅။ ပေါက်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ရေနံမှော်နှင့် ကျေးရွာများကို မီးရှို့ဖျက်ဆီး
🚩 ၆။ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ ဗုံးကြဲတိုက်ခိုက်မှုတွင် အမျိုးသမီး ၃ ဦး သေဆုံး၊ ဒဏ်ရာရသူ များပြား
🚩 ၇။ ဖားကန့်မြို့နယ်တွင် စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရ
🚩 ၈။ ထားဝယ်ခရိုင် ရဲမှူးရုံးမှ ဒုရဲအုပ် တစ်ဦး ဓဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော်ထံ လက်နက်ချ အလင်းဝင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ဧရာဝတီတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ အစည်းအဝေးကျင်းပပြုလုပ်
ဩဂုတ် ၃၁
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ဧရာဝတီတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၉/၂၀၂၅)ကို ဩဂုတ်လ ၃၁ရက် မနက်(၁၀:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေး၌ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်၊ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးမှ အဖွင့်အမှာစကားပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။
အစည်းအဝေးတွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ အုပ်ချုပ်ရေးဆိုင်ရာ ပေါင်းစပ်လုပ်ငန်းများနှင့်ပတ်သက်၍ သိရှိလိုသည်များကို ဆွေးနွေးခဲ့ကြရာ ဝန်ကြီးဌာန အသီးသီး၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါတွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဧရာဝတီတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လယ် (၁၁:၃၀) နာရီအချိန်တွင် ရပ်နားခဲ့ပါတယ်။
========================
📌📌 ၂။ လူ့အခွင့်အရေးဆိုင်ရာတာဝန်ခံတွေကို အမျိုးသမီးနှင့် ကလေးကာကွယ်စောင့်ရှောက်ရေး နည်းပြသင်တန်း ဩဂုတ်လအတွင်း ပြုလုပ်ပေးခဲ့
ဩဂုတ် ၃၁
Radio NUG
စစ်ကိုင်းနဲ့ မကွေးတိုင်းမှာရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်ရေးဆိုင်ရာတာဝန်ခံတွေကို အမျိုးသမီးနဲ့ ကလေးသူငယ်တွေကို ကာကွယ်စောင့်ရှောက်နိုင်ဖို့ အသိပညာပေးတဲ့ ငါးရက်တာသင်တန်းကို ဩဂုတ်လထဲမှာ ပြုလုပ်ခဲ့ကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ပါတယ်။
ငါးရက်ကြာပြုလုပ်တဲ့ အဆိုပါသင်တန်းတွင် ကလေးသူငယ်အခွင့်အရေး၊ ကလေးများ၏ ကာကွယ်စောင့်ရှောက်မှု ခံယူပိုင်ခွင့်၊ ဂျန်ဒါအခြေပြု အကြမ်းဖက်မှု၊ ကလေးများအပေါ် ကြီးလေးသော ချိုးဖောက်မှုများ (6 Graves Violations)၊ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ပဋိပက္ခဆက်စပ်လိင်အကြမ်းဖက်မှု (CRSV) အပါအဝင် အမျိုးသမီးနဲ့ ကလေးငယ်တွေနဲ့ ပတ်သက်ပြီး အခြေခံ သိသင့်တဲ့ အခွင့်အရေးတွေကို သက်ဆိုင်ရာ သင်တန်းနည်းပြတွေက မျှဝေပို့ချခဲ့သလို လူမှုအဖွဲ့အစည်းအတွင်းက သတ်မှတ်ချက်တွေကိုလည်း အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
ထို့အပြင် ချိုးဖောက်မှုတွေကို စနစ်တကျ တိုင်ကြားရမယ့် တိုင်ကြားမှုယန္တရားတွေကိုလည်း အသေးစိတ် သင်ကြားပို့ချခဲ့တယ်လို့ သိရပါတယ်။
သင်တန်းမှာ ပါဝင်တက်ရောက်ကြတဲ့ ရေးရာတာဝန်ခံတွေကလည်း မြေပြင်မှာ ကြုံနေရတဲ့ အခြေအနေတွေကို အပြန်အလှန်ဆွေးနွေးခြင်း၊ အုပ်စုဖွဲ့ဆွေးနွေးခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ အသိပေးထားပါတယ်။
အဆိုပါသင်တန်းတွင် သင်တန်းပို့ချမှုတွေအပြင် လူ့အခွင့်ရေးဆိုင်ရာတာဝန်ခံတွေအနေနဲ့ မိမိတို့ ရပ်ရွာအတွင်းမှာ သင်တန်းနည်းပြဆရာအဖြစ် ပြန်လည်မျှဝေပို့ချမှုတွေ လုပ်ဆောင်နိုင်အောင်လည်း ဆွေးနွေးခဲ့ကြသလို သင်တန်းပြန်လည်ပို့ချလိုတဲ့ ရေးရာတာဝန်ခံတွေကလည်း အဆိုပြုခဲ့ကြပါတယ်။
သင်တန်းတက်ရောက်ခဲ့သူ ရေးရာတာဝန်ခံတစ်ဦးကလည်း အခုလိုသင်တန်းတွေ ပို့ချခြင်းနဲ့ ပြန်လည်မျှဝေနိုင်အောင် ဝန်ကြီးဌာနဘက်က လုပ်ဆောင်ပေးတာဟာ အသိပညာနဲ့ နားလည်မှုတွေ ပိုတိုးတက်လာစေသလို "ဒီသင်တန်းကနေ ရရှိလာတဲ့ ဗဟုသုတတွေဟာ ကျွန်တော်တို့ရဲ့ ရပ်ရွာထဲက အမျိုးသမီးတွေနဲ့ ကလေးတွေရဲ့ ဘဝအတွက် တကယ်ကို အကျိုးရှိစေမယ့် အသိပညာတွေပါ။ ဒီအသိပညာတွေကို ပြန့်ပွားစေပြီး ဒေသခံတွေရဲ့ ကာကွယ်စောင့်ရှောက်မှုစွမ်းရည်ကို မြှင့်တင်ပေးနိုင်မှာကို ဝမ်းသာမိပါတယ်" ဟု မှတ်ချက်ပြုခဲ့တယ်လို့ သိရှိရပါတယ်။
========================
📌📌 ၃။ (၅၃) နှစ်ပြည့် တအောင်းစာပေနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပခဲ့
ဩဂုတ်လ ၃၁ ရက်၊
Radio NUG
၂၀၂၅၊ ဩဂုတ်လ ၃၀ ရက်မှာ ကျရောက်တဲ့ (၅၃) နှစ်ပြည့် တအောင်းစာပေနေ့ အထိမ်းအမှတ် အခမ်းအနားကို တအောင်းပြည်၊ တပ်မဟာ (၆) နယ်မြေ၊ နမ့်ခမ်းမြို့နယ်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ PSLF/TNLA က ထုတ်ပြန်ထားပါတယ်။
တအာင်းစာ အဖွဲ့က ဦးစီးကျင်းပခဲ့တဲ့ အထိမ်းအမှတ် အခမ်းအနားကို PSLF/TNLA မှ ဒု-ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား၊ ဗိုလ်မှူးချုပ် တားဂူ;ဂျား တို့နဲ့အတူ တအောင်းစာ အဖွဲ့ချုပ်မှ ဦးလှအောင်တို့ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
ထို့အပြင် PSLF/TNLA မှ ခေါင်းဆောင်ကြီးများ၊ အရာရှိ အရာခံများ၊ တအာင်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီ အဖွဲ့ဝင်များ၊ တအာင်းစာ သင်ကြားရေးအဖွဲ့ နှင့် မိဘပြည်သူများ ၂၀၀ နီးပါး ပါဝင်ဆင်နွှဲ တက်ရောက်လာကြပြီး တအောင်းအကယ်ဒမီ ကျောင်းသူ/သားများ၊ ကျေးရွာအတွင်းရှိ လူငယ်များနဲ့ တအောင်းစာအဖွဲ့ အကမောင်မယ်များက ကပြဖျော်ဖြေ ခဲ့ကြတယ်လို့ သိရပါတယ်။
တအောင်း စာပေနေ့ အထိမ်းအမှတ် အနေဖြင့် တအောင်းစာပေအဖွဲ့ - TLA မှ ဦးဆောင်ပြီး တအောင်းဘာသာ ရုံးသုံးစာဖြင့် ဆောင်းပါး၊ ကဗျာ၊ ကာတွန်း၊ ဘာသာပြန်ဆောင်းပါး၊ ဝတ္ထုတို ပြိုင်ပွဲများကို ပြုလုပ်ပေးခဲ့ပြီး ဆုရရှိ သူများကိုလည်း ဂုဏ်ပြုချီးမြှင့်ပေးခဲ့ပါတယ်။
ယခုနှစ် တအောင်းစာပေနေ့မှာ တအောင်းမျိုးနွယ်စုများ အားလုံးစုပေါင်းပြီး တမူတည်းသော ရုံးသုံးစာ/ဘာသာ စကားကို တိုးတက်ပြန့်ပွားစေဖို့ ယခင် တအောင်းစာပေ အဖွဲ့အစည်းများ စုပေါင်းပြီး တအာင်းစာပေအဖွဲ့ (TLA) ကို ဖွဲ့စည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၄။ ကျောက်မဲမြို့နယ်က စစ်ဘေးရှောင် ပြည်သူများကို SSPP/SSA မှ စားနပ်ရိက္ခာများ ကူညီထောက်ပံ့
ဩဂုတ်လ ၃၁ ရက်၊
Radio NUG
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) အုပ်ချုပ်ရေးနယ်မြေ၊ နောင်ပိန်ကျေးရွာအုပ်စုမှ တန်ခွန်တိုင်ကျေးရွာအုပ်စုကို ရောက်ရှိခိုလှုံနေတဲ့ စစ်ဘေးရှောင် ပြည်သူများကို စားနပ်ရိက္ခာများ ကူညီပေးခဲ့တယ်လို့ SSPP info က ထုတ်ပြန်ထားပါတယ်။
ဩဂုတ်လ ၃၀ ရက်နေ့က SSPP/SSA ခရိုင် (၁၁) ခရိုင်အုပ်ချုပ်ရေးဌာနနှင့် မြို့နယ် (၂၀) မှ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဌာနတို့က တန်ခွန်တိုင် ကျေးရွာအုပ်စုရှိ ခိုတင့်ရွာ ဘုန်းကြီးကျောင်း၊ နမ့်လင်းနဲ့ ခဲမွန်ကျေးရွာတို့မှာ ရောက်ရှိနေတဲ့ စစ်ဘေးရှောင် ပြည်သူများကို သွားရောက်တွေ့ဆုံ ကူညီထောက်ပံ့ ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဘေးရှောင်ပြည်သူ (၂၀၈) ဦးအတွက် ကျပ်ငွေ (၁၇) သိန်း တန်ဖိုးရှိ စားသောက်ဖွယ်ရာများ ဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ဟင်းချိုမှုန့် တို့ကို ကူညီထောက်ပံ့ပေးခဲ့ကာ အားပေးစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ကျောက်မဲမြို့နယ်အတွင်းက နောင်ပင်၊ လုပ်ပါ၊ လုပ်အင်၊ ပန်တီး၊ နောင်ပစ်၊ ပန်မခေါ်၊ လုံကြိမ်၊ ပင်တင်၊ ခွန်ညု၊ နောင်ပင်လမ်းခွဲ ကျေးရွာတို့မှာ တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေတာကြောင့် ဒေသခံပြည်သူ ၆,၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင် နေရတာ ဖြစ်ပါတယ်။
========================
📌📌 ၅။ ဘုတလင်နှင့် ပုလဲမြို့နယ်တွင်းရှိ ရေရှည်စစ်ဘေးဒဏ်ခံကျေးရွာများသို့ ကွန်ရက်ဆေးအဖွဲ့မှ အခမဲ့ဆေးကုသပေး
ဩဂုတ် ၃၁
Radio NUG
ဩဂုတ်လ ၃၁ရက်နေ့တွင် ဘုတလင်မြို့နယ်တွင်းရှိ ရေရှည်စစ်ဘေးဒဏ်ခံကျေးရွာများမှ ပြည်သူများအား မြေပြင်ဆေးဝါးကုသမှုပေးတဲ့ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ ကွန်ရက်၏ ဘုတလင်မြို့နယ်တာဝန်ခံအဖွဲ့မှ အခမဲ့ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်မှ သတင်းဖော်ပြထားပါတယ်။
အလားတူ ဩဂုတ်လ ၃၀ရက်နေ့ကလည်း ပုလဲမြို့နယ်တွင်းရှိ ရေရှည်စစ်ဘေးဒဏ်ခံကျေးရွာများမှ ပြည်သူများအား မြေပြင်ဆေးဝါးကုသမှုပေးတဲ့ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ ကွန်ရက်၏ ပုလဲမြို့နယ်တာဝန်ခံအဖွဲ့မှ အခမဲ့ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ဆေးဝါးကုသမှုများကို စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်၏ မိတ်ဖက်အလှူရှင်အဖွဲ့အစည်းများ၊ အလှူရှင်များ၏ ကူညီထောက်ပံ့ပေးမှုဖြင့် လှုပ်ရှားဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ပံ့ပိုးကူညီလိုပါက စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်သို့ ချိတ်ဆက်နိုင်ကြောင်း အသိပေးထားပါတယ်။
========================
📌📌 ၆။ ရေနံချောင်းမြို့နယ်တွင် ဘုန်းကြီးကျောင်းအတွင်း စစ်တပ်က လူငယ် ၄ ဦးကို ပေါ်တာဆွဲ ဖမ်းဆီး
ဩဂုတ် ၃၁
Radio NUG
ဩဂုတ်လ ၃၀ ရက်၊ ဝါတွင်းဥပုသ်နေ့တွင် ရေနံချောင်းမြို့နယ်၊ ဂျုပ်ပင်ကျေးရွာရှိ ရွာဦးဘုန်းကြီးကျောင်းတွင် ဆွမ်းလောင်းရေစက်ချပွဲ ပြုလုပ်နေစဉ် ရေနံချောင်းမြို့နယ်၊ လက်မှတ်ကုန်းနယ်မြေရဲစခန်းမှ ရဲစခန်းမှူး ရဲအုပ် ချမ်းမြေ့အောင် ဦးစီးသည့် စစ်သားနှင့် ရဲအဖွဲ့က ကျေးရွာသား တစ်ဦးကို ခေါ်ဆောင်လာပြီး ဘုန်းကြီးကျောင်းသားများကို ဖမ်းဆီးခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။
ဖမ်းဆီးခံရသူ ၄ ဦးအနက် ၃ ဦးမှာ မိဘများနှင့် ဘုန်းကြီးများ၏ ကြိုးပမ်းမှုဖြင့် ငွေပေးချေပြီး လွတ်မြောက်ခဲ့သော်လည်း ကျန် ၁ ဦးမှာ လွတ်မြောက်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။
ရဲစခန်းမှူး ရဲအုပ်ချမ်းမြေ့အောင်သည် ရေနံချောင်းမြို့နယ်အတွင်း ကျေးရွာများတွင် ပေါ်တာဆွဲဖမ်းဆီးမှုများနှင့် ငွေညှစ်မှုများ အကြိမ်ကြိမ် လုပ်ဆောင်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းတွင် တိုက်ပွဲပြင်းထန်၊ စစ်တပ်ဘက်မှ ၇၀ ကျော်သေဆုံးရာတွင် စစ်မှုထမ်းတပ်သားသစ်များ အများဆုံးပါဝင်
ဩဂုတ် ၃၁
Radio NUG
ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းသို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ်ကို KNU၊ KNLA၊ KNDO နှင့် PDF ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ရာ ၇၀ ကျော်သေဆုံးပြီး ဒဏ်ရာရသူ ၆၀ နီးပါး ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်များမှ သိရပါတယ်။
ဩဂုတ်လ ၉ ရက်နှင့် ၁၅ ရက်တို့တွင် တတန်ကူးကျေးရွာအနီးတွင် ဖြစ်ပွားခဲ့သည့် ပြင်းထန်တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်တပ်သည် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ခဲ့ပြီး ဗျူဟာ ၃၁ အပါအဝင် ပူးပေါင်းတပ်များ၏ ခုခံတိုက်ခိုက်မှုကြောင့် အထိနာကာ အကြိမ်ကြိမ် နောက်ပြန်ဆုတ်ခဲ့ရသော်လည်း အကြမ်းဖက်စစ်တပ်က အင်အားထပ်မံဖြည့်တင်းပြီး ထိုးစစ်ဆက်လက်ဆင်နွှဲနေတယ်လို့ သိရပါတယ်။
သေဆုံးသူတွေထဲမှာ စစ်မှုထမ်းတပ်သားသစ်လူငယ်တွေ အများဆုံးပါဝင်ပြီး လက်နက်ခဲယမ်းတွေလည်း အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် ဩဂုတ်လ ၂၈ ရက်တွင် အကြမ်းဖက်စစ်တပ်သည် အင်အား ၅၀၀ ကျော်နှင့် စစ်ကား ၅၀ ကျော်ပါဝင်သည့် ယာဉ်တန်းဖြင့် အာရှလမ်းမဘက်သို့ အင်အားဖြည့်တင်းလာခဲ့ပြီး ဒရုန်းဗုံးကြဲတပ်ဖွဲ့၊ ယန္တယားတပ်ဖွဲ့၊ လက်နက်ကြီးမစ်ဇိုင်းတပ်ဖွဲ့ နှင့် စစ်မှုထမ်းတပ်သားသစ်များ ပါဝင်သည့် တပ်ပေါင်းစုဖြင့် မြေပြင်ထိုးစစ်ကို အရှိန်မြှင့်လျက်ရှိတယ်လို့ သိရပါတယ်။
========================
🚩🚩 ၂။ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၊ အရာရှိ အပါအဝင် ၈ ဦး သေဆုံး
ဩဂုတ်လ ၃၁ ရက်၊
Radio NUG
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်ရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) အတွင်းကို ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိ ၃ ဦးနဲ့ စစ်သည် ၅ ဦး သေဆုံးခဲ့တယ်လို့ Chindwin Rocket Brothers အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဩဂုတ်လ ၂၉ ရက်နေ့မှာ ရော့ကတ် ၁၀ လုံးနဲ့ ဩဂုတ်လ ၂၆ ရက်နေ့မှာ ရော့ကတ် ၁၀ လုံး စုစုပေါင်း Rocket အလုံး ၂၀ ကို နှစ်ကြိမ်တိုင် ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်တိုင်းရုံးမှ အရာရှိ ၃ ဦးနဲ့ စစ်သည် ၅ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ အပြင်းအထန် ဒဏ်ရာရခဲ့တဲ့ စစ်သည် ၇ ဦးကို တဆ(ခွဲ)၄/၃၀၀ စစ်ဆေးရုံကို အရေးပေါ် ပို့ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။
ထို့အပြင် နမခ စစ်တိုင်းရုံးအတွင်းက ယမ်း သိုလှောင်ရုံ မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ယခုတိုက်ခိုက်မှုကို မုံရွာခရိုင် ကွပ်ကဲရေးမှူးရဲ့ စီစဉ်မှုဖြင့် Chindwin Rocket Brothers - CRB က ဦးဆောင်ပြီး ချိုမိုင်မိုင် (ကနီ) ၊ Anonymous Heroes ၊ Bandula Defense Force ၊ Budalin Defense Force ၊ Federal Democratic Force ၊ Chindwin Brothers ၊ အုပ်ကြီးနှင့်အဖွဲ့ တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
========================
🚩🚩 ၃။ မြောင်လမ်းခွဲမှ ထွက်လာတဲ့ စစ်ကော်မရှင် ကား ၂ စီးကို စောင့်ကြိုတိုက်ခိုက်ခဲ့၊ ၁၃ ဦး သေဆုံးခဲ့ပြီး လက်နက် ၂ လက် သိမ်းဆည်းရရှိ
ဩဂုတ်လ ၃၁ ရက်၊
Radio NUG
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မြောင်လမ်းခွဲမှ ထွက်လာတဲ့ စစ်ကော်မရှင် ကား ၂ စီးကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ၁၃ ဦး သေဆုံးခဲ့ပြီး လက်နက် ၂ လက် သိမ်းဆည်းရရှိ ခဲ့တယ်လို့ Black Eagle Defence Force (MMU) က ထုတ်ပြန်ထားပါတယ်။
ဩဂုတ်လ ၃၀ ရက်နေ့ မနက် ၆ နာရီမှာ အဆိုပါ စစ်ကား ၂ စီးကို ကြိုစောင့်ပြီး တိုက်ခိုက်ခဲ့ရာ ခန့်မှန်းအင်အား ၂၅ ဦးခန့်ပါ ကား ၂ စီးလုံး ရပ်တန့်သွားခဲ့ပြီး အရှေ့ကားမှာ လုံးဝ ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ကော်မရှင် တပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးခဲ့ပြီး၊ ကျန်တပ်ဖွဲ့ဝင်များ ဒဏ်ရာ ပြင်းထန်စွာရခဲ့ကာ MA11 သေနတ် ၂ လက်၊ ကျည်ဘောက် ၁ ခုနဲ့ အီနာဂါ ၁ လုံး သိမ်းဆည်းရရှိ ခဲ့တယ်လို့ သိရပါတယ်။
ထိတွေ့မှု စတင်ပြီး မိနစ်အနည်းငယ်မှာ စစ်ကူ ကားနှစ်စီး မြင်းမူဘက်ကနေ ထွက်လာတယ်လို့ သိရတာကြောင့် ပြန်လည်ဆုတ်ခွာ ခဲ့ရတယ်လို့ ဆိုပါတယ်။
တော်လှန်ရေး ရဲဘော်များ လက်နက် တက်ကောက်စဉ်မှာ ဒဏ်ရာများနဲ့ ကျန်ခဲ့တဲ့ စစ်ကောင်စီ တပ်သား ၃ ဦးက ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် ရဲဘော်တစ်ဦး ခြေထောက်မှာ ကျည်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ စစ်ဆင်ရေးကို မြင်းမူမြို့နယ် ပ.က.ဖ၊ Black Eagle Defence Force (MMU)၊ စစ်ကိုင်းခရိုင် တပ်ရင်း (၁) တပ်ခွဲ (၂)၊ အလ္လကပ္ပ တိုက်နယ်တပ်ဖွဲ့၊ တောချောင်းဦး တိုက်နယ်တပ်ဖွဲ့နဲ့ မြင်းမူမြို့နယ် ပ.လ.ဖ တပ်ဖွဲ့ တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
========================
🚩🚩 ၄။ ပဒဲကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင် တပ်ဖွဲ့ကို ၂ ကြိမ်တိုင် ခုခံတိုက်ခိုက်ခဲ့
ဩဂုတ်လ ၃၁ ရက်၊
Radio NUG
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ပဒဲကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင် တပ်ဖွဲ့ကို ၂ ကြိမ်တိုင် တိုက်ခိုက်ခဲ့တယ်လို့ ဝရဇိန်တပ်ဖွဲ့ က သတင်းထုတ်ပြန် ထားပါတယ်။
ဩဂုတ်လ ၂၇ ရက်နေ့က ည ၇ နာရီနဲ့ ည ၉ နာရီတို့မှာ ပဒဲကျေးရွာ မြောက်ပိုင်း၊ ရွာဦးကျောင်းအနီး စစ်ကြောင်း ထိုးလာတဲ့ အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်း ၃ ကြောင်းကို အနီးကပ် တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို ဝရဇိန်တပ်ဖွဲ့၊ ပုဝါနီစစ်ကြောင်းနဲ့ သံတောင်မြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး အထိအခိုက်မရှိ အောင်မြင်စွာ ခုခံနိုင်ခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် ဩဂုတ်လ ၃၁ ရက် မွန်းတည့်ချိန်မှာ စစ်ကော်မရှင်တပ်အင်အား ၁၅၀ ကျော်ဖြင့် ပဒဲရွာအနီးကို ထပ်မံ စစ်ကြောင်း ထိုးလာရာ ဝရဇိန်တပ်ဖွဲ့၊ ဖိုက်တာစားခဲ၊ ပုဝါနီစစ်ကြောင်းနဲ့ သမန်းကျား တပ်ဖွဲ့တို့က ပြန်လည်ခုခံ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ပွဲများအတွင်း စစ်ကော်မရှင်တပ်ဘက်က ထိခိုက်ကျဆုံးမှု များစွာဖြင့် ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး မဟာမိတ် တပ်ဖွဲ့များ အထိခိုက်မရှိ အောင်မြင်စွာ ခုခံနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၅။ ပေါက်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ရေနံမှော်နှင့် ကျေးရွာများကို မီးရှို့ဖျက်ဆီး
ဩဂုတ် ၃၁
Radio NUG
ဩဂုတ်လ ၃၁ ရက် နံနက် ၁၁ နာရီခန့်တွင် ပေါက်မြို့နယ်၊ ကပစ ၂၄ မှ ဇီးပြားပျူရွာသို့ ရိက္ခာပို့ဆောင်ရန် ထွက်ခွာလာသည့် ရိက္ခာတင်ကား ၃ စီးပါဝင်သော စစ်ကြောင်းသည် ထန်းပင်ချောင်ကျေးရွာမှတဆင့် မြောက်ဘက်ရှိ ရေဖြူရွာသို့ ရှေ့ပြေးစစ်ကြောင်းအဖြစ် ရောက်ရှိနေကြောင်း Successful Force – Paukမှ သတင်းထုတ်ပြန်ပါတယ်။
ထို့အပြင် ထန်းပင်ချောင်ရွာတွင် ကျန်ရှိနေသော အကြမ်းဖက်စစ်သားများက မြောက်ဘက်ရှိ ရေနံမှော်သစ်သို့ ဝင်ရောက်ကာ ရေနံတွင်းများမှ ရေနံများ ခပ်ယူပြီး ရေနံလုပ်သားများ နေထိုင်ရာ တဲများကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထို့အတူ မကြီးကုန်းကျေးရွာတွင် နေရာယူထားသည့် အကြမ်းဖက်စစ်သားများကလည်း ပြည်သူပိုင်နေအိမ်တစ်လုံးကို မီးရှို့ခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်ကြောင်းက အင်အားများပြီး နေရာအနှံ့ဖြန့်ခွဲထားကာ မီးရှို့ခံရတဲ့ အရေအတွက်နဲ့ ဆုံးရှုံးမှုပမာဏကို အတိအကျ မသိရသေးဘူး ဆိုထားပါတယ်။
========================
🚩🚩 ၆။ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ ဗုံးကြဲတိုက်ခိုက်မှုတွင် အမျိုးသမီး ၃ ဦး သေဆုံး၊ ဒဏ်ရာရသူ များပြား
ဩဂုတ် ၃၁
Radio NUG
ဩဂုတ်လ ၃၁ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်တွင် ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ ငတရော်ရွာကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာလေယာဉ်ဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၃ ဦး သေဆုံးပြီး ဒဏ်ရာရသူ အများအပြား ရှိကြောင်း Yesagyo Township Info Committee မှ သတင်းထုတ်ပြန်ထားပါတယ်။
ဒေသတွင်း တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒဏ်ရာရသူများထဲတွင် ဒဏ်ရာပြင်းထန်သူများ ပါဝင်ကာ အချို့မှာ အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်သည် ပြည်သူများကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ် လုပ်ဆောင်လျက်ရှိပါတယ်။
========================
🚩🚩 ၇။ ဖားကန့်မြို့နယ်တွင် စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရ
ဩဂုတ် ၃၁
Radio NUG
ဩဂုတ်လ ၃၀ ရက် ည ၇ နာရီခန့်တွင် ဖားကန့်တပ်မကုန်းမှ အကြမ်းဖက်စစ်တပ်က ညောင်ပင်ကုန်းနှင့် မနကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အသက် ၃၁နှစ်အရွယ် ကိုမျိုးဇော် (ခ) မဲကြီး သေဆုံးခဲ့ပြီး အခြားပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။
ထို့အပြင် မှော်စီဇာလုံးခင်းရွာအနီး တိုက်ပွဲအတွင်း စစ်တပ်၏ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် နောက်ထပ် ပြည်သူ ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဖားကန့်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း စစ်တပ်က လက်နက်ကြီးနှင့် ဒရုန်းများဖြင့် ပစ်ခတ်မှုများ ဆက်လက်ပြုလုပ်နေပြီး၊ စစ်ဆေးရေးများ တင်းကြပ်ကာ လူငယ်များကို ဖမ်းဆီးမှုများလည်း လုပ်ဆောင်နေလျက်ရှိပါတယ်။
========================
🚩🚩 ၈။ ထားဝယ်ခရိုင် ရဲမှူးရုံးမှ ဒုရဲအုပ် တစ်ဦး ဓဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော်ထံ လက်နက်ချ အလင်းဝင်
ဩဂုတ်လ ၃၁
Radio NUG
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ မေတ္တာနယ်မြေရဲစခန်း၊ ထားဝယ်ခရိုင် ရဲမှူးရုံးမှ ဒုရဲအုပ် တစ်ဦး ဓဝယ်အမျိုးသား လွတ်မြောက်ရေး တပ်တော် (DNLA) ထံ လက်နက်ချ အလင်းဝင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဩဂုတ်လ ၂၉ ရက်နေ့က မေတ္တာ နယ်မြေရဲစခန်းမှ ဒု-ရဲအုပ် ကိုသန်းနိုင်ထွန်း ဆိုသူဟာ G3 သေနတ် တစ်လက်၊ ကျည်ဘောက် ၂ ခု နဲ့ ကျည် ၂၂၅ တောင့် တို့ကို ယူဆောင်လာပြီး လက်နက်ချ အလင်းဝင် ခဲ့တယ်လို့ ဆိုပါတယ်။
အလင်းဝင် ဒု-ရဲအုပ်ကို နွေးထွေးစွာ ကြိုဆိုခဲ့ပြီးနောက် ဆုကြေးငွေ သိန်း (၈၀) ကျပ်ကို ဂုဏ်ပြုချီးမြှင့် ပေးခဲ့ကာ ၎င်းသွားလိုတဲ့ လွတ်မြောက်နေရာ တစ်ခုကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရှိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment