၂၀၂၅ စက်တင်ဘာလ ၃၀ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ကျောင်းတွင်းအတန်းတင်စနစ် ကျင့်သုံးတော့မယ်လို့ မြန်မာ့နွေဦး တက္ကသိုလ် ကြေညာ
📌 ၂။ ”ရှမ်းမန်း စစ်ဆင်ရေး" နှင့် "၁၀၂၇ စစ်ဆင်ရေး - အပိုင်း (၂)" တွင် ပါဝင်တိုက်ပွဲဝင်ခဲ့သည့်အတွက် ဂုဏ်ပြုမှတ်တမ်းလွှာ လက်ခံရယူ
📌 ၃။ အတုအယောင်ရွေးကောက်ပွဲမှာ မပါဝင်ဖို့လူထုကို မင်းဘူးခရိုင် ပကဖကအသိပညာပေးဟောပြောဆွေးနွေးပြောကြား
📌 ၄။ သရုပ်ဆောင်ဒေါင်းရဲ့Daungs Japan Tour 2025 တိုကျိုပွဲ ပရိသတ် ရုံပြည့်ရုံလျှံအားပေးခဲ့ပြီး အောင်မြင်စွာပြီးဆုံးခဲ့
📌 ၅။ အိန္ဒိယ-မြန်မာနယ်စပ်၊ ဟုမ္မလင်းမြို့ အနီး၊မြေအောက်အနက် ၆၉ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၅ အဆင့်နှင့် အင်အားအတော်အသင့်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့
========================
၂၀၂၅ ခုနှစ် စက်တင်ဘာလ ၃၀ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးစခန်းရဲ့ ကာကင်းစခန်းတခု AA သိမ်းပိုက်
🚩 ၂။ နေပြည်တော် PDF တပ်ရင်း ၈၀၃ တပ်ရင်းမှူး စည်းရုံးရေးဆင်းနေချိန်မှာ ကွယ်လွန်
🚩 ၃။ ကမ္ဘာအေးဘုရားလမ်းမပေါ်မှာရှိတဲ့ ဗဟန်းရဲစခန်းကို လက်ပစ်ဗုံးနဲ့တိုက်မှုမှာ စစ်အုပ်စုဘက်က ထိခိုက်မှုရှိနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေပြော
🚩 ၄။ ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းဖြစ်လာတဲ့ တော်လှန်ရေးထောက်ပို့တပ်သား လက်နက်နဲ့အတူ အလင်းဝင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ကျောင်းတွင်းအတန်းတင်စနစ် ကျင့်သုံးတော့မယ်လို့ မြန်မာ့နွေဦး တက္ကသိုလ် ကြေညာ
စက်တင်ဘာလ (၃၀ )ရက်
ကျောင်းသား၊ ကျောင်းသူတွေ စဉ်ဆက်မပြတ် ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းတွင်း အတန်းတင်စနစ် ကျင့်သုံး တော့မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာကဏ္ဍ မြန်မာ့နွေဦးတက္ကသိုလ်က ကြေညာလိုက်ပါတယ်။
မြန်မာ့နွေဦးတက္ကသိုလ်အနေနဲ့ ၂၀၂၀ ပြည့်နှစ်မတိုင်ခင်က တက်လက်စအတန်းတွေအတွက် ၄ ကြိမ်၊ တက္ကသိုလ်ဝင်ခွင့် ၃ ကြိမ် စုစုပေါင်း ၇ ကြိမ်တိတိ ကျောင်းသား၊ ကျောင်းသူတွေကို Myanmar Education System – MES မှာ ကျောင်းအပ် လက်ခံခဲ့ပြီး စဉ်ဆက်မပြတ်ပညာသင်ကြားနိုင်ရေး စီမံဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
အခုကျင့်သုံးမယ့် အတန်းတင်စနစ်မှာ အဲဒီ ကျောင်းသား ကျောင်းသူတွေ အကျုံးဝင်တယ်လို့ နားလည်ရပြီး ဒီစနစ်ဟာ ၂၀၂၀ မတိုင်ခင်က ကျင့်သုံးခဲ့တဲ့ စနစ်တွေနဲ့မတူတဲ့ ပုံစံအသစ်ဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် အတန်းတင်စနစ်ကို စောင့်မျှော်နေကြတဲ့ အောင်စာရင်းထွက်ပြီးသား ကျောင်းသား၊ ကျောင်းသူတွေနဲ့ အောင်စာ ရင်းကို စောင့်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားနိုင်ဖို့ မြန်မာ့နွေဦးတက္ကသိုလ်က အသိပေး ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
ကျောင်းတွင်းအတန်းတင်စနစ် ကျင့်သုံးမယ့်အကြောင်းကို တက္ကသိုလ်ပညာရေးအဖွဲ့ -ဆီးနိတ်မှာ ဆုံးဖြတ်ချက်ချမှတ်ခဲ့တာ လို့ သိရပါတယ်။
ကျောင်းတွင်းအတန်းတင်စနစ် ကျင့်သုံးမယ့်အချိန်ကိုတော့ ပညာသင်ကာလသတ်မှတ်ချက် - ကြေညာချိန်မှာ ထုတ်ပြန်မှာ ဖြစ်ပြီး အခုကျင့်သုံးမယ့်စနစ်အကြောင်းကို နားမလည်ဘူးဆိုရင် ဘာသာရပ်ဆိုင်ရာ ဒါမှတမဟုတ် MNOU main တယ်လီဂရမ် ဂရုတွေမှာ မေးမြန်းနိုင်တယ်လို့ မြန်မာ့နွေဦးတက္ကသိုလ်က ထုတ်ပြန်ထားပါတယ်။
ဘာသာရပ်ဆိုင်ရာ မေဂျာ အပြောင်းအရွှေ့တွေနဲ့ တက္ကသိုလ်တခုကနေ တခု အပြောင်းအရွှေ့တွေနဲ့ ဂုဏ်ထူးတန်း ကျောင်းသား ကျောင်းသူတွေအတွက် အသေးစိတ် ထပ်မံကြေညာပေးမယ်လို့ သိရပါတယ်။
========================
📌📌 ၂။ ”ရှမ်းမန်း စစ်ဆင်ရေး" နှင့် "၁၀၂၇ စစ်ဆင်ရေး - အပိုင်း (၂)" တွင် ပါဝင်တိုက်ပွဲဝင်ခဲ့သည့်အတွက် ဂုဏ်ပြုမှတ်တမ်းလွှာ လက်ခံရယူ
စက်တင်ဘာလ (၃၀ )ရက်
"ရှမ်းမန်း စစ်ဆင်ရေး" နှင့် "၁၀၂၇ စစ်ဆင်ရေး - အပိုင်း (၂)" တွင် ပါဝင်တိုက်ပွဲဝင်ခဲ့သည့်အတွက် ဂုဏ်ပြုမှတ်တမ်းလွှာ လက်ခံရယူခဲ့ကြောင်း စက်တင်ဘာ၃၀ရက်မှာ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF)က အသိပေးဆိုပါတယ်။
"ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) သည် "ရှမ်းမန်း စစ်ဆင်ရေး" နှင့် "၁၀၂၇ စစ်ဆင်ရေး - အပိုင်း (၂)" တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့်အတူ ရဲဖော်ရဲဘက်အဖြစ် အတူတကွ လက်တွဲ တိုက်ပွဲဝင်ခဲ့သည့်အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ပေးပို့သော "ဂုဏ်ပြုမှတ်တမ်းလွှာ"ကို ဂုဏ်ယူဝမ်းမြောက်စွာ လက်ခံရရှိတယ်"လို့ဆိုထားပါတယ်။
ဆက်လက်၍ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF)သည် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့်အတူ ရဲဖော်ရဲဘက် မဟာမိတ်ကောင်းပီသစွာ စစ်ရေးပူးပေါင်းဆောင်ရွက်မှုများကို ယခုထက်ပိုမိုပြီး တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
========================
📌📌 ၃။ အတုအယောင်ရွေးကောက်ပွဲမှာ မပါဝင်ဖို့လူထုကို မင်းဘူးခရိုင် ပကဖကအသိပညာပေးဟောပြောဆွေးနွေးပြောကြား
စက်တင်ဘာလ (၃၀ )ရက်
အတုအယောင်ရွေးကောက်ပွဲမှာ မပါဝင်ဖို့လူထုကို မင်းဘူးခရိုင် ပကဖကအသိပညာပေးဟောပြောဆွေးနွေးပြောကြားခဲ့ပါတယ်။
မင်းဘူးခရိုင်အတွင်းရှိ ကျေးရွာများသို့ မင်းဘူးခရိုင် ပကဖ၏သတင်းပြန်ကြားရေး တာဝန်ခံနဲ့တပ်ဖွဲ့ဝင်တွေ သွားရောက်ပြီး ပြည်သူများနဲ့ တွေ့ဆုံကာ အကြမ်းဖက်စစ်တပ် လုပ်ဆောင်မယ့် အတုအယောင် ရွေးကောက်ပွဲမှာ မပါဝင်ဖို့ ဟောပြောဆွေးနွေးခဲ့တယ်လို့သတင်းရရှိပါတယ်။
ပြည်သူများနဲ့ တွေ့ဆုံရာမှာ ကြုံတွေ့နေရတဲ့ အခက်အခဲ တွေကို ပကဖ တာဝန်ခံ နဲ့ အဖွဲ့ဝင်များက နားထောင်ခဲ့ကြပြီး တက်နိုင်သမျှ ကူညီပေးခဲ့တယ်လို့သိရပါတယ်။
ပကဖ အဖွဲ့ဝင်တွေဟာ ဒေသခံ ပြည်သူတွေ နဲ့ ပုံမှန် တွေ့ဆုံကာ လူထုစည်းရုံးရေးလုပ်ငန်းတွေ၊ လူထု ဝန်ဆောင်မှု လုပ်ငန်းတွေကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။
========================
📌📌 ၄။ သရုပ်ဆောင်ဒေါင်းရဲ့Daungs Japan Tour 2025 တိုကျိုပွဲ ပရိသတ် ရုံပြည့်ရုံလျှံအားပေးခဲ့ပြီး အောင်မြင်စွာပြီးဆုံးခဲ့
စက်တင်ဘာလ (၃၀ )ရက်
သရုပ်ဆောင်ဒေါင်းရဲ့Daungs Japan Tour 2025 တိုကျိုပွဲ ပရိသတ်များမှ ရုံပြည့်ရုံလျှံအားပေးခဲ့ပြီး အောင်မြင်စွာပြီးဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။
"စက်တင်ဘာနောက်ဆုံးပတ်Daungs Japan Tour 2025 ရဲ့ ပွဲဦးထွက်ဖြစ်တဲ့ တိုကျိုပွဲကြီးကတော့ အောင်မြင်စွာပြီးဆုံးခဲ့ပြီဖြစ်ပါတယ်။
ကဏ္ဍအလိုက် အားလုံးရဲ့စည်းလုံးမှုအင်အား၊ ပံ့ပို့မှုအင်အားတွေနဲ့ အောင်အောင်မြင်မြင်ကျင်းပနိုင်ခဲ့တဲ့အတွက် အဘက်ဘက်မှလုပ်အား၊ ဉာဏအား၊ ငွေအားနဲ့ပွဲကိုလာရောက်ပေးကြတဲ့ပရိသတ်တယောက်စီတိုင်း၊ ပါဝင်အားဖြည့်ပေးခဲ့ကြတဲ့ Volunteer တဦးတယောက်ချင်းစီတိုင်းကို ပွဲကျင်းပရေးကော်မတီမှအထူးပဲကျေးဇူးတင်ပါရှိတယ်"လို့အသိပေးဆိုထားပါတယ်။
လာမယ့်အောက်တိုဘာ၁၂ရက်မှာ OSAKAနဲ့ အောက်တိုဘာ၁၉ရက်မှာ KYUSHU မှာ Music Concert ဆက်လက်ကျင်းပသွားမယ်လို့လည်း အသိပေးဆိုထားပါတယ်။
========================
📌📌 ၅။ အိန္ဒိယ-မြန်မာနယ်စပ်၊ ဟုမ္မလင်းမြို့ အနီး၊မြေအောက်အနက် ၆၉ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၅ အဆင့်နှင့် အင်အားအတော်အသင့်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့
စက်တင်ဘာ၃၀ရက်
အိန္ဒိယ-မြန်မာနယ်စပ်၊ ဟုမ္မလင်းမြို့ အနီး၊မြေအောက်အနက် ၆၉ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၅ အဆင့်နှင့် အင်အားအတော်အသင့်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါတယ်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် ၀၆:၁၀ မိနစ်အချိန်ခန့်တွင် အိန္ဒိယ-မြန်မာနယ်စပ်၊ ဟုမ္မလင်းမြို့ အနီး၊မြေအောက်အနက် ၆၉ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၅ အဆင့်နှင့် အင်အားအတော်အသင့်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့NUGလူသားစာနာဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။
ငလျင်အန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးမှုများလျော့နည်းစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြရန် အသိပေးနှိုးဆော်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် သာကီနှင့်ကိုခန့်တို့့မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးစခန်းရဲ့ ကာကင်းစခန်းတခု AA သိမ်းပိုက်
စက်တင်ဘာလ (၃၀)ရက်
ရခိုင်ပြည်နဲ့ မကွေးတိုင်းအစပ် ငဖဲမြို့နယ်ထဲက အမ်း - ပဒါန်းလမ်းမှာရှိတဲ့ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေး စခန်းရဲ့ ကာကင်းစခန်းတခုကို အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေ သိမ်းပိုက်လိုက်တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေ သိမ်းပိုက်လိုက်တဲ့စခန်းဟာ စစ်တပ်ထောက်ပို့အတွက် အလွန် အရေးပါတဲ့ ဂုတ်ကြီးရွာက ဂုတ်ကြီးစခန်းလို့ ဆိုပါတယ်။
ဂုတ်ကြီးကျေးရွာ ကာကင်းစခန်းကို အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းတပ်တွေကက အခုလနောက်ဆုံးပတ်မှာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး စက်တင်ဘာလ ၂၈ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်ရရှိခဲ့တာလို့ AA နဲ့ နီးစပ်တဲ့ စစ်ရေး သတင်းရင်းမြစ်တွေကလည်း ပြောပါတယ်။
အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲတွေဟာ အမ်းကနေ ပဒါန်းဘက်ကိုသွားတဲ့ ရခိုင်ရိုးမတောင်ပေါ်က လင်းတဲ၊ စွန်တက် စတဲ့ကျေးရွာတွေကို ထိန်းချုပ်ထားပြီး အခု ဂုတ်ကြီးကျေးရွာကို ထပ်မံထိန်းချုပ်နိုင်ခဲ့တာလို့ သိရပါတယ်။
ဂုတ်ကြီးကျေးရွာကာကင်းစခန်းမှာ စစ်အင်အား ရာချီရှိပေမယ့် အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်ကြောင့် စစ်သားတွေ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်းကို ဆုတ်ခွာထွက်ပြေးသွားတယ်လို့လည်း သိရပါတယ်။
လက်ရှိမှာ အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ်တပ် PDF တွေ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးစခန်းကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးစခန်းနဲ့ ၁၀ မိုင်ခန့်အကွာမှာရှိတဲ့ ပဒါန်းတပ်နယ် ဆုံကုန်းအခြေစိုက် အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် မစခ - ၉၀၅ တပ်ရင်းနဲ့ အမှတ် ၄၀၉ အမြောက် တပ်ရင်းတွေက အမ်း-ပဒါန်းလမ်းပိုင်းမှာ စစ်အင်အားဖြည့်တင်းတာတွေ လုပ်နေလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် နေတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။
အမ်း - ပဒါန်းလမ်းပိုင်းမှာရှိတဲ့ နတ်ရေကန်ဗျူးဟာကုန်းကိုသာသိမ်းပိုက်နိုင်ရင် အမ်း - ပဒါန်း လမ်းပိုင်းကို တော်လှန်ရေး တပ်တွေဘက်က ထိန်းချုပ်သွားနိုင်မှာဖြစ်သလို အကြမ်းဖက်စစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး စက်ရုံတွေကို ခြိမ်းခြောက်လာနိုင်မယ့် အနေအထားရှိတယ်လို့ စစ်ရေးလေ့လာစောင့်ကြည့်နေသူတွေက သုံးသပ်ပြောဆိုနေကြပါတယ်။
========================
🚩🚩 ၂။ နေပြည်တော် PDF တပ်ရင်း ၈၀၃ တပ်ရင်းမှူး စည်းရုံးရေးဆင်းနေချိန်မှာ ကွယ်လွန်
စက်တင်ဘာလ (၃၀)ရက်
ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နေပြည်တော်တိုင်းစစ်ဌာန အမှတ် ၈၀၃ တပ်ရင်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေ တဲ့ ရဲဘော် ရက်(ဂ်)နာ (ခ) C Jade စည်းရုံးရေးဆင်းနေချိန်မှာ ကွယ်လွန်သွားတယ်လို့ အဲဒီတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
နေပြည်တော် PDF တပ်ရင်း ၈၀၃ မှာ တပ်ရင်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် ရက်(ဂ်)နာ (ခ) C Jade ဟာ စိုးမိုးနယ်မြေအတွင်း စည်းရုံးရေးဆင်းနေချိန် အမောဖောက်ပြီး စက်တင်ဘာ ၂၇ ရက်နေ့မှာ ကွယ်လွန်သွားခဲ့တာလို့ ဆိုပါတယ်။
နယ်မြေစည်းရုံးရေးဆင်းရင်း လမ်းလျှောက်ပြန်လာချိန် မိုးရွာတာရယ် အဆင်းအတက်များတာရယ်နဲ့ သူကိုယ်တိုင်ကလည်း အားနည်းနေချိန်နဲ့ တိုက်ဆိုင်သွားတာကြောင့် အမောဖောက်ပြီး သေဆုံးခဲ့ရတာလို့ တပ်ရင်း ၈၀၃ က ဒုရင်းမှူး ရဲဘော်ရာမွန် က ပြောထားပါတယ်။
တပ်ရင်းမှူး ရဲဘော် ရက်(ဂ်)နာ ဟာ တပ်ရင်းမှာ ကျရာတာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သူဖြစ်ပြီး သူ့ရဲ့ ကြိုးစားမှု၊ စိတ်အားထက်သန်မှု၊ အနစ်နာခံမှုတို့ဟာ တပ်ရင်းအတွက် စံမူနာ ယူထိုက်စရာတွေဖြစ်တယ်လို့ နေပြည်တော် PDF တပ်ရင်း ၈၀၃ က ထုတ်ပြန်ထားပါတယ်။
တပ်ရင်းမှူး ကွယ်လွန်သွားတာဟာ တပ်ရင်းအတွက် ကြီးမားတဲ့ ဆုံးရှုံးနစ်နာမှုဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ပေါ်ပေါက် ရေးအတွက် တော်လှန်ရေးတာဝန်များကို ဆက်လက်ထမ်းဆောင်သွားမယ်လို့ နေပြည်တော်တိုင်းစစ်ဌာန အောက်မှာရှိတဲ့ တပ်ရင်တွေက ကတိပြုထားပါတယ်။
တော်လှန်ရေးတာဝန်တွေထမ်းဆောင်ရင်း ရဲဘော် ရက်(ဂ်)နာ ကျဆုံးခဲ့ရတဲ့အတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းရပြီး အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုကြောင်း နေပြည်တော်တိုင်းစစ်ဌာနကလည်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၃။ ကမ္ဘာအေးဘုရားလမ်းမပေါ်မှာရှိတဲ့ ဗဟန်းရဲစခန်းကို လက်ပစ်ဗုံးနဲ့တိုက်မှုမှာ စစ်အုပ်စုဘက်က ထိခိုက်မှုရှိနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေပြော
စက်တင်ဘာလ (၃၀)ရက်
ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းမပေါ်မှာရှိတဲ့ ဗဟန်းရဲစခန်းကို လက်ပစ်ဗုံးနဲ့တိုက်မှုမှာ စစ်အုပ်စုဘက်က ထိခိုက်မှုရှိနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။
ကမ္ဘာအေးဘုရားလမ်းမပေါ်မှာရှိတဲ့ ဗဟန်းရဲစခန်းကို တော်လှန်ရေးအဖွဲ့တွေက မနေ့ စက်တင်ဘာ ၂၉ ရက် ည ၁၀ နာရီ ကျော်အချိန်မှာ လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ကလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲအတွက် ပူးပေါင်းပါဝင်လှုပ်ရှားနေပြီး ပြည်သူလူထုကို နည်းမျိုးစုံနဲ့ မတရားဖမ်းဆီး နှိပ်စက်နေတဲ့ ဗဟန်းရဲတပ်ဖွဲ့ကို Operation Flame-“Fire Power” အထူးစစ်ဆင်ရေး စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ပြီး တိုက်ခိုက်ခဲ့တာလို့ အသိပေးပါတယ်။
ဒီတိုက်ခိုက်မှုမှာ ရန်သူ စစ်အုပ်စုဘက်က ထိခိုက်မှုတွေရှိနိုင်တာကြောင့် အခြေအနေ အသေးစိတ်သိရအောင် ဆက်လက် စုံစမ်းနေတယ်လို့ တိုက်ခိုက်မှုမှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။
ဗဟန်းရဲစခန်းကို တိုက်ခိုက်ရာမှာပါဝင်ခဲ့တဲ့ Operation Flame အဖွဲ့က အကြမ်းဖက်စစ်တပ်ကလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို လုံးဝလက်ခံမှာ မဟုတ်ဘဲ ရန်ကုန်တော်လှန်ရေးမဟာမိတ်တွေ အားလုံးနဲ့အတူလက်တွဲပြီး အကြမ်းဖက် စစ်တပ်ကို အရှိန်မြင့်တိုက်ခိုက်ချေမှုန်းသွားမယ်လို အသိပေးထားပါတယ်။
ဗဟန်းရဲစခန်းကို အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ လသာ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ Operation Flame အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
========================
🚩🚩 ၄။ ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းဖြစ်လာတဲ့ တော်လှန်ရေးထောက်ပို့တပ်သား လက်နက်နဲ့အတူ အလင်းဝင်
စက်တင်ဘာလ (၃၀)ရက်
ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းဖြစ်လာတဲ့ တော်လှန်ရေးထောက်ပို့တပ်သားတဦး မင်းဘူးခရိုင် အမှတ် - ၅ တပ်ရင်းထံ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ဒေသ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
မကွေးတိုင်း စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့ နွယ်တမယ်တံတားမှာ အခြေပြုတပ်စွဲထားတဲ့ ခလရ ၂၅၄ တပ်ရင်းက စစ်မှုထမ်းတပ်သားသစ်တဦး လက်နက်ခဲယမ်တွေနဲ့အတူ အလင်းဝင်လာတာလို့ မင်းဘူးခရိုင် အမှတ် - ၅ တပ်ရင်း တာဝန်ရှိသူတဦးက အတည်ပြုပါတယ်။
ဆင်ဖြူကျွန်းမြို့ နွယ်တမယ်တံတားဂိတ်မှာ တာဝန်ကျနေတဲ့ ခလရ - ၂၅၄ တပ်က စစ်မှုထမ်းတပ်သား ထက်မြတ်ထွန်းဟာ စက်တင်ဘာ ၂ဝ ရက်နေ့မှာ MA-၂ တလက်၊ ကျည်ဘောက် ၃ခု၊ ဘောက်ဝိုင်းတခု ၊ လက်ပစ်ဗုံးတလုံး၀၊ ၅ ပွိုင့် ၅၆ ကျည် ၁၄၅ တောင့်ယူဆောင်လာတယ်လို့ ဆိုပါတယ်။
အခုလို လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ထက်မြတ်ထွန်းကို ကျပ်သိန်း ၁၀၀ ဂုဏ်ပြု ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ထက်မြတ်ထွန်းဟာ အရင်က ထောက်ပို့ ရဲဘော်ဟောင်းတဦးဖြစ်ပြီး ထောက်ပို့ လုပ်ငန်း လုပ်ဆောင်နေချိန် ၂၀၂၃ ခုနှစ် ဇူလိုင်လက ပြင်ဦးလွင်နဲ့မန္တလေးကြားမှာ ပေါ်တာဆွဲခံရပြီး မန္တလေးမှာရှိတဲ့ စုဆောင်းရေးတပ် ၉၁၀ မှာ ၃ လ၊ ဟိုပုံးမြို့မှာ ၆ လ သင်တန်းတက်ခဲ့ပြီးနောက် ပခုက္ကူ အခြေစိုက် တပ်မ ၁၀၁ ကို ရောက်ရှိခဲ့ရာကနေ ခလရ - ၂၅၄ တပ်ရင်းရောက်ရှိလာခဲ့တာလို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ် လက်အောက်ကနေ ရုန်းထွက်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပါဝင်လိုသူတွေကို မင်းဘူး ခရိုင်မှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ဝမ်းမြောက်ဝမ်းသာစွာ ကြိုဆိုနေမယ်လို့ အသိပေးနှိုးဆော်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment