25th MAY 2022 - Morning Daily News by Radio NUG

၂၀၂၂ မေလ ၂၅ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စကစခန့် တရားသူကြီးက အဂတိမှု လေးမှုနဲ့ စွဲချက်တင်အမိန့်ချ

📌နိုင်ငံရေးအရ အင်မတန် အကဲဆတ်ပြီး အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေးအတွက် အလွန်နီးစပ်နေတဲ့ကာလမှာ ပြည်သူများအကြား၊ ခေါင်းဆောင်များအကြား သတိကြီးစွာ စည်းလုံးညီညွတ်သွားကြဖို့လိုအပ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

📌ဖက်ဒရယ် ဒီမိုကရေစီချာတာအတိုင်း အကောင်အထည်ဖော်ပါက မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး သေချာပေါက်ရမယ်လို့ ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီး  အာမခံပြောကြား

📌မြန်မာနိုင်ငံတွင် နိုင်ငံရေးအရဖမ်းဆီးထိန်းသိမ်းထားသူများအားလုံး ပြန်လွှတ်ပေးဖို့ Quad အင်အားကြီး လေးနိုင်ငံခေါင်းဆောင်များ တောင်းဆို

📌ယင်းမာပင်မြို့နယ် ချင်းပုန်းရွာတွင် PDF သင်တန်းဆင်းပွဲတွင် စကစတပ်များကြောင့် ကျဆုံးသူများကို အမျိုးသားညီညွတ်ရေးအစိုးရက ငွေကျပ် ဆယ်သိန်းစီ ထောက်ပံ့ကူညီ

📌အကြမ်းဖက် စစ်တပ်ထုတ်ပြန်သလို ဒီပဲယင်း ရဲဘော်များ ကျဆုံးခြင်းဟု ဆိုခြင်းမှာ သတင်းအမှားသာ ဖြစ်တယ်လို့ ဒီပဲယင်း PDF ထုတ်ပြန်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စကစခန့် တရားသူကြီးက အဂတိမှု လေးမှုနဲ့ စွဲချက်တင်အမိန့်ချ


မေလ၂၄ ရက်နေ့ နေပြည်တော်အထူးရားရုံးမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စကစခန့် တရားသူကြီးက အဂတိမှု လေးမှုနဲ့ စွဲချက်တင်အမိန့်ချလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။

အဆိုပါအမှုများကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုထားတာဖြစ်ပြီး ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် နေပြည်တော်နှင့် ရန်ကုန်တွင် မြေငှားရမ်းမှု၊ ဖောင်ဒေးရှင်း လှူဒါန်းငွေဖြင့် ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရန် အဆောက်အအုံ ဆောက်လုပ်ခြင်းနှင့် ပတ်သတ်သော အမှုများ တို့ဖြစ်ကြပါတယ်။

အမှုများကို မေလ ၃၁ ရက်နေ့ ပြန်လည်ချိန်းဆိုထားပြီး ရုံးချိန်းသို့ တက်ရောက်လာသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်နဲ့ တက်ရောက်လာတဲ့သူများ ကျန်းမာရေးကောင်းမွန်ကြောင်း သိရပါတယ်။


=======================


📌📌နိုင်ငံရေးအရ အင်မတန် အကဲဆတ်ပြီး အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေးအတွက် အလွန်နီးစပ်နေတဲ့ကာလမှာ ပြည်သူများအကြား၊ ခေါင်းဆောင်များအကြား သတိကြီးစွာ စည်းလုံးညီညွတ်သွားကြဖို့လိုအပ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


မေလ၂၄ ရက် ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (၅၅) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ နိုင်ငံရေးအရ အင်မတန် အကဲဆတ်ပြီး အနာဂတ် ဖက်ဒရယ် ပြည်ထောင်စုတည်ထောင်ရေးအတွက် အလွန်နီးစပ်နေတဲ့ကာလမှာ ပြည်သူများအကြား၊ ခေါင်းဆောင်များအကြား သတိကြီးစွာ စည်းလုံးညီညွတ်သွားကြဖို့လိုအပ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားလိုက်ပါတယ်။

"ပြည်သူတစ်ရပ်လုံးက အားလျော့သွားခြင်းမရှိဘဲ ကြိုးစားတွန်းလှန်နေကြသလို တော်လှန်ရေးမှာ တာဝန်ကိုယ်စီ ယူထားကြတဲ့ ကျွန်တော်တို့ တာဝန်ရှိသူတွေကလည်း ကဏ္ဍစုံကနေ မလစ်ဟင်းရအောင် ကြိုးစားဆောင်ရွက်နေကြကြောင်း ပြောကြားလိုပါတယ်။ နိုင်ငံရေးအရ အင်မတန် အကဲဆတ်ပြီး အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေးအတွက် အလွန်နီးစပ်နေတဲ့ကာလမှာ ပြည်သူများအကြား၊ ခေါင်းဆောင်များအကြား သတိကြီးစွာ စည်းလုံးညီညွတ်သွားကြဖို့လိုပါတယ်" လို့ ဆိုပါတယ်။

အစည်းအဝေးကို ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းအပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

"ဒါကြောင့် ပြည်သူ့ဆန္ဒနဲ့ မသွေဖယ်ဘဲ၊  စစ်အာဏာရှင်တို့နဲ့မပူးပေါင်းဘဲ တော်လှန်ရေးကို နိုင်ရာကဏ္ဍဘက်က ပါဝင်ဆောင်ရွက်နေကြတဲ့ ပါတီအသီးသီး၊ အစုအဖွဲ့အသီးသီးတို့ရဲ့ နိုင်ငံရေး၊ တော်လှန်ရေးရပ်တည်ချက်များကို တစ်ခါတရံ ရှုမြင်သုံးသပ်ပုံများ မတူညီကြဘူးဆိုရင်တောင် အပြန်အလှန် လေးစားကြ ရမှာ ဖြစ်ပါတယ်" လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ထပ်မံဆိုပါတယ်။

ဆက်လက်ပြီး "NUCC ဆိုရင်လည်း သက်ဆိုင်ရာကဏ္ဍအလိုက် JCC များ ဖွဲ့စည်းကာ စီမံဆောင်ရွက်နေသလို CRPH အနေနဲ့လည်း နိုင်ငံတကာ အဖွဲ့အစည်းများနဲ့ တွေ့ဆုံဆွေးနွေးပြီးတော်လှန်ရေးကို အထောက်အပံ့ ဖြစ်စေနိုင်ဖို့ ကြိုးစားစီမံနေတာတွေ၊ တော်လှန်ရေးကာလအတွင်း အသုံးပြုရမယ့် ဥပဒေတွေ၊ မူဝါဒတွေကို NUCC NUG တို့နဲ့ ပူးပေါင်းပြီး စီမံနေတာတွေ အားလုံးသိရှိပြီးသားဖြစ်မှာပါ" လို့ ဝန်ကြီးချုပ်က ဆိုခဲ့ပါတယ်။

ဒါ့အပြင် ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ ကြားကာလအုပ်ချုပ်ရေးကိစ္စတွေကို အထူးအလေးပေး ကြပ်မတ်လုပ်ဆောင်ဖို့ တိုက်တွန်းထားသလို စိုးမိုးထိန်းချုပ် နယ်မြေတွေမှာ ကောင်းမွန်စွာ စီမံအုပ်ချုပ်နိုင်ရေးအတွက် အားစိုက်လုပ်စေချင်တယ်လို့ ဝန်ကြီးချုပ်က အလေးပေး ပြောကြားခဲ့ပါတယ်။


========================


📌📌ဖက်ဒရယ် ဒီမိုကရေစီချာတာအတိုင်း အကောင်အထည်ဖော်ပါက မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး သေချာပေါက်ရမယ်လို့ ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီး  အာမခံပြောကြား


ဖက်ဒရယ် ဒီမိုကရေစီချာတာအတိုင်းအကောင်အထည်ဖော်ပါက မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး သေချာပေါက်ရမယ်လို့ မေလနောက်ဆုံးပတ်အတွင်း ပြည်သူမှ ပြည်သူသို့ မေးမြန်းခြင်း အစီအစဥ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးနဲ့ ကျန်းမာရေး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အာမခံပြောကြားလိုက်ပါတယ်။

"NUCC ထဲမှာလည်း ဖက်ဒရယ်ဒီမိုကရေစီချာတာဆိုတာ ပြောထားပြီးသား။ အဲဒီချာတာထဲမှာ အပိုင်းတစ်၊ အပိုင်းနှစ်ပါထားပြီးသား။ အဲဒီချာတာထဲကအတိုင်း ဖက်ဒရယ် ဒီမိုကရေစီကို အကောင်အထည်ဖော်မယ်ဆိုရင် ကျနော်တို့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးက သေချာပေါက်ရမှာပါ" လို့ ဝန်ကြီးက ဆိုပါတယ်။

လက်ရှိမှာ စကစရဲ့ ငြိမ်းချမ်းရေးဆွေနွေးပွဲအား KIO KNPP KNU CNF ABSDF စတဲ့ တိုင်းရင်းသား တော်လှန်ရေးအင်အားစုများ တက်ရောက်ခြင်းမရှိဘူးလို့ သိရပါတယ်။

ဆက်လက်ပြီး "အခုလည်း ကြေညာချက်တွေ ထွက်နေတယ်။ နိုင်ငံတကာက လေ့လာပြီး ထွက်တဲ့ ကြေညာချက်ပါ။ ကမ္ဘာပေါ်မှာ မီးအရှို့ဆုံး စစ်တပ်ဖြစ်သွားပြီ။ လူတွေနေဖို့ အိမ်ခြေတွေကို မီးအရှို့ဆုံးစစ်တပ်တဲ့။ ကမ္ဘာက ပြောသွားပြီးပြီ။ အဲဒီတော့ ဒါကို ကမ္ဘာကလည်း လက်ခံမှာမဟုတ်ပါဘူး။ လူသားတွေကလည်း လက်ခံမှာ မဟုတ်ပါဘူး" လို့ ဝန်ကြီးက ဆိုပါတယ်။

၂၀၂၂ ခုနှစ်၊ မေလ ၁၅ ရက်နေ့မှ ၂၁ ရက်နေ့အထိ ရက်သတ္တပါတ်အတွင်း စစ်ကောင်စီတပ်မှ စစ်ကိုင်းတိုင်းတွင် မီးရှို့ဖျက်ဆီးမှု (၅၄) မှု ရှိခဲ့ပါတယ်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးခဲ့တဲ့ မြို့နယ်များမှာ ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးကျေးရွာ၊ ခင်ဦးမြို့နယ် ရွှေယမင်းကျေးရွာ၊ကလေးမြို့နယ် လည်ခြားကျေးရွာ၊ ကန့်ဘလူမြို့နယ် ပုဏ္ဏားကြီးကျေးရွာ စတဲ့ နေရာများ ပါဝင်ပါတယ်။

မီးရှို့သတ်ဖြတ်မှု () မှု တွင် ရေဦးမြို့နယ် မုန်တိုင်ပင်ကျေးရွာ၊ ခင်ဦးမြို့နယ် အင်းပတ်ကျေးရွာ၊ သိမ်တော်ကျေးရွာ၊ ယင်းမာပင်မြို့နယ် ကျောက်ပြုတ်ကျေးရွာတို့ ပါဝင်ပါတယ်။


========================


📌📌မြန်မာနိုင်ငံတွင် နိုင်ငံရေးအရဖမ်းဆီးထိန်းသိမ်းထားသူများအားလုံး ပြန်လွှတ်ပေးဖို့ Quad အင်အားကြီး လေးနိုင်ငံခေါင်းဆောင်များ တောင်းဆို


မြန်မာနိုင်ငံတွင် နိုင်ငံရေးအရဖမ်းဆီးထိန်းသိမ်းထားသူများအားလုံး ပြန်လွှတ်ပေးဖို့ မေလ၂၄ရက်နေ့မှာ  ဂျပန်၊ အမေရိကန်၊ အိန္ဒိယနဲ့ ဩစတြေးလျ Quad လေးပွင့်ဆိုင် ခေါင်းဆောင်များက ပူးတွဲကြေညာခဲ့ပါတယ်။

စိုးရိမ်ဖွယ်ရာ လူသားချင်းစာနာမှုဆိုင်ရာ ဆင်းရဲဒုက္ခများ ဖြစ်ပေါ်စေခဲ့ပြီး ဒေသတွင်း တည်ငြိမ်မှုဆိုင်ရာ စိန်ခေါ်မှုများကိုလည်း ဖြစ်ပွားစေသည့် မြန်မာနိုင်ငံ၏ အကြပ်အတည်းနှင့် ပတ်သက်ပြီး မိမိတို့ အလွန်အမင်း စိုးရိမ်ကြောင်း ကြေညာချက်တွင် ဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံတွင်အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရေး၊ နိုင်ငံခြားသားများအပါအဝင် နိုင်ငံရေးအရ ဖမ်းဆီးထိန်းသိမ်းထားသူများအားလုံး ပြန်လွှတ်ပေးရေး၊ အပြုသဘောဆောင်သည့် အပြန်အလှန်ဆွေးနွေးမှုများဖြင့် ထိတွေ့ဆက်ဆံမှုပြုလုပ်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ရောက်ရှိရေးနှင့် ဒီမိုကရေစီ မြန်မြန်ဆန်ဆန် ပြန်လည်ဖော်ဆောင်ရေးတို့အတွက် မိမိတို့ ဆက်လက် တောင်းဆိုကြောင်းလည်း ကြေညာချက်က ဖော်ပြပါတယ်။

မြန်မာနိုင်ငံအတွက် အဖြေတစ်ခုကို ဦးဆောင်ရှာဖွေလျက်ရှိသော အာဆီယံအဖွဲ့အစည်း၏ ကြိုးပမ်းအားထုတ်မှုနှင့် အာဆီယံဥက္ကဌ၏ အထူးကိုယ်စားလှယ်၏ အခန်းကဏ္ဍကိုလည်း မိမိတို့ ဆက်လက် အားပေးထောက်ခံကာ အာဆီယံ ဘုံသဘောတူညီချက် ရပ်ကို မြန်မြန်ဆန်ဆန် အကောင်အထည် ဖော်ဆောင်ရန်ကိုလည်း ဆက်လက်တောင်းဆိုကြောင်း လေးပွင့်ဆိုင်ခေါင်းဆောင်များက ပူးတွဲကြေညာခဲ့ကြပါတယ်။


========================


📌📌ယင်းမာပင်မြို့နယ် ချင်းပုန်းရွာတွင် PDF သင်တန်းဆင်းပွဲတွင် စကစတပ်များကြောင့် ကျဆုံးသူများကို အမျိုးသားညီညွတ်ရေးအစိုးရက ငွေကျပ် ဆယ်သိန်းစီ ထောက်ပံ့ကူညီ


ဖေဖော်ဝါရီလ ၂၆ ရက်၊ နံနက်ပိုင်း ချင်းပုန်းရွာတွင် PDF သင်တန်းဆင်းပွဲ ကျင်းပခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ လေကြောင်းပစ်ကူဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် သုံးဦး၊ အရပ်သား ခြောက်ဦး သေဆုံးခဲ့ပါတယ်။

အဆိုပါ ကျဆုံးရဲဘော်နဲ့ အရပ်သားပြည်သူများအား တစ်ဦးလျှင် ငွေကျပ်ဆယ်သိန်းနဲ့ ဗိုလ်ဂဠုန် တပ်ရင်းမှတဆင့်ပေးအပ်ခဲ့ပါတယ်။

အမျိုးသား ညီညွတ်ရေးအစိုးရအနေနဲ့ ကျဆုံးရဲဘော်နဲ့ အရပ်သားများကို ထောက်ပံကူညီမှု သာမကဘဲ စကစတပ်များကြောင့် ကိုယ်လက်အဂါဆုံးရှုံးသူများကိုလည်း ကူညီထောက်ပံမှုများ ပေးအပ်လျက်ရှိပါတယ်။


========================


📌📌အကြမ်းဖက် စစ်တပ်ထုတ်ပြန်သလို ဒီပဲယင်း ရဲဘော်များ ကျဆုံးခြင်းဟု ဆိုခြင်းမှာ သတင်းအမှားသာ ဖြစ်တယ်လို့ ဒီပဲယင်း PDF ထုတ်ပြန်


အကြမ်းဖက် စစ်တပ်ထုတ်ပြန်သလို ဒီပဲယင်း ရဲဘော်များ ကျဆုံးခြင်းဟု ဆိုခြင်းမှာ သတင်းအမှားသာ ဖြစ်တယ်လို့ ဒီပဲယင်း PDF ထုတ်ပြန်ပါတယ်။ မေလ၂၄ ရက်မှာ စစ်ရေးအခြေအနေကို ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုခဲ့ပါတယ်။

"ဒီရက်ပိုင်းမှာ စကစတပ်တွေဟာ ကျနော်တို့ မြို့နယ်အတွင်းကို စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတဲ့အတွက် ကျနော်တို့ တပ်ရင်းဟာ နားရက်တရက်ကလေးတောင်မရှိ တိုက်ပွဲဝင်နေရပါတယ်။ ကျနော်တို့ နောက်မဆုတ်တမ်း ဆက်လက်တိုက်ပွဲဝင်နေပါတယ်။ ဒီတိုက်ပွဲတွေအတွင်းမှာ စကစတပ်တွေရဲ့ အကျအဆုံးတွေ မနည်းသလို ကျနော်တို့တပ်ရင်းက ရဲဘော်အမျိုးသမီးတစ်ဦး အပါအဝင် စုစုပေါင်း ရဲဘော် () ဦး အသက်အန္တရာယ် မစိုးရိမ်ရတဲ့ ထိခိုက် ဒဏ်ရာ ရရှိထားပါတယ်။ စကစတပ်တွေရဲ့ Telegram group တွေမှာ ဖြန့်နေတဲ့ ဒီပဲယင်းက ရဲဘော် () ဦး ကျဆုံးတယ် ဆိုတဲ့ သတင်းနဲ့ ဓာတ်ပုံတွေက အမှားတွေ ဖြစ်ပါတယ်" လို့ ဆိုပါတယ်။ 

ကာကွယ်ရေး ရဲဘော်ကျဆုံးမှုမှာ ယခင် သတင်းထုတ်ပြန်ထားတဲ့ ကျေးရွာ ကာကွယ်ရေးအဖွဲ့ဝင် တစ်ဦးမှအပ အခြားအကျအဆုံးမရှိဘူးလို့ ဒီပဲယင်း PDF က ဆိုပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment