၂၀၂၅ စက်တင်ဘာလ ၂၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ချောင်းဦးမြို့နယ်အတွင်း လေကြောင်းရန်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများနဲ့ ထောက်ပံ့ကူညီမှုများ ပြုလုပ်
📌 ၂။ ဇီးကုန်းရဲစခန်းတိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိခဲ့တဲ့ ရဲမိသားစုဝင် အမျိုးသမီးနှင့် ကလေးများအား CDM ကျန်းမာရေးဝန်ထမ်းများမှ ဆေးကုသပေး
📌 ၃။ မန်တုံနှင့် ကျောက်မဲမြို့တွင် ပျက်စီးနေသည့်တံတားများကို ပြန်လည်ပြုပြင်ပေးပြီး ရေမြောင်းများကိုလည်း တူးဖော်ရှင်းလင်းပေး
📌 ၄။ ဖားအံခရိုင်အတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး(WY) ဆေးပြား ၆၁ သိန်းကျော်ကို မီးရှို့ဖျက်ဆီး
========================
၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ မွန်လွတ်မြောက်ရေးတပ်တော် (MLF) နှင့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော် (NMSP-AD/ RMA) တို့ ပေါင်းစည်း
🚩 ၂။ ခင်ဦးတွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေးအင်အား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်ထံမှ လက်နက်အချို့ သိမ်းပိုက်ရရှိ
🚩 ၃။ ရေးမြို့နယ် ခမရ (၅၉၁)တပ်ရင်းမှ စျေးထွက်ဝယ်တဲ့ တပ်ရင်းမှူး မိသားစုနဲ့ ရဲဘော်များ စီးနင်းလာတဲ့ကားကို ပစ်ခတ်ရာ တပ်ရင်းမှူး သေဆုံး
🚩 ၄။ ဖားကန့်နှင့် မြင်းခြံတွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကိုရင်ကြီး အပါအဝင် ၃ဦး သေဆုံး
🚩 ၅။ ရွှေကူမြို့နယ်တွင် စစ်သင်တန်းပေးရန် ပြင်ဆင်နေသည့် နေရာတစ်ခုကို စစ်တပ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁၇ ဦး သေဆုံး
🚩 ၆။ ခမရ ၄၀၉ နှင့် ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်ကြောင်းမှာ စစ်မှုထမ်းတပ်သားသစ် ၃ဦး လက်နက်ခဲယမ်းများနှင့်တကွ အလင်းဝင်
🚩 ၇။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အခြေခံစစ်ပညာသင်တန်း (အပတ်စဉ် - ၁၇) သင်တန်းဆင်းပွဲ ပြုလုပ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ချောင်းဦးမြို့နယ်အတွင်း လေကြောင်းရန်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများနဲ့ ထောက်ပံ့ကူညီမှုများ ပြုလုပ်
စက်တင်ဘာ ၁၉
Radio NUG
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်အတွင်းမှာရှိတဲ့ ပြည်သူတွေကို လေကြောင်းအန္တာရာယ်အသိပညာပေးခြင်းနဲ့ စစ်ရှောင်စခန်းတွေမှာ နေထိုင်သူတွေအတွက် ထောက်ပံ့ကူညီခြင်းတွေကို စက်တင်ဘာလ ပထမပတ်ထဲမှာ ပြုလုပ်ခဲ့ကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ပါတယ်။
အသိပညာပေးလုပ်ငန်းတွေနဲ့ ထောက်ပံ့ကူညီပေးမှုတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ လူ့အခွင့်အရေးတာဝန်ခံတွေနဲ့ ချောင်းဦး မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြုလုပ်ခဲံ့ကြတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
လူ့အခွင့်အရေးတာဝန်ခံတွေနဲ့ မြေပြင်ကာကွယ်ရေးအဖွဲ့တွေအနေနဲ့ ချောင်းဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ ဖြစ်လာရင်လုပ်ဆောင်ရမယ့် အချက်အလက်တွေကို စနစ်တကျသင်ကြားမှုတွေ ပြုလုပ်ခဲ့ကြသလို သရုပ်ပြလေ့ကျင့်မှုတွေကိုလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အလားတူ ချောင်းဦးမြို့နယ်အတွင်းက စစ်ရှောင်စခန်းမှာ နေထိုင်သူတွေအတွက် လိုအပ်တဲ့အခြေခံစားသောက်ကုန်နဲ့ စာရေးကိရိယာတွေကို ထောက်ပံ့ကူညီခဲ့ကြတယ်လို့ အသိပေးထားပါတယ်။
========================
📌📌 ၂။ ဇီးကုန်းရဲစခန်းတိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိခဲ့တဲ့ ရဲမိသားစုဝင် အမျိုးသမီးနှင့် ကလေးများအား CDM ကျန်းမာရေးဝန်ထမ်းများမှ ဆေးကုသပေး
စက်တင်ဘာ ၁၉
Radio NUG
စက်တင်ဘာလ ၁၇ရက်နေ့ ကန့်ဘလူမြို့နယ် ၊ ဇီးကုန်းမြို့ ရဲစခန်းအား ပကဖလှုပ်ရှားတပ်ရင်းများက ဝင်ရောက်စီးနင်းရှင်းလင်းခဲ့မှုဖြစ်စဉ်တွင် ဒဏ်ရာရရှိခဲ့သော ရဲမိသားစုဝင် အမျိုးသမီးများနှင့် ကလေးသူငယ်များအား မြို့နယ်ကျန်းမာရေးတာဝန်ခံဦးဆောင်သော ဆေးအဖွဲ့မှ လိုအပ်သော ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ မြို့နယ်ကျန်းမာရေးတာဝန်ခံထံမှ သတင်းရရှိပါတယ်။
ထို့အပြင် မီးဖွားရန် လိုအပ်သော ကိုယ်ဝန်ဆောင်အမျိုးသမီးအားလည်း ကောင်းမွန်စွာ စောင့်ရှောက်ကုသပေးလျက်ရှိတယ်လို့ သိရပါတယ်။
ဇူလိုင်လ ၂၉ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီမှ အများပြည်သူအား ဆေးဝါးကုသပေးလျက်ရှိသော မြို့နယ်ကျန်းမာရေးဆေးရုံအား လေကြောင်းဖြင့် ၂ ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ရာ ဆေးရုံလုံးဝပျက်စီးခဲ့သော်လည်း CDM ကျန်းမာရေးဝန်ထမ်းများအနေဖြင့် စိတ်ဓာတ်ကျ လက်လျော့အရှုံးပေးခြင်းမရှိဘဲ အများပြည်သူကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအပြင် အကြမ်းဖက်စစ်ကော်မရှင် ဘက်တော်သား တရားခံများကိုပါ လူသားချင်းစာနာမှုအပြည့်ဖြင့် ဆေးဝါးကုသမှုများ ပေးလျက်ရှိကြောင်း ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၃။ မန်တုံနှင့် ကျောက်မဲမြို့တွင် ပျက်စီးနေသည့်တံတားများကို ပြန်လည်ပြုပြင်ပေးပြီး ရေမြောင်းများကိုလည်း တူးဖော်ရှင်းလင်းပေး
စက်တက်ဘာ ၁၉
Radio NUG
တအာင်းပြည်၊ မန်တုံမြို့၊ မြို့လယ်ရပ်ကွက်ရှိ ပျက်စီးနေသည့် တံတားကို ပြည်သူလူလူထုများ ဖြတ်သန်းသွားလာရ အဆင်ပြေစေရန်အတွက် သြဂုတ်လမှ စတင်ပြုပြင်ခဲ့ကာ စက်တင်ဘာလ (၁၇)ရက်နေ့တွင် ဆောက်လုပ်ပြီးစီးခဲ့ကြောင်း PSLF/TNLAမှ သတင်းထုတ်ပြန်ပါတယ်။
ထိုတံတားသည် အလျား (၂၆)ပေနှင့် အနံ (၅)ပေရှိပြီး စုစုပေါင်းကုန်ကျစရိတ် (၉၅)သိန်းကျော် ကုန်ကျခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အလားတူ ကျောက်မဲမြို့တွင်လည်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်ပြီး ပျက်စီးနေသည့် တံတားကို ပြန်လည်ပြုပြင်ပေးခြင်း၊ တောင်ကျရေကြောင့် ပိတ်ဆို့နေသော ရေမြောင်းများကို ရှင်းလင်းပေးခြင်းနှင့် ရေလွှဲမြောင်းများကိုလည်း တူးဖော်ခြင်းများ ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
ထိုအပြင် မြို့တွင်းရှိ ပလက်ဖောင်းများ၊ ဗဟိုစျေးရှိ မီးသတ်ရေကန်များကို ဆေးရောင်ခြယ်ပေးခြင်းနှင့် တစ်လမ်းမောင်း ဆိုင်ဘုတ်များ၊ လမ်းညွှန်ဆိုင်ဘုတ်များကို တပ်ဆင်ပေးခဲ့ပြီး မြို့တွင်းသာယာလှပစိမ်းလန်းစိုပြေစေရန်အတွက် သန့်ရှင်းရေးများ ပြုလုပ်ဆောင်ရွက်ခဲ့တယ်လို့ အသိပေးထားပါတယ်။
========================
📌📌 ၄။ ဖားအံခရိုင်အတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး(WY) ဆေးပြား ၆၁ သိန်းကျော်ကို မီးရှို့ဖျက်ဆီး
စက်တင်ဘာ ၁၉
Radio NUG
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်အတွင်း ဖမ်းဆီးရမိသော ကာလတန်ဖိုး ပျမ်းမျှ ထိုင်းဘတ် ၃,၀၅၉ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါး (WY) အလုံးရေ ၆,၁၁၇,၉၀၁ လုံးကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူးယစ် ဆေးဝါးတိုက်ဖျက်ရေးနှင့် လူကုန်ကူးမှု ပပျောက်ရေးကော်မတီနှင့် ကရင်အမျိုးသားရဲတပ်ဖွဲ့(KNPF)တို့ မှ စက်တင်ဘာလ(၁၉) ရက်နေ့တွင် ဖားအံခရိုင်၊ တပ်မဟာ(၇) ဌာနချုပ်တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။
အဆိုပါမူးယစ်ဆေးဝါးများသည် တနေးချား (နဘူး)မြို့နယ် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ရင်း (၁၀၁)မှ ဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးဝါး (WY)ဆေးပြား ၁၂၀,၀၀၀ ပြား၊ သောင်ရင်းမြစ်တလျှောက် လုံခြုံရေးယူထားသော ဒုတိယဗိုလ်မှူးကြီးစောခင်လေး ဦးဆောင်သော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မှ ၂၀၂၅ခုနှစ်၊ မူယူထာဒေသတွင် ဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးဝါး (WY)ဆေးပြား ပေါင်း(၅,၉၉၀,၀၀၀) ပြား နှင့် ၂၀၂၅ ခုနှစ် မေလအတွင်း တာကရယ် (ပိုင်ကျုံ) မြို့နယ်၌ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA) တပ်ရင်း (၁၉) မှ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး (WY)ဆေးပြား (၇,၉၀၁) ပြား တို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ မူးယစ်ဆေးဝါး(WY) ဆေးပြားများ ဖျက်ဆီးခြင်း အခမ်းအနားသို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး(ဗဟို) စည်းကမ်းကြီးကြပ်ထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ပဒိုနော်ဒါးဒါး၊ ကေအဲန်ယူ-ဖားအံခရိုင် ဥက္ကဋ္ဌ ပဒိုစောအောင်မော်ဧ ၊ တပ်မဟာ(၇) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဒိကွယ်ထူး၊ ဖားအံခရိုင် ရဲမှူးကြီး ဒုဗိုလ်မှူးကြီး စောမောင်ကြည်၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်စစ်ဌာနချုပ်-ဒုတိယဗိုလ်မှူးကြီးစောခင်လေး၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ(၇)မှ တပ်ရင်းမှူးများနှင့်တပ်ရင်းတာဝန်ရှိသူများ၊ ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) မှ တာဝန်ရှိသူများ၊ ဖားအံခရိုင် တာဝန်ရှိသူများ၊ ဖားအံခရိုင် ကရင်လူငယ်အစည်းအရုံးမှ တာဝန်ရှိသူများနှင့် ထိုင်းတာဝန်ရှိသူများတို့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ကေအဲန်ယူသည် မူးယစ်ဆေးဝါးတိုက်ဖျက်ခြင်းကို ထိုင်းနိုင်ငံနှင့်အတူ လက်တွဲဆောင်ရွက်လျက်ရှိပြီး ထိုင်းနိုင်ငံတာဝန်ရှိပုဂ္ဂိုလ်များအား ဖိတ်ခေါ်၍ မူးယစ်ဆေးဝါးများ စစ်ဆေးအတည်ပြုပြီးနောက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အသိပေးထားပါတယ်။
ကေအဲန်ယူသည် မူးယစ်ဆေးဝါးရောင်းချကုန်ကူးခြင်းနှင့် လုံးဝ ပတ်သက်မှုမရှိသည့်အပြင် မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ချီသူများကို ဖော်ထုတ်အရေးယူသွားမှာဖြစ်ပြီး မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ဖမ်းဆီးရမိခဲ့သူများကို အဆင့်ဆင့်အပြစ်ပေးအရေးယူမှုများ လုပ်ဆောင်လျက်ရှိကာ ထိန်းသိမ်းဖမ်းဆီးရရှိခဲ့သော မူးယစ်ဆေးဝါးများကိုလည်း ဖျက်ဆီးမှုများ အစဉ်ပြုလုပ်လျက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ မွန်လွတ်မြောက်ရေးတပ်တော် (MLF) နှင့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော် (NMSP-AD/ RMA) တို့ ပေါင်းစည်း
စက်တင်ဘာ ၁၉
Radio NUG
တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် အပြည့်အဝရှိသော မွန်ပြည်ပေါ်ထွန်းရေး ရည်ရွယ်ချက်ဖြင့် စစ်အာဏာရှင်စနစ်ကို ထိရောက်စွာ တိုက်ဖျက်နိုင်ရန်အတွက် မွန်လွတ်မြောက်ရေးတပ်တော် (MLF) နှင့် မွန်ပြည်သစ် ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော် (NMSP-AD)/RMA တို့သည် ၂ဝ၂၅ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့တွင် ပေါင်းစည်းလိုက်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ထိုသို့ ပေါင်းစည်းကြသော မွန်လွတ်မြောက်ရေးတပ်တော် (MLF) ဦးဆောင်ကော်မတီဝင်များနှင့် တပ်ဖွဲ့ဝင်များသည် NMSP-AD/RMA ၏ နိုင်ငံရေးနှင့် စစ်ရေးလုပ်ငန်းများတွင် တာဝန်ယူသွားမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော် (NMSP-AD/RMA) အနေဖြင့် တစ်ခုတည်းသော မွန်တပ်တော်ပေါ်ထွန်းရေးအတွက် ဆက်လက်ကြိုးပမ်းသွားမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။
မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)/ ရာမညမွန်တပ်တော် (NMSP-AD/RMA) သည် မွန်ပြည်သူလူထုနှင့်အတူ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော မွန်ပြည်ပေါ်ထွန်းရေးနှင့် စစ်အာဏာရှင်စနစ် အမြန်ဆုံး ချုပ်ငြိမ်းရေးအတွက် ဘဝတူတိုင်းရင်းသားတော်လှန်ရေး မဟာမိတ်အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်များနှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
========================
🚩🚩 ၂။ ခင်ဦးတွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေးအင်အား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်ထံမှ လက်နက်အချို့ သိမ်းပိုက်ရရှိ
စက်တင်ဘာ ၁၉
Radio NUG
စက်တင်ဘာလ ၁၈ရက်နေ့တွင် ရွှေဘိုလေ့ကျင့်ရေး (၈) အကြမ်းဖက်စစ်တပ်နှင့် ရွှေဘို-ဘုတ်ကုန်း (ပျူခြံ)တို့မှ ခင်ဦးမြို့နယ် မကျီးတုံ (ပျူရွာ)ဘက်သို့ ထွက်လာသော အင်အား ၇၀/၈၀ ခန့်ရှိ စစ်ကြောင်းကို ခင်ဦးမြို့နယ် တောင်ဘက်ခြမ်း တိုက်နယ် (၁) နယ်မြေအတွင်း ရွှေဘိုခရိုင် အမှတ် (၃)တပ်ရင်း၊ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( မြို့နယ် ပကဖ)၊ တိုက်နယ် ပကဖများနှင့် မြို့နယ် ပလဖတို့ ပူးပေါင်း၍ ထိပ်တိုက် အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးမှ သတင်းထုတ်ပြန်ပါတယ်။
ထို နှစ်ဖက် ထိတွေ့မှု တိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်ဘက်မှ ထိခိုက်မှုနှင့် သေဆုံးမှုများ ရှိခဲ့ပြီး၊ အဆိုပါစစ်ကြောင်းသည် အခင်းဖြစ်ပွားတဲ့ တိုက်ပွဲအတွင်းမှ ဘုတ်ကုန်း (ပျူခြံ)နှင့် လေ့ကျင့်ရေး (၈) ဘက်သို့ ညတွင်းချင်း တပ်ပျက် ဆုတ်ပြေးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တော်လှန်ရေးအင်အားစုများဘက်မှ အထိအခိုက် မရှိဘဲ နယ်မြေရှင်းလင်းရေး လုပ်ခဲ့ကြရာ MA4 သေနတ် (၁)လက်၊ MA5 ပစ္စတို (၁)လက်နှင့် သွေးအိုင်များ၊ RPG အဖူး၊ အီနာဂါ၊ 40mmနှင့် ကျည်၊ ဘောက်နှင့် အင်ကွပ်၊ ကျည်ကာပြား၊ ဦးထုပ်၊ ခဲယမ်း၊ အသုံးအဆောင်၊ စစ်သုံးပစ္စည်းများ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ ရေးမြို့နယ် ခမရ (၅၉၁)တပ်ရင်းမှ စျေးထွက်ဝယ်တဲ့ တပ်ရင်းမှူး မိသားစုနဲ့ ရဲဘော်များ စီးနင်းလာတဲ့ကားကို ပစ်ခတ်ရာ တပ်ရင်းမှူး သေဆုံး
စက်တင်ဘာ ၁၉
Radio NUG
စက်တင်ဘာလ ၁၇ရက်၊ နံနက် (၉) နာရီခွဲအချိန်တွင် ကျောင်းရွာကျေးရွာရှိ ခမရ (၅၉၁)တပ်ရင်းမှ စျေးထွက်ဝယ်တဲ့ တပ်ရင်းမှူး သိန်းထိုက် မိသားစုနဲ့ ရဲဘော်များ လိုက်ပါစီးနင်းလာတဲ့ ကားကို (YRF) လူငယ်တော်လှန်ရေးအဖွဲ့ နှင့် (KNLA) တပ်ရင်း၂၇ တပ်ခွဲ(၅)၊ တပ်ခွဲ(၃)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုပြီးနောက် စစ်ရေးသတင်းအရ ပြန်လည်စုံစမ်းရာတွင် တပ်ရင်းမှူး သိန်းထိုက်ကို ရေးမြို့ ဆေးရုံကိုကားဖြင့် သယ်ဆောင်သွားရာ လမ်းခရီးတစ်ဝက်တွင် သွေးထွက်လွန်ပြီး သေဆုံးသွားကြောင်း အတိအကျသိရကြောင်း ဖော်ပြထားပါတယ်။
ထို့အပြင် ဇနီးဖြစ်သူလည်း ဝမ်းဗိုက်တွင် သေနတ်ဒဏ်ရာ တစ်ချက် ထိခိုက်ပြီး ကားနဲ့အတူစီးနင်းလာသော ရဲဘော် ၃ ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ ဖားကန့်နှင့် မြင်းခြံတွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကိုရင်ကြီး အပါအဝင် ၃ဦး သေဆုံး
စက်တင်ဘာ ၁၉
Radio NUG
စက်တင်ဘာလ ၁၉ ရက် နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် ဖားကန့်မြို့နယ်၊ မရှီကထောင်အုပ်စု၊ ထုံးဘိုကျေးရွာသို့ စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးသီး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။
ထိုတိုက်ခိုက်မှုကြောင့် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး နောက်ထပ် ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၂ လုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အလားတူ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျောက်တိုင်ရွာရှိ ရွှေစေတီဘုန်းကြီးကျောင်းကို စက်တင်ဘာလ ၁၈ ရက် နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် စစ်တပ်က Gyrocopter ၃ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီမှ အသိပေးထုတ်ပြန်ထားပါတယ်။
ထိုတိုက်ခိုက်မှုကြောင့် သက်တော် ၆၂ နှစ်အရွယ် ကိုရင်ကြီး ၁ ပါး ပျံလွန်တော်မူခဲ့ပြီး ကုန်းသာရွာမှ တောင်သူအမျိုးသမီး ၁ ဦး ဒဏ်ရာရရှိကာ ကျောင်းဆောင်များ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ ရွှေကူမြို့နယ်တွင် စစ်သင်တန်းပေးရန် ပြင်ဆင်နေသည့် နေရာတစ်ခုကို စစ်တပ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁၇ ဦး သေဆုံး
စက်တင်ဘာ ၁၉
Radio NUG
စက်တင်ဘာလ ၁၈ ရက် ညသန်းခေါင်ယံအချိန်တွင် KIA တပ်မဟာ ၁၁၊ တပ်ရင်း ၁၂ နယ်မြေ၊ ရွှေကူမြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်နယ်မြေအတွင်း စစ်သင်တန်းပေးရန် ပြင်ဆင်နေသည့်နေရာတစ်ခုကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အနည်းဆုံး ၁၇ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၄၀ ကျော်ရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များအရ သိရပါတယ်။
KIA ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက တိုက်ခိုက်ခံရမှု မှန်ကန်ကြောင်း KNG သတင်းဌာနသို့ အတည်ပြုသော်လည်း ထိခိုက်သေဆုံးမှု အသေးစိတ်အချက်အလက်များကို မသိရသေးဘူးလို့ ပြောကြားထားပါတယ်။
တကယ့်စစ်သင်တန်းနေရာမဟုတ်ဘဲ အခုမှ ဖွင့်ဖို့ ပြင်ဆင်နေတဲ့နေရာဖြစ်တယ်လို့လည်း သိရပါတယ်။
ထို့အပြင် စစ်ကောင်စီတပ်သည် ရွှေကူမြို့နယ်တစ်ခုတည်းကိုသာမက ဖားကန့်မြို့နယ်ရှိ KIA တပ်မဟာ ၉ နယ်မြေနှင့် တပ်ရင်း ၁၁ နမ္မတီးကျေးရွာအနီးရှိ နေရာများကိုပါ တပြိုင်နက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နမ္မတီးကျေးရွာအနီးတွင်လည်း အရပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၆။ ခမရ ၄၀၉ နှင့် ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်ကြောင်းမှာ စစ်မှုထမ်းတပ်သားသစ် ၃ဦး လက်နက်ခဲယမ်းများနှင့်တကွ အလင်းဝင်
စက်တင်ဘာ ၁၉
Radio NUG
စက်တင်ဘာလ (၁၉) ရက်နေ့တွင် စစ်မှုထမ်းအပတ်စဉ် (၁၃) မှ ခမရ ၄၀၉ တွင် တာဝန်ထမ်းဆောင်နေတဲ့ တပ်သား (ပစ) အောင်မျိုးပိုင်နှင့် တပ်သား (ပစ) ဟိန်းမင်းသူတို့သည် အကြမ်းဖက်စစ်တပ်လက်အောက်တွင် ဆက်လက်တာဝန် မထမ်းဆောင်လိုတော့သဖြင့် MA 1 (၂) လက် ၊ ကျည်ဘောက် (၃) ခု၊ ကျည် (၁၂၀) တောင့်နှင့်အတူ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ထံသို့ လက်နက်ချ အလင်းဝင်ရောက်လာခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
၎င်းတို့ နှစ်ဦးအား ဆုကြေးငွေသိန်း (၅၀) စီအသီးသီးဂုဏ်ပြုချီးမြင့်ပေးအပ်ခဲ့ပြီးနောက် လွတ်မြောက်နေရာ တစ်ခုသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
အလားတူ စက်တင်ဘာလ ၇ ရက်နေ့တွင် ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်ဘက်မှ စစ်မှုထမ်း တပ်သားသစ် ကိုနိုင်ရဲလင်းသည် သေနတ် ၁ လက် ယူဆောင်လာပြီး ယင်းမာပင်ခရိုင်အမှတ် ၃၁ တပ်ရင်းထံသို့ အလင်းဝင်ရောက်ခဲ့ကြောင်း သတင်းရရှိပါတယ်။
အလင်းဝင်လာသော စစ်မှုထမ်း တပ်သားသစ် ကိုနိုင်ရဲလင်းသည် MA-1 သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခု၊ 5.56 ကျည် ၅၀၀ တောင့်နှင့် လက်ပစ်မိုင်း ၁ လုံးတို့ ယူဆောင်လာကာ အလင်းဝင်းရောက်ခဲ့ပြီး ယင်းမာပင်ခရိုင် အမှတ် ၃၁ တပ်ရင်းမှ တပ်ရင်းမှူး ဦးဘဂျမ်းက ငွေကျပ် သိန်း ၅၀ ချီးမြှင့် ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၇။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အခြေခံစစ်ပညာသင်တန်း (အပတ်စဉ် - ၁၇) သင်တန်းဆင်းပွဲ ပြုလုပ်
စက်တင်ဘာ ၁၉
Radio NUG
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ အခြေခံစစ်ပညာသင်တန်း (အပတ်စဉ် - ၁၇) သင်တန်းဆင်းပွဲ အခမ်းအနားကို လွတ်မြောက်နယ်မြေတစ်နေရာတွင် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း MDY PDFမှ သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ သင်တန်းကာလအတွင်း အခြေခံ စစ်ပညာဆိုင်ရာသင်ခန်းစာများ၊ စစ်နည်းဗျူဟာ ရေးဆွဲခြင်းဆိုင်ရာ သင်ခန်းစာများ၊ စစ်သည်တော်ကျင့်ဝတ်နှင့် စည်းကမ်းဆိုင်ရာ သင်ခန်းစာများ၊ နိုင်ငံရေးအသိပညာများနှင့် ကိုယ်ကာယကြံ့ခိုင်မှုပိုင်းဆိုင်ရာ သင်ခန်းစာများကို ပြင်းပြင်းထန်ထန် လေ့ကျင့်သင်ကြားပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထို့အပြင် အခြေခံစစ်ပညာသင်တန်း (အပတ်စဉ် - ၁၇) သင်တန်းဆင်းပွဲ အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ရုံးချုပ်မှ တာဝန်ရှိသူများ၊ မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်သော ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) နိုင်ငံရေးမှူး၊ ဒေသတွင်း မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့များဖြစ်သော မိုးကုတ်ဗျူဟာ၊ ဗျူဟာအမှတ် (၉၃) (TRI ဗျူဟာ)၊ PDF တပ်ရင်းအမှတ် (၅၁၃) တို့မှ တာဝန်ရှိသူများ၊ မြို့နယ် ပကဖ၊ ပလဖ တာဝန်ရှိသူများ၊ တော်လှန်ရေးနယ်ပယ်အသီးသီးမှ ရဲဘော်ရဲဘက်များနှင့် ဒေသခံ ရပ်မိရပ်ဖများလည်း ပါဝင်တက်ရောက်ခဲ့ကြပြီး သင်တန်းဆင်းရဲဘော်များအား အားပေး ဂုဏ်ပြုစကားများ ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) သည် အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေး တာဝန်များကို ဦးလည်မသုန် ဆထက်ထမ်းပိုး ထမ်းဆောင်လျက်ရှိပါကြောင်း သတင်း ထုတ်ပြန်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment