3rdFEB 2022 - Evening Daily News by Radio NUG

၂၀၂၂ ဖေဖေါ်ဝါရီလ ၃ ရက်နေ့ ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌 ယခုလအတွင်း ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးအစည်းအဝေးသို့ နစက၏ နိုင်ငံခြားရေးဝန်ကြီးကိုမဖိတ်ကြားဟု ကမ္ဘောဒီးယား တရားဝင်ထုတ်ပြန်
📌 အာဏာသိမ်းဖို့ အကူအညီပေးခဲ့သူ‌တွေကို ဒဏ်ခတ်ပိတ်ဆို့မှု အမေရိကန် ဆက်လုပ်မယ်
📌 NCAထိုးထားသော အဖွဲ့များအား နီပွန်ဖောင်ဒေးရှင်းမှ ဆန်ထောက်ပံ့မှု KNU နှင့် CNF မပါ

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌 ယခုလအတွင်း ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးအစည်းအဝေးသို့ နစက၏ နိုင်ငံခြားရေးဝန်ကြီးကိုမဖိတ်ကြားဟု ကမ္ဘောဒီးယား တရားဝင်ထုတ်ပြန်

ယခုလအတွင်းကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့၌ ကျင်းပမည့်အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့နစက ကိုယ်စားပြုနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို တက်ရောက်ရန် ဖိတ်ကြားမည်မဟုတ်ကြောင်း အာဆီယံအလှည့်ကျဥက္ကဌ ကမ္ဘောဒီးယားနိုင်ငံက တရားဝင်သတင်း ထုတ်ပြန်လိုက်သည်။
"အချက် (၅ )ချက် ပါ အာဆီယံဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ရာတွင် တိုးတက်မှု အနည်းငယ်သာ ရှိသည့်အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက မြန်မာနိုင်ငံနစက(SAC)ရဲ့ နိုင်ငံခြားရေးဝန်ကြီးကို ပြန်ပါအောင် ဖိတ်ခေါ်ဖို့ခက်ခဲနေပါတယ်။” ဟု ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ချမ်းဆောင်နရီက VOA သတင်း ဌာန သို့ပြောသည်။
“အဲဒီအတွက် မြန်မာအတွက် နိုင်ငံရေးအရ ကိုယ်စားပြုမှုမရှိတဲ့ ကိုယ်စားလှယ်ပဲ စေလွှတ်ပေးဖို့ ကျွန်တော်တို့တောင်းဆိုတယ်။” ဟု ၎င်းကပြောသည်။
အဖွဲ့ဝင်နိုင်ငံများက တရားဝင်သိရှိထားသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ ဒေသတွင်းအဖွဲ့အစည်းများအတွင်း အရေးပါသော နှစ်ပတ်လည်အစည်းအဝေးဖြစ်ပြီး လာမည့်ဖေဖော်ဝါရီ ၁၆ ရက်နှင့် ၁၇ ရက်တွင် ကျင်းပရန် စီစဉ်ထားသည်။
အဆိုပါအစည်းအဝေးကို မူလက အာဆီယံအဖွဲ့အတွင်း သဘောထားကွဲလွဲမှုများ ရှိနေစဉ်အတောအတွင်း ဇန်နဝါရီ ၁၇ ရက် နှင့် ၁၈ ရက်များတွင်ကမ္ဘောဒီးယား အနောက်ပိုင်း ဆီရမ်ရိ(ပ်)မြို့တွင် ကျင်းပရန် စီစဉ်ခဲ့ပြီးနောက် ပြန်လည်ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်။

========================

📌📌 အာဏာသိမ်းဖို့ အကူအညီပေးခဲ့သူ‌တွေကို ဒဏ်ခတ်ပိတ်ဆို့မှု အမေရိကန် ဆက်လုပ်မယ်

အာဏာသိမ်းဖို့ အကူအညီပေးခဲ့တဲ့သူတွေဟာ မြန်မာ့ဒီမိုကရေစီလမ်းကြောင်းကို ပျက်စီးအောင် လုပ်တဲ့သူတွေ ဖြစ်တာကြောင့် အမေရိကန်က အနီးကပ်စောင့်ကြည့်နေပြီး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဆက်လုပ်နေဦးမယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနအတိုင်ပင်ခံ Derek Chollet ကပြောပါတယ်။
Derek Cholletက ဝါရှင်တန်ဒီစီမှာ အွန်လိုင်းက ကျင်းပတဲ့ မဟာဗျူဟာဆိုင်ရာ နိုင်ငံတကာလေ့လာရေးအဖွဲ့ရဲ့ စကားဝိုင်းမှာ အဲဒီလိုပြောကြားခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
Derek Chollet က စစ်အာဏာသိမ်းမှုနောက်ကွယ်ကလူတွေကိုလည်း မြန်မာ့ဒီမိုကရေစီလမ်းကြောင်းကို ပျက်စီးအောင် လုပ်တဲ့သူတွေလို့ ညွှန်းဆိုပါတယ်။
စစ်အာဏာရှင်ကို ပံ့ပိုးကူညီသူအဖြစ် ထင်ရှားကျော်ကြားတဲ့ စီးပွားရေးသမားတေဇနဲ့သူ့ရဲ့ သားတွေဖြစ်တဲ့ ထူးထက်တေဇ၊ ပြည့်ဖြိုးတေဇ၊ စီးပွားရေးသမား ဂျော်နသန်မျိုးကျော်သောင်း နဲ့ သူ့ရဲ့ KT Services and Logistics (KTSL) ကုမ္ပဏီ တို့ကို အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်ပိတ်ဆို့အရေးယူတဲ့အပြင် အကြမ်းဖက်စစ်အုပ်စုခန့် ပြည်ထောင်စုတရားသူကြီးချုပ် ထွန်းထွန်းဦး၊ ပြည်ထောင်စုရှေ့နေချုပ် သီတာဦးနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌတင်ဦးတို့ဟာလည်း သူတို့ရဲ့ရာထူးကို အသုံးပြုကာ နိုင်ငံတွင်း တရားဥပဒေစိုးမိုးရေး ယုတ်လျော့စေဖို့နဲ့ မြန်မာ့ဒီမိုကရေစီအဖွဲ့အစည်းတွေ ချိနဲ့ဆုတ်ယုတ်စေဖို့ စစ်အာဏာရှင်အတွက် ဆောင်ရွက်ပေးခဲ့ကြတဲ့အတွက် ဒဏ်ခတ်ပိတ်ဆို့အရေးယူမယ်လို့ ဖေဖေါ်ဝါရီ ၁ ရက်နေ့မှာ အမေရိကန်အစိုးရက ထုတ်ပြန်ပါတယ်။
အမေရိကန်ဟာ NUG အစိုးရအပါအဝင် အတိုက်အခံအဖွဲ့အစည်းတွေနဲ့လည်း ပုံမှန်ဆက်သွယ်မှုတွေ ရှိတယ်လို့လည်း သူက ဆိုပါတယ်။

========================

📌📌 NCAထိုးထားသော အဖွဲ့များအား နီပွန်ဖောင်ဒေးရှင်းမှ ဆန်ထောက်ပံ့မှု KNU နှင့် CNF မပါ

မြန်မာနိုင်ငံတိုင်းရင်းသားလက်နက်ကို င်အဖွဲ့များထဲက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်( National Casefire Agreement - NCA)ရေးထိုးထားသောအဖွဲ့များအား နီပွန်ဖောင်ဒေးရှင်းမှ ဆန်ထောက်ပံ့ပေးမည်ကိစ္စမှာ ကရင်အမျိုးသားအစည်းအရုံး(KNU) နှင့်ချင်းအမျိုးသားတော်လှန်ရေးတပ်ဦး(CNF) တို့ မပါဝင်ကြောင်းတွေ့ရသည်။
အဆိုပါစာမှာ စစ်ကောင်စီအတွင်းဝန်ရုံးမှ ကချင်၊ မွန်၊ ရခိုင်၊ ရှမ်းစသည့် ပြည်နယ် ၄ ခုနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ လိပ်မူထားခြင်း ဖြစ်သည်။
ထိုစာမှာ နီပွန်ဖောင်ဒေးရှင်းမှ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့(၁၀)ဖွဲ့မှ KNU နှင့် CNF မပါဘဲ ကျန်အဖွဲများအား လူ သားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီအဖြစ်(စာနပ်ရိက္ခာ)ဆန်ထောက်ပံ့ပေးမည်ဖြစ်သည်။
''ဒီကိစ္စကိုတော့ ကျွန်တော်တို့မသိရသေးပါဘူး။ အထက်ကလူကြီးတွေဆီအသိပေးအကြောင်းကြားစာရောက်၊ မရောက်သေးဘူးဆိုတာ ခုထိမပြောတတ်သေးပါ။'' ဟု ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှ ပြောရေးဆိုခွင့်ရှိသူ ခိုင်အောင်စိုးသန်းက MPA သို့ပြောသည်။
ထိုထောက်ပံ့မှုမှာ အဖွဲ့ ၈ ဖွဲ့အတွက် ဆန်အိတ်ပေါင်း ၆၂၃၅၀ ဖြစ်ပြီး အဖွဲ့တစ်ခုချင်းစီကို ဆန်အိတ်ရေမည်မျှ ထောက်ပံ့ပေးမည်ဟု အတိအကျ မဖော်ပြထားပေ။
"ဒီနှစ်မှာ ငြိမ်းချမ်းရေးအတွက်ခြေလှမ်းသစ်များစရပါမယ်။ ကျွန်တော်တို့ရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ရဲ့ စတုတ္ထအချက်ထဲမှာလည်း ဖော်ပြထားပြီးဖြစ်လို့ သက်ဆိုင်သူအဖွဲ့အစည်းအားလုံး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနိုင်ဖို့ ဖိတ်ခေါ်ပါတယ်။"ဟု အာဏာသိမ်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဇန်နဝါရီလ ၁ ရက်နေ့က ပြောထားသည်။
ထိုသို့ထောက်ပံ့ရာတွင်လည်း တစ်လုံးတစ်ခဲတည်းထောက်ပံ့ခြင်းမျိုးမဟုတ်ဘဲ ၂၀ ရာခိုင်နှုန်း၊၂၅ ရာခိုင်နှုန်းစသည်ဖြင့် အကြိမ်ရေခွဲကာ ပေးရန် ညွှန်ကြားထားသည်ကို တွေ့ရသည်။
မြန်မာပြည်၏ရွေးကောက်ခံပြည်သူ့အစိုးရကို စစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ကာ အာဏာသိမ်းလိုက်ပြီးနောက် နိုင်ငံတစ်ဝှမ်း လက်နက်ကိုင်တော်လှန်မှုများ ပိုမိုများပြားလာသည်။
စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့်ပြီးနောက် လက်ရှိတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA ) လက်မှတ်ရေးထိုးသည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) တို့နှင့် အာဏာသိမ်းစစ်တပ်တို့ကြား စစ်ရေးတင်းမာနေကြောင်း သိရသည်။
ထိုအပြင် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)၊ ကရင်နီအမျိုးသာတပ်မတော်(KNPP) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နှင့်လည်း တိုက်ပွဲများဖြစ်ပွားနေသည်။
အဆိုပါစားနပ်ရိက္ခာ (ဆန်) ထောက်ပံ့မှုတွင် မပါဝင်သည့် KNU နှင့်CNF တို့၏သဘောထားများကို MPA က ဆက်သွယ်မေးမြန်းကာ နောက်ဆက်တွဲသတင်းများကို တင်ပြပေးသွားမည်။




#RadioNUGLocalNews
#SpringRevolution

Share:

No comments:

Post a Comment