၂၀၂၅ အောက်တိုဘာလ ၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ကို အကြမ်းဖက်အုပ်စုအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ ကြေညာ
📌 ၂။ နယူးယောက်မှာ ကျင်းပတဲ့ ရိုဟင်ဂျာအရေးနဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဒုဝန်ကြီး ဦးမိုးဇော်ဦး၊ ဦးအောင်ကျော်မိုးနှင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ တက်ရောက်
📌 ၃။ တရားမဝင် Shame Election အား ဂျပန်အစိုးရနှင့် ဂျပန်လွှတ်တော်အမတ်များ လက်မခံရန် ဂျပန်လွှတ်တော်အမတ်များသမဂ္ဂ၏ နှစ်ပတ်လည်ညီလာခံတွင် ဂျပန်နိုင်ငံဆိုင်ရာ NUGကိုယ်စားလှယ်နှင့်အဖွဲ့ ရှင်းလင်းဆွေးနွေးပြီး တောင်းဆိုစာ ပေးအပ်
📌 ၄။ ပွင့်ဖြူမြို့နယ်မှာ အမျိုးသမီး၊ လူငယ်နဲ့ ကလေးအခွင့်အရေးဆိုင်ရာ အခွင့်အရေး၊ ဥပဒေများနဲ့ အသိပညာပေး (WCP) သင်တန်းများ ပြန်လည်စတင်
📌 ၅။ မောင်တောမြို့နယ်မှာ HDCO မှ ငှက်ဖျားရောဂါ ကာကွယ်ကုသရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်
📌 ၆။ မြစ်ဆုံရေကာတာ စီမံကိန်း ယာယီရပ်နားခြင်း (၁၄) နှစ်ပြည့်မှာ စီမံကိန်း ထာဝရရပ်နားဖို့ ဆုတောင်းပွဲပြုလုပ်
========================
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ကျောက်မဲတွင် စစ်တပ်နှင့် TNLA အကြား တိုက်ပွဲပြင်းထန်၊ စစ်အုပ်စုမှ ကျောက်မဲမြို့ပေါ်သို့ ဒရုန်းများဖြင့် မီးလောင်ဗုံးများနှင့် အဆိပ်ငွေ့ဗုံးများ ကြဲချသဖြင့် မီးလောင်မှုများ ဖြစ်ပေါ်
🚩 ၂။ ချောင်းမတိုက်ပွဲမှ ထွက်ပြေးလာတဲ့ စစ်ကော်မရှင် တပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၃ ဦး အရှင်၊ ၃ ဦး အသေ ဖမ်းဆီးရမိ
🚩 ၃။ ကစယ်ဒို မြို့နယ်က ပြည်သူပိုင် နေအိမ် ၇၃ လုံးကို စစ်ကော်မရှင် စစ်ကြောင်းက မီးရှို့ဖျက်ဆီး
🚩 ၄။ ကလေးမြို့နယ် တင်သားရွာတွင် စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် ပြည်သူ ၃ ဦး ပြင်းထန်ဒဏ်ရာရ
🚩 ၅။ တနင်္သာရီမြို့နယ် ခလရ (၂၈၀) တပ်ရင်းမှ တပ်သား ၄ ဦး KNLA တပ်ရင်း (၁၁) ထံ အလင်းဝင်
🚩 ၆။ CDF - Asho အခြေခံစစ်ပညာသင်တန်း အပတ်စဥ် - ၇ သင်တန်းဆင်းပွဲ အခမ်းအနား ပြုလုပ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ကို အကြမ်းဖက်အုပ်စုအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ ကြေညာ
စက်တင်ဘာ ၃၀
Radio NUG
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်သည် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခြင်းခံထားရသည့် နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီကို ဆက်ခံဆောင်ရွက်သည့်အဖွဲ့ ဖြစ်ကြောင်းနှင့် ပြည်သူလူထုအပေါ် အကြမ်းဖက်မှုများ ဆက်လက်ကျူးလွန်နေကြောင်း တွေ့ရှိရသဖြင့် “နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်” နှင့် ၎င်းမှ အဆင့်ဆင့်တာဝန်ပေး ဖွဲ့စည်းလိုက်သော အဖွဲ့များအားလုံးကို “အကြမ်းဖက်အုပ်စုများ” အဖြစ် သတ်မှတ်ကြေညာလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရမှ စက်တင်ဘာလ ၃၀ ရက်တွင် သတ်မှတ်ကြေညာလိုက်ပါတယ်။
ထို့အတူ မင်းအောင်လှိုင်အပါအဝင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် အဖွဲ့ဝင်များ အားလုံးကို “အကြမ်းဖက်သမားများ” အဖြစ်လည်း သတ်မှတ်ကြေညာထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့သည် အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၆၊ ပုဒ်မခွဲ (င)နှင့် ပုဒ်မ ၇၂ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်အရ ထိုအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက် စစ်အုပ်စုသည် ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ပြည်သူ့အစိုးရအဖွဲ့ဝင်များကို မတရားဖမ်းဆီးပြီး ပြည်သူ့အာဏာ လုယူခဲ့သဖြင့် နိုင်ငံတော် ပုန်ကန်မှုကို ကျူးလွန်ခဲ့ပါတယ်။
မင်းအောင်လှိုင် ဦးဆောင်သည့် “နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီ” ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ၂၀၂၁ခုနှစ်၊ မတ်လ(၁)ရက်နေ့တွင် “အကြမ်းဖက် စစ်အုပ်စု” ဖြစ်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၅)ရက်နေ့တွင် “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ပြည်သူလူထု၏ ရန်သူ - Enemy of the State ” ဖြစ်ကြောင်း အသီးသီး ကြေညာထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။
အကြမ်းဖက်စစ်အုပ်စုအနေဖြင့် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ (၃၁)ရက်နေ့တွင် “နိုင်ငံတော်အုပ်ချုပ် ရေးကောင်စီ”အဖြစ်မှ “နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်” အဖြစ်သို့ အမည် ပြောင်းလဲဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
========================
📌📌 ၂။ နယူးယောက်မှာ ကျင်းပတဲ့ ရိုဟင်ဂျာအရေးနဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဒုဝန်ကြီး ဦးမိုးဇော်ဦး၊ ဦးအောင်ကျော်မိုးနှင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ တက်ရောက်
စက်တင်ဘာ ၃၀
Radio NUG
နယူးယောက်၊ ကုလဆိုင်ရာ မလေးရှားသံရုံးမှာ မလေးရှားအစိုးရ၊ ကုလဆိုင်ရာ မလေးရှားအကြံပေးအဖွဲ့နဲ့ ရိုဟင်ဂျာအတိုင်ပင်ခံကောင်စီတို့ ပူးပေါင်းကျင်းပတဲ့ ၈၀ ကြိမ်မြောက်ကုလသမဂ္ဂ အထွေထွေညီလာခံ ဆက်စပ်အစည်းအဝေးအဖြစ် Rohingya Inclusion, Sustainable Peace, and ASEAN’s Role ဆွေးနွေးပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ဒုဝန်ကြီးဦးအောင်ကျော်မိုး တက်ရောက်အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ ဆွေးနွေးပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဒုဝန်ကြီး ဦးမိုးဇော်ဦးနဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့နဲ့အတူ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် Mr. Tan Sri Othman Hashim အပါအဝင် သံတမန်များနဲ့ မြန်မာ့အရေးလှုပ်ရှားသူများ၊ အရပ်ဖက်အဖွဲ့အစည်းခေါင်းဆောင်တွေလည်း ပါဝင်တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
========================
📌📌 ၃။ တရားမဝင် Shame Election အား ဂျပန်အစိုးရနှင့် ဂျပန်လွှတ်တော်အမတ်များ လက်မခံရန် ဂျပန်လွှတ်တော်အမတ်များသမဂ္ဂ၏ နှစ်ပတ်လည်ညီလာခံတွင် ဂျပန်နိုင်ငံဆိုင်ရာ NUGကိုယ်စားလှယ်နှင့်အဖွဲ့ ရှင်းလင်းဆွေးနွေးပြီး တောင်းဆိုစာ ပေးအပ်
စက်တင်ဘာ ၃၀
Radio NUG
မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံအားပေးသော ပါတီစုံပါဝင်သည့် လွှတ်တော်အမတ်များသမဂ္ဂ၏ နှစ်ပတ်လည်ညီလာခံတွင် မတရားအာဏာသိမ်းထားသည့် စစ်ကော်မရှင်မှ ကျင်းပပြုလုပ်မည့် တရားမဝင် Shame Election အား ဂျပန်လွှတ်တော်အမတ်များအနေနှင့်သော်လည်းကောင်း၊ ဂျပန်အစိုးရအနေနှင့်သော်လည်းကောင်း လုံးဝ လက်မခံရန် တိုက်တွန်းတောင်းဆိုထားသည့် စာအား ဂျပန်နိုင်ငံဆိုင်ရာ NUGကိုယ်စားလှယ် ဦးစောဘလှသိန်းမှ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့်အတူ ဥက္ကဋ္ဌ Mr. Kondo Soichiထံ ပေးအပ်တောင်းဆိုခဲ့ကြောင်း သတင်းရရှိပါတယ်။
ထို့နောက် ဂျပန်နိုင်ငံဆိုင်ရာ NUGကိုယ်စားလှယ် ဦးစောဘလှသိန်းနှင့်အတူ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများမှ မည်သည့်အတွက်ကြောင့် ရွေးကောက်ပွဲအား လက်မခံသင့်သည့် အချက်အလက်များနှင့် ကိုးကားကာ ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့တယ်လို့ သိရှိရပါတယ်။
========================
📌📌 ၄။ ပွင့်ဖြူမြို့နယ်မှာ အမျိုးသမီး၊ လူငယ်နဲ့ ကလေးအခွင့်အရေးဆိုင်ရာ အခွင့်အရေး၊ ဥပဒေများနဲ့ အသိပညာပေး (WCP) သင်တန်းများ ပြန်လည်စတင်
စက်တင်ဘာ ၃၀
Radio NUG
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မှာ ကြားကာလနဲ့ အသွင်ကူးပြောင်းရေးကာလအတွင်း အမျိုးသမီး၊ လူငယ်၊ ကလေးသူငယ်နဲ့ လိင်စိတ်ခံယူမှု ကွဲပြားသူတွေရဲ့ အခွင့်အရေးချိုးဖောက်မှုတွေကို အကာကွယ်ပေးနိုင်ဖို့အတွက် သိထားသင့်တဲ့ ဥပဒေတွေနဲ့ အသိပညာပေးရေးဆွေးနွေးပွဲ တစ်ခုကို စက်တင်ဘာလအတွင်းမှာ ဒုတိယအကြိမ်အနေနဲ့ ပြန်လည်စတင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။
ဒီလိုသင်တန်းတွေ ပို့ချနိုင်ဖို့အတွက် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ မြေပြင်ရေးရာတာဝန်ခံတွေကို ၂၀၂၄ခုနှစ်မှာ တစ်ကြိမ်၊ ၂၀၂၅ခုနှစ်မှာ တစ်ကြိမ် နည်းပြသင်တန်းတွေ ပို့ချခဲ့ပြီး အခုလိုနောက်ဆက်တွဲဆင့်ပွားသင်တန်းတွေကို ပြုလုပ်နိုင်တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒီသင်တန်းမှာတော့ ကလေးအခွင့်အရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေမှာ ပါတဲ့ ကလေးအခွင့်အရေးဆိုင်ရာ အခြေခံသဘောတရားများ၊ ကလေးငယ်များအပေါ် အကြမ်းဖက်မှုတွေကို ကာကွယ်ပေးထားတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၁၆၁၂ ၊ ကလေးသူငယ်များကို ကာကွယ်စောင့်ရှောက်ခြင်း လမ်းညွန်ချက် MOD၊ ပဋိပက္ခအခြေအနေတွင် ဖြစ်ပေါ်လာသော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု (Conflict Related Sexual Violence)၊ လိင်အခြေပြုအကြမ်းဖက်မှုများနဲ့ အကာအကွယ်ပေးထားတဲ့ ဥပဒေတွေအကြောင်းကို ဆွေးနွေးပို့ချခဲ့တယ်လို့ သိရပါတယ်။
သင်တန်းကို သင်တန်းသား/ သင်တန်းသူ ၂၁ယောက် တက်ရောက်ခဲ့ပြီး ကြားကာလနဲ့ အသွင်ကူးပြောင်းရေးကာလအတွင်းမှာ အမျိုးသမီး၊ လူငယ်၊ ကလေးသူငယ်တွေနဲ့ လိင်စိတ်ခံယူမှုကွဲပြားသူတွေရဲ့ အခွင့်အရေးချိုးဖောက်ခံရမှုတွေကို အကာအကွယ်ပေးနိုင်ဖို့ လူမှုရေး၊ စီးပွားရေး အခန်းကဏ္ဍတွေမှာ စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ မြှင့်တင်နိုင်ဖို့ စတာတွေကို ဆွေးနွေးခဲ့တယ်လို့ အသိပေးထားပါတယ်။
တက်ရောက်လာတဲ့ သင်တန်းသားတွေဘက်ကလည်း သင်တန်းမှာ အမျိုးသမီးနဲ့ ကလေးသူငယ်အခွင့်အရေးတွေကို ပိုသိလာရသလို လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေနဲ့ ပတ်သက်တဲ့အချက်အလက်တွေအပြင် ကလေးငယ်များရဲ့ ရပိုင်ခွင့်တွေကိုပါ ပိုမိုသိရှိလာကြောင်းနဲ့ နယ်မြေမတည်ငြိမ်မှုတွေကြားမှာ တက်ရောက်နိုင်ခဲ့ကြောင်း မှတ်ချက်ပြုပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ သင်တန်းကို ပထမဆုံးအကြိမ် သင်တန်းနည်းပြအဖြစ် ဦးဆောင်တဲ့ အမျိုးသမီး လူ့အခွင့်အရေးဆိုင်ရတာဝန်ခံက နယ်မြေမတည်ငြိမ်မှုတွေ၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေနဲ့ သင်ထောက်ကူပစ္စည်း အခက်အခဲတွေကြားကနေ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ပွင့်ဖြူမြို့နယ်မှာ ပြုလုပ်တဲ့ ယခုသင်တန်းတွင် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ အမျိုးသမီး၊ လူ့အခွင့်အရေးရာတာဝန်ခံ တစ်ဦးက ဦးဆောင်ပြီးတော့ သင်ကြားဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနတွင် လူ့အခွင့်ရေးရာတာဝန်ခံ စုစုပေါင်း ၁၀၂ဦး ရှိပြီး အမျိုးသမီးလူ့အခွင့်ရေးရာတာဝန်ခံ ၂၅ ဦး ခန့်အပ်တာဝန်ပေးထားတယ်လို့ အသိပေးထားပါတယ်။
========================
📌📌 ၅။ မောင်တောမြို့နယ်မှာ HDCO မှ ငှက်ဖျားရောဂါ ကာကွယ်ကုသရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်
စက်တင်ဘာ ၃၀၊
Radio NUG
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) မှ သက်ဆိုင်ရာဌာနများနဲ့ ပူးပေါင်းပြီး ငှက်ဖျားရောဂါ ကာကွယ်ကုသရေးဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဩဂုတ်လ တတိယ အပတ်အတွင်း သက်ဆိုင်ရာ ကျန်းမာရေးဌာနနဲ့ ပူးပေါင်းပြီး Malaria Response လုပ်ငန်း တခုကို မောင်တောမြို့နယ်အတွင်းက ကျန်းမာရေးအကူအညီပေးမှု မရရှိသေးတဲ့ ကျေးရွာ (၈) ရွာကို ကွင်းဆင်း ဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။
မောင်တော မြို့နယ်ထဲက လုံခြုံရေးစိုးရိမ်ရပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် ကျန်းမာရေးဝန်ဆောင်မှု ရရှိနိုင်ရန် အလွန်ခက်ခဲနေတဲ့ လူနည်းစု မြိုလူမျိုး ကျေးရွာများကို ငှက်ဖျားပိုး စစ်ဆေးခြင်း၊ ပိုးတွေ့ လူနာများကို ကုသမှုပေးခြင်းနဲ့ ကျန်းမာရေး အသိပညာပေးခြင်းများကို ကွင်းဆင်းဆောင်ရွက် ခဲ့တယ်လို့ သိရပါတယ်။
ဒေသခံ လူဦးရေ ၁၀၀ ခန့်ကို စစ်ဆေးပေးခဲ့ရာ ၁၇ ဦးမှာ ငှက်ဖျားပိုး တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
HDCO အနေဖြင့် သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ၊ ခြင်ထောင်ဖြန့်ဝေခြင်း၊ အရေပြားရောဂါ ဆေးဝါးထောက်ပံ့မှု စတဲ့လုပ်ငန်းများကို အာရက္ခ ပြည်သူ့တော်လှန်ရေးအစိုးရ ရဲ့ သက်ဆိုင်ရာ ဌာနများနဲ့ ပူးပေါင်းဆောင်ရွက် လုပ်ဆောင်နေတယ်လို့ သိရှိရပါတယ်။
========================
📌📌 ၆။ မြစ်ဆုံရေကာတာ စီမံကိန်း ယာယီရပ်နားခြင်း (၁၄) နှစ်ပြည့်မှာ စီမံကိန်း ထာဝရရပ်နားဖို့ ဆုတောင်းပွဲပြုလုပ်
စက်တင်ဘာ ၃၀၊
Radio NUG
ဧရာဝတီမြစ်ဆုံ ရေကာတာ စီမံကိန်း ယာယီ ရပ်ဆိုင်းခြင်း (၁၄) နှစ်ပြည့် အထိမ်းအမှတ် နေ့မှာ စီမံကိန်း ထာဝရ ရပ်နားဖို့ ဆုတောင်းပွဲ တစ်ခုကို ဒေသခံတွေက ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၃၀ ရက် မနက် ၉ နာရီ မှ နေ့လယ် ၁၂ နာရီ အထိ မြစ်ဆုံဒေသ၊ မလိယန်ကျေးရွာမှာ ပြုလုပ်ခဲ့တဲ့ ဆုတောင်းပွဲကို ဒေသခံ ၇၀ ဦးခန့် ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ ဆုတောင်းပွဲတွင် “ကျွန်ုပ်ချစ်သော ဧရာ၀တီ ထာ၀ရ စီးဆင်းပါစေ” “မြစ်ဆုံ ရေကာတာ စီမံကိန်း ထာ၀ရ ဖျက်သိမ်းရေး” “ဒေသခံများ မိမိနေရပ်သို့ ပြန်လည်နေထိုင် ပိုင်ဆိုင်ခွင့် ရရှိရေး” “သန့်ရှင်းသော ရေ ရရှိရေး” “သဘာ၀ ပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြပါစို့” စတဲ့ စာသားတွေကို ကိုင်ဆောင်ကာ ဆန္ဒ ထုတ်ဖော်ခဲ့ကြတယ်လို့ သိရပါတယ်။
မြစ်ဆုံ ရေကာတာ စီမံကိန်း (Myitsone Dam Project) ကို စစ်ခေါင်းဆောင် ဦးသန်းရွှေ လက်ထက် (၂၀၀၆ - ၂၀၀၇) ခုနှစ်က တရုတ်ကုမ္ပဏီ China Power Investment Corporation (CPI) နဲ့ စာချုပ်ချုပ်ဆိုပြီး တရားဝင် စတင် လုပ်ဆောင်ခဲ့တာပါ။
ထိုနောက် ကချင်လူထု အပါအဝင် မြန်မာတနိုင်ငံလုံး အပြင်းအထန် ကန့်ကွက်ခဲ့တာကြောင့် ၂၀၁၁ စက်တင်ဘာ ၃၀ ရက်နေ့မှာ ဦးသိန်းစိန် အစိုးရက ရေကာတာ တည်ဆောက်ရေးကို ဆိုင်းငံ့ထားမယ်လို့ ကြေညာခဲ့ပြီး လက်ရှိ အချိန်အထိ ယာယီ ရပ်နားထားခဲ့တာ ဖြစ်ပါတယ်။
ယခုနှစ် မေလထဲမှာ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း ရပ်ဆိုင်းထားရတာကြောင့် လျှပ်စစ်ဓါတ်အား ဖူလုံမှုမရှိဘူးလို့ ပြောဆိုကာ ရေကာတာစီမံကိန်းကို ပြန်လည်လုပ်ဆောင်ဖို့ ပြောဆိုခဲ့သလို ဩဂုတ်လ နောက်ဆုံးပတ်က တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (SCO) အစည်းအဝေးတွင် တရုတ်သမ္မတနဲ့ တွေ့ဆုံချိန်မှာလည်း ကချင်ပြည်နယ်က မြစ်ဆုံ စီမံကိန်းအကြောင်း ထည့်သွင်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။
စစ်ခေါင်းဆောင်က တရုတ်ခရီးစဉ်မှာ မြစ်ဆုံစီမံကိန်းအကြောင်း ထည့်သွင်းပြောဆိုခဲ့တာ ရှိခဲ့ပေမယ့် မြေပြင်မှာတော့ အခြေအနေ ငြိမ်သက်နေဆဲ ဖြစ်တယ်လို့ ဒေသခံ တဦးက ပြောပါတယ်။
ဒေသခံတွေကတော့ ဧရာဝတီမြစ်ဆုံ၊ မြစ်ညာမြစ်ဝှမ်းရှိ ရေကာတာ စီမံကိန်းများကို အပြီးတိုင် ရပ်ဆိုင်းပေးဖို့ နဲ့ အဲ့ဒီရေကာတာ ဆောက်လုပ်မယ့် SPIC တရုတ်ကုမ္ပဏီတွေ မြန်မာပြည်ကထွက်သွားဖို့ ဆန္ဒပြ တောင်းဆိုမှုတွေ ဆက်တိုက်ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ကျောက်မဲတွင် စစ်တပ်နှင့် TNLA အကြား တိုက်ပွဲပြင်းထန်၊ စစ်အုပ်စုမှ ကျောက်မဲမြို့ပေါ်သို့ ဒရုန်းများဖြင့် မီးလောင်ဗုံးများနှင့် အဆိပ်ငွေ့ဗုံးများ ကြဲချသဖြင့် မီးလောင်မှုများ ဖြစ်ပေါ်
စက်တင်ဘာ ၃၀
Radio NUG
စက်တင်ဘာ ၃၀ ရက် နေ့လယ်ပိုင်းမှ စတင်ကာ အကြမ်းဖက်စစ်တပ်သည် ကျောက်မဲမြို့ပေါ်သို့ ဒရုန်းများဖြင့် မီးလောင်ဗုံးများနှင့် အဆိပ်ငွေ့ဗုံးများ ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။
ထိုတိုက်ခိုက်မှုကြောင့် မြို့အတွင်း အလယ်ကားကွင်းက စျေးဆိုင်ခန်းများ၊ ကြံ့ဖွတ်ရုံး၊ သစ်တောရုံး၊ ရဲစခန်းနှင့် အခြားဌာနဆိုင်ရာ အဆောက်အအုံများ မီးလောင်ပျက်စီးနေပြီး ဒေသခံ အများအပြား လုံခြုံရာသို့ ထွက်ပြေးတိမ်းရှောင်နေရကာ အိမ်စောင့်အဖြစ် လူအနည်းငယ်သာ ကျန်ရှိနေတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်သည် ကျောက်မဲမြို့အနီး ၄ မိုင်အကွာသို့ ရောက်ရှိနေပြီး မြို့တွင်းသို့ ထိုးဖောက်ဝင်ရောက်ရန် ကြိုးပမ်းနေသော်လည်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က မြို့ကို ဆက်လက်ထိန်းချုပ်ထားပြီး ပြင်းထန်စွာ ခုခံတိုက်ခိုက်နေတယ်လို့ သိရပါတယ်။
လူမှုကွန်ရက်တွင် စစ်ကောင်စီဘက်မှ ဝါဒဖြန့်ချက်များအရ ဌာနဆိုင်ရာ အဆောက်အအုံများကို TNLA က မီးရှို့သည်ဟု စွပ်စွဲထားပြီး ဒေသခံများက ယင်းမီးလောင်မှုများမှာ စစ်တပ်၏ ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် ဖြစ်ပေါ်ခဲ့တာလို့ ပြောဆိုထားပါတယ်။
========================
🚩🚩 ၂။ ချောင်းမတိုက်ပွဲမှ ထွက်ပြေးလာတဲ့ စစ်ကော်မရှင် တပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၃ ဦး အရှင်၊ ၃ ဦး အသေ ဖမ်းဆီးရမိ
စက်တင်ဘာ ၃၀၊
Radio NUG
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမရွာ တိုက်ပွဲမှ စစ်ရှုံးပြီး ထွက်ပြေးလာတဲ့ စစ်ကော်မရှင် တပ်ဖွဲ့မှ ဒုတပ်ကြပ် အပါအဝင် စစ်သုံ့ပန်း ၃ ဦးကို အရှင်၊ ၃ ဦးကို အသေဖမ်းဆီး ရမိခဲ့တယ်လို့ Union Liberation Front - ULF V 02 က ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာ ၁၂ ရက်နေ့က ထွက်ပြေးလာတဲ့ စစ်ကော်မရှင် တပ်သား ၂ ဦးကို အသေ ဖမ်းဆီးနိုင်ခဲ့ပြီး MA-1 (၂) လက်၊ ၅.၅၆ ကျည် ၁၇၀ တောင့်နဲ့ ကျည်ဘောက် ၈ ဘောက်ကို သိမ်းဆည်းရရှိ ခဲ့တယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၁၈ ရက်နေ့မှာလည်း အလားတူ ထွက်ပြေးလာတဲ့ စစ်ကော်မရှင် ဒု-တပ်ကြပ် ၁ ဦး နဲ့ ပြည်သူ့စစ် ၂ ဦးတို့ကို အရှင် ဖမ်းဆီးရမိခဲ့ပြီး MA1 (၂) လက်၊ MA2 (၁) လက်၊ ၅.၅၆ ကျည် ၄၂၀ တောင့် နဲ့ ကျည်ဘောက် ၁၉ ဘောက်ကို ထပ်မံဖမ်းဆီး ရမိခဲ့တယ်လို့ သိရပါတယ်။
ထို့နောက် စက်တင်ဘာ ၂၉ ရက်နေ့မှာလည်း အလားတူ ထွက်ပြေးလာတဲ့ စစ်ကော်မရှင်တပ်မှ တပ်သား တဦးကို အသေဖမ်းဆီးရမိခဲ့ပြီး MA-1 ၁ လက်၊ ၅.၅၆ ကျည် ၅၀ တောင့်နဲ့ ကျည်ဘောက် ၃ ဘောက်ကို သိမ်းဆည်းရရှိခဲ့ ပါသေးတယ်။
ယင်းမာပင်မြို့နယ် ပ.က.ဖ (Union Liberation Front - ULF V02) အနေဖြင့် အောင်မြင်သော စစ်ဆင်ရေးများ ဖော်ဆောင်နိုင်ရန် ပြုလုပ်နေတဲ့ ‘အနောက်မြောက် လွင်ပြင်သို့’ ကမ်ပိန်းမှာ ပူးပေါင်းပါဝင် ပေးကြဖို့ မေတ္တာရပ်ခံ ထားပါတယ်။
========================
🚩🚩 ၃။ ကစယ်ဒို မြို့နယ်က ပြည်သူပိုင် နေအိမ် ၇၃ လုံးကို စစ်ကော်မရှင် စစ်ကြောင်းက မီးရှို့ဖျက်ဆီး
စက်တင်ဘာ ၃၀၊
Radio NUG
တနင်္သာရီတိုင်း၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ မြိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်၊ တောင်ပျောက်ကျေးရွာမှ ပြည်သူပိုင် နေအိမ် (၇၃) လုံးအား စစ်ကော်မရှင် စစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNU မြိတ် - ထားဝယ် ခရိုင်က ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာလ ၃၀ ရက်၊ မနက် ၇ နာရီအချိန်မှာ သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာကို စစ်ကော်မရှင်ရဲ့ (၄၀၃) (၄၀၄) (၄၀၅) တပ်ရင်းတို့ ပူးပေါင်းပြီး စစ်ကြောင်းထိုးလာတယ်လို့ ဆိုပါတယ်။
၎င်းစစ်ကြောင်းကို KNLA တပ်မဟာ (၄) တပ်ရင်း (၁၂) နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ကြားဖြတ်တိုက်ခိုက်ခံရတဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ ကျောက်လှေကား ကျေးရွာရှိ ပြည်သူလူထုပိုင် နေအိမ် (၇၃) လုံးအား မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၄။ ကလေးမြို့နယ် တင်သားရွာတွင် စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် ပြည်သူ ၃ ဦး ပြင်းထန်ဒဏ်ရာရ
စက်တင်ဘာ ၃၀
Radio NUG
စက်တင်ဘာလ ၂၈ ရက် ညနေ ၄ နာရီခန့်တွင် ကလေးမြို့နယ်၊ တင်သားရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်ဖွဲ့များက ၁၂၀ မမ ဗုံးများကို ဒရုန်းဖြင့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။
ထိုတိုက်ခိုက်မှုကြောင့် အသက် ၄၁ နှစ်အရွယ် ဒေါ်နှင်းမူ၊ အသက် ၅၇ နှစ်အရွယ် ဦးတင်ထူးနှင့် အသက် ၂၅ နှစ်အရွယ် ဒေါ်ရွှေစင်တို့ ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အချို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
၂၀၂၅ခုနှစ် ဇန်နဝါရီလတွင်လည်း တင်သားရွာနှင့် အနီးရှိ ကုက္ကိုလ်ရွာရှိ စစ်ဘေးရှောင်နေရာများကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်များအပါအဝင် ပြည်သူ ၈ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
========================
🚩🚩 ၅။ တနင်္သာရီမြို့နယ် ခလရ (၂၈၀) တပ်ရင်းမှ တပ်သား ၄ ဦး KNLA တပ်ရင်း (၁၁) ထံ အလင်းဝင်
စက်တင်ဘာ ၃၀၊
Radio NUG
ကရင့်အမျိုးသား အစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင်၊ တနောသရီ (တနင်္သာရီ) မြို့နယ်အတွင်း စစ်ကော်မရှင်တပ် ခလရ (၂၀၈) တပ်ရင်းမှ တပ်သား (၄) ဦး အလင်းဝင်လာတယ်လို့ KNU မြိတ်-ထားဝယ် ခရိုင်က ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာလ ၃၀ ရက်နေ့မှာ ခ.လ.ရ (၂၈၀) တပ်ရင်းမှ တပ်သား (၄) ဦး KNLA တပ်ရင်း (၁၁) ထံ လက်နက်မဲ့ အလင်းဝင် ဘက်ပြောင်းခိုလှုံ လာတယ်လို့ ဆိုပါတယ်။
၎င်းတပ်သား ၄ ဦးဟာ အာဏာသိမ်း စစ်တပ်မှ အတင်းအဓမ္မ ပြည်သူ့စစ်မှုထမ်း သင်တန်းတက်ခိုင်းပြီး သိန်းခွန်းဘက်ကို ရှေ့တန်း အပို့ခံခဲ့ရချိန်မှာ ထွက်ပြေးလာခဲ့ပြီး ဘက်ပြောင်းခိုလှုံလာခဲ့တာ ဖြစ်တယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၆။ CDF - Asho အခြေခံစစ်ပညာသင်တန်း အပတ်စဥ် - ၇ သင်တန်းဆင်းပွဲ အခမ်းအနား ပြုလုပ်
စက်တင်ဘာ ၃၀
Radio NUG
ချင်းကာကွယ်ရေးတပ် - အရှို ( CDF - Asho ) ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် - ၇ သင်တန်းဆင်းပွဲကို စက်တင်ဘာလ ၂၈ ရက်နေ့ တွင် CDF - Asho နောက်တန်းကွင်းမှာ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါအခမ်းအနားတွင် အလံအလေးပြုခြင်း၊ ကျမ်းသစ္စာကျိန်ဆိုခြင်း၊ ဆုရကျောင်းသားများအား ဆုချီးမြှင့်ခြင်းနှင့် သင်တန်းဆင်း ကျောင်းသားများမှ ချင်းရိုးရာ ဝါးညှပ်အကဖြင့် ကပြဖျော်ဖြေခြင်းများ ပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment