သတင်းခေါင်းစဉ်များ -
📌စစ်အာဏာသိမ်းတစ်နှစ်ပြည့်ချိန်တွင် ကြေညာချက်တစ်စောင် NLD ထုတ်ပြန်
📌မြန်မာ့အရေး အားပေးထောက်ခံတဲ့ ဆုံးဖြတ်ချက် ပြင်သစ်လွှတ်တော်နှစ်ရပ် အတည်ပြုတော့မယ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 စစ်အာဏာသိမ်းတစ်နှစ်ပြည့်ချိန်တွင် ကြေညာချက်တစ်စောင် NLD ထုတ်ပြန်ခဲ့တဲ့သတင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်ကော်မတီသည် နိုင်ငံတော်အာဏာကို စစ်အုပ်စုမှ သိမ်းပိုက်တာခံရပီး တစ်နှစ်ပြည့်ချိန် ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ရက်စွဲဖြင့် ကြေညာချက်တစောင်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါကြေညာချက်မှာ အချက် (၁၀) ချက်ပါရှိပြီး အဲ့ဒီထဲက တစ်ချို့ကို ထုတ်နှုတ်တင်ပြပေးပါ့မယ်။
၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်စဉ်ကပင် အများပြည်သူတို့၏ဆန္ဒနှင့်ကိုက်ညီ၍ အခြေခံ လူ့အခွင့်အရေးများကို အာမခံသည့် စစ်မှန်သည့်ဒီမိုကရေစီ ဖြစ်ပေါ်လာစေရန်၊ နောင်ခေတ်အဆက်ဆက်၌လည်း မြန်မာနိုင်ငံသည် ပြည်သူလူထုဆန္ဒနှင့်အညီ ဒီမိုကရေစီစနစ်ထွန်းကား၍ တည်တံ့ခိုင်မြဲသော ပြည်ထောင်စုကြီး ဖြစ်ထွန်းစေရေးအတွက် အုတ်မြစ်ချရန်၊ အာဏာရှင်ဆန်၍ ပြည်သူလူထုကို ဖီစီးနှိပ်စက်မည့်နိုင်ငံရေးစနစ်မျိုး ပြန်လည်ထွန်းကားခြင်းမရှိစေရေးအတွက် ကြိုးပမ်းရန် စသည့်ရည်ရွယ်ချက်များထားရှိခဲ့ရာ ထိုရည်ရွယ်ချက်များ ဖော်ဆောင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်စဉ်ကပင် တစိုက်မတ်မတ်ကြိုးပမ်းခဲ့သလို လက်ရှိတွင်လည်း ကြိုးပမ်းနေဆဲဖြစ်ပါသည်။
၂။ အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉၀ အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတို့တွင် ပြည်သူလူထုတစ်ရပ်လုံး၏ တခဲနက်ထောက်ခံမှုဖြင့် သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင်လည်း ပြည်သူလူထု၏ မိမိတို့ဆန္ဒအလျောက် လွတ်လပ်စွာမဲပေးထောက်ခံမှုနှင့်အတူ ကိုယ်စားလှယ် (၈၂) ရာခိုင်နှုန်းကျော်ရရှိကာ မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူတို့ ယုံကြည်စွာ အပ်နှင်းလိုက်သော တာဝန်ကို အပြည့်အဝ အလေးထားကာ ၂၀၂၀ ရွေးကောက်ပွဲကြေညာစာတမ်းပါ ကတိကဝတ်များကို ဖြည့်ဆည်းဖော်ဆောင်ရန် စတင်ကြိုးပမ်းနေချိန်မှာပင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သော တည်ဆဲအစိုးရထံမှ (၂၀၀၈)ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကိုယ်တိုင်ချိုးဖေါက်ကာ နိုင်ငံတော်အာဏာကို စစ်ခေါင်းဆောင်တစ်စုက အဓမ္မသိမ်းယူခဲ့ရာ ယခုအခါ တစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။
၃။ အာဏာသိမ်းစစ်ကောင်စီသည် အာဏာသိမ်းခဲ့သည့် တစ်နှစ်တာကာလအတွင်း ရဟန်း၊ ရှင်လူ၊ တိုင်းရင်းသား၊ ကျောင်းသား၊ ပြည်သူများ၊ CDM များနှင့်အတူ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီခေါင်းဆောင်များ၊ ရွေးကောက်တင်မြှောက်ခံလွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင်များ၊ ပါတီဝင်များကို အဓမ္မဖမ်းဆီးအကျဉ်းချမှုများ၊ ညှဉ်းဆဲသတ်ဖြတ်မှု များစွာလုပ်ဆောင်ခဲ့ပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှတ်တမ်းကောက်ယူရေးအဖွဲ့၏ ကောက်ယူရရှိသော စာရင်းများအရ အဖွဲ့ချုပ်အဖွဲ့ဝင်များထဲမှလည်း ဖမ်းဆီးအကျဉ်းချခံရသူစုစုပေါင်း (၆၈၆)ဦးတွင် လွှတ်တော် ကိုယ်စားလှယ် (၁၀၇)ဦးပါဝင်ပြီး၊ ညှင်းပမ်းနှိပ်စက်မှုများနှင့် အကျဉ်းထောင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်မှုများကြောင့် ကွယ်လွန်သူ လွှတ်တော်ကိုယ်စားလှယ်(၁)ဦး အပါအဝင်စုစုပေါင်း (၁၄)ဦးရှိခဲ့ပါသည်။ ဗဟိုရုံးချုပ်အပါအဝင် ပါတီရုံးများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ မီးရှို့ခြင်း၊ ပါတီပိုင်ပစ္စည်းများနှင့် စာရွက်စာတမ်းများ ကိုခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ယူဆောင်ခြင်း (၉၁) ကြိမ်ရှိပြီး၊ (၁၁၇) ဦးထက်မနည်းသောပါတီဝင်များ၏ အိုးအိမ်၊ မြေနေရာ၊ တိုက်ခန်းတို့ကို အကြောင်းအမျိုးမျိုးပြ၍ ချိပ်ပိတ်ခြင်းများကျူးလွန်ခဲ့ပါသည်။
၄။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အစိုးရတာဝန်ရယူထမ်းဆောင်ခဲ့သော ငါးနှစ်တာကာလအတွင်း အခက်အခဲနှင့် ကန့်သတ်မှုများစွာကြားမှပင် ပြည်သူနှင့်အတူ ဒီမိုကရေစီအုတ်မြစ်ကို စွမ်းနိုင်သမျှချမှတ်ခဲ့ပြီး ပိုမိုအနှစ်သာရပြည့်ဝသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖော်ဆောင်နိုင်ရေးမျှော်မှန်းချက်ဖြင့် တိုင်းရင်းသား လူမျိုးစုအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများအပါအဝင် ကဏ္ဍ (၁၈) ခုပါဝင်သော ၂၀၂၀ ရွေးကောက်ပွဲ ကြေညာစာတမ်းကိုထုတ်ပြန်၍ ပြည်သူကို ကတိကဝတ်ပြုခဲ့သော်လည်း လက်တွေ့အကောင်အထည် မဖော်ဆောင်နိုင်မီကာလတွင် စစ်အာဏာသိမ်းမှု၏အကျိုးဆက်အဖြစ် အဆိုပါကဏ္ဍများတွင် ဆိုးရွားသော ထိခိုက်ကျဆင်းမှုများကို တွေ့ရှိလာရသည်။
၅။ ပြည်သူ့အစိုးရတာဝန်ယူထားသည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံး၌အေးချမ်းစွာ ပညာ သင်ယူနေသည့် ကျောင်းသား/ ကျောင်းသူဦးရေ (၁၃)သန်းဝန်းကျင်နှင့် ပညာရေးတာဝန်ထမ်းဆောင်နေသည့် ဆရာ/ဆရာမ ဦးရေ လေးသိန်းကျော် ပညာပို့ချနေရာမှ ယခုအာဏာသိမ်းထားသည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွင်း မိဘပြည်သူများနှင့် ကျောင်းသား/ကျောင်းသူ (၉၀)ရာခိုင်နှုန်း၊ ဆရာ/ဆရာမ ဦးရေ ထက်ဝက်ကျော်တို့မှာ စစ်ကောင်စီ၏ပညာရေးကို ယုံကြည်လက်ခံမှုမရှိကြကြောင်းတွေ့ရသည်။ စသဖြင့် ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။
========================
📌📌 မြန်မာ့အရေး အားပေးထောက်ခံတဲ့ ဆုံးဖြတ်ချက် ပြင်သစ်လွှတ်တော်နှစ်ရပ် အတည်ပြုတော့မယ်
ပြင်သစ်လွှတ်တော်နှစ်ရပ်ပေါင်းပြီး မြန်မာနိုင်ငံကို အားပေးထောက်ခံမှု အစီအစဉ်တွေ ပါဝင်တဲ့ ဆုံးဖြတ်ချက်တခု မကြာခင် ထွက်ပေါ်လာတော့မယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။
မြန်မာနိုင်ငံ ဒီမိုကရေစီအရေးအတွက် ထောက်ခံအားပေးနေကြတဲ့ ပြင်သစ်လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံစကားပြောပြီး မြန်မာနိုင်ငံအရေးအတွက် ဆက်လက်လုပ်ဆောင်ဖို့ တင်ပြနိုင်ခဲ့ တယ်လို့ ဦးအောင်မျိုးမင်းက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
CRPH နဲ့ NUG ကို ၂၀၂၂ ခုနှစ်အစည်းအဝေးမပြီးဆုံးခင် ပြင်သစ်အမျိုးသားလွှတ်တော်ရဲ့အသိအမှတ်ပြုမှုရရှိအောင် အတတ်နိုင်ဆုံး ကြိုးပမ်းသွားဖို့ ပါလီမန်အမတ်တွေနဲ့ သဘောတူညီမှုရခဲ့တယ်လို့လည်း ဦးအောင်မျိုးမင်းက ဆိုပါတယ်။
မြန်မာ့အရေးအားပေးထောက်ခံတဲ့ ဆုံးဖြတ်ချက်ကိို ပြင်သစ်လွှတ်တော်တွေမှာ အခုလို အတည်ပြုတော့မယ့်အချိန်မှာပဲ မြန်မာ့အရေးကို နည်းလမ်းသစ်တွေနဲ့ ထိရောက်အောင် ဆောင်ရွက်ကြဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းလိုက်ပါတယ်။
စစ်အာဏာသိမ်း ၁ နှစ်ပြည့်အဖြစ် ဗွီဒီယိုနဲ့ ပြောကြားရာမှာ အထူးကိုယ်စားလှယ်က အဲဒီလို ထည့်သွင်းပြောကြားခဲ့တာပါ။
မြန်မာ့အရေးကို အချိန်မနှောင်းခင် ပိုမိုခိုင်မာအားကောင်းတဲ့ အရေးယူဆောင်ရွက်မှု နည်းလမ်းသစ်တခု စဉ်းစားဖို့ အလေးအနက် တိုက်တွန်းလိုတယ်လို့ သူကဆိုပါတယ်။
အာဏာသိမ်းကာလ ၁ နှစ် ပြည့်တဲ့အချိန်ထိ ကုလလုံခြုံရေးကောင်စီက လက်နက်တင်ပို့မှု တားမြစ်ရေး ကို ထိထိရောက်ရောက် မလုပ်နိုင်တဲ့အတွက် အပြစ်မဲ့ပြည်သူတွေ သေကြေနေရတယ်လို့လည်း ပြောပါတယ်။
ဒါ့ကြောင့် မြန်မာအကြမ်းဖက်စစ်အုပ်စုကို လက်နက်၊ ငွေကြေးနဲ့ တရားဝင်မှု မရအောင် ဖြတ်တောက်နိုင်ဖို့ နိုင်ငံတကာက ဝိုင်းဝန်း ကြိုးပမ်းကြဖို့ တိုက်တွန်းခဲ့ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment