၂၀၂၅ အောက်တိုဘာလ ၁၈ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ စစ်အုပ်စုက မြန်မာပြည်သူတွေ ငတ်မွတ်အောင်ထားပြီး အညံ့ခံစေတဲ့နည်း အသုံးပြုနေတာကို နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ လက်ပိုက်ကြည့်မနေသင့်ဘူးလို့ ဦးကျော်မိုးထွန်း ပြော
📌 ၂။ ကုလသမဂ္ဂ အုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေးကော်မတီအနေနဲ့ ၂၀၂၆ ခုနှစ်ဘတ်ဂျက်မှာ သက်ဆိုင်ရာရုံးတွေကို လုံလောက်တဲ့ ရန်ပုံငွေ ခွဲဝေချထားပေးဖို့ မြန်မာသံအမတ်ကြီး တိုက်တွန်း
📌 ၃။ အကြမ်းဖက်စစ်တပ်ရဲ့ အန္တရာယ်အပေးနိုင်ဆုံး လေတပ်စခန်းနဲ့ လေယာဥ်အမျိုးအစားတွေကို EAR ထုတ်ပြန်
========================
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၈ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ စစ်ကိုင်း လက်ပံကျေးရွာကို နယ်မြေရှင်းလင်းရေးလုပ်ချိန်မှာ စစ်အသုံးအဆောင်တွေ သိမ်းဆည်းရရှိ
🚩 ၂။ လှည်းကူး ဒရယ်ဘိုးရွာက စစ်တပ်လက်အောက်ခံ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့်မိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်
🚩 ၃။ ကွတ်ခိုင်မြို့မှာ PSLF/TNLA မြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာနက ရပ်ကွက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတွေနဲ့ တွေ့ဆုံ နွေးဆွေး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ စစ်အုပ်စုက မြန်မာပြည်သူတွေ ငတ်မွတ်အောင်ထားပြီး အညံ့ခံစေတဲ့နည်း အသုံးပြုနေတာကို နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ လက်ပိုက်ကြည့်မနေသင့်ဘူးလို့ ဦးကျော်မိုးထွန်း ပြော
အောက်တိုဘာလ (၁၈)ရက်
စစ်အုပ်စုက မြန်မာပြည်သူတွေ ငတ်မွတ်အောင်ထားပြီး အညံ့ခံစေတဲ့နည်း အသုံးပြုနေတာကို နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ လက်ပိုက်ကြည့်မနေသင့်ဘူးလို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုရေးရာကော်မတီမှာ စားနပ်ရိက္ခာရရှိခွင့် - Right to Food နဲ့ပတ်သက်လို့ အပြန်အလှန်ဆွေးနွေးရာမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်အုပ်စုရဲ့ မတရားစစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲဆိုးကျိုးရလဒ်တွေဟာ အလွန်ဆိုးရွားပြီး စားနပ်ရိက္ခာရရှိခွင့်ဟာလည်း ပြိုလဲသွားတယ်လို့ မြန်မာသံအမတ်ကြီးက အစည်းအဝေးတက်ရောက်လာသူတွေကို ရှင်းပြခဲ့ပါတယ်။
၂၀၂၅ ခုနှစ်မှာ မြန်မာနိုင်ငံက လူဦးရေ ၁၅ ဒသမ ၂ သန်းခန့်ဟာ အရေးပေါ် စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ ရင်ဆိုင်နေရပြီး ၃ ဒသမ ၅ သန်းသော ပြည်သူတွေဟာ ပြည်တွင်းကနေ နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင် နေရတယ်လို့လည်း အသိပေးခဲ့ပါတယ်။
ဒီလိုအခြေအနေမှာ စစ်အုပ်စုဟာ အကူအညီပေးအပ်လာတဲ့ ထောက်ပံ့မှုတွေကို တားမြစ်ပိတ်ဆို့တာ၊ လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးသူတွေကို ဟန့်တားကန့်သတ်တာ၊ လယ်ယာမြေနဲ့ စိုက်ပျိုးရေးသုံး ပစ္စည်းကိရိယာတွေကို လေကြောင်းကနေတိုက်ခိုက်ဖျက်ဆီးတာ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ဖျက်ဆီးနေတာကြောင့် အခြေအနေတွေ ပိုပြီး ဆိုးရွားစေခဲ့တယ်လို့လည်း ရှင်းပြခဲ့ပါတယ်။
စစ်အုပ်စုဟာ သူတို့ကိုယ်ကျိုးအတွက် နိုင်ငံတော်ဝင်ငွေတွေကို လက်နက်ခဲယမ်းဝယ်ယူဖို့ အသုံးချနေသလို ကုန်စည်စီးဆင်း မှုတွေကို ထိန်းချုပ်ဖို့နဲ့ ကုန်ပစ္စည်း ရှားပါးမှုကို အကြောင်းပြပြီး အမြတ်ထုတ်ဖို့ စစ်အုပ်စုနဲ့ နီးစပ်တဲ့ ခရိုနီတွေကို ခွင့်ပြု ပေးထားတယ်လို့လည်း မြန်မာသံအမတ်ကြီးက ထောက်ပြ ပြောဆိုခဲ့ပါတယ်။
ဒါဟာ မြန်မာပြည်သူတွေ စားနပ်ရိက္ခာရရှိပိုင်ခွင့်ကို စစ်အုပ်စုက စနစ်တကျလုပ်ဆောင်နေတာဖြစ်တဲ့အတွက် ဒီပြသနာကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ လက်ပိုက်ကြည့်မနေဘဲ ချက်ခြင်းအရေးယူဆောင်ရွက်ဖို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်း ပြောကြားခဲ့ပါတယ်။
ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုကော်မတီရဲ့ စားနပ်ရိက္ခာရရှိခွင့် နဲ့ စပ်လျဉ်းတဲ့ အပြန်အလှန် ဆွေးနွေးပြောကြားမှု အစီအစဉ်မှာ အစီရင်ခံစာတင်သွင်းသူ Mr. Michael FAKHRI က ကမ္ဘာ့စားနပ်ရိက္ခာ စနစ်ကို ထိန်းချုပ်ခြင်းကြောင့် ဖြစ်ပေါ်နေတဲ့ ဆိုးကျိုးတွေကို ထောက်ပြခဲ့ပြီး ကျူးလွန်သူတွေကို သက်ဆိုင်ရာဥပဒေတွေ အတိုင်း တာဝန်ခံစေပြီး ပြည်သူတွေရဲ့ စားနပ်ရိက္ခာရရှိခွင့် အခွင့်အရေးကို လေးစားကြဖို့ အကြံပြု ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၂။ ကုလသမဂ္ဂ အုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေးကော်မတီအနေနဲ့ ၂၀၂၆ ခုနှစ်ဘတ်ဂျက်မှာ သက်ဆိုင်ရာရုံးတွေကို လုံလောက်တဲ့ ရန်ပုံငွေ ခွဲဝေချထားပေးဖို့ မြန်မာသံအမတ်ကြီး တိုက်တွန်း
အောက်တိုဘာလ (၁၈)ရက်
ကုလသမဂ္ဂ အုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေးကော်မတီအနေနဲ့ ၂၀၂၆ ခုနှစ်ဘတ်ဂျက်မှာ သက်ဆိုင်ရာရုံးတွေကို လုံလောက်တဲ့ ရန်ပုံငွေ ခွဲဝေချထားပေးဖို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောကြား လိုက်ပါတယ်။
အကြိမ် ၈၀ မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အုပ်ချုပ်ရေးနှင့်ဘဏ္ဍာရေးကော်မတီရဲ့ ၂၀၂၆ ခုနှစ်အတွက် ကုလ သမဂ္ဂ ပုံမှန်ဘဏ္ဍာငွေအဆိုပြုမှု ခေါင်းစဉ်အောက်ကကျင်းပတဲ့ အထွေထွေဆွေးနွေးမှုအစီအစဉ်မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်း ပြောကြားလိုက်တာဖြစ်ပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ တရားမဝင်စစ်အာဏာသိမ်းပြီးချိန်ကစပြီး ၄ နှစ်ကျော်အတွင်း အဆိုးရွားဆုံးနဲ့ အရက်စက်ဆုံး အကြမ်းဖက်မှုတွေကို ဆက်တိုက်လုပ်ဆောင်နေတာကြောင့် စာသင်ကျောင်းတွေ၊ ဆေးရုံတွေနဲ့ ဘာသာရေး အဆောက် အအုံတွေအပါအဝင် နေအိမ်အဆောက်အအုံပေါင်း တသိန်းကျော်ပျက်စီးခဲ့ရသလို အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုပေါင်း ၄၅၂ ကြိမ်ရှိခဲ့တာကြောင့် ကလေးသူငယ်တွေ အပါအဝင် အရပ်သား ၄ထောင့် ၇ ရာ ၆၃ ဦး သတ်ဖြတ်ခံခဲ့ရတာကို မှတ်တမ်း တင်ထားပြီးဖြစ်တယ်လို့ အစည်းအဝေးတက်ရောက်လာသူတွေကို မြန်မာသံအမတ်ကြီးက ရှင်းပြခဲ့ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား - IIMM က နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာဆိုရင်လည်း စစ်အုပ်စုရဲ့ အကြမ်းဖက်လုပ်ရပ်တွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုမြောက်တယ်ဆို ပြီး အလေးထားဖော်ပြထားတယ်လို့လည်း ထောက်ပြထားပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးအစီရင်ခံစာ တင်သွင်းသူနဲ့ IIMM တို့ရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေနဲ့ သူတို့အသံတွေဟာ အလွန် အရေးကြီးတယ်လို့လည်း အသိပေး ပြောကြားခဲ့ပါတယ်။
သူတို့ရဲ့တင်ပြချက်တွေနဲ့ လုပ်ဆောင်ချက်တွေဟာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာအသိုက်အဝန်းရဲ့ အာရုံစိုက်မှုကို ရစေတဲ့အတွက် ကျေးဇူးတင်စကားကိုလည်း မြန်မာသံအမတ်ကြီးက တဆက်တည်း ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ မြန်မာပြည်သူတွေရဲ့ အသက်ကို ကယ်တင်ဖို့နဲ့ အရပ်သားတွေကို ကာကွယ်စောင့်ရှောက်ဖို့ဆိုရင် ကုလသမဂ္ဂအနေနဲ့ ထိရောက်တဲ့ ချက်ချင်း အရေးယူဆောင်ရွက်မှုတွေ လိုအပ်နေသေးတယ်လို့လည်း ထောက်ပြပြောဆိုခဲ့ပါတယ်။
ကုလသမဂ္ဂအနေနဲ့ မြန်မာပြည်သူလူထုအပေါ် ပျက်ကွက်တာမျိုး မရှိသင့်တော့တာပဲ သူတို့ရဲ့လုပ်ပိုင်ခွင့်တွေကို ထိထိ ရောက်ရောက် အကောင်အတည်ဖော်နိုင်ဖို့ ကုလသမဂ္ဂ အုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေးကော်မတီအနေနဲ့ ၂၀၂၆ ခုနှစ် ဘတ်ဂျက် မှာ သက်ဆိုင်ရာရုံးတွေကို လုံလောက်တဲ့ ရန်ပုံငွေ ခွဲဝေချထားပေးဖို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်း ပြောကြားခဲ့တာဖြစ်ပါတယ်။
========================
📌📌 ၃။ အကြမ်းဖက်စစ်တပ်ရဲ့ အန္တရာယ်အပေးနိုင်ဆုံး လေတပ်စခန်းနဲ့ လေယာဥ်အမျိုးအစားတွေကို EAR ထုတ်ပြန်
အောက်တိုဘာလ (၁၈)ရက်
အကြမ်းဖက်စစ်တပ်ရဲ့ အန္တရာယ်အပေးနိုင်ဆုံး လေတပ်စခန်းနဲ့ လေယာဥ်အမျိုးအစားတွေကို ဝေဟင်သတင်းဌာနတခု ဖြစ်တဲ့ ပြည်သူ့အတွက် ဝေဟင်သတင်း EAR အဖွဲ့က ဒီနေ့ အောက်တိုဘာ ၁၈ မှာ ထုတ်ပြန်လာပါတယ်။
EAR ကနေ မြန်မာစစ်တပ် - MAF ရဲ့ ပြည်နယ်နဲ့ ယူနစ် - တိုင်းဒေသအလိုက် လေကြောင်းတိုက်ခိုက်လေ့ရှိတဲ့ အန္တရာယ် အပေးနိုင်ဆုံး လေတပ်လေဆိပ်နဲ့ လေယာဥ်အမျိုးအစားတွေကို ပုံတွေနဲ့တကွ ထုတ်ပြန် လာတာဖြစ်ပါတယ်။
ဒီအချက်အလက်တွေကို လေကြောင်းစောင့်ကြည့်ထောက်လှမ်းရေးမှာ ၄ နှစ်ကျော်ကြာလုပ်ဆောင်လာခဲ့တဲ့ EAR အဖွဲ့နဲ့ အတူ မြေပြင်မှာရှိတဲ့ ဒေသ လေကြောင်းကင်းထောက်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး အတည်ပြုစိစစ်ထားတယ်လို့ ဆိုပါတယ်။
အခုထုတ်ပြန်ချက်ဟာ နေ့စဉ် လေကြောင်းရန်နဲ့ရင်ဆိုင်နေရသူတွေ လေကြောင်းစောင့်ကြည့်ရေးအဖွဲ့ကလူတွေအတွက် အစိမ်းသက်သက်မဟုတ်ပေမယ့် သာမန်အရပ်သားပြည်သူတွေ လေကြောင်းတိုက်ခိုက်မှုနဲ့ အတွေ့အကြုံမရှိသူတွေ၊ လေတပ် လေယာဉ်အချက်အလက်တွေနဲ့ မရင်းနှီးကြသူတွေအတွက် အဓိကရည်ရွယ်တယ်လို့ အသိပေးထားပါတယ်။
ပြည်နယ်နဲ့ တိုင်းအလိုက် သိထားရမယ့် တပ်လေဆိပ်တွေနဲ့ ဘယ်မြို့ကနေ ကိုယ့်ဆီဦးတည်လာနိုင်သလဲဆိုတာရယ် ဘယ် ဒေသတွေမှာ ဘယ်လိုလေယာဉ်မျိုးတွေ အဓိကအသုံးများနေသလဲ စတာတွေ လေ့လာပြီး အသုံးချနိုင်ဖို့အတွက် အဓိက ရည်ရွယ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အလယ်ပိုင်း အညာဒေသတွေဖြစ်တဲ့ စစ်ကိုင်း၊ မကွေး၊ မန္တလေးဟာ ပထဝီဝင်အနေအထားအရ အကြမ်းဖက်စစ်တပ်ရဲ့ လေတပ်တွေ ဗဟိုပြုတည်ရှိရာနေရာတွေဖြစ်ပြီး ပင်မ အသက်သွေးကြောလည်းဖြစ်နေတဲ့အတွက် အခြား ပြည်နယ်နဲ့ တိုင်းတွေနဲ့ နှိုင်းယှဉ်လိုက်ရင် လေယာဉ်ကို ရှောင်ရှားနိုင်ဖို့ ပြင်ဆင်ချိန်ဟာ မိနစ်အနည်းငယ်သာရနိုင်ပြီး မြေမျက်နှာ သွင်ပြင်အနေအထားအရလည်း တောင်ပေါ်တောင်တန်းဒေသတွေလိုမဟုတ်ဘဲ မြေပြန့်လွင်ပြင်ဒေသဖြစ်နေပြန်တာကြောင့် လေယာဉ်အမျိုးအစားများစွာရဲ့ ကြီးမားတဲ့အန္တရာယ်ကို နေ့စဉ်နဲ့အမျှ ခြိမ်းခြောက်ခံနေရတယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် ၂၀၂၁ ကနေ ဒီနေ့အထိ တော်လှန်ရေးအားအကောင်းဆုံးနယ်မြေဒေသတွေဖြစ်ခဲ့တာနဲ့အတူ စစ်တပ် စိုးမိုးထိန်းချုပ် နိုင်စွမ်း လျော့နည်းဆုတ်ယုတ်လာတာနဲ့အမျှ လေကြောင်းတိုက်ခိုက်ခံရမှု အမြင့်ဆုံးဒေသတွေလည်း ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။
အဲဒီဒေသတွေမှာ စစ်တပ်ဘက်က နိုင်ငံရေး စစ်ရေးဂုဏ်သိက္ခာ ကျဆင်းလာခဲ့ပေမယ့် အခုနှစ်မှာကျင်းပမယ့် ဟန်ပြ ရွေးကောက်ပွဲအတွက် တန်ပြန်ထိုးစစ်ဆင်တာတွေလုပ်လာပြီး အရပ်ဘက်ပစ်မှတ်တွေဖြစ်တဲ့ စာသင်ကျောင်း၊ ဆေးရုံ၊ စစ်ရှောင်စခန်း၊ ဘုန်းကြီးကျောင်း၊ ရာသီပွဲတော် စတဲ့ ထိခိုက်မှုအများဆုံးရှိနေတဲ့ အညာဒေသတွေကို လေကြောင်း တိုက်ခိုက်မှုတွေ ပိုလုပ်လာနိုင်တယ်လို့ ဝေဟင်သတင်း EAR အဖွဲ့က သတိပေးထားပါတယ်။
ပြည်နယ်တွေထဲမှာဆိုရင် ကရင်နီပြည်၊ ရှမ်းတောင်၊ ရှမ်းမြောက်၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့ဟာ အရပ်သား ထိခိုက်မှုအများဆုံး ပြည်နယ်တွေဖြစ်တယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ စစ်ကိုင်း လက်ပံကျေးရွာကို နယ်မြေရှင်းလင်းရေးလုပ်ချိန်မှာ စစ်အသုံးအဆောင်တွေ သိမ်းဆည်းရရှိ
အောက်တိုဘာလ (၁၈)ရက်
စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် လက်ပံကျေးရွာမှာ တပ်စွဲနေတဲ့ စစ်အုပ်စု ဆုတ်ခွာထွက်ပြေးသွားတာကြော့် တော်လှန်ရေး တပ်ဖွဲ့က နယ်မြေရှင်းလင်းရေးလုပ်ရာမှာ စစ်အသုံးဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ယူနီကွန်း ပျောက်ကြား တပ်ဖွဲ့ - UGF က ပြောပါတယ်။
လက်ပံကျေးရွာက ပြည်သူ့ပိုင်အိမ်တွေမှာ တပ်စွဲနေတဲ့ အကြမ်းဖက် စစ်အုပ်စုဟာ မနေ့ အောက်တိုဘာ ၁၇ ရက်နေ့မှာ ဆုတ်ခွာထွက်ပြေးသွားတာကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ နယ်မြေရှင်းလင်းရေး လုပ်ခဲ့တာလို့ ဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စု ဆုတ်ခွာသွားပြီးတဲ့နောက် ဒေသနေပြည်သူတွေ ပြန်လည်နေထိုင်နိုင်ဖို့ ယူနီကွန်းပျောက်ကြား တပ်ဖွဲ့က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့တာဖြစ်ပြီး အကြမ်းဖက် စစ်အုပ်စုအသုံးပြုခဲ့တဲ့ ယူနီဖောင်းတွေနဲ့ စစ်အသုံး ဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တာကို ဓာတ်ပုံ မှတ်တမ်းနဲ့ အသိပေးထုတ်ပြန်ထားပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ စစ်ကိုင်းမြို့နယ်အတွင်း နယ်မြေစိုးမိုးမှုရဖို့ ကြိုးပမ်းနေပေမယ့် တော်လှန်ရေးတပ်တွေရဲ့ ခုခံ တိုက်ခိုက်မှုတွေကြောင့် စစ်တပ်ဘက်က အထိနာနေတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
========================
🚩🚩 ၂။ လှည်းကူး ဒရယ်ဘိုးရွာက စစ်တပ်လက်အောက်ခံ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့်မိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်
အောက်တိုဘာလ (၁၈)ရက်
ရန်ကုန်တိုင်း၊ လှည်းကူးမြို့ နယ် ဒရယ်ဘိုးကျေးရွာမှာရှိတဲ့ စစ်တပ်လက်အောက်ခံ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့်မိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်မြို့ပြတော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။
မနေ့ည ၆ နာရီ ၅၀ မိနစ်အချိန်မှာ စစ်တပ်လက်အောက်ခံ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့် မိုင်းတလုံး ၊ လက်ပစ်ဗုံး ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ Yangon Army - YA က ထုတ်ပြန်ထားပါတယ်။
ဒီတိုက်ခိုက်မှုမှာ စစ်တပ်နောက်လိုက် အုပ်ကြီးတယောက်နဲ့ ပျူစောထီးတယောက် လေပေါ်ပျံဝဲသွားတာကို မျက်မြင် တွေ့ခဲ့တယ်လို့ သိရပေမယ့် သေဆုံးမှုရှိမရှိကိုတော့ ဆက်လက်စုံစမ်းနေတယ်လို့ တိုက်ခိုက်မှုမှာပါဝင်သူတွေက ပြောပါတယ်။
လှည်းကူးမြို့ နယ် ဒရယ်ဘိုးကျေးရွာမှာရှိတဲ့ စစ်တပ်လက်အောက်ခံ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို Yangon Army – YA နဲ့ အနောက်ပိုင်းခရိုင်ပကဖတို့ ပူပေါင်းပြီး ပစ်မှတ်ကို ထိထိရောက်ရောက်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
စစ်ကောင်စီနဲ့ပတ်သက်တဲ့ ပစ်မှတ်တွေ၊ အကြမ်းဖက်စစ်တပ်ကလုပ်မယ့် တရားမ၀င်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပါ၀င်လုပ်ကိုင်နေသူတွေကို ထပ်ပြီး ပြင်းပြင်းထန်ထန်တိုက်ခိုက်သွားမယ်လို့ အဲဒီအဖွဲ့တွေက အသိပေး ထုတ်ပြန်ထား ပါတယ်။
========================
🚩🚩 ၃။ ကွတ်ခိုင်မြို့မှာ PSLF/TNLA မြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာနက ရပ်ကွက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတွေနဲ့ တွေ့ဆုံ နွေးဆွေး
အောက်တိုဘာလ (၁၈)ရက်
ရှမ်းမြောက်ဒေသ တအာင်း တပ်မဟာ ၇ နယ်မြေ ကွတ်ခိုင်မြို့မှာ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာနက ဦးဆောင်ပြီး ရပ်ကွက်၊ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲတခု ပြုလုပ်ခဲ့တယ်လို့ TNLA ဘက်က ထုတ်ပြန်ပါတယ်။
ဒီတွေ့ဆုံဆွေးနွေးပွဲကို အောက်တိုဘာ ၁၅ ရက်နေ့ မနက်ပိုင်မှာ လုပ်ခဲ့တာဖြစ်ပြီး တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ မိဘပြည်သူတွေ ပူပေါင်းပါဝင်ဖို့၊ မြို့နဲ့ ကျေးရွာတွေ သာယာလှပစေရေးအတွက် သန့်ရှင်းရေးလုပ်ဖို့ စတာတွေ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ဆွေးနွေးပွဲကိုတက်ရောက်လာတဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေကလည်း သူတို့ဆောင်ရွက်ချက်တွေကို တင်ပြခဲ့ကြပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့ အသိပေးပါတယ်။
အဲဒီတွေ့ဆုံပွဲကို ကွတ်ခိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာနက တာဝန်ရှိသူတွေ၊ သက်ဆိုင်ရာရပ်ကွက်တွေနဲ့ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးတွေအပါအဝင် စုစုပေါင်း ၃၅ ဦး တက်ရောက်ခဲ့တယ်လို့သိရပါတယ်။
စက်တင်ဘာ ၂၃ ရက်နေ့တုန်းကလည်း ကွတ်ခိုင်မြို့နယ်မှာ ပလာင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာနက ဦးဆောင်ပြီး ရပ်ကွတ်အုပ်ချုပ်မှူးတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာရှိတယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန မှတ်တမ်းအရ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment