၂၀၂၂ မေလ ၂၅ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌ဆရာဝန်နဲ့ ဆေးကျောင်းသားများကို သတ်နေတဲ့အကြမ်းဖက်စစ်တပ်နဲ့ အလုပ်တွဲလုပ်သူများ ပြည်သူဆုံးဖြတ်သောနေ့ နောင်တမရကြရန် ဝန်ကြီး ဒေါက်တာဇော်ဝေစိုးသတိပေး
📌တိုင်းနှင့်ပြည်နယ် (၄) ခုမှ ပြည်သူတွေဟာ နေ့စဉ်ရက်ဆက် အစုလိုက် အပြုံလိုက်သတ်ဖြတ်ခြင်းခံနေရတယ်လို့ NUG လူ့အခွင့်ရေးရာဝန်ကြီးဌာန ထုတ်ပြန်
📌NUCC ကိစ္စ ၊ ဖက်ဒရယ်ရေးရာကိစ္စများအသာထား၍ ဘုံရန်သူကို အရင်တိုက်ရန် ရေဦးအမတ်ဆို
📌မြင်းခြံမြိုနယ်၊ မြိုသာစက်မှုဇုန်နှင့် ဆီမီးခုံရေနက်ဆိပ်ကမ်းအကြားတွင် မဟာမိတ်တပ်များမိုင်းခွဲရာရေတပ်ဗိုလ်အပါအဝင် စကစတပ်ဖွဲ့ဝင်လေးဦးသေ
📌ယင်းမာပင်မြို့နယ်ထဲက စစ်ဘေးရှောင်တွေဟာ တောထဲမှာ အမိုးအကာမရှိဘဲ မိုးရေထဲမှာဖြစ်သလိုအိပ်နေရတယ်လို့ ဒေသခံ PDF တွေက ပြော
📌ရေဦး၊ ခင်ဦးမြို့တွေနဲ့ ကျေးရွာတွေချိတ်ဆက်ထားတဲ့လမ်းကြောင်းတွေကို စစ်ကောင်စီက ပိတ်ဆို့စစ်ဆေးနေတာကြောင့် ဒေသခံကျေးရွာတွေဟာ ရိက္ခာလမ်းကြောင်းပြတ်တောက်ပြီး ပိတ်မိနေ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌ဆရာဝန်နဲ့ ဆေးကျောင်းသားများကို သတ်နေတဲ့အကြမ်းဖက်စစ်တပ်နဲ့ အလုပ်တွဲလုပ်သူများ ပြည်သူဆုံးဖြတ်သောနေ့ နောင်တမရကြရန် ဝန်ကြီး ဒေါက်တာဇော်ဝေစိုးသတိပေး
မေလနောက်ဆုံးပတ် ပြည်သူမှ ပြည်သူသို့ တွေ့ဆုံမေးမြန်းခန်းမှာ ပညာရေးနဲ့ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးကအခုလိုဆိုလိုက်ပါတယ်။
"ဆရာဝန်နဲ့ဆေးကျောင်းသားတွေကို သတ်နေတဲ့ သူတွေနဲ့ တွဲပြီး အလုပ်လုပ်နေတဲ့ ဆရာဝန်တွေ၊ သူတို့ဖွင့်တဲ့ကျောင်းမှာတက်နေတဲ့ ဆေးကျောင်းသားတွေ ဘာကြောင့် သူတို့နဲ့တွဲပြီးအလုပ်လုပ်နေသလဲ။ကျနော်မသိဘူး။ဒါပေမဲ့ အဲဒီလိုမျိုးတွဲပြီး အလုပ်လုပ်နေတဲ့ဆရာဝန်တွေ၊အဲဒီလိုမျိုး ကျောင်းတက်နေတဲ့ဆေးကျောင်းသားတွေကို ပြောချင်တာ ပြည်သူဆုံးဖြတ်တဲ့နေ့ကျရင် နောင်တမရကြပါနဲ့လို့ပြောချင်တယ်"လို့ဝန်ကြီးကဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက် အရပ်သား နှစ်ထောင်နီးပါး သတ်ဖြတ်ခံခဲ့ရပြီး တစ်သောင်းကျော်မှာ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရပါတယ်။
========================
📌📌တိုင်းနှင့်ပြည်နယ် (၄) ခုမှ ပြည်သူတွေဟာ နေ့စဉ်ရက်ဆက် အစုလိုက် အပြုံလိုက်သတ်ဖြတ်ခြင်းခံနေရတယ်လို့ NUG လူ့အခွင့်ရေးရာဝန်ကြီးဌာန ထုတ်ပြန်
စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ချင်းပြည်နယ် နဲ့ ကယားပြည်နယ်တို့က ပြည်သူတွေဟာ နေ့စဉ်ရက်ဆက် အစုလိုက် အပြုံလိုက်သတ်ဖြတ်ခြင်းခံနေရတယ်လို့ မေလ၂၅ ရက်နေ့မှာ NUG လူ့အခွင့်ရေးရာဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။
"မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်ကောင်စီ ကနေ့စဥ်ရက်ဆက် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း ဆိုတာကို နိုင်ငံတကာအနေနဲ့ ကြီးမားတဲ့ ရာဇဝတ်မှုအနေဖြင့်သတ်မှတ်ထားပြီး မကြာသေးမီကာလအတွင်းက မြန်မာနိုင်ငံရှိ အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်တွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများရဲ့ တရားခံများအဖြစ် သတ်မှတ်ထားပြီးဖြစ်ပါတယ်။ စစ်ကောင်စီက သတင်းစီးဆင်းမှုမရရှိအောင် ပြုလုပ်ထားတဲ့ နေရာဒေသတွေမှာလည်း ဒီ့ထက်ပိုတဲ့ ရာဇဝတ်မှုတွေ ပိုမိုကျူးလွန်၊ များပြားနိုင်ချေရှိပါတယ်"လို့ ဝန်ကြီးဌာနကဖော်ပြပါတယ်။
စစ်ကိုင်းတိုင်းနဲ့ကရင်နီဒေသအပါအဝင် ချင်းပြည်နယ်တို့မှာ စစ်ကောင်စီ ကျူးလွန်ခဲ့တဲ့အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွင် အပြစ်မဲ့ပြည်သူ အယောက် ၁၇၀ နီးပါး အသတ်ခံခဲ့ရတယ်လို့မေလ၂၄ ရက်နေ့ မှာ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်းကထုတ်ဖော်ပြောကြားထားပါတယ်။
========================
📌📌NUCC ကိစ္စ ၊ ဖက်ဒရယ်ရေးရာကိစ္စများအသာထား၍ ဘုံရန်သူကို အရင်တိုက်ရန် ရေဦးအမတ်ဆို
မေလ၂၅ ရက် လူမှုကွန်ရက်မှာ ရေဦးအမတ် ဦးမြင့်ထွေးကအခုလို ရေးသားပြောကြားခဲ့ပါတယ်။
"NUCC ကိစ္စ၊ ဖက်ဒရယ်ရေးရာကိစ္စ၊ လူမှုရေးကိစ္စ၊ ပါတီကိစ္စရပ်တွေ ခဏလေးအသာထားဦး။ NUG ဦးဆောင်မှုနဲ့ စည်းစည်းလုံးလုံး EAO/ ပကဖ/PDF/ ပြည်သူတို့ အတူပူးပေါင်းပြီး အဓိကနှင့်သာမည ရွေးချယ်ပြီး ဘုံရန်သူကိုသာ အရင်တိုက်။ တစ်ဖက်ကလည်း ညှိနှိုင်းဆွေးနွေးအဖြေရှာကြနေတယ်"လို့ ဦးမြင့်ထွေးကဆိုပါတယ်။
"ပွဲပြီးမှရှင်းရမယ့်ကိစ္စကို ပွဲပြီးမှရှင်း။ အခုချိန်ရှင်းရရင် အမှိုက်ရှုပ်တာပဲရှိမယ်။တိုက်ကြရင်ဖြင့် စစ်တပ်မျိုးဆက်လည်းပြုတ်သလို ဖက်ဒရယ်စနစ်ကို တပြိုင်တည်း တည်ထောင်နိုင်မယ်လေ"လို့ ရေဦးအမတ် ဦးမြင့်ထွေးကဆိုပါတယ်။
========================
📌📌မြင်းခြံမြိုနယ်၊ မြိုသာစက်မှုဇုန်နှင့် ဆီမီးခုံရေနက်ဆိပ်ကမ်းအကြားတွင် မဟာမိတ်တပ်များမိုင်းခွဲရာရေတပ်ဗိုလ်အပါအဝင် စကစတပ်ဖွဲ့ဝင်လေးဦးသေ
"မေလ ၂၃ ရက်နေ့ ညနေ ၅:၁၅ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြိုနယ်၊ မြိုသာစက်မှုဇုန်နှင့် ဆီမီးခုံ ရေနက်ဆိပ်ကမ်းအကြားတွင် အသွားအပြန်လုပ်နေသော စစ်ခွေးများ မောင်းနှင် လာသည့် အနီရောင် Honda Fit ကားပေါ်တွင် ပါလာသော စစ်ခွေး ၅ ဦးအား အပြန်လမ်းခရီးတွင် မိုင်းစစ်ဆင်ရေးအားပြုလုပ်ခဲ့ပါတယ်"လို့ပြည်သူ့လုံခြုံရေးနဲ့ကာကွယ်ရေးတပ်ဖွဲ့ CDSOM ကဆိုပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ရေတပ်စစ်ဗိုလ်အပါအဝင်စကစတပ်ဖွဲ့ဝင်လေးဦးသေ၊တစ်ဦးပြင်းထန်ဒဏ်ရာရကာ ကားမှာလုံးလုံးပျက်စီးသွားခဲ့တယ်လို့သိရပါတယ်။
မိုင်းစစ်ဆင်ရေးတွင် မြောင်မြိုနယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ - CDSOM၊ နောင်ရိုးအထူးပြောက်ကျားတပ် (မြင်းခြံခရိုင် တပ်ရင်း ၆၊ တပ်ခွဲ၁)၊ အမျိုးသမီးစစ်သည်တော်တပ်ရင်း (မြောင်) – M2W စသော မဟာမိတ်အဖွဲများမှ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အခုတင်ပြပေးခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
========================
အခု ဆက်လက်ပြီးသတင်းနှင့်အတူ လူထုစကားသံ အစီအစဉ်ကဏ္ဍကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
📌📌ယင်းမာပင်မြို့နယ်ထဲက စစ်ဘေးရှောင်တွေဟာ တောထဲမှာ အမိုးအကာမရှိဘဲ မိုးရေထဲမှာဖြစ်သလိုအိပ်နေရတယ်လို့ ဒေသခံ PDF တွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက အောင်ချမ်းသာ၊ ကံသာ၊ လက်ပံတော၊ မိုးကောင်းကျေးရွာတွေက ထောင်နဲ့ချီတဲ့ပြည်သူတွေဟာ စစ်ကောင်စီရဲ့အကြမ်းဖက်မှုကြောင့် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတာပါ။ အခုရက်ပိုင်းအတွင်းမိုးအဆက်မပြတ်ရွာသွန်းနေတဲ့အတွက် စစ်ဘေးရှောင်တွေဟာ မိုးရေထဲမှာ ဖြစ်သလိုအိပ်နေရတယ်လို့ ယင်းမာပင်ဒေသခံ ဘာမရှောင် PDF အဖွဲ့က ပြောပါတယ်။
ဘာမရှောင် PDF (ယင်းမာပင်)
မေလ ၂၄ ရက်နေ့ မနက်အစောပိုင်းကနေ မွန်းလွဲ ၁ နာရီဝန်းကျင်အထိ စစ်ကိုင်းတိုင်းထဲက မြို့နယ်တော်တော်များများမှာ ဖုန်းနဲ့အင်တာနက်လိုင်းအား လုံးကိုစစ်ကောင်စီက ဖြတ်တောက်ခဲ့ပါတယ်။ စစ်ဘေးသင့်ပြည်သူတွေဟာ စားဝတ်နေရေးခက်ခဲနေတဲ့အပြင် ဆက်သွယ်ရေးလမ်းကြောင်းတွေဖြတ်တောက်ခံရပြီး သတင်းအမှောင်ကျခဲ့တာကြောင့် စိုးရိမ်ကြောက်လန့်ခံရတယ်လိုခင်ဦးအနောက်ခြမ်းမှဒေသခံတစ်ဦးက ဆိုပါတယ်။
ခင်ဦးအနောက်ခြမ်းဒေသခံတစ်ဦး
စစ်ကောင်စီက စစ်ကိုင်းတိုင်းထဲက ချောင်းဦး၊ ဆားလင်းကြီး၊ မြောင်တို့အပါအဝင် မြို့နယ်ပေါင်း ၂၀ ကျော်မှာ မတ်လ ၃ရက်နေ့ ည ၁၁ နာရီကစပြီး အင်တာနက်ဖြတ်တောက်ခဲ့ပါသေးတယ်။ အဲ့ဒီထက်အရင် ကနီ၊ ဘုတလင်၊ ယင်းမာပင် စတဲ့ အင်တာနက်ဖြတ်တောက်ခံရတဲ့ မြို့တွေနဲ့ပါဆို စုစုပေါင်း စစ်ကိုင်းတိုင်းမှာ မြို့နယ်ပေါင်း ၃၀ ကျော်မှာ အင်တာနက် အဖြတ်ခံခဲ့ရဖူးပါတယ်။ အခုတစ်ကြိမ်မှာတော့ အင်တာနက်သာမက ကြိုးဖုန်းအပါအဝင် တယ်လီဖုန်းလိုင်းအားလုံးဖြတ်တောက်ခံခဲ့ရတာဖြစ်ပါတယ်။ ဒီသတင်းကိုတော့ နွေဦးKက ပေးပို့ထားတာဖြစ်ပါတယ်။
========================
📌📌ရေဦး၊ ခင်ဦးမြို့တွေနဲ့ ကျေးရွာတွေချိတ်ဆက်ထားတဲ့လမ်းကြောင်းတွေကို စစ်ကောင်စီက ပိတ်ဆို့စစ်ဆေးနေတာကြောင့် ဒေသခံကျေးရွာတွေဟာ ရိက္ခာလမ်းကြောင်းပြတ်တောက်ပြီး ပိတ်မိနေကြပါတယ်။
စစ်ကိုင်းတိုင်းအတွင်း ရွာတွေကိုမီးရှို့ နေတာကြောင့် ခင်ဦးမြို့၊ ရေဦးမြို့နဲ့ ဒေသတွင်းကျေးရွာတွေချိတ်ဆက်ထားတဲ့ လမ်းကြောင်းတွေကို စစ်ကောင်စီက ပိတ်ဆို့စစ်ဆေးပြီး ရိက္ခာလမ်းကြောင်းတွေကို ဖြတ်တောက်ထားပါတယ်။ပြည်သူတွေဟာ ဒေသတွင်းကနေအပြင်ထွက်မရဘဲပိတ်မိနေကြတယ်လို့ခင်ဦးမြို့နယ်၊ အင်းပတ်ရွာသူတစ်ဦးကပြောပါတယ်။
ခင်ဦးမြို့နယ်၊ အင်းပတ်ရွာသူတစ်ဦး
မေလအတွင်းမှာ ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ မီးဘေး၊ စစ်ဘေးသင့်နေကြပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဆီက အထောက်အပံ့တချို့ကိုလက်ခံရရှိခဲ့ပေမယ့် ဒေသတွင်း စစ်ဘေးသင့်ပြည်သူအရေအတွက် တနေ့တခြားများလာတာကြောင့် လုံလောက်မှုမရှိသေးဘူးလို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။
ခင်ဦးသတင်းမှန်ပြန်ကြားရေးအဖွဲ့(KSO)
စစ်ကောင်စီပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဧပြီလကုန်ပိုင်းသတင်းစာရှင်းလင်းပွဲမှာ စစ်ကိုင်းတိုင်းကို တင်းတင်းကြပ်ကြပ်ကိုင်တွယ်သွားမယ်လို့ ပြောဆိုခဲ့ပြီး လက်တွေ့မြေပြင်မှာ အကြမ်းဖက်မှုတွေကို တိုးမြှင့်လုပ်ဆောင်လာတာဖြစ်ပါတယ်။ ဒီသတင်းကိုတော့ နွေဦးKကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment