၂၀၂၅ အောက်တိုဘာလ ၂၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ မြန်မာ့အရေး ထိရောက်စွာ ကူညီဆောင်ရွက်ပေးဖို့ အမေရိကန်သမ္မတ Donald Trump ခရီးစဉ်မှာ ဂျပန်ရောက် မြန်မာများက မေတ္တာရပ်ခံ တောင်းဆို
📌 ၂။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက မြို့နယ်သုံးခုမှာ လူ့အခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေးနဲ့ မိုင်းအန္တရာယ် ကာကွယ်ရေးဆိုင်ရာ အသိပညာပေး သင်တန်းများ ပြုလုပ်ခဲ့
📌 ၃။ လယ်မူလား မြို့နယ်မှာ ကရင့်အမျိုးသား ရဲတပ်ဖွဲ့ အခြေခံ ရက်တိုသင်တန်း အပတ်စဉ် (၁) ပြုလုပ်ပြီးစီး
📌 ၄။ ကြောင်ဟော်ထန်ကျေးရွာတွင် အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုနှင့် ဆောင်းရာသီ သီးနှံရိတ်သိမ်းရေးအတွက် လုပ်သားအင်အား ဖြည့်ဆည်းကူညီမှုများ MNDDAပြုလုပ်ခဲ့
📌 ၅။ Asia Sisterhood Network နှင့် ပူးပေါင်း၍ GBV အသိပညာပေးမှု ပြုလုပ်ခဲ့
📌 ၆။ မန္တလေးတွင် အမျိုးသမီးနှစ်ဦး တူဖြင့် ထုသတ်ခံရ၊ အသက် ၈၄ နှစ်အရွယ် အမျိုးသမီးကြီး သေဆုံး
========================
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ လက်နက်ကိုင်/ပြင်ပ အဖွဲ့အစည်းများ အနေနဲ့ ပြည်သူ့အုပ်ချုပ်ရေးယန္တရားမှာ ဝင်ရောက်စွက်ဖက်ခြင်း မပြုကြဖို့ ပခုက္ကူ ပ.အ.ဖ အသိပေး
🚩 ၂။ စစ်ကော်မရှင် လက်နက်ကြီးကြောင့် မီးလောင်ကျွမ်းမှုအား “PDF မီးရှို့ခဲ့တယ်” လို့ ဝါဒဖြန့်နေ
🚩 ၃။ ရေးမြို့နယ်တွင် DKBA ဂိတ်ကို ရေးဘီလူးအဖွဲ့ တိုက်ခိုက်၊ ၅ ဦးသေဆုံးပြီး ဂိတ်မှူး ဗိုလ်ကြီး သိန်းတန် လက်တစ်ဖက် ပြတ်
🚩 ၄။ မတ္တရာအရှေ့မြောက်ခြမ်း သပြေချောင်ကျေးရွာရှိစစ်ဘေးရှောင်များနေထိုင်သော အိမ်တစ်လုံးသို့ Jet fighterဖြင့် ဗုံးကြဲ၊ ပြည်သူ ၄ဦး သေဆုံး
🚩 ၅။ ကလေးမြို့နယ်တောင်ပိုင်းကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး၊ နေအိမ်များ မီးရှို့ဖျက်ဆီး၊ ဒရုန်းနဲ့ ဗုံးကြဲချ
🚩 ၆။ ပုဏ္ဏားကျွန်းတွင် ပရဟိတယာဉ်ကို စစ်တပ်ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ အသက် ၁၄ နှစ်အရွယ် ပရဟိတလူငယ် သေဆုံး
🚩 ၇။ မြိတ်-တနင်္သာရီ-ဘုတ်ပြင်း လမ်းမကြီးအား ယာယီ အသုံးမပြုကြဖို့ တနင်္သာရီတိုင်း စစ်ဌာန ထုတ်ပြန်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ မြန်မာ့အရေး ထိရောက်စွာ ကူညီဆောင်ရွက်ပေးဖို့ အမေရိကန်သမ္မတ Donald Trump ခရီးစဉ်မှာ ဂျပန်ရောက် မြန်မာများက မေတ္တာရပ်ခံ တောင်းဆို
အောက်တိုဘာ ၂၇ ရက်၊
Radio NUG
အမေရိကန် သမ္မတ Donald Trump ရဲ့ ဂျပန် ခရီးစဉ်မှာ မြန်မာအရေးအား ထိရောက်စွာ ကူညီဆောင်ရွက်ပေးဖို့ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများမှ မေတ္တာရပ်ခံတောင်းဆိုခဲ့ကြတယ်လို့ NUG Support Team Japan က ထုတ်ပြန်ထားပါတယ်။
အဆိုပါ လှုပ်ရှားမှုကို တိုကျိုမြို့ရှိ ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန် သံရုံးအနီးတွင် စုရုံးပြုလုပ်ခဲ့ကြပြီး ဂျပန်ရောက် မြန်မာနိုင်ငံသားများ၊ တက်ကြွလှုပ်ရှားသူများ၊ မြန်မာ့ ဒီမိုကရေစီအရေး စိတ်ဝင်စားတဲ့ ဂျပန်လူမျိုးများ ပူးပေါင်း ပါဝင်ခဲ့ကြပြီး သတင်းမီဒီယာ အများအပြားမှလည်း လာရောက်မှတ်တမ်းယူ မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာ့ဒီမိုကရေစီ အင်အားစုများရဲ့ လှုပ်ရှားမှုများအား ကူညီပံ့ပိုးပေးရန်၊ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက် စစ်ကော်မရှင်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ဒေသတွင်း တည်ငြိမ်မှုကို ပျက်ပြားစေနိုင်တဲ့ ရာဇဝတ်မှုများ၊ မူးယစ်ဆေးဝါး၊ အွန်လိုင်းမှ ငွေကြေးလိမ်လည်မှုများနဲ့ စစ်ရာဇဝတ်မှုများအား ထိရောက်စွာ အရေးယူနိုင်ရန်၊ မြန်မာစစ်အုပ်စုကို ကျောထောက်နောက်ခံပြုကာ ပံ့ပိုးကူညီနေတဲ့ တရုတ်အစိုးရ ရဲ့ ဒေသတွင်း ဩဇာကြီးထွားလာမှုအား မျက်ကွယ်မပြုရန်၊ မြန်မာပြည်သူများရဲ့ ဆန္ဒနဲ့ အသံကို နားထောင်ကာ မြန်မာ့အရေးအတွက် ထိရောက်စွာ ကူညီဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။
ထို့ပြင် ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများက အမေရိကန် အစိုးရထံ အိတ်ဖွင့်ပေးစာ တစောင်အား ပေးပို့ခဲ့ကြပြီး သမ္မတထရန့် အာဆီယံ အစည်းအဝေး မတက်ရောက်မီကပင် ကောင်းမွန်စွာ ရရှိပြီး ဖြစ်ကြောင့် ပြန်လည်အကြောင်းကြားမှုကိုလည်း လက်ခံရရှိထားတယ်လို့ ဆိုပါတယ်။
ဆက်လက်ပြီး စစ်ကော်မရှင်က အတင်းအကြပ် ပြုလုပ်ရန် ကြိုးပမ်းနေတဲ့ တရားမဝင် ရွေးကောက်ပွဲကိုလည်း ပြင်းပြင်းထန်ထန် ဆန့်ကျင်သွားမှာဖြစ်ပြီး လူထုလှုပ်ရှားမှုများ အဆက်မပြတ် ပြုလုပ်သွားမှာ ဖြစ်တာကြောင့် ဂျပန်ရောက် မြန်မာနိုင်ငံသားများ အနေဖြင့် ကျရာနေရာမှ ပါဝင်အားဖြည့် ပေးကြဖို့ အသိပေးထားပါတယ်။
========================
📌📌 ၂။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက မြို့နယ်သုံးခုမှာ လူ့အခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေးနဲ့ မိုင်းအန္တရာယ် ကာကွယ်ရေးဆိုင်ရာ အသိပညာပေး သင်တန်းများ ပြုလုပ်ခဲ့
အောက်တိုဘာ ၂၇
Radio NUG
စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူ၊ ဝန်းသို နဲ့ ထီးချိုင့်မြို့နယ်တွေမှာ အောက်တိုဘာလအတွင်း လူ့အခွင့်အရေးနဲ့ ကလေးအခွင့်အရေး၊ မိုင်းအန္တရာယ်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးသင်တန်းတွေ ကျင်းပပြုလုပ်ခဲ့ကြောင်း လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ပါတယ်။
မြင်းမူမြို့နယ်တွင် ပြုလုပ်တဲ့ သင်တန်းကို ရွာပေါင်း (၁၅) ရွာက ဒေသခံပြည်သူတွေ တက်ရောက်ခဲ့ကြပြီး ဝန်းသိုမြို့နယ်တွင် ပြုလုပ်တဲ့ သင်တန်းကို ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမတွေနဲ့ မိဘများ တက်ရောက်ခဲ့ကြကာ မိုင်းအန္တရာယ် ကာကွယ်ရေး အသိပညာပေးမှုတွေနဲ့အတူ စာရေးကိရိယာနဲ့ အာဟာရထောက်ပံ့မှုများလည်း ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
အလားတူ ထီးချိုင့် နဲ့ ဝန်းသိုမြို့နယ်များတွင်လည်း လူ့အခွင့်အရေးအသိပညာပေးမှုနဲ့အတူ တိုင်ကြားမှုယန္တရားတွေအပြင် ကလေးသူငယ်အခွင့်အရေးနဲ့ မိုင်းအန္တရာယ်ကာကွယ်ရေးအကြောင်းတွေ ရှင်းပြဆွေးနွေးခဲ့ကြသလို ကျောင်းသား၊ ကျောင်းသူနဲ့ ဆရာဆရာမတွေအပါအဝင် ပအဖအဖွဲ့ဝင်တွေပါ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
သင်တန်းတက်ရောက်သူတွေအနေနဲ့ မိမိတို့မသိရှိသေးတဲ့ အခွင့်အရေးအကြောင်းတွေကို သိလာတာ ဝမ်းမြောက်ကြောင်း ပြောကြားခဲ့ကြပြီး မိဘတချို့ကလည်း သင်ခန်းစာတွေကို နောင်တွင် သားသမီးတွေ ထိန်းကျောင်းရာမှာ အသုံးချသွားမယ်လို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ သင်တန်းများနဲ့ ထောက်ပံ့ကူညီမှုများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ခံတွေက ဦးဆောင်ပြီး ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
========================
📌📌 ၃။ လယ်မူလား မြို့နယ်မှာ ကရင့်အမျိုးသား ရဲတပ်ဖွဲ့ အခြေခံ ရက်တိုသင်တန်း အပတ်စဉ် (၁) ပြုလုပ်ပြီးစီး
အောက်တိုဘာ ၂၇ ရက်၊
Radio NUG
ကရင့်အမျိုးသားအစည်းအရုံး (KNU)၊ မြိတ်-ထားဝယ်ခရိုင်၊ လယ်မူလားမြို့နယ်၊ တဖိုကျေးရွာအုပ်စု အတွင်းမှာ ကရင့်အမျိုးသား ရဲတပ်ဖွဲ့၊ အခြေခံ ရက်တိုသင်တန်း အပတ်စဉ် (၁) ကို ကျင်းပပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာ ၂၉ ရက်နေ့မှ အောက်တိုဘာ ၂၅ ရက်နေ့ထိ ပြုလုပ်ခဲ့တဲ့ အဆိုပါ ရက်တိုသင်တန်းကို သင်တန်းသား (ကရင့်အမျိုးသား ရဲတပ်ဖွဲ့ဝင်) (၂၇) ဦး တက်ရောက်ခဲ့ကြပြီး တဖိုကျေးရွာအုပ်စု အမှတ် (၁) နယ်မြေ ရဲတပ်ဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
လယ်မူလားမြို့နယ် ကရင့်အမျိုးသားရဲတပ်ဖွဲ့(KNPF) ခေါင်းဆောင်များမှ ဦးဆောင်ပြီး ဒေသတွင်း တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး နှင့် မူးယစ်ဆေးဝါးပပျောက်ရေးတို့အတွက် ရည်ရွယ်ပြီး ပြုလုပ်ခဲ့တာလို့ သိရပါတယ်။
သင်တန်းတွင် (၁) ကော်သူးလေ ရာဇဝတ်ဥပဒေ၊ (၂) ကော်သူးလေ ရာဇဝတ်ကျင့်ထုံး ဥပဒေ၊ (၃) ကော်သူးလေ တရားမ လုပ်ထုံးလုပ်နည်း ဥပဒေ၊ (၄) ကော်သူးလေ မူယစ်ဆေးဝါး တိုက်ဖျက်ရေး အထူးအက်ဥပဒေ၊ (၅) ကော်သူးလေ ပြုစားခြင်းဆိုင်ရာ အထူးအက်ဥပဒေ (၆) ခေါင်းဆောင်မှု နှင့် စီမံခန့်ခွဲမှု ဆိုင်ရာများ သင်ကြားပို့ချ ပေးခဲ့တယ်လို့ သိရှိရပါတယ်။
========================
📌📌 ၄။ ကြောင်ဟော်ထန်ကျေးရွာတွင် အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုနှင့် ဆောင်းရာသီ သီးနှံရိတ်သိမ်းရေးအတွက် လုပ်သားအင်အား ဖြည့်ဆည်းကူညီမှုများ MNDDAပြုလုပ်ခဲ့
အောက်တိုဘာ ၂၇
Radio NUG
“ဆေးကုသရန် ဝေးကွာခက်ခဲခြင်းနှင့် ငွေကြေးအခက်အခဲရှိခြင်း” စသည့် စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းပေးနိုင်ရန်အတွက် ပြည်ထောင်စု မြန်မာနိုင်ငံ အထူးဒေသ(၁)၊ မုံးကိုးခရိုင် နိုင်ငံရေးဦးစီးဌာနနှင့် အထူးဒေသကျန်းမာရေးဌာနတို့က လက်တွဲပူးပေါင်းကာ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့တွင် မုံးကိုးခရိုင်၊ မုံးကိုးမြို့နယ်အတွင်းရှိ ကြောင်ဟော်ထန်ကျေးရွာ၌ အခမဲ့ ဆေးကုသမှုအစီအစဉ်ကို ကျင်းပပြုလုပ်ပေးခဲ့ကြောင်း MNDAAမှ သတင်းထုတ်ပြန်ပါတယ်။
ကျန်းမာရေးဝန်ထမ်းများက ဆေးကုသမှုခံယူရန် ရောက်ရှိလာသူများအား သွေးပေါင်ချိန်နှင့် သွေးတွင်းသကြားဓာတ် စစ်ဆေးခြင်း၊ ကိုယ်ခန္ဓာ စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်ပေးခဲ့ပြီး ကျန်းမာရေးဆိုင်ရာ မေးခွန်းများကိုလည်း စိတ်ရှည်လက်ရှည် ရှင်းလင်းဖြေကြားပေးခဲ့သည့်အပြင် နာတာရှည်ရောဂါများ ကာကွယ်ခြင်းနှင့် ကုသခြင်းအတွက် ကျွမ်းကျင်မှုဆိုင်ရာ လမ်းညွှန်မှုများကိုလည်း ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် အဖွဲ့ဝင်များက ကျန်းမာရေးဗဟုသုတများ ပြန့်ပွားရေးကိုလည်း တက်ကြွစွာ ဆောင်ရွက်ခဲ့ပြီး၊ သိပ္ပံနည်းကျပြီး ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင်မှုပုံစံများ၊ မျှတသော အစားအသောက် စီမံခန့်ခွဲမှုတို့ကို အားပေးတိုက်တွန်းကာ “ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုအရေးကြီးသည်” ဆိုသော ကျန်းမာရေးအမြင်ကို လူထုအတွင်း အမြစ်တွယ်အောင် ကူညီပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထိုအခမဲ့ဆေးကုသမှုတွင် ကြောင်ဟော်ထန်ကျေးရွာမှ ကျေးရွာသူ/သား စုစုပေါင်း ၁၆၃ ဦးကို ဝန်ဆောင်မှုပေးနိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။
အလားတူ ဆောင်းရာသီ ရိတ်သိမ်းရေးအတွက် အချို့သော တောင်သူများ ရင်ဆိုင်နေရသည့် လုပ်သားအင်အားမလုံလောက်မှုနှင့် အချိန်မီ ရိတ်သိမ်းရန် ဖိအားများပြားနေသည့် ပြဿနာများကို ဖြေရှင်းပေးနိုင်ရန် အထူးဒေသ(၁)၊ မုံးကိုးခရိုင် အုပ်ချုပ်ရေးကော်မတီမှ ဝန်ထမ်း ၂၀ ကျော်နှင့် ဆောင်းရာသီ သီးနှံရိတ်သိမ်းရေး အထောက်အကူပြုလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၅။ Asia Sisterhood Network နှင့် ပူးပေါင်း၍ GBV အသိပညာပေးမှု ပြုလုပ်ခဲ့
အောက်တိုဘာ ၂၇
Radio NUG
ပြည်သူ့ပန်းတိုင်နှင့် Asia Sisterhood Network ပူးပေါင်း၍ အိမ်တွင်းအကြမ်းဖက်မှု အသိပညာပေးအစီအစဉ် (Gender-Based Violence Awareness Program)ကို အောက်တိုဘာလ ၂၃ ရက်နေ့က မဲဆောက်မြို့တွင် ပြုလုပ်ခဲ့ကြောင်း ပြည့်သူ့ပန်းတိုင်မှ အသိပေးထုတ်ပြန်ပါတယ်။
အသိပညာပေးမှုများတွင် ဂျန်ဒါအခြေပြု အကြမ်းဖက်မှုများ၊ ကျားမရေးရာစံနှုန်းကို အခြေခံ၍ ထိခိုက်နစ်နာစေရန် ကျူးလွန်မှုများ စသည့် အကြောင်းအရာများ မျှဝေဆွေးနွေးပေးခြင်း၊ တက်ရောက်လာသူများမှ အပြန်အလှန် ဆွေးနွေးဖလှယ်ခြင်းများ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
အသိပညာပေးလှုပ်ရှားမှုတွင် CDM စစ်သား/ရဲသား/မိသားစုဝင်များ၊ အရပ်ဘက် CDM ဝန်ထမ်းများ နှင့် တက်ကြွလှုပ်ရှားသူများ စုစုပေါင်း (၂၅) ဦး ပါဝင်တက်ရောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
📌📌 ၆။ မန္တလေးတွင် အမျိုးသမီးနှစ်ဦး တူဖြင့် ထုသတ်ခံရ၊ အသက် ၈၄ နှစ်အရွယ် အမျိုးသမီးကြီး သေဆုံး
အောက်တိုဘာ ၂၇
Radio NUG
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၂) ရပ်ကွက်၊ ၇၀(B) လမ်း၊ ၁၀၇(A) နှင့် ၁၀၈ လမ်းကြားရှိ နေအိမ်တစ်အိမ်တွင် အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက အမျိုးသမီးနှစ်ဦး တူဖြင့် ထုသတ်ခံရပြီး အသက် ၈၄ နှစ်အရွယ် အမျိုးသမီးကြီး သေဆုံးခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။
အောက်တိုဘာ ၂၅ ရက် ညပိုင်းတွင် ဖြစ်ပွားခဲ့တယ်လို့ သိရပြီး ၂၆ရက်နေ့ နံနက် ၇ နာရီခန့်တွင် အိမ်သို့ရောက်ရှိလာသူတစ်ဦးက စတင်သိရှိခဲ့ကာ သေဆုံးသွားသူက အသက် ၈၄နှစ် အိမ်ရှင်အဘွား၊ ဒဏ်ရာရသူက အိမ်အကူ ဖြစ်တယ်လို့ သိရပါတယ်။
သေဆုံးသူ အဘွားသည် မြေညီထပ် ဧည့်ခန်းရှိ ထိုင်ခုံပေါ်တွင် ထိုင်နေရင်း ဦးခေါင်းထုရိုက်ခံထားရပြီး ဦးခေါင်းပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးနေပြီး ဒဏ်ရာရသူမှာ ဧည့်ခန်းအတွင်းရှိ ကုတင်ပေါ်တွင် ဦးခေါင်းထိပ်ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ဝဲနဖူးစုတ်ပြဲဒဏ်ရာ ၁ ချက်နှင့် ဝဲဂျိုစောင်းနောက်ပေါက်ပြဲဒဏ်ရာ ၁ ချက် ရရှိထားတယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ လက်နက်ကိုင်/ပြင်ပ အဖွဲ့အစည်းများ အနေနဲ့ ပြည်သူ့အုပ်ချုပ်ရေးယန္တရားမှာ ဝင်ရောက်စွက်ဖက်ခြင်း မပြုကြဖို့ ပခုက္ကူ ပ.အ.ဖ အသိပေး
အောက်တိုဘာ ၂၇ ရက်၊
Radio NUG
မြို့နယ်အတွင်းရှိ လက်နက်ကိုင်/ ပြင်ပ အဖွဲ့အစည်းများ အနေဖြင့် ပြည်သူ့အုပ်ချုပ်ရေး ယန္တရားတွင် ဝင်ရောက် စွက်ဖက်ခြင်း မပြုလုပ်ကြဖို့ ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က အောက်တိုဘာ ၂၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ပခုက္ကူမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အနေဖြင့် မြို့နယ်ရဲ့ အုပ်ချုပ်ရေးယန္တယားကို ဖော်ဆောင်နေပြီး ပြည်သူ့ ဝန်ဆောင်မှုများကိုလည်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
သို့ဖြစ်ပါ၍ မည်သည့်အဖွဲ့အစည်းမဆို ဝင်ရောက်စွက်ဖက်ခြင်း မပြုကြဖို့နဲ့ လိုက်နာမှုမရှိပါက လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူသွားမှာ ဖြစ်တယ်လို့ ပခုက္ကူမြို့နယ် ပအဖ က အသိပေး ထားပါတယ်။
========================
🚩🚩 ၂။ စစ်ကော်မရှင် လက်နက်ကြီးကြောင့် မီးလောင်ကျွမ်းမှုအား “PDF မီးရှို့ခဲ့တယ်” လို့ ဝါဒဖြန့်နေ
အောက်တိုဘာ ၂၇ ရက်၊
Radio NUG
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့မှာ စစ်ကော်မရှင်တပ်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် မီးလောင်ကျွမ်းခဲ့မှုကို PDF က မီးရှို့ခဲ့တယ်လို့ စစ်ကော်မရှင်နဲ့ SNA တို့က ဝါဒဖြန့် ဖော်ပြနေကြောင်း ကသာခရိုင် အမှတ် (၄) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်များက သိမ်းယူခဲ့ပြီး တလကျော်ကြာ ကာလမှာ စစ်ကော်မရှင်တပ်နဲ့ SNA ပြည်သူ့စစ် ပူးပေါင်းအဖွဲ့တို့က မြို့ကို ပြန်လည် ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်မှုများ စတင်ဆောင်ရွက် လာခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ ကာလအတွင်း အောက်တိုဘာ ၂၆ ရက်နေ့မှာ စစ်ကော်မရှင်တပ်က ပစ်ခတ်ခဲ့တဲ့ ၁၂၀ မမ မော်တာကျည် တလုံးဟာ ဗန်းမောက် မြို့မရဲစခန်းအတွင်းကို ကျရောက် ပေါက်ကွဲခဲ့ပြီး အဆောင်တချို့ မီးလောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။
၎င်းမီးလောင်ကျွမ်းမှု ဖြစ်စဉ်ကို စစ်ကော်မရှင်နဲ့ SNA ရဲ့ ဝါဒဖြန့် Facebook Page များနဲ့ Telegram Channel များမှာ “PDF က မီးရှို့ခဲ့သည်” ဟု မမှန်မကန် သတင်းဖော်ပြနေကြတယ်လို့ ကသာခရိုင် အမှတ် (၄) တပ်ရင်း က အသိပေးထားပါတယ်။
========================
🚩🚩 ၃။ ရေးမြို့နယ်တွင် DKBA ဂိတ်ကို ရေးဘီလူးအဖွဲ့ တိုက်ခိုက်၊ ၅ ဦးသေဆုံးပြီး ဂိတ်မှူး ဗိုလ်ကြီး သိန်းတန် လက်တစ်ဖက် ပြတ်
အောက်တိုဘာ ၂၇
Radio NUG
အောက်တိုဘာ ၂၇ ရက်၊ နံနက် ၇ နာရီခန့်တွင် ရေးမြို့နယ်၊ နှင်းစုံကျေးရွာအနီးရှိ DKBA ဂိတ်တစ်ခုကို ရေးဘီလူးတော်လှန်ရေးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ရေးဘီလူးက သတင်းထုတ်ပြန်ထားပါတယ်။
ထိုတိုက်ခိုက်မှုကြောင့် ဂိတ်မှူး ဗိုလ်ကြီးသိန်းတန် လက်တဖက်ပြတ်ဒဏ်ရာရရှိပြီး ဂိတ်သို့ အလည်လာသူ စံပြကျေးရွာမှ အမျိုးသမီးတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ကာ DKBA အဖွဲ့ဝင် ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ကတုတ်ကျင်းထဲမှ ပြန်လည် ပစ်ခတ်မှုများ ရှိပြီး ရေးတံတားကြီးနှင့် ခမရ ၃၄၃ တပ်ရင်းမှလည်း လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ DKBA ဂိတ်သည် ပြည်ထောင်စုလမ်းမပေါ်တွင် တည်ရှိပြီး ခရီးသွားယာဉ်များထံမှ ငွေကြေးကောက်ခံရုံသာမက အာဏာသိမ်းစစ်တပ်၏ စစ်ကြောင်းထိုးရာတွင် နယ်မြေလမ်းညွှန်ပေးခြင်း၊ ဒေသခံများကို ဖမ်းဆီးနှိပ်စက်ခြင်းများ ပြုလုပ်နေတယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ မတ္တရာအရှေ့မြောက်ခြမ်း သပြေချောင်ကျေးရွာရှိစစ်ဘေးရှောင်များနေထိုင်သော အိမ်တစ်လုံးသို့ Jet fighterဖြင့် ဗုံးကြဲ၊ ပြည်သူ ၄ဦး သေဆုံး
အောက်တိုဘာ ၂၇
Radio NUG
အောက်တိုဘာလ ၂၆ရက်နေ့ ညနေ ၆နာရီ ၄၁မိနစ်အချိန်ခန့်တွင် မတ္တရာမြို့နယ် မတ္တရာအရှေ့မြောက်ခြမ်း သပြေချောင်ကျေးရွာရှိ စစ်ဘေးရှောင်များ နေထိုင်သော အိမ်တစ်လုံးသို့ စစ်ကောင်စီမှ Jet fighterတစ်စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားကြောင်း Voice of Mandalay မှ သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီမှ စစ်ရေးနယ်မြေမဟုတ်တဲ့ နေရာများသို့ အကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကျား ၂ဦး၊ မ ၂ဦး စုစုပေါင်း ၄ဦး သေဆုံးခဲ့ပြီး နွား ၃ကောင်ပါ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ ကလေးမြို့နယ်တောင်ပိုင်းကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး၊ နေအိမ်များ မီးရှို့ဖျက်ဆီး၊ ဒရုန်းနဲ့ ဗုံးကြဲချ
အောက်တိုဘာ ၂၇
Radio NUG
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကျွန်းချောင်းကျေးရွာကို ကလေးမြို့နည်းပညာတက္ကသိုလ် (GTC) ဝန်းအတွင်း အခြေစိုက်ထားသော စစ်ကောင်စီတပ်ဖွဲ့က အင်အား ၁၀၀ ကျော်ဖြင့် အောက်တိုဘာလ ၂၇ရက်နေ့ နေ့လယ် ၁:၃၀နာရီခန့်တွင် စစ်ကြောင်းထိုးဝင်ရောက်ကာ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့က အောက်တိုဘာ ၂၆ ရက်တွင် ကလေးမြို့မှ စစ်ကား ၂၁ စီးဖြင့် လက်နက်ခဲယမ်း၊ ရိက္ခာများနှင့် အင်အားအများအပြားကို GTC ဝန်းအတွင်း ဖြည့်တင်းခဲ့သည့်အပြင် ညနေပိုင်းတွင် သံပြားကာကား ၃ စီး၊ ကားကြီး ၁၀ စီးဖြင့် ၁၂၂ မမ ဟောင်ဝှစ်ဇာ လက်နက်ကြီး၊ ၁၂၀ မမ၊ ၁၀၅ မမ လက်နက်ကြီးများနှင့် ကျည်သေတ္တာများကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ထောက်ကြန့်ရွာ၊ သာယာကုန်းရွာနှင့် ထိုမာရွာဘက်များတွင်လည်း စစ်ကြောင်းများ ရွေ့လျားနေပြီး သာယာကုန်းရွာကို အောက်တိုဘာလ ၂၆ရက်နေ့ ညနေ ၅ နာရီ ဝန်းကျင်တွင် GTC မှ ပျံတက်လာသော ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးမှုများ ရှိနိုင်ကာ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
========================
🚩🚩 ၆။ ပုဏ္ဏားကျွန်းတွင် ပရဟိတယာဉ်ကို စစ်တပ်ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ အသက် ၁၄ နှစ်အရွယ် ပရဟိတလူငယ် သေဆုံး
အောက်တိုဘာ ၂၇
Radio NUG
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ရွာသို့ လူနာသယ်ဆောင်ရန် ထွက်ခွာသွားသည့် ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်း၏ ပရဟိတယာဉ်တစ်စီးကို အကြမ်းဖက်စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၁၄ နှစ်အရွယ် ပရဟိတသမား မောင်ဌေးအောင်ဟိန်း (ခ) ကိုလတ် ဗုံးထိမှန်သေဆုံးခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။
အောက်တိုဘာ ၂၆ ရက်၊ ညနေ ၃ နာရီခန့်တွင် ကွမ်းတောင်ရွာရှိ ကျန်းမာရေးမကောင်းသူ လူနာတစ်ဦးကို သယ်ဆောင်ရန် ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းမှ ပရဟိတယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး လမ်းတွင် စစ်တွေမြို့အခြေစိုက် အကြမ်းဖက်စစ်တပ်မှ လွှတ်တင်ထားသည့် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မောင်ဌေးအောင်ဟိန်း၏ လည်ပင်းတွင် ဗုံးစထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ကွမ်းတောင်ရွာသည် အိမ်ခြေ ၁၀၀၀ ကျော်ရှိတဲ့ ရွာကြီးဖြစ်ပြီး လူအများစု စစ်ဘေးရှောင်နေရပေမယ့် အိမ်စောင့်တွေ ရှိနေတယ်လို့ သိရပါတယ်။
========================
🚩🚩 ၇။ မြိတ်-တနင်္သာရီ-ဘုတ်ပြင်း လမ်းမကြီးအား ယာယီ အသုံးမပြုကြဖို့ တနင်္သာရီတိုင်း စစ်ဌာန ထုတ်ပြန်
အောက်တိုဘာ ၂၇ ရက်၊
Radio NUG
တနင်္သာရီတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ တနင်္သာရီမြို့နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ ထိတွေ့တိုက်ပွဲများကြောင့် မြိတ်-တနင်္သာရီ-ဘုတ်ပြင်း လမ်းမကြီးအား အသုံးမပြုကြဖို့ တနင်္သာရီတိုင်း စစ်ဌာနက ထုတ်ပြန်ထားပါတယ်။
တနင်္သာရီမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး ကမ်းရိုးတမ်းတိုင်း စစ်ဌာနချုပ်နဲ့ စကခ (၁၃) တပ်တို့က တိုက်ပွဲဖြစ်ပွားရာ နေရာများသာမက အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ လေကြောင်း၊ ရေကြောင်းနဲ့ လက်နက်ကြီးများဖြင့် ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
ထို့အပြင် စစ်ကော်မရှင်က ကားလမ်းမကြီး မှတဆင့် စစ်ကူနဲ့ ထောက်ပံဖြည့်တင်းရေး လုပ်ငန်းများ လုပ်ဆောင်နေတဲ့အပြင် စစ်ဆေးရေးဂိတ်များ အခြေချ တည်ဆောက်ကာ ခရီးသွား ပြည်သူများအား တရားမဲ့ စစ်ဆေးခြင်း၊ လုံခြုံရေး အကြောင်းပြ ကုန်စည်များအား ဖွင့်ဖောက်စစ်ဆေးခြင်း/သိမ်းယူခြင်း၊ လူနဲ့ ကုန်စည်များအား တရားမဲ့ ဖမ်းဆီးခြင်း၊ ဆက်ကြေး(အခွန်ငွေ) မတရားကောက်ခံခြင်း၊ လူငယ်လူရွယ်များအား အဓမ္မဖမ်းဆီး တပ်သားသစ် စုဆောင်းခြင်းများကိုလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
လက်တလောဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေအနေမှာ ပြင်းထန်မှုရှိနေပြီး အရပ်သား ပြည်သူများ အသက်အန္တရာယ် ရှိနေတာကြောင့် အောက်တိုဘာလ (၂၈) ရက်နေ့က စတင်ပြီး မြိတ်-တနင်္သာရီ-ဘုတ်ပြင်း လမ်းမကြီးတလျောက် ခရီးသွားလာခြင်း မပြုကြဖို့၊ အထူးသဖြင့် ကားလမ်းမကြီး အသုံးပြုသွားလာမှုကို ရှောင်ရှားကြဖို့ တနင်္သာရီတိုင်း စစ်ဌာနက တိုက်တွန်းထား ပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာဖြစ်ပါတယ်။









No comments:
Post a Comment