4th FEB 2022 - Morning Daily News by Radio NUG

၂၀၂၂ ဖေဖေါ်ဝါရီလ ၃ ရက်နေ့ ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌ကိုယ့်ကိုကိုယ်မီးရှို့ဆန္ဒပြခဲ့တဲ့ ကိုအောင်အောင် ကို လေးစားဂုဏ်ပြုကြောင်း NUG ဝန်ကြီးကထုတ်ဖော်ရေးသား
📌ခုခံတော်လှန်စစ်ပြင်းထန်နေတဲ့ မြင်းမူမှာ စစ်ကောင်စီက ရွာသူရွာသားတွေကိုမီးရှို့သတ်ဖြတ်
📌တောင်ကိုရီးယားလွှတ်တော်အမတ်များနှင့် လူမှုအဖွဲ့အစည်းများ ပူးပေါင်းပီးတော့ မြန်မာ့ဒီမိုကရေစီပြန်လည်ရရှိရေးတောင်းဆိုသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌ကိုယ့်ကိုကိုယ်မီးရှို့ဆန္ဒပြခဲ့တဲ့ ကိုအောင်အောင် ကို လေးစားဂုဏ်ပြုကြောင်း NUG ဝန်ကြီးကထုတ်ဖော်ရေးသားလိုက်ပါတယ်

ပြည်သူလူထုတရပ်လုံးက နွေဦးတော်လှန်ရေး ၁ နှစ်ပြည့် အသံတိတ်သပိတ်ကို ဆင်နွှဲခဲ့ကြတဲ့ ဖေဖေါ်ဝါရီလ ၁ရက်နေ့အတွင်းမန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ဗိုလ်ချုပ်လမ်းမကြီးပေါ်မှာရှိတဲ့ လျှပ်စစ်ရုံး (EPC)ရှေ့မှာ အမျိုးသားတဦး သူ့ကိုယ်သူ မီးရှို့ဆန္ဒပြခဲ့ပါတယ်။ အသံတိတ်သပိတ်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်လောက်က ကိုယ့်ကိုကိုယ် မီးရှို့ ဆန္ဒပြခဲ့သူဟာ အသက် (၄၀)ဝန်းကျင်ရှိတဲ့ ကိုအောင်အောင်ဖြစ်ပါတယ်။ ပြည်တော်သာ ရပ်ကွက်ဘက်မှာ သံပန်းလုပ်င
န်းလုပ်ကိုင်နေသူဖြစ်တယ်လို့ မျက်မြင်တွေ့သူ ဒေသခံတွေကပြောပါတယ်။
“သူ့ဟာသူလမ်းလျှောက်လာတော့ ဖြတ်သွားမယ်ထင်တာ၊ EPC ရုံးနားက မီတာဆောင်တဲ့နားရောက်မှ ရုတ်တရက်မီးခြစ်နဲ့ ရှို့လိုက်တာ၊ အဲ့ရုံးထဲကလည်းဝိုင်းအော်တာပေါ့။ ၃မိနစ် ၄မိနစ်အတွင်း ကျွန်တော်တို့ ရေတွေနဲ့လောင်း၊ သဲတွေနဲ့လောင်းဝိုင်းငြှိမ်းကြတယ်။ အဲ့ပလက်ဖောင်းထောင့်လေးမှာ ခဲလေးနဲ့ဖိပြီး လေးကြောင်းမျဉ်းစာရွက်နဲ့ ရေးထားတာပြည်သူများမီးအမြဲရဖို့ဆုတောင်းပါတယ်ဆိုပြီးလေ။ အဲ့စာရွက်ကို စစ်အုပ်စုလက်အောက်ခံတပ်များက ခဏချင်းဖျောက်လိုက်ကြတယ်။ ဒါတောင်အင်တာနက်ပေါ်ချက်ချင်းပြန့်သွားလို့ အခုတောင် စစ်တပ်က စာရွက်ကို လာရှာနေတယ့်အကြောင်း ” မျက်မြင်တွေ့သူက ပြန်ပြောပြခဲ့ကြပါတယ်။ ဆန္ဒပြသူ ကိုအောင်အောင်ရေးသားထားခဲ့တဲ့စာကတော့ " ၂၄ နာရီလုံး အများပြည်သူပြည်သား မီးလင်းပါစေ။ ၂၀၀၂ နှင့် ၂၀၀၅ ခုနှစ်ကို ပြန်မသွား" ဟူ၍ ဖြစ်ပါတယ်။

စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်သည့်အနေဖြင့် မိမိကိုယ်ကို မီးရှို့ဆန္ဒပြခဲ့သည့် ကျဆုံးသူရဲကောင်း တစ်ဦးဖြစ်သူ ကိုအောင်အောင်၏ ကျန်ရစ်သူဇနီးနှင့် သားမီးများကို ကူညီဖေးမစောင့်ရှောက်ကြရန် ကျောက်ပန်းတောင်းမြို့နယ်သူ မြို့နယ်သားများအား တိုက်တွန်းကြောင်း ကျောက်ပန်းတောင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ဖေဖေါ်ဝါရီလ ၂ ရက်နေ့က အသိပေးထုတ်ပြန်တာကိုလည်းတွေ့ရပါတယ်။
၈၈ မျိုးဆက်​ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်ကလည်း ကိုအောင်အောင်အား ရည်ညွှန်းပီး “ဒီမြေကို ချစ်ခြင်းအတွက်၊ ကိုယ့်ခန္ဓာကိုယ်၊ လောင်ကျွမ်းခံပြနေချိန်မှာ ချစ်သော ကမ္ဘာကြီးရေ မြင်ကြား ခံစားတက်ရဲ့လားလို့ သူမေးသွားမှာပဲ
ချစ်သော ပြည်သူတွေ ထိုက်တန်ရဲ့လားလို့ သူမေးသွားမှာပဲ" ဟု ဦးမင်းကိုနိုင်က ရေးသားဂုဏ်ပြုခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီးဒေါက်တာတူးခေါင်ကလည်း အသက်သေခံမီးရှို့ဆန္ဒပြသွားတဲ့ ကိုအောင်အောင် ကို ဂုဏ်ပြုတဲ့အကြောင်းလူမှုကွန်ရက်ပေါ်က ထုတ်ဖော်ရေးသားထားတာ မြင်ရပါတယ်။

"ကျောက်ပန်းတောင်းမှ ကို အောင်အောင် ကို လေးစားဂုဏ်ပြုပါတယ်။ သူ့ရဲ့ စွန့်လွတ်နိုင်မှုကိုလဲ အသိအမှတ်ပြုပါတယ်။ အမှန်တရားအတွက် ကိုယ့်ကိုယ်ကို မီးရှို့ပြီး ဆန္ဒပြရဲတဲ့ သတ္တိဟာ လူတိုင်းမှာ မရှိနိုင်ပါဘူး။ မြန်မာ့နွေဦးတော်လှန်ရေးမှာ ဒီလောက်သတ္တိကောင်းတဲ့လူတွေ ပါဝင်နေခြင်းဟာ သမိုင်းဝင်တခုပါ။ အင်မတန်ထူးခြားတဲ့ ခံယူချက် နဲ့ သတ္တိ ဖြစ်ပါတယ်။ ကျန်ရစ်သူမိသားစု နဲ့ အတူ ထပ်တူဝမ်းနည်းရပါတယ်" ဆိုတဲ့စာဖြင့် အသိအမှတ်ဂုဏ်ပြုကြောင်း ရေးသားထားတာပါ။

ကိုအောင်အောင်သည် ကျောက်ပန်းတောင်းမြို့ပေါ်၊ ပြည်တော်သာ၊ ရွှေတန်ဆာလမ်းတွင် နေထိုင်သည့် သံပန်းလုပ်ကိုင်သူဖြစ်ပြီး ကွယ်လွန်ချိန်မှာတော့ ဇနီးဖြစ်သူနှင့် သားသမီး ၂ ဦး ကျန်ရစ်ပါတယ်။ မိမိခန္ဒာကိုယ်အားဓာတ်ဆီလောင်းမီးရှို့ဆန္ဒပြခဲ့သူ ကိုအောင်အောင်အား ညောင်ဦးဆေးရုံသို့ ပို့ဆောင်၍ ကုသမှုများ ပြုလုပ်ပေးခဲ့ကြပေမယ့် ဒဏ်ရာပြင်းထန်မှုကြောင့် အခင်းဖြစ်တဲ့ ညဦးပိုင်းမှာပဲ အသက်သေဆုံးသွားပါတယ်။

========================

📌📌ခုခံတော်လှန်စစ်ပြင်းထန်နေတဲ့ မြင်းမူမှာ စစ်ကောင်စီက ရွာသူရွာသားတွေကိုမီးရှို့သတ်ဖြတ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ပဒတ္ထိုင်း (ပဒတ်ထိုင်း) ကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ဒေသခံ ရွာသူရွာသား ၂၀ဦးခန့်ကို မီးရှိူ့သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်သည် ဇန်နဝါရီလ ၃၁ ရက် မနက်ပိုင်း ၁၁နာရီဝန်းကျင်က မြင်းမူမြို့နယ်အနောက်မြောက်ပိုင်း ပဒတ္ထိုင်းကျေးရွာသို့ လေကြောင်းပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး ဝင်ရောက်စီးနင်းခဲ့ကြပါတယ်။ ထို့နောက်ကျေးရွာကိုမီးရှို့ခဲ့ကြပြီး ဒေသခံများလည်းဖမ်းဆီးခံရပါတယ်။ စစ်ကောင်စီတပ်များရဲ့ သတ်ဖြတ်ခံထားရသူပေါင်း ၂၀ ဦးထက်မနည်းရှိကြောင်း မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

"သက်ကြီးရွယ်အိုတွေရောဖမ်းတာ။ ရွာထဲအကုန်ဝင်မွှေတာ ရှိတာအကုန်ယူတယ်။ ပြည်သူတွေကိုလည်းသတ်ဖြတ်သွားတယ်။"ဟု ဒေသခံတစ်ဦးက ပြောပါတယ်။ အသက် ၁၃ နှစ်အရွယ် မိန်းကလေးကိုပါ အဓမ္မပြုကျင့်ပြီး ခုတ်ထစ်မီးရှို့သတ်ခဲ့ကြကြောင်း ဒေသခံတစ်ဦးရဲ့စကားကို ကိုးကားကားပီး public voice tv က ရေးသားထားပါတယ်။ ဒီအကြောင်းကို မြင်းမူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတော့ ခုလိုပြောပါတယ်။
"အပြစ်မဲ့ပြည်သူ အယောက် ၂၀ မီးရှို့သတ်ခံခဲ့ရတာ တော့ ဟုတ်တယ်ဗျ။ အဓမ္မပြုကျင့်တာတော့ ကျွန်တော်တို့ အတည်မပြုနိုင်သေးဘူးဗျ။" လို့ မြင်းမူအခြေစိုက် Myinmu MM-PDF အဖွဲ့တာဝန်ရှိသူက ပြောသွားတာပါ။ အာဏာသိမ်းစစ်တပ်က ၎င်းတို့အပေါ် ခုခံတော်လှန်ရေးအင်အားကောင်းရာ ဒေသတိုင်းတွင် သာလွန်အင်အားဖြင့်စီးနင်းဝင်ရောက်လာတိုင်း အကြမ်းဖက်လူသတ်မှုများ မီးရှို့မှုများကို ကျူးလွန်လျက်ရှိနေပါတယ်။
ပဒတ္ထိုင်းကျေးရွာသည်လည်း ချောင်းဦးနယ်၊ မြောင်နယ်တို့အစပ်တွင် ရှိပီး အာဏာရှင်ဆန့်ကျင်ရေးအားကောင်းသော ဒေသတခုဖြစ်ကြောင်း သိရပါတယ်။။ အဆိုပါ အကြမ်းဖက်ခံနေရတဲ့ မြင်းမူမြို့နယ်တွင်းက ဂုံညင်းဆိပ်ရဲစခန်းကို ဖေဖော်ဝါရီလ ၂ ရက်နေ့ ည ၁၂ နာရီခန့်မှာ MMUPDF မှ ဦးဆောင်၍ Black Eagle Defence Force - MMU၊ မြင်းမူလျပ်စီးပြောက်ကျားတပ်ဖွဲ့၊ Myin Mu Defence Force၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ - CDSOM စသည့် မဟာမိတ်အဖွဲ့များ ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်စီးနင်းနိုင်ခဲ့ကြပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်များစီးနင်းမှုကို အကြမ်းဖက်စစ်ကောင်စီ၏ စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များက ရင်ဆိုင်ခြင်းမရှိဘဲ ထွက်ပြေးတိမ်းရှောင်သွားသောကြောင့် အပြန်အလှန် ပစ်ခက်မှုများ မရှိခဲ့ပါဘူး။ သိမ်းပိုက်ရမိသောစခန်းတွင်းမှလက်နက်များကို သိမ်းယူနိုင်ခဲ့ကြပီး အဆောက်အဦများကို မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း People Defence Force Myinmu-MMUPDF က သတင်းထုတ်ပြန်ထားပါတယ်။

========================

📌📌တောင်ကိုရီးယားလွှတ်တော်အမတ်များနှင့် လူမှုအဖွဲ့အစည်းများ ပူးပေါင်းပီးတော့ မြန်မာ့ဒီမိုကရေစီပြန်လည်ရရှိရေးတောင်းဆိုသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တဲ့သတင်းကိုတင်ပြပေးပါ့မယ်

မြန်မာပြည်ငြိမ်းချမ်းရေးနှင့်ဒီမိုကရေစီပြန်လည်ရရှိရေးလွှတ်တော်အမတ်များအဖွဲ့နှင့် မြန်မာ့ဒီမိုကရေစီအား ထောက်ခံသည့် တောင်ကိုရီးယား လူမှု အဖွဲ့အစည်း ၁၀၆ ဖွဲ့တို့ ပူးပေါင်းပြီးကျင်းပတဲ့ သတင်းစရှင်းလင်းပွဲဖြစ်ပါတယ် ၂၀၂၂ ခုနှစ်ဖေဖော်ဝါရီလ(၃)ရက်နေ့ မနက်၁၁နာရီ ၂၀မိနစ် လွှတ်တော်ဝင်းအတွင်း ကျင်းပခဲ့ကြတာပါ။ သတင်းစာရှင်းလင်းပွဲအပြီးမှာတော့ ထုတ်ပြန်ကြေညာချက်တရပ်ကိုထုတ်ပြန်ခဲ့ကြပါတယ်။
ထုတ်ပြန်ချက်တွင်
မြန်မာပြည်တွင် စစ်အာဏာသိမ်းခံရခြင်း တစ်နှစ်ကျော်လာခဲ့ပေမယ့် မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ လိုလားမှုသည် စစ်အုပ်စု၏ အကြမ်းဖက်မှုအောက်မှာ ဆက်လက် ဖိနှိပ်ခံနေကြရပြီး နိုင်ငံတကာရဲ့ တုန့်ပြန်မှုတွေကလည်း ထိရောက်မှု မရှိခဲ့ကြောင်း၊
တောင်ကိုရီးယား၊ အာဆီယံနှင့် အီးယူ၊ ကမ္ဘာ့ကုလသမဂ္ဂ အစရှိသည့် နိုင်ငံတကာအနေဖြင့် မြန်မာပြည်သူများနှင့် ပူးပေါင်းခြင်း၊ ပံ့ပိုးခြင်းတို့ကို ပြုလုပ်လာခဲ့ပေမယ့်လည်း အလွန် အားနည်းခဲ့ကြောင်း၊ အနည်းဆုံး အစားအစာ ငတ်မွတ်ခေါင်းပါးမှုနှင့် ရောဂါဘေး ကာကွယ်မှုများ အားနည်းခြင်းကြောင့် ခံစားနေကြရတဲ့ မြန်မာပြည်သူများအတွက် နိုင်ငံတကာရဲ့ ကူညီကယ်ဆယ်မှုတွေက ဝင်ရောက်နိုင်ရမည်ဖြစ်ကြောင်း၊
ကိုရီးယားနိုင်ငံက အခုလို လွတ်လပ်ခြင်း၊ လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေး ရရှိနိုင်ခြင်းတို့သည် အိမ်နီးချင်းနိုင်ငံများက လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံတကာ၏ ပူးပေါင်းဆောင်ရွက်ပေးမှုတို့ကြောင့် ဖြစ်ကြောင်း၊
ပူးပေါင်း ဆောင်ရွက်ခြင်းကို လက်မလွှတ်ပဲ အမြဲတမ်း ဂရုစိုက်ပေးနေမှသာ ကံဆိုးခြင်းတွေကို တားဆီးနိုင်မည်ဖြစ်ကြောင်း၊
စစ်အုပ်စုအတွက် ငွေကြေးစီးဝင်ရာဖြစ်နေတဲ့ ကိုရီးယားကုမ္ပဏီများ၊ poscoအင်တာနယ်ရှင်နယ်၊ ကိုရီးယားဂက်စ်၊ အဆိုပါ ကုမ္ပဏီကြီးများသို့ ရင်းနှီးမြှပ်နှံနေကြသည့် နိုင်ငံတော်ပင်စင် အစရှိသည်တို့၏ အမြတ်အစွန်းများ သည် စစ်အုပ်စုထံ မစီးဝင်နိုင်ဖို့ တားဆီးရမည်ဖြစ်ကြောင်း၊
အာဏာသိမ်း စစ်အုပ်စုအနေနဲ့ အကြမ်းဖက်မှုကို ရပ်တန့်ပါ၊ အာဆီယံ သဘောတူညီမှု ၅ချက်ကို လိုက်နာပါ၊ နိုင်ငံရေးအကျဥ်းသားများကို လွှတ်ပေးပါ၊ ပြည်သူ့အစိုးရထံ အာဏာပြန်လည် အပ်နှင်းပါ၊ နိုင်ငံတကာ၏ လူသားချင်း စာနာသည့်အကူအညီပေးမှုတွေကို ခွင့်ပြုပါ၊ စေတနာ့ဝန်ထမ်းတွေရဲ့ လုံခြုံရေးကို အာမခံပါဟု စသည့်အချက်များကို တောင်းဆိုကြောင်းထုတ်ပြန်ခဲ့ကြပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment