2nd FEB 2022 - Morning Daily News by Radio NUG

၂၀၂၂ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ ရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -

📌အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်ကော်မတီသည် နိုင်ငံတော်အာဏာကို စစ်အုပ်စုမှ သိမ်းပိုက်တာခံရပီး တနှစ်ပြည့်အချိန် ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ရက်စွဲဖြင့် ကြေညာချက်တစောင်ကို ထုတ်ပြန်
📌စစ်တပ်လုံခြုံရေးယူထားတဲ့ စစ်တပ်ထောက်ခံသူတွေကြားပေါက်ကွဲမှုဖြစ်ပြီး သေကျေဒဏ်ရာရခဲ့ကြ
📌ဖာပွန်မြို့နယ်မှာ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား ၁၀ ရာခိုင်နှုန်းသာ ကျန်တော့တဲ့အကြောင်း ကေအန်ယူတပ်မဟာ ၅ ဘက်ကထုတ်ဖော်ပြောကြား

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်ကော်မတီသည် နိုင်ငံတော်အာဏာကို စစ်အုပ်စုမှ သိမ်းပိုက်တာခံရပီး တနှစ်ပြည့်အချိန် ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ရက်စွဲဖြင့် ကြေညာချက်တစောင်ကို ထုတ်ပြန်ခဲ့ပါတယ်။

၁။​ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်စဉ်ကပင် အများပြည်သူတို့၏ဆန္ဒနှင့်ကိုက်ညီ၍ အခြေခံ လူ့အခွင့်အရေးများကို အာမခံသည့် စစ်မှန်သည့်ဒီမိုကရေစီ ဖြစ်ပေါ်လာစေရန်၊ နောင်ခေတ်အဆက်ဆက်၌လည်း မြန်မာနိုင်ငံသည် ပြည်သူလူထုဆန္ဒနှင့်အညီ ဒီမိုကရေစီစနစ်ထွန်းကား၍ တည်တံ့ခိုင်မြဲသော ပြည်ထောင်စုကြီး ဖြစ်ထွန်းစေရေးအတွက် အုတ်မြစ်ချရန်၊ အာဏာရှင်ဆန်၍ ပြည်သူလူထုကို ဖီစီးနှိပ်စက်မည့်နိုင်ငံရေးစနစ်မျိုး ပြန်လည်ထွန်းကားခြင်းမရှိစေရေးအတွက် ကြိုးပမ်းရန် စသည့်ရည်ရွယ်ချက်များထားရှိခဲ့ရာ ထိုရည်ရွယ်ချက်များ ဖော်ဆောင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်စဉ်ကပင် တစိုက်မတ်မတ်ကြိုးပမ်းခဲ့သလို လက်ရှိတွင်လည်း ကြိုးပမ်းနေဆဲဖြစ်ပါသည်။

၂။ ​အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉၀ အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတို့တွင် ပြည်သူလူထုတစ်ရပ်လုံး၏ တခဲနက်ထောက်ခံမှုဖြင့် သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင်လည်း ပြည်သူလူထု၏ မိမိတို့ဆန္ဒအလျောက် လွတ်လပ်စွာ မဲပေးထောက်ခံမှုနှင့်အတူ ကိုယ်စားလှယ် (၈၂) ရာခိုင်နှုန်းကျော်ရရှိကာ မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိ ခဲ့ပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူတို့ ယုံကြည်စွာ အပ်နှင်းလိုက်သော တာဝန်ကို အပြည့်အဝ အလေးထားကာ ၂၀၂၀ ရွေးကောက်ပွဲကြေညာစာတမ်းပါ ကတိကဝတ်များကို ဖြည့်ဆည်းဖော်ဆောင်ရန် စတင်ကြိုးပမ်းနေချိန်မှာပင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သော တည်ဆဲအစိုးရထံမှ (၂၀၀၈)ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကိုယ်တိုင်ချိုးဖေါက်ကာ နိုင်ငံတော်အာဏာကို စစ်ခေါင်းဆောင်တစ်စုက အဓမ္မသိမ်းယူခဲ့ရာ ယခုအခါ တစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။

၃။ ​အာဏာသိမ်းစစ်ကောင်စီသည် အာဏာသိမ်းခဲ့သည့် တစ်နှစ်တာကာလအတွင်း ရဟန်း၊ ရှင်လူ၊ တိုင်းရင်းသား၊ ကျောင်းသား၊ ပြည်သူများ၊ CDM များနှင့်အတူ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီခေါင်းဆောင်များ၊ ရွေးကောက်တင်မြှောက်ခံလွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင်များ၊ ပါတီဝင်များကို အဓမ္မဖမ်းဆီးအကျဉ်းချမှုများ၊ ညှဉ်းဆဲသတ်ဖြတ်မှု များစွာလုပ်ဆောင်ခဲ့ပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှတ်တမ်းကောက်ယူရေးအဖွဲ့၏ ကောက်ယူရရှိသော စာရင်းများအရ အဖွဲ့ချုပ်အဖွဲ့ဝင်များထဲမှလည်း ဖမ်းဆီးအကျဉ်းချခံရသူစုစုပေါင်း (၆၈၆)ဦးတွင် လွှတ်တော် ကိုယ်စားလှယ် (၁၀၇)ဦးပါဝင်ပြီး၊ ညှင်းပမ်းနှိပ်စက်မှုများနှင့် အကျဉ်းထောင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်မှုများကြောင့် ကွယ်လွန်သူ လွှတ်တော်ကိုယ်စားလှယ်(၁)ဦး အပါအဝင်စုစုပေါင်း (၁၄)ဦးရှိခဲ့ပါသည်။ ဗဟိုရုံးချုပ်အပါအဝင် ပါတီရုံးများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ မီးရှို့ခြင်း၊ ပါတီပိုင်ပစ္စည်းများနှင့် စာရွက်စာတမ်းများ ကိုခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ယူဆောင်ခြင်း (၉၁)ကြိမ်ရှိပြီး၊ (၁၁၇)ဦးထက်မနည်းသောပါတီဝင်များ၏ အိုးအိမ်၊ မြေနေရာ၊ တိုက်ခန်းတို့ကို အကြောင်းအမျိုးမျိုးပြ၍ ချိပ်ပိတ်ခြင်းများကျူးလွန်ခဲ့ပါသည်။

၄။​အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အစိုးရတာဝန်ရယူထမ်းဆောင်ခဲ့သော ငါးနှစ်တာကာလအတွင်း အခက်အခဲနှင့် ကန့်သတ်မှုများစွာကြားမှပင် ပြည်သူနှင့်အတူ ဒီမိုကရေစီအုတ်မြစ်ကို စွမ်းနိုင်သမျှချမှတ်ခဲ့ပြီး ပိုမိုအနှစ်သာရပြည့်ဝသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖော်ဆောင်နိုင်ရေးမျှော်မှန်းချက်ဖြင့် တိုင်းရင်းသား လူမျိုးစုအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများအပါအဝင် ကဏ္ဍ(၁၈)ခုပါဝင်သော ၂၀၂၀ ရွေးကောက်ပွဲ ကြေညာစာတမ်းကိုထုတ်ပြန်၍ ပြည်သူကိုကတိကဝတ်ပြုခဲ့သော်လည်း လက်တွေ့အကောင်အထည် မဖော်ဆောင်နိုင်မီကာလတွင် စစ်အာဏာသိမ်းမှု၏အကျိုးဆက်အဖြစ် အဆိုပါကဏ္ဍများတွင် ဆိုးရွားသော ထိခိုက်ကျဆင်းမှုများကို တွေ့ရှိလာရသည်။

၅။​ပြည်သူ့အစိုးရတာဝန်ယူထားသည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံး၌အေးချမ်းစွာ ပညာ သင်ယူနေသည့် ကျောင်းသား/ကျောင်းသူဦးရေ (၁၃)သန်းဝန်းကျင်နှင့် ပညာရေးတာဝန်ထမ်းဆောင်နေသည့် ဆရာ/ဆရာမ ဦးရေ လေးသိန်းကျော် ပညာပို့ချနေရာမှ ယခုအာဏာသိမ်းထားသည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွင်း မိဘပြည်သူများနှင့် ကျောင်းသား/ကျောင်းသူ (၉၀)ရာခိုင်နှုန်း၊ ဆရာ/ဆရာမ ဦးရေ ထက်ဝက်ကျော်တို့မှာ စစ်ကောင်စီ၏ပညာရေးကို ယုံကြည်လက်ခံမှုမရှိကြကြောင်းတွေ့ရသည်။

၆။​ ၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှု ပထမလှိုင်းနှင့်ဒုတိယလှိုင်းတို့အတွင်း ပြည်သူ့အစိုးရက ပြည်သူလူထု၏ ကျန်းမာရေး၊ စီးပွားရေးနှင့် စားဝတ်နေရေးပြေလည်စေရေးအတွက် ကဏ္ဍကြီး(၁၂)ရပ်တွင် ငွေကျပ်သန်းပေါင်း (၂,၂၈၃) ဘီလီယံ သုံးစွဲခဲ့ပါသည်။ ကိုဗစ်-၁၉ ကပ်ရောဂါ ပထမလှိုင်း နှင့် ဒုတိယလှိုင်းတို့တွင် ကူးစက်ဖြစ်ပွားမှု (၁၄၀,၁၄၅) ဦး ရှိခဲ့ပြီး (၃,၁၃၁) ဦး ကွယ်လွန်ခဲ့ပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) မှ အသိအမှတ်ပြုထားသည့် ကိုဗစ်ရောဂါကာကွယ်ဆေးအား အစောဆုံးထိုးပေးနိုင်ခဲ့သည့်နိင်ငံများတွင် ပါဝင်ခဲ့ပါသည်။ ရောဂါပိုးတွေ့သူနှင့်ထိစပ်မှုရှိခဲ့သူများ၊ ပိုးတွေ့ရှိသူများကို စနစ်တကျစီစစ်၍ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေးဌာနများ နှင့် ဆေးရုံများသို့ အချိန်မီပို့ဆောင်ကာ အခမဲ့ဆေးကုသပေးခြင်းနှင့် ကျွေးမွေးခြင်းများကို ပြည်သူလူထုကိုယ်တိုင် ပူးပေါင်းပါဝင်ဆောင်ရွက်မှုဖြင့် စွမ်းဆောင်နိုင်ခဲ့သည်။ အာဏာသိမ်းစစ်ကောင်စီလက်ထက် ကိုဗစ်-၁၉ တတိယလှိုင်း ဖြစ်ပွားချိန်တွင် ကျန်းမာရေးစောင့်ရှောက်မှုညံ့ဖျင်းခြင်းနှင့် စီမံခန့်ခွဲမှုအလွဲအမှားများကြောင့် ရောဂါကူးစက်ခံရသူ (၃၉၃,၈၁၄) ဦးထိ များပြားလာပြီး (၁၆,၁၇၈) ဦး သေဆုံးခဲ့ရသည်။ ပြည်သူ့အစိုးရလက်ထက် ကိုဗစ်ကပ်ရောဂါလှိုင်း နှစ်ကြိမ်အတွင်း ရောဂါကူးစက်နှုန်းထက် (၂၈၁) ရာခိုင်နှုန်း ပိုမိုများပြားလာခဲ့သလို၊ သေဆုံးမှုနှုန်းမှာလည်း (၅၁၇) ရာခိုင်နှုန်းအထိ ပိုမိုဆုံးရှုံးခဲ့ရကြောင်းတွေ့ရှိရသည်။

၇။​ပြည်သူလူထုအတွက်နေ့စဉ်လိုအပ်ချက်တစ်ခုဖြစ်သော လျှပ်စစ်ကဏ္ဍတွင် COVID-19 ကပ်ရောဂါ စတင် ဖြစ်ပွားချိန်က ပြည်သူသို့ အိမ်သုံးလျှပ်စစ်သုံးစွဲမှုအတွက် (၁၅၀)ယူနစ်ကို အခမဲ့သုံးစွဲခွင့်ပြု၍ ဓါတ်အားပြတ်တောက်မှု မရှိစေဘဲ ပြည်သူလူထုကို စောင့်ရှောက်ပေးနိုင်ခဲ့သည်။ ဓါတ်အားပြတ်တောက်မှုများရှိလာလျှင် မည်သူမဆို ဆက်သွယ်မေးမြန်းနိုင်သည့် ဝန်ဆောင်မှုပေးသောကဏ္ဍဖြစ်သော call center သည်ပင် ယိုယွင်းပျက်ဆီးသွားပြီ ဖြစ်သည်။ ယခုအချိန်တွင် လျှပ်စစ်ဓာတ်အား အချိန်ပြည့်မရရှိနိုင်တော့ဘဲ Load Shed ဖြင့် အလှည့်ကျ ဓာတ်အားဖြန့်ဖြူးပေးနေသည့် အခြေအနေဖြစ်ပြီး မည်သည့်အချိန်မီးပျက်၍ မီးပြန်လာမည့်အချိန်ကိုလည်း ကြိုတင် မသိနိုင်တော့ဘဲ ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝအပေါ် ဆိုးကျိုးကြီးစွာ သက်ရောက်လျှက်ရှိနေပါသည်။

၈။​မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း (UDHR) စတင်ထုတ်ပြန် ကြေညာ ခဲ့သော ၁၉၄၈ ခုနှစ်ကတည်းကသဘောတူထားခဲ့သည့် နိုင်ငံဖြစ်ခဲ့သော်လည်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုမှာ အာဏာသိမ်းကာလအတွင်း သိသာထင်ရှားစွာ များပြားလာခဲ့သည်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် ပြည်သူ့အစိုးရလက်ထက်တွင် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးများ ပိုမိုတိုးတက်မှုရှိခဲ့သော်လည်း စစ်တပ်မှအာဏာသိမ်းယူခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှစ၍ လူသားမျိုးနွယ်စုအပေါ် ဥပဒေမဲ့ ညှဉ်းပမ်းနှိပ်စက်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ မီးရှို့ခြင်း၊ ပြည်သူတို့၏ အိုးအိမ်စည်းစိမ်များကို အဓမ္မလုယူ သိမ်းဆည်းခြင်း၊ လိင်ပိုင်းဆိုင်ရာကျူးလွန်ခြင်း၊ သတင်းလွတ်လပ်ခွင့် ကန့်သတ်ပိတ်ပင်ခြင်းစသည့် နည်းလမ်းမျိုးစုံ သုံးကာ အာဏာသိမ်းစစ်ကောင်စီက လူ့အခွင့်အရေးများကို ဆိုးရွားစွာ ပေါ်ပေါ်ထင်ထင်ချိုးဖောက်နေပါသည်။

၉။​မှတ်တမ်းများအရ မြန်မာနိုင်ငံတွင်လွတ်လပ်ရေးရပြီးနောက် ပြည်တွင်းပဋိပက္ခနှင့်မလုံခြုံမှုများကြောင့် တိုင်းရင်းသား ပြည်သူ (၃၄၀,၀၀၀)ခန့် ကာလကြာရှည်စွာ အိုးမဲ့အိမ်မဲ့ နေရပ်စွန့်ခွာနေထိုင်ခဲ့ရပါသည်။ အာဏာသိမ်းခဲ့သည့် တစ်နှစ်တာအတွင်း နိုင်ငံတစ်ဝန်း၌ ပြည်တွင်းပဋိပက္ခများနှင့်မလုံခြုံမှုများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသော အပြစ်မဲ့တိုင်းရင်းသားပြည်သူ (၃၈၅,၇၀၀) ကျော်ရှိနေခဲ့ပြီဖြစ်သည်။ စစ်ကောင်စီ အာဏာသိမ်းယူထားသည့် ကာလအတွင်း နိုင်ငံတစ်ဝန်းလုံး၌ ဥပဒေမဲ့မီးရှို့ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းများ များစွာ ဖြစ်ပေါ်ခဲ့ပါသည်။ ချင်းပြည်နယ် ထန်တလန်မြို့တွင် အကြိမ်ကြိမ်မီးရှို့ခံရမှုကြောင့် ဘာသာရေးအဆောက်အဦများ အပါအဝင် ပြည်သူ့အိုးအိမ် (၅၅၀) ကျော် ဆုံးရှုံးခဲ့ပါသည်။ ထို့အပြင် ကယားပြည်နယ် ဖရူဆိုမြို့နယ်တွင် ကလေးငယ် လေးဦးအပါအဝင် ပြည်သူ (၃၅) ဦးကို အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခြင်းခံခဲ့ရသည်။ ဤဖြစ်စဉ်များနည်းတူ လူသားမျိုးနွယ်တစ်ခုလုံးအား ထိခိုက်စေသည့် ရာဇဝတ်မှုများ၊ စစ်ရာဇဝတ်မှုများ နိုင်ငံတစ်ဝန်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပြီး ပါဝင်ပတ်သက်ကျူးလွန်သူများကို ချွင်းချက်မရှိ တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်အောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်သည်။

၁၀။​နိုင်ငံတစ်ဝန်းရှိ တိုင်းရင်းသားပြည်သူများ၊ ပြည်သူ့ဝန်ထမ်းများ၊ နိုင်ငံတကာရောက် နိုင်ငံသားများသည် ဒီမိုကရေစီထွန်းကားရေး၊ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး၊ လူ့အခွင့်အရေးနှင့် မိမိတို့၏ အချုပ်အခြာအာဏာ အား ပြန်လည်ရရှိနိုင်ရေးတို့အတွက် စစ်အာဏာသိမ်းကာလအတွင်း ကြုံတွေ့ရသည့် ခြိမ်းခြောက်ဖိနှိပ်တားဆီးမှု အမျိုးမျိုးကိုရင်ဆိုင်၍ မလျော့သောဇွဲလုံ့လတို့ဖြင့် ယခုထက်တိုင် ဆန့်ကျင်တွန်းလှန်လျက်ရှိကာ တိုင်းရင်းသား ပြည်သူများ၏ မိမိကိုယ်ကိုယ် ခုခံကာကွယ်နိုင်ခြင်းကြောင့် စစ်ကောင်စီ၏ နယ်မြေဒေသစိုးမိုးမှုများစွာ လက်လွတ် ဆုံးရှုံးခဲ့ရပြီး နိုင်ငံတကာတွင်လည်း စစ်ကောင်စီအပေါ် ကမ္ဘာ့နိုင်ငံအသီးသီး၏ ထောက်ခံအသိအမှတ်ပြုမှု မရရှိအောင် ပြုလုပ်နိုင်ခဲ့သည့်အတွက် တိုင်းရင်းသားပြည်သူအပေါင်း၏ အားထုတ်ရုန်းကန်မှုများကို ဂုဏ်ပြုမှတ်တမ်းတင်အပ် ပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်လည်း နိုင်ငံရေးအကျဉ်းသားများအား လုံးချွင်းချက်မရှိ အမြန်ဆုံး ပြန်လည်လွတ်မြောက်ရေး၊ ပြည်သူတို့၏ စစ်မှန်သောအချုပ်အချာအာဏာ ပြန်လည်ရရှိစေရေး၊ ၂၀၂၀ ခုနှစ် အထွေထွေရွှေးကောက်ပွဲ ကြေညာစာတမ်းပါ ကတိကဝတ်တို့ကို ဖော်ဆောင်လျက် ဒီမိုကရေစီရှင်သန်ထွန်းကားရေး၊ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး လုပ်ငန်းတို့ကို မည်သို့သော ဥပဒေမဲ့ ဖိနှိပ်ချုပ်ချယ်တားဆီးမှုများ ရှိနေစေကာမူ အဖွဲ့ချုပ်ခေါင်းဆာင်များ၏ ဦးဆောင်မှုကို မမှိတ်မသုန်ခံယူပြီး၊ ပြည်သူတို့နှင့်အတူ ပြတ်သားစွာရပ်တည်၍ မိတ်ဖက် အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်သည်ဟု ကြေငြာချက်ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါတယ်။

========================

📌📌စစ်တပ်လုံခြုံရေးယူထားတဲ့ စစ်တပ်ထောက်ခံသူတွေကြားပေါက်ကွဲမှုဖြစ်ပြီး သေကျေဒဏ်ရာရခဲ့ကြတဲ့သတင်းတပုဒ်ကိုပြောပြပါ့မယ်

နွေဦးတော်လှန်ရေး ၁ နှစ်ပြည့် ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ တတိုင်းပြည်လုံးဆင်နွှဲတဲ့အသံတိတ်သပိတ်ကြီးကို ဆင်နွှဲခဲ့ကြပီး ဒီရက်မတိုင်ခင်ကတည်းကိုက ကြိုပီးကျင်းပတဲ့ စစ်တပ်ထောက်ခံပွဲတွေကတော့ အနှောင့်အယှက်ကင်းကင်းနဲ့ ရှိနေနိုင်ခဲ့ကြပါတယ်။ အာဏာရှင်လက်အေက်ခံစစ်တပ်နှင့်ရဲများရဲ့ နည်းမျိုးစုံဖိနှိပ်ခြိမ်းခြောက် စောင့်ကြည့်နေတဲ့ကြားမှာပဲ ပြည်သူတွေဟာ သူတို့ရင်ထဲက အာဏာရှင်ဆန့်ကျင်တဲ့စိတ်ကို အသံတိတ်လမ်းမထွက်ဘဲ ပြသခဲ့တာပါ။ အဆိုပါဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာလည်း အကြမ်းဖက် အာဏာသိမ်းစစ်တပ်ထောက်ခံတဲ့ လူတစုလမ်းပေါ်ထွက်ခဲ့ကြပီး ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် မွန်းတည့် ၁၂ နာရီ အချိန်မှာတော့ ဗုံးပေါက်ကွဲခဲ့တာ တွေ့ရပါတယ်။

ဗုံးပေါက်ကွဲပြီးနောက် လုံခြုံရေးပေးဖို့စောင့်ကြည့်နေတဲ့ စစ်တပ်က ရမ်းသမ်းပစ်ခတ်တာကြောင့်တပ်ထောက်ခံသူ ၂ ဦး သေဆုံး‌ပြီး လူ ၃၀ ကျော်ဒဏ်ရာရရှိကြောင်းမြို့ခံများကပြောကြပါတယ်။
"ကျည်ထိပြီး ဆုံးတာက လူအုပ်ထဲက သူတို့လူတွေ သေတာ ။ ၃၀ ကျော်ဒဏ်ရာရတာက လမ်းသွားလမ်းလာတွေရော စစ်တပ်ထောက်ခံပွဲက လူတွေရော ဖြစ်တာ။ ပစ်တာက အရပ်ဝတ်တွေနဲ့ လုံခြုံရေးယူနေတဲ့ စစ်တပ်က ပစ်တာ။ အခုတော့ တစ်မြို့လုံး အပြင်မထွက်ရဲကြဘူး" ဟုဒေသခံတစ်ဦးက ပြောပါတယ်။
ဘယ်သူ့လက်ချက်မှန်းမသိရတဲ့ ဗုံးပေါက်ကွဲမှုဟာ တာချီလိတ်မြို့ ရှမ်းရိုးမကွင်းမှာ ပြုလုပ်တဲ့ တပ် ထောက်ခံပွဲ ကျင်းပပြီး အပြန် လူအုပ်ထဲမှာ ဗုံးကွဲခြင်း ဖြစ်ပါတယ်။ အမျိုးသား ၃၂ ဦးနဲ့ အမျိုးသမီး ၆ ဦးခန့် ဒဏ်ရာ ရရှိခဲ့ပြီး အမျိုးသား ၂ ဦး သေဆုံးကြောင်း မျက်မြင် ဒေသခံ ၁ ဦးက ပြောတာကိုကိုးကားပြီးတာချီလိတ် အခြေစိုက် ရွှေတြိဂံဒေသ သတင်းလွှာက ရေးပါတယ်။ အနားက ဖြတ်သွားတဲ့ ဆိုင်ကယ်က လူအုပ်ထဲကို ဗုံးပစ်ထည့်ခဲ့တာလို့ ပြောဆိုမှုတွေရှိသလို စစ်ကောင်စီဘက်ကပေါက်ကွဲမှုအပြီး ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးတာလို့လည်း ပြောဆိုမှုတွေရှိနေပါတယ်။ လူမှုကွန်ရက်ပေါ်က ရုပ်သံမှတ်တမ်းများအရတော့ ပေါက်ကွဲမှုမဖြစ်ခင်မှာ လူအုပ်ကြီးရဲ့အနောက်ဘက်မှလူအချို့ဟာ အရှေ့ဘက်ကိုပြေးလွှား တိုးတက်လာပီးနောက်မှာ မီးခိုးလုံးကြီးတွေနှင့်အတူပေါက်ကွဲသွားတာပါ။ ပေါက်ကွဲမှုကြောင့် ဆိုင်းဘုတ်ကိုင်ဆောင်ထားသူကော အခြားသူတွေပါ ပြိုလဲကျသွားပါတယ်။ အလံကိုင်လူအချို့လည်း ထိတ်လန့်တကြား ပြေးလွှားနေတာတွေ့ရပါတယ်။
ဒဏ်ရာရ သေဆုံးသူများကို လူနာတင်ယာဉ်နဲ့ ဆေးရုံသို့ သယ်ဆောင် သွားခဲ့ကြပါတယ်။ ဒုတိယနေ့ဖြစ်တဲ့ အခုလိုတာချီလိတ်တပ်ထောက်ခံပွဲမှာ အများစုပါဝင်ထောက်ခံခဲ့သူတွေဟာ စစ်မှုထမ်းဟောင်းနှင့် တပ်မိသားစုဝင်အများစုဖြစ်ကြပါတယ်။
အလားတူ စစ်အာဏာသိမ်းမှု ၁ နှစ်ပြည့် ထောက်ခံပွဲကို နံနက် ၁၀ နာရီမှစ၍ မြဝတီမြို့ အမှတ် ၄ ရပ်ကွက် မြစန္ဒီပန်းခြံရင်ပြင်တွင်ပြုလုပ်ရာ မဘသများနှင့် တပ်မိသားစုဝင်များ ပါဝင်သော လူဦးရေ ၄၀၀ ခန့်ဖြင့် စုရပ်ပြုလုပ်နိုင်ခဲ့ကြတာ တွေ့ရပါတယ်။ မြို့တွင်းသို့ စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြပီး မွန်းတည့်၁၂ နာရီခန့် အချိန်ခန့်တွင် မြဝတီမြို့ ဘုရင့်နောင်လမ်းမကြီးနံဘေး မြို့နယ်လျှပ်စစ်ရုံးဝင်းအနီး မိုင်းတစ်လုံးပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ ပေါက်ကွဲမှုကြောင့် ထိခိုက်သေကျေပျက်စီးမှု တစုံတရာမရှိကြောင်းလည်းကြားသိရပါတယ်။

========================

📌📌ဖာပွန်မြို့နယ်မှာ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား ၁၀ ရာခိုင်နှုန်းသာ ကျန်တော့တဲ့အကြောင်း ကေအန်ယူတပ်မဟာ ၅ ဘက်ကထုတ်ဖော်ပြောကြားလိုက်ပါတယ်

KNU-KNLA တပ်မဟာ ၅ နယ်မြေဖြစ်တဲ့ ကရင်ပြည်နယ် ဖာပွန်မြို့က စစ်ကောင်စီဌာနဆိုင်ရာ ဝန်ထမ်းအားလုံး ၁၀ရက်အတွင်း ထွက်ခွာပေးရန် KNLA တပ်မဟာ (၅) ကဇန်နဝါရီလ ၂၉ ရက်နေ့ရက်စွဲနဲ့ စာထုတ်အသိပေးခဲ့ပါတယ်။
ဖာပွန်မြို့ခံ ဝန်ထမ်းများဖြစ်ပါက စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်ခြင်းကိုရှောင်ရှားကြရန်ကိုလည်း သတိပေးထားသလို အဆိုပါ အသိပေးအကြောင်းကြားချက်များနှင့်ပတ်သက်၍ လိုက်နာမှုမရှိဘဲ ဆက်လက်လုပ်ဆောင်ပါက ထိရောက်စွာ အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိတာတွေ့ရပါတယ်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် တစ်နှစ်ပြည့်ကာလအရောက်မှာတော့ ဖာပွန် ခရိုင်တွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားမှာ ၁၀ ရာခိုင်နှုန်းခန့်သာကျန်ရှိတော့ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၅)ဘက်က ပြောဆိုလိုက်တာပဲဖြစ်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံကျန်းမာရေး၊ ပညာရေး ယန္တရားများသည် လက်ရှိ ၎င်းတို့ ထိန်းချုပ်နိုင်ရာ မြို့ပေါ်ရပ်ကွက်များတွင်သာ ကျန်ရှိတော့ ကြောင်း KNU တပ်မဟာ (၅) ဗျူဟာမှူး ဗိုလ်မှူးကြီး စောထူးကရှောက ပြောခဲ့တာပါ။

“သူတို့ အုပ်ချုပ်ရေးက ပြောရမယ်ဆိုရင် ၁၀ ရာခိုင်နှုန်းလောက်ပဲ ကျန်ရှိတော့တယ်လို့ ပြောလို့ရတယ်။ ဖာပွန်မြို့ ပတ်ပတ်လည်နဲ့ ဖာပွန်-ကမမောင်း လမ်းပတ်ပတ်လည်မှာ သူတို့ ကျန်းမာရေး၊ ပညာရေး အများကြီး လာချပြီး လွှမ်းမိုးထားပေမဲ့ အခုက အကုန်လုံးပျက်ကုန်ပြီး။ အခု ပြောရမယ်ဆိုရင် ဖာပွန်၊ ကမမောင်းနဲ့ ကတိုင်တိ လမ်းတစ်လျှောက်လောက်မှာပဲ သူတို့ အုပ်ချုပ်ရေးက ၁၀ ရာခိုင်နှုန်း လောက်ပဲ ကျန်တယ်လို့ ပြောနိုင်ကြောင်း " ဗိုလ်မှူးကြီးစောထူးကရှောက ဒေသခံသတင်းဌာန တခုဖြစ်တဲ့ ကေအိုင်စီ ကိုပြောကြားခဲ့တာဖြစ်ပါတယ်။
ဖာပွန်ခရိုင်တွင်းက စစ်ကောင်စီ တပ်ဖွဲ့များမှာလည်း အထက်အောက် အမိန့်နာခံမှုများ ကျဆင်းလာနေပီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀၀ ထက်မနည်း KNU တပ်မဟာ (၅) ထံ လက်နက်ချ ဘက်ပြောင်းသွားကြောင်းလည်း KNU တပ်မဟာ (၅) ဘက်က ပြောပါတယ်။

“တပ်ပိုင်းမှာဆိုရင် သူတို့ စခန်းတော်တော်များကို စွန့်လိုက်ရပြီး။ ရှေ့တန်း ရောက်နေတဲ့ သူတို့ တပ်ဖွဲ့ဝင်တွေလည်း အမိန့်နာခံမှုမရှိတော့ဘူး။ တပ်ရင်းမှူးက ဗျူဟာမှူးရဲ့ အမိန့်နာခံမှု၊ ဗျူဟာမှူးက တပ်မမှူးရဲ့ အမိန့်နာခံမှု၊ တပ်မမှူးက တိုင်းမှူးရဲ့ အမိန့်နာခံမှု မရှိကြတော့ဘူး။ တစ်ဆင့်ပြီးတစ်ဆင့် လိမ်ကြတာကို တွေ့ရတယ်။ သူတို့လူ သေပြီး ထိခိုက်ပြီးဆိုတာကို မတင်ပြဘူး။ တစ်နေရာကို သွားရဖို့ ညွှန်ကြားရင်လည်း သွားပြီးလို့ ပြောပြီး မသွားတာလည်းရှိတယ်” လို့ ဗိုလ်မှူးကြီး စောထူးကရှောက ဆက်ပြောပြပါတယ်။

စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများအားလုံး (၁၀) ရက်အတွင်း ထွက်သွားဖို့ သတိပေးချက်တွင် လိုက်နာမှု ပျက်ကွက်သွားပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်လို့လည်း KNU ဘက်က သတိပေးထားပါတယ်။ သတိပေးချက်ထွက်ပေါ်ခဲ့ပီးနောက်မှာ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်း များကို စစ်ကောင်စီ ဗျူဟာမှူးမှ အစည်းအဝေးခေါ်ယူ၍ မြို့တွင်းမှ ထွက်ခွာ ရှောင်တိမ်းမှုများ မပြု လုပ်နိုင်ရန် ခေါ်ယူသတိပေးခဲ့ပါတယ်။ စစ်ကောင်စီဝန်ထမ်းများ မြို့တွင်းမှ ထွက်ခွာနိုင်မည့် လမ်းကြောင်းများအားလုံးကိုလည်း လုံခြုံရေး တင်းကြပ်ထားပါတယ်။

တပ်မဟာ ၅ တပ်မဟာ ၆ စတဲ့ ကေအန်ယူနယ်မြေများကို အကြမ်းဖက်စစ်အုပ်စုဘက်က နယ်မြေကျူးကျော်ဝင်ရောက်တိုက်ခိုက်တာရှိသလို ထောင်သောင်းများစွာသော စစ်ဘေးရှောင်ပြည်သူများလည်း ဒုက္ခဖြစ်နေရပါတယ်။ NCA ပါအချက်အလက်များကို စစ်ကောင်စီက ပြောင်ပြောင်တင်းတင်းချိုးဖောက်နေသလို ထိုးစစ်များဆင်နွှဲဖို့ သတင်းထုတ်ပြန်ချက်များကိုလည်း ခုခံတွန်းလှန်ဖို့အသင့်ရှိတယ်လို့ KNLA တပ်မဟာ ၅ ဘက်က ပြန်လည်တုံ့ပြန်ထားပါတယ်။
နိုင်ငံအဝှမ်းခုခံတွန်းလှန်စစ်များ အရှိန်မြင့်တက်လျက်ရှိပြီး အာဏာသိမ်းတပ်များ၏ ကျူးကျော်စစ်ကို kNLA နှင့် PDF ပူးပေါင်းတပ်များက ရင်ဆိုင်ဖို့အသင့်အနေအထား စစ်ရေးတင်းမာနေကြဆဲဖြစ်ပါတယ်။ စစ်ကောင်စီ၏ ယန္တရား ပျက်သုဉ်းသွားဖို့ကို KNU - KNLA ဘက်ကအလိုရှိနေတာဖြစ်ပီး စစ်ကောင်စီ လက်အောက်တွင်း တာဝန်မထမ်းဆောင် လိုသူများအတွက် အချိန်အခါကောင်းဖြစ်ကြောင်းလည်း KNU ကပြောပါတယ်။

စစ်ကောင်စီဘက်မှ ဖိအားပေးတင်းကြပ်မှုများကြောင့် ထွက်ခွာလိုပေမယ့် အခက်အခဲဖြစ်နေသူများအားလည်း KNU ဘက်မှ ဖြစ်နိုင်သည့် နည်းလမ်းများဖြင့် ကူညီပေးသွားရန် စီစဉ်ဆောင်ရွက်ထားကြောင်းလည်း KNUနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်များအရ သိရပါတယ်။







#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment