၂၀၂၂ ဖေဖေါ်ဝါရီလ ၂ ရက်နေ့ ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုလွှတ်တော်မှ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ ၂၀၂၁ ကို ပြင်ဆင်သည့် ဥပဒေ တရပ်အား ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ ၂ ရက်နေ့ရက်စွဲဖြင့် အောက်ပါတိုင်း ထုတ်ပြန်
📌အမျိုးသားညီညွတ်ရေးအစိုးရ၏ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်တဦး ခန့်အပ်တာဝန်ပေးအပ်နိုင်ခဲ့တဲ့သတင်း
📌အာဏာသိမ်းစစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တရားတွေ ရပ်ဆိုင်းနေပြီဖြစ်တဲ့ဒေသ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုလွှတ်တော်မှ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ ၂၀၂၁ ကို ပြင်ဆင်သည့် ဥပဒေ တရပ်အား ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ ၂ ရက်နေ့ရက်စွဲဖြင့် အောက်ပါတိုင်း ထုတ်ပြန်လိုက်ပါတယ်
(၂၀၂၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် - ၁) ၁၃၈၃ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် (၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်) ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
၁။ ဤဥပဒေကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ ၂၀၂၁ ကို ပြင်ဆင်သည့် ဥပဒေ ဟု ခေါ်တွင်စေရမည်။
၂။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ ၂၀၂၁ ပုဒ်မ ၆၊ ပုဒ်မခွဲ (က) ကို အောက်ပါအတိုင်း အစားထိုးရမည်-
“(က) ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ နိုင်ငံရေးလမ်းပြမြေပုံနှင့် နိုင်ငံရေးရည်မှန်းချက်များ အကောင်အထည်ဖော်နိုင်ရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်နှင့်အညီ ရေးဆွဲ ထားသော မဟာဗျူဟာအရ နိုင်ငံတော်နှင့်နိုင်ငံသားများ၏ အကျိုးစီးပွားများအတွက် အမျိုးသားညီညွတ်ရေးအစိုးရကို အကြံပေးရမည်။”
၃။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ ၂၀၂၁ ပုဒ်မ ၇ ကို အောက်ပါအတိုင်း အစားထိုး ရမည်-
“၇။ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရာထူးသက်တမ်းသည် အမျိုးသားညီညွတ်ရေးအစိုးရ၏ သက်တမ်းနှင့်အညီ ဖြစ်သည်။” ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဟူ၍ ဖြစ်ပါတယ်။
========================
📌📌အမျိုးသားညီညွတ်ရေးအစိုးရ၏ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်တဦး ခန့်အပ်တာဝန်ပေးအပ်နိုင်ခဲ့တဲ့သတင်းတပုဒ် တင်ပြပေးဖို့ရှိပါတယ်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဂျပန်နိုင်ငံနှင့် ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်နိုင်ရန်၊ ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားများ ပူးပေါင်းဆောင်ရွက်နိုင်ကြစေရန်၊ ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားများ တွေ့ကြုံနေရသော အခက်အခဲများကိုကူညီဖြေရှင်းနိုင်ရန်ရည်ရွယ်၍ စောဘလှသိန်း အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ်ခန့်အပ်တာဝန်ပေးအပ်လိုက်သည်။
စောဘလှသိန်း သည် Karen National League (Japan) K.N.L, Karen Information Space (Japan) K.I.S, Karen National Foundation (Japan) K.N.F, Association of United Nationalities in Japan (AUN), Refugees Coordination Committee Japan (RCCJ), စသည့် အဖွဲ့အစည်းများကို တည်ထောင်ခဲ့သူတစ်ဦး ဖြစ်ပြီး လက်ရှိအချိန်တွင်လည်း ဂျပန်နိုင်ငံတွင် မြန်မာ့အရေးကို တက်ကြွစွာဆောင်ရွက်နေသူဖြစ်ကြောင်း သိရှိရပါတယ်။ ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုကိုဆန့်ကျင်ရှုတ်ချတဲ့ နိုင်ငံဖြစ်ပြီး ဒီမိုကရေစီလမ်းကြောင်းကိုပြန်လျှောက်ဖို့ တိုက်တွန်းခဲ့တဲ့နိုင်ငံလည်းဖြစ်ပါတယ်။ အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံမှာဆောင်ရွက်နေတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ရပ်ဆိုင်းထားတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။
အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေး၊ ဖမ်းဆီးထိန်းသိမ်းခံရသူများ ပြန်လွှတ်ပေးရေးနှင့် ဒီမိုကရေစီစနစ်အမြန်ဆုံးပြန်လည်အသက်သွင်းရေးတို့ကို လက်တွေ့လုပ်ဆောင်ရန် အာဏာသိမ်း (၁) နှစ်ပြည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုရှိမာဆာက ထုတ်ပြန် တိုက်တွန်းထားပါတယ်။ အကြမ်းဖက်မှုများထိန်းချုပ်ကန့်သတ်ရန် နိုင်ငံတကာအသိုင်းအဝန်းက ထပ်တလဲလဲတောင်းဆိုနေသည့်တိုင် ဆက်လက်ဖြစ်ပွားနေခြင်းအပေါ် ပြင်းထန်စွာပြစ်တင်ရှုတ်ချကြောင်းနှင့် ပြီးခဲ့သည့် ၁ နှစ်အတွင်း အကြမ်းဖက်မှုများကြောင့် အသက်ဆုံးရှုံးခဲ့သူများအတွက် ဝမ်းနည်းကြောင်း ဂျပန် နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုပါတယ်။
တရားမဝင် အကြမ်းဖက်မြန်မာစစ်တပ်ကို အနောက်ဒီမိုကရေစီနိုင်ငံများက ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုပြုလုပ်ထားသော်လည်း ဒဏ်ခတ်အရေးယူမှုမပြုသော ဒေသတွင်း ဒီမိုကရေစီနိုင်ငံကြီးများထဲတွင် ဂျပန်နိုင်ငံကလည်းပါဝင်တယ်လို့ ဝေဖန်ထောက်ပြမှုတွေလည်းရှိနေပါတယ်။ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယနှင့် ဩစတြေးလျတို့က အာဏာသိမ်းမှု (၁) နှစ်ပြည့်ချိန်အထိ စစ်ကောင်စီအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု လုပ်ဆောင်ခြင်းမရှိသေးစဉ်မှာပဲ အခုလို အမျိုးသားညီညွတ်ရေးအစိုးရ၏ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ခန့်အပ်တာဝန်ပေးအပ်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
========================
📌📌အာဏာသိမ်းစစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တရားတွေ ရပ်ဆိုင်းနေပြီဖြစ်တဲ့ဒေသသတင်းများကိုတင်ပြပေးပါ့မယ်
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးတစ်နှစ်ပြည့်ကာလအတွင်း ဖာပွန် ခရိုင်တွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားမှာ ၁၀ ရာခိုင်နှုန်းခန့်သာကျန်ရှိတော့ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၅)ဘက်က ပြောဆိုခဲ့ပါတယ်။ တပ်မဟာ (၅) နယ်မြေ၊ ဖာပွန်ခရိုင်အတွင်း အစိုးရ ယန္တရား အားကောင်းခဲ့တဲ့ ကျန်းမာရေး၊ ပညာရေး ယန္တရားများသည် လက်ရှိ ၎င်းတို့ ထိန်းချုပ်နိုင်ရာ မြို့ပေါ်ရပ်ကွက်များတွင်သာ ကျန်ရှိတော့ ကြောင်း KNU တပ်မဟာ (၅) ဗျူဟာမှူး ဗိုလ်မှူးကြီး စောထူးကရှောက ပြောသွားတာပါ။ အာဏာသိမ်းတနှစ်ပြည့်ကာလအရောက်မှာ ခုခံတော်လှန်ရေးတိုက်ပွဲများပြင်းထန်နေဆဲဖြစ်ပီး KNU တပ်မဟာ ၅ ဘက်ကတော့ ၎င်းတို့မူလနယ်မြေဖြစ်တဲ့ ဖာပွန်မှာ စစ်ကောင်စီဒေါက်တိုင်တွေထွက်သွားကြဖို့သတိပေးထားပီးပါပီ။ စစ်အုပ်စုလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများလည်း နည်းလမ်းပေါင်းစုံနဲ့ ဖာပွန်ဒေသကိုစွန့်ခွာနေကြပါတယ်။ "ရေလမ်းကနေမဟုတ်ဘူး။ ဘီးလင်းလမ်းကနေ သွားကြတယ်။ ဖာပွန်-ဘီးလင်းလမ်းပေ့ါ။ ကားသုံးစီးနဲ့ ပစ္စည်းတွေရော လူတွေရော။ ဝန်ထမ်းတွေအများဆုံးပေါ့။ တချို့လည်းအောက်ဘက်မှာ သူတို့ရဲ့ဆွေမျိုးရှိတဲ့လူတွေပေါ့" လို့ ဖာပွန်-ဘီးလင်းလမ်းမှာ မျက်မြင်ကြုံတွေ့ခဲ့သူ တစ်ဦးက ပြောပါတယ်။
ကရင်ပြည်နယ် ဖာပွန်ဒေသအလားတူပဲ ကရင်နီပြည်နယ်မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ၉၀ ရာခိုင်နှုန်း ရပ်တန့်သွားပြီလို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF က ဖေဖော်ဝါရီ (၁) ရက် မနေ့ကပဲ ကြေညာချက် ထုတ်ပြန်ပါတယ်။ တစ်ပြည်နယ်လုံးမှာ ရွာပေါင်း ၇၀၀ ကျော် ရှိတဲ့အထဲက ရွာပေါင်း ၄၀၀ လောက်မှာ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက နယ်မြေစိုးမိုးထားနိုင်နေပြီး ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ကလည်း အုပ်ချုပ်ရေးယန္တယားတွေ လုပ်နိုင်နေပြီလို့ KNDF ပြန်ကြားရေးတာဝန်ခံတစ်ဦးက RFA သတင်းဌာနကိုပြောဆိုခဲ့တာဖြစ်ပါတယ်။ "ကျနော်တို့ ဒီပြည်နယ်ရဲ့ လမ်းမကြီးတွေအားလုံး ထိန်းချုပ်ထားနိုင်တဲ့ အနေအထားဖြစ်တယ်။ လမ်းမကြီးရဲ့ အဝင်အထွက်တွေကို ကျနော်တို့တပ်ဖွဲ့ဝင်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်တွေက ထိန်းချုပ်ထားနိုင်တဲ့ အနေအထားဖြစ်နေတာက လက်ရှိ ပကတိအခြေအနေပါပဲ ” လို့ပြောသွားပါတယ်။ ဒါ့အပြင် ရွာပေါင်း ၄၀၀ လောက်မှာ ဆေးပေးခန်းတွေ၊ စာသင်ကျောင်းတွေနဲ့ ကိုယ်ထူကိုယ်ထ စီမံအုပ်ချုပ်မှုနဲ့ လည်ပတ်နေနိုင်ပြီလို့လည်း ဆိုပါတယ်။ မြို့နယ်ပေါင်း (၇) ခုရှိရာမှာ ဒီးမော့ဆို၊ လွိုင်ကော်နဲ့ ဖရူဆိုမြို့နယ်များကတော့ ခြွင်းချက်ဖြစ်ပီး တိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်ပါတယ်။ လွိုင်ကော်မြို့ပေါ်က အနည်းအကျဉ်းဒေသတချို့နဲ့ တိုက်ပွဲမရှိတဲ့ ဘောလခဲမြို့နယ်လောက်သာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားဆက်ရှိနေတဲ့အကြောင်း KNDF ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။ ကရင်နီပြည်နယ်တွင်း အချက်အချာကျတဲ့ နေရာအးလုံးကို KNDF တပ်ဖွဲ့များက ထိန်းချုပ်ထားနိုင်ပါပီ။ စစ်ကောင်စီတပ်များဟာ ၎င်းတို့ရဲ့ လက်နက်နဲ့ ရိက္ခာထောက်ပံ့ရေးတွေကို လေကြောင်းကနေပဲ အဓိကအသုံးပြနေရတာဖြစ်ပါတယ်။ ကရင်နီပြည်နယ်ရဲ့ထူးခြားချက်ကတော့ ကရင်နီပြည်ရဲတပ်ဖွဲ့ KSP ကိုဖွဲ့စည်းထားနိုင်ခြင်းပါပဲ။ CDM ရဲတပ်ဖွဲ့ဝင် အင်အား ၂၅၀ ကို ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) ရဲ့ ဦးဆောင်မှုဖြင့် ကရင်နီပြည် ရဲတပ်ဖွဲ့ (KSP) ဖွဲ့စည်းထားနိုင်တာပဲဖြစ်ပါတယ်။
အလားတူပဲ စစ်အုပ်ချုပ်ရေးယန္တရားများ ကျဆုံးနေတဲ့ဒေသတခုကတော့ ချင်းပြည်နယ်ထန်တလန်မြို့ဖြစ်ပါတယ်။ ချင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ထန်တလန်) CDF -Thantlang ထိန်းချုပ်ထားသည့် နယ်မြေ အတွင်းရှိ ကျေးရွာပေါင်း ၅၁ ရွာ၌ အုပ်ချုပ်ရေးမှူး ရွေးကောက်ခြင်း လုပ်ဆောင်ခဲ့ပြီး ပြည်သူ့ အုပ်ချုပ်ရေး စတင် လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ ထန်တလန်မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့ကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ဖွဲ့စည်းခဲ့ကာ ကျန်းမာရေး ၊ ပညာရေး ၊ တရားရေး ၊ လမ်းပမ်းဆက်သွယ်ရေး၊ စိုက်ပျိုးရေး ၊ မွေးမြူရေး ၊ စီမံကိန်း ၊ ပြည်တွင်း ပြည်ပဆက်ဆံရေး ၊ ပြည်သူ့ ရဲတပ်ဖွဲ့ နှင့် ဘဏ္ဍာရေးနှင့် ရင်းနှီး မြှုပ်နှံမှု ဌာနများ ဖွဲ့စည်း ဆောင်ရွက်နိုင်ခဲ့ကြောင်း ထန်တလန်မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့က ဖေဖော်ဝါရီ ၁ ရက်တွင် ထုတ်ပြန်ထားပါတယ်။
ကျန်းမာရေး ဌာနအောက်တွင် ဆေးရုံဆေးခန်းများ ဖွင့်လှစ်ပြီး ကျန်းမာရေး ဝန်ဆောင်မှု ပေးခြင်း ၊ ပညာရေးဌာန အောက်တွင် မူလတန်းမှ အလယ်တန်း အထိ ကျောင်းပေါင်း ၅၁ ကျောင်းကို ကျေးရွာ ၅၁ ရွာ၌ ဖွင့်လှစ်ထားနိုင်ခြင်း ဖယ်ဒရယ် ဒီမိုကရေစီ စနစ် ပညာရေး အခြေခံသော သင်ကြားမှု လုပ်ငန်းများ ဆောင်ရွက်ထားနိုင်ခြင်းရှိပြီဖြစ်ကြောင်းထုတ်ပြန်ချက်တွင် ပါရှိပါတယ်။ ပြည်သူ့ ရဲတပ်ဖွဲ့ ဌာနက တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်နိုင်နေပီဖြစ်ပီး မှုခင်းများအား တရားဥပဒေနှင့် အညီ ချင်းထုံးတမ်း အစဉ်အလာအရ စီရင်ဆောင်ရွက်နေကြပါတယ်။ လမ်းပန်း ဆက်သွယ်ရေးဌာနကလည်း ကျေးရွာချင်းဆက် လမ်းများ တူးဖော်ခြင်း၊ လမ်းများ ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။
စစ်တပ်က နိုင်ငံတော်အာဏာ အဓမ္မ သိမ်းယူခဲ့သည့်မှာ တစ်နှစ် ပြည့်မြောက်ခဲ့ပါပီ။ စစ်အုပ်စုခေါင်းဆောင်မင်းအောင်လှိုင်ကတော့ ဖွင့်ပွဲများ အခမ်းအနားများ တွေ့ဆုံမိန့်ခွန်းပြောပွဲများကို ခပ်စိပ်စိပ်ပြုလုပ်ကာ ဟန်မပျက်ရှိနေဟန် ပြနေပါတယ်။ ပြည်သူလူထုတရပ်လုံးကတော့ စစ်အာဏာရှင်ကျဆုံးရေး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ပေါ်ထွန်းရေးအတွက် စွမ်းစွမ်းတမံ တိုက်ပွဲဝင်နေကြပြီ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment