၂၀၂၂ ဇူလိုင် ၁ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ လက်ရှိ စိုးမိုးထိန်းချုပ်နယ်မြေများအပြင် ထပ်မံ၍ စိုးမိုးထိန်းချုပ်နယ်မြေများ ရရှိရေး ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းအစိုးရအဖွဲ့ကိုမှာကြား
📌 ၂။ ပြည်ထဲရေးဝန်ကြီးအမိန့်နဲ့ရဲချုပ်ရုံးအပါအဝင် ရဲတပ်ဖွဲ့နဲ့ရဲစခန်းများဖွဲ့စည်း
📌 ၃။ ဥရောပခရီးစဉ် နှင့် စပ်လျဉ်း၍ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးရှင်းလင်း
📌 ၄။ PDF သင်တန်းသားပေါင်း ရှစ်ထောင်ကျော်ကို ရှေးဦးသူနာပြုသင်တန်းများ သင်ပေးပြီးဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆို
📌 ၅။ Ayeyarwaddy Federal School ကျောင်းဖွင့်ပွဲ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပညာရေးဝန်ကြီးအပါအဝင်လူနှစ်ထောင်နီးပါးတက်ရောက်
📌 ၆။ MG6 ပြောက်ကျားတပ် (မြင်းခြံခရိုင်အမှတ် ၅ တပ်ရင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်) မှ အထူးကွန်မန်ဒို (၁၀) ဦးအား ရက်ပေါင်း (၉၀) လေ့ကျင့်သင်ကြားမှုအောင်မြင်
📌 ၇။ ဥကရစ်ထကို သိမ်းနိုင်ဖို့ တိုက်ပွဲဝင်နေတဲ့ သူရဲကောင်းတွေအတွက်ဘတ်တစ်သန်းပေးပို့မယ်လို့ Clike2donate ကြေညာ
📌 ၈။ ပုဒ်မ ၅၀၅-က နဲ့မန္တလေးတိုင်း NLD ပါတီဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြ ကိုထောင် သုံးနှစ်မတရားချမှတ်
📌 ၉။ လွိုင်ကော်-လောပိတ လမ်းမကြီးပေါ်တွင် စစ်ကောင်စီ၏ တပ်ရိက္ခာ သယ်ပို့သော ယာဥ်တစ်စီးနှင့် KNDF တပ်ရင်း အမှတ် (၁၀) ထိတွေ့တိုက်ပွဲဖြစ်ကာ စကစတပ်ကလေးဦးကိုပစ်ခတ်ရှင်းလင်း
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ လက်ရှိ စိုးမိုးထိန်းချုပ်နယ်မြေများအပြင် ထပ်မံ၍ စိုးမိုးထိန်းချုပ်နယ်မြေများ ရရှိရေး ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းအစိုးရအဖွဲ့ကိုမှာကြား
လက်ရှိ စိုးမိုးထိန်းချုပ်နယ်မြေများအပြင် ထပ်မံ၍ စိုးမိုးထိန်းချုပ်နယ်မြေများ ရရှိရေး ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းအစိုးရအဖွဲ့ကိုမှာကြားလိုက်ပါတယ်။ ဇွန်လ ၃၀ ရက်ကျင်းပတဲ့ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေးမှာဝန်ကြီးချုပ်က ထည့်သွင်းပြောကြားခဲ့တာပါ။
ယနေ့အချိန်တွင် တော်လှန်ရေးအရှိန်မှာ ပိုမိုအားကောင်းလာသည့်အတွက် စစ်ကောင်စီအဖို့ စစ်ရေး၊အုပ်ချုပ်ရေး၊သံတမန်ရေးကိစ္စရပ်များတွင် ကျဆုံးမှုများစွာတွေ့ကြုံလျက်ရှိပါကြောင်း၊ မွန်ပြည်နယ်ကြားကာလပူးပေါင်းဆောင်ရွက်ရေးကော်မတီ (MSICC)နှင့် တွေ့ဆုံဆွေးနွေးသကဲ့သို့ မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီ(MSCC)နှင့်လည်း တွေ့ဆုံဆွေးနွေးရေးအတွက် လိုအပ်သည်များ ဝိုင်းဝန်းအကြံပြုပြောကြားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ထိတွေ့ဆက်ဆံရသမျှ မဟာမိတ်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးကြရမည်ဖြစ်ပါကြောင်း၊ လက်ရှိ စိုးမိုးထိန်းချုပ်နယ်မြေများအပြင် ထပ်မံ၍ စိုးမိုးထိန်းချုပ်နယ်မြေများ ရရှိစေရေးအတွက်ပါ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ဝန်ကြီးချုပ်ကပြောပါတယ်။
တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၁၇/၂၀၂၂) တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်များ၊ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး ကျန်ရှိနေသည့် ပြည်နယ်အတိုင်ပင်ခံကောင်စီများနှင့်တွေ့ဆုံဆွေးနွေးနိုင်ရေးကိစ္စရပ်များ၊ တွေ့ဆုံပြီးဖြစ်ကြသော အတိုင်ပင်ခံကောင်စီများနှင့် ဌာနအလိုက် ဆက်သွယ်ရေးလမ်းကြောင်းများထားရှိပြီး သက်ဆိုင်ရာ ပြည်နယ်များ၏ကိစ္စရပ်များတွင် လက်တွဲကူညီပံ့ပိုးဆောင်ရွက်ရေးကိစ္စရပ်များနှင့်ပတ်သက်ပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့်ဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးသို့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့်အတူ ဗဟိုကော်မတီ ဒုတိယဥက္ကဌ (၁)၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်အပါအဝင် ဗဟိုကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါတယ်။
========================
📌📌 ၂။ ပြည်ထဲရေးဝန်ကြီးအမိန့်နဲ့ရဲချုပ်ရုံးအပါအဝင် ရဲတပ်ဖွဲ့နဲ့ရဲစခန်းများဖွဲ့စည်း
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးဝန်ကြီးအမိန့်နဲ့ရဲချုပ်ရုံးအပါအဝင် ရဲတပ်ဖွဲ့နဲ့ရဲစခန်းများဖွဲ့စည်းလိုက်ပါတယ်။ ဇွန်လ ၃၀ ရက်မှာ ပြည်သူ့ရဲတပ်ဖွဲ့၊ ရုံး/ဌာနများဖွဲ့စည်းခြင်းအမိန့်ကြေညာစာအမှတ် (၀၅/၂၀၂၂) ကိုထုတ်ပြန်ခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့တွင် “ပြည်သူ့ရဲတပ်ဖွဲ့ ဥပဒေ” နှင့်အညီ အောက်ပါရုံး/ဌာနများ အားဖွဲ့စည်းခွင့် ပြုလိုက်သည်လို့ဖော်ပြပါရှိပါတယ်။
ဖွဲ့စည်းခွင့်ပြုလိုက်သော ဌာနများမှာ-
(၁) ရဲချုပ်ရုံး
(၂) ဒုတိယရဲချုပ်ရုံး
(၃) ရဲဦးစီးချုပ်ရုံး
(၄) ရဲရေးချုပ်ရုံး
(၅) ရဲထောက်ချုပ်ရုံး
(၆) ရဲလေ့ကျင့်ရေးဌာနကြီး
(၇) မှုခင်းတပ်ဖွဲ့
(၈) လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေး ဌာနကြီး
(၉) သတင်းတပ်ဖွဲ့
(၁၀) နိုင်ငံတကာဆက်ဆံရေးဌာနကြီး
(၁၁) မြို့နယ်ရဲတပ်ဖွဲ့များ/မြို့နယ်ရဲစခန်းများတို့ဖြစ်ပါတယ်။
အဆိုပါအမိန့်ကို ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလွင်ကိုလတ်ကထုတ်ပြန်ခဲ့ပါတယ်။
========================
📌📌 ၃။ ဥရောပခရီးစဉ် နှင့် စပ်လျဉ်း၍ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးရှင်းလင်း
ဇွန်လ ၃၀ ရက် ဥရောပခရီးစဉ် နှင့် စပ်လျဉ်း၍ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးရှင်းလင်းခဲ့ပါတယ်။ ဇွန်လ ၂၉ ရက်နေ့၊ ည ၀၈၀၀ နာရီအချိန်တွင် ဥရောပခရီးစဉ် သွားရောက်ခဲ့သည့် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးမှ ဥရောပခရီးစဉ်နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါတယ်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ရှင်းလင်းတင်ပြရာတွင် “၃၁-၅-၂၀၂၂ ရက်နေ့မှ ၁-၆-၂၀၂၂ ရက်နေ့အထိ သွားရောက်ခဲ့သည့် ဥရောပခရီးစဉ်အတွင်း ဥပရောပသမဂ္ဂကောင်စီ၊ ဥရောပပါလီမန်၊ ဥပရောပကော်မရှင်တို့အပါအဝင် EU မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့မှုအခြေအနေများကိုပြောပြခဲ့ပါတယ်။
ဒါ့အပြင်တရားဝင် ရွေးကောက်ခံအဖွဲ့အစည်းများဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့နှင့် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်သွားရေး ဆွေးနွေးသဘောတူညီခဲ့သော အချက်များ၊ အနာဂတ် ပူးပေါင်းဆောင်ရွက်မှုတို့အတွက် NUG နှင့် CRPH တို့မှ ကြိုတင်ပြင်ဆင်ထားရန် အချက်များ၊ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆက်လက်ညှိနှိုင်းသွားရန် အချက်များ” ကို ဝန်ကြီးကရှင်းလင်းခဲ့ပါတယ်။
ထို့နောက် နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်းက ဥရောပပါလီမန်နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီတို့အကြား ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ ကို ပြန်လည် ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသည့် ကော်မတီဝင်များက ခရီးစဉ်ဆိုင်ရာ ဆက်လက်ဆောင်ရွက်ရန်တို့အပေါ် အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။
========================
📌📌 ၄။ PDF သင်တန်းသားပေါင်း ရှစ်ထောင်ကျော်ကို ရှေးဦးသူနာပြုသင်တန်းများ သင်ပေးပြီးဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆို
PDF သင်တန်းသားပေါင်း ရှစ်ထောင်ကျော်ကို ရှေးဦးသူနာပြုသင်တန်းများ သင်ပေးပြီးဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။ ဇွန်လ ၂၉ ရက်နေ့ ဧရာဝတီသတင်းဌာနနဲ့မေးမြန်းရာမှာ ကျန်းမာရေးဝန်ကြီး ဒေါကိတာဇော်ဝေစိုးကပြောပါတယ်။
"PDF သင်တန်းသားပေါင်း၈၀၀၀ ကျော်ကိုလည်း ရှေးဦးသူနာပြုသင်တယ်။စေတနာ့ဝန်ထမ်းတွေကိုလည်းရှေးဦးသူနာပြုစုနည်းသင်တယ်။နောက် စစ်မြေပြင် အရေးပေါ် အသက်ကယ်နည်း၊သွေးသွင်းကုသနည်းသင်တန်းအကုန်သင်ပေးတယ်။ ရှေ့တန်းမှာ ကျန်းမာရေးနဲ့ပတ်သက်လို့ လိုအပ်ချက်ရှိတယ်ဆိုရင် ကျနော်တို့ကို ဆက်သွယ်ပါ။အမြန်ဆုံး ကျနော်တို့ဖြည့်ဆည်းပေးနေတယ်"လို့ ဝန်ကြီးကပြောပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ရှေ့တန်းဆေးရုံပေါင်း၁၆၇ရုံ၊အခြေစိုက်ဆေးရုံပေါင်း ၅၂ ရုံ၊ ကျန်းမာရေးဝန်ထမ်းလေးထောင်ကျော်နဲ့ကုသမှုတို့ပေးနေပါတယ်။
========================
📌📌 ၅။ Ayeyarwaddy Federal School ကျောင်းဖွင့်ပွဲ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပညာရေးဝန်ကြီးအပါအဝင်လူနှစ်ထောင်နီးပါးတက်ရောက်
Ayeyarwaddy Federal School ကျောင်းဖွင့်ပွဲ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပညာရေးဝန်ကြီးအပါအဝင်လူနှစ်ထောင်နီးပါးတက်ရောက်ခဲ့ပါတယ်။ ဇွန်လ ၃၀ ရက်နေ့မှာ Ayeyarwaddy Federal School ၏ ကျောင်းဖွင့်ပွဲ အခမ်းအနားကိုကျင်းပခဲ့ပါတယ်။ အခမ်းအနားအား G3 ကျောင်းသားလေးတစ်ဦးမှ သွေးသစ္စာသီချင်းဖြင့် ဖွင့်လှစ်ပေးခဲ့ပါတယ်။
ထို့အပြင်ပညာရေးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး၊ နွေဦးဆရာအတတ်သင်တက္ကသိုလ် အဓိပတိ ဆရာကြီးဒေါက်တာ သိန်းလွင်၊ CRAH မှ ကိုယ်စားလှယ်များ၊NUCC ကောင်စီဝင် ကိုနန္ဒာစစ်အောင်၊ ပြည်သူ့တပ်တော် သီချင်းရေးသားသူ သားနတ်သျှင်နောင်၊ ရုပ်ရှင်နှင့် အဆိုတော် မချစ်သုဝေ(မထရီဇာ)တို့တက်ရောက်ပါတယ်။ အခမ်းအနားသို့တက်ရောက်ချီးမြှင့်သူ လူ (၂၀၀၀) ခန့်ရှိခဲ့ပါတယ်။
========================
📌📌 ၆။ MG6 ပြောက်ကျားတပ် (မြင်းခြံခရိုင်အမှတ် ၅ တပ်ရင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်) မှ အထူးကွန်မန်ဒို (၁၀) ဦးအား ရက်ပေါင်း (၉၀) လေ့ကျင့်သင်ကြားမှုအောင်မြင်
ဇွန်လ ၃၀ ရက် MG6 ပြောက်ကျားတပ်(မြင်းခြံခရိုင်အမှတ် ၅ တပ်ရင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်)မှ အထူးကွန်မန်ဒို (၁၀) ဦးအား ရက်ပေါင်း (၉၀) လေ့ကျင့်သင်ကြားမှုအောင်မြင်ခဲ့ပါတယ်။ ဇွန်လ ၃၀ ရက်မှာ MG6 ပြောက်ကျားတပ် (မြင်းခြံခရိုင် အမှတ် ၅ တပ်ရင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်)မှ အသိပေးထုတ်ပြန်ပါတယ်။
"MG6ပြောက်ကျားတပ် (မြင်းခြံခရိုင်အမှတ် ၅ တပ်ရင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်)မှ အထူးကွန်မန်ဒို (၁၀) ဦးအား ရက်ပေါင်း (၉၀)လေ့ကျင့်သင်ကြားမှု့အောင်မြင်စွာသင်ကြားပေးနိုင်ခဲ့ပါတယ်။ အထူးကွန်မန်ဒိုများအားအခက်ခဲများစွာကြားမှလျှို့ဝှက်စွာသင်ကြားပေးခဲ့ရပါတယ်"လို့ပြောပါတယ်။ အထူးကွန်မန်ဒိုများဖွဲ့စည်းရခြင်းမှာ မြို့ပြစစ်ဆင်ရေးများနှင့်အခြားစစ်ကောင်စီများနှင့်ပတ်သက်သောစစ်ဆင်ရေးများအရှိန်ဟုန်မြင့်လုပ်ဆောင်သွားနိုင်ရန်ဖြစ်တယ်လို့သတင်းထုတ်ပြန်ပါတယ်။
========================
📌📌 ၇။ ဥကရစ်ထကို သိမ်းနိုင်ဖို့ တိုက်ပွဲဝင်နေတဲ့ သူရဲကောင်းတွေအတွက်ဘတ်တစ်သန်းပေးပို့မယ်လို့ Clike2donate ကြေညာ
ဥကရစ်ထကို သိမ်းနိုင်ဖို့ တိုက်ပွဲဝင်နေတဲ့ သူရဲကောင်းတွေအတွက်ဘတ်တစ်သန်းပေးပို့မယ်လို့ Clike2donate ကြေညာခဲ့ပါတယ်။ ဇွန်လ ၃၀ ရက်နေ့မှာ ဥကရစ်ထ စခန်းသိမ်းတိုက်ပွဲအတွက် ကူညီမယ်လို့ Clike2donate ကဆိုပါတယ်။
"ဥကရစ်ထကို သိမ်းနိုင်ဖို့ တိုက်ပွဲဝင်နေတဲ့ သူရဲကောင်းတွေအတွက် C2D/Thadin/P2D တို့ပေါင်းပြီးဘတ်တစ်သန်း (သိန်း၆၀၀) ပို့မယ်ခင်ဗျာ ။အောင်ပွဲရဖို့ ဆုတောင်းနဲ့အားပေးနေလို့ မရဘူးမို့လား"လို့ဖော်ပြပါတယ်။ ကရင်ပြည်နယ် ဝေါလေရှိဥကရစ်ထစခန်းသိမ်းတိုက်ပွဲကို ဇွန်လနောက်ဆုံးပတ်အတွင်းဆင်နွှဲရာ ငါးရက်မြောက်နေ့ရောက်ရှိလာပြီဖြစ်ပါတယ်။
========================
📌📌 ၈။ ပုဒ်မ ၅၀၅-က နဲ့မန္တလေးတိုင်း NLD ပါတီဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြ ကိုထောင် သုံးနှစ်မတရားချမှတ်
ပုဒ်မ ၅၀၅-က နဲ့မန္တလေးတိုင်း NLD ပါတီဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြ ကိုထောင် သုံးနှစ်မတရားချမှတ်ခဲ့ပါတယ်။ ဇွန်လ ၂၉ ရက်နေ့က မန္တလေးအိုးဘိုအထူးတရားရုံးကနေ ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်တာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ မန္တလေး ၂၈ လမ်း ဈေးချိုနားက သပြေညိုသပိတ်မှာ စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြတဲ့ လူဦးရေ သုံးထောင်ကျော်ကို ဦးဆောင် ဟောပြောတဲ့အကြောင်းပြချက်နဲ့ ဒေါ်ဝင်းမြမြကိုဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဒေါ်ဝင်းမြမြဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ်ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကနေ အနိုင်ရရှိထားသူလည်းဖြစ်ပါတယ်။
========================
📌📌 ၉။ လွိုင်ကော်-လောပိတ လမ်းမကြီးပေါ်တွင် စစ်ကောင်စီ၏ တပ်ရိက္ခာ သယ်ပို့သော ယာဥ်တစ်စီးနှင့် KNDF တပ်ရင်း အမှတ် (၁၀) ထိတွေ့တိုက်ပွဲဖြစ်ကာ စကစတပ်ကလေးဦးကိုပစ်ခတ်ရှင်းလင်း
လွိုင်ကော်-လောပိတ လမ်းမကြီးပေါ်တွင် စစ်ကောင်စီ၏ တပ်ရိက္ခာ သယ်ပို့သော ယာဥ်တစ်စီးနှင့် KNDF တပ်ရင်း အမှတ် (၁၀) ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဇွန်လ (၃၀)ရက်နေ့ မနက်ပိုင်း၌ လွိုင်ကော်-လောပိတ လမ်းမကြီးပေါ်တွင် KNDF တပ်ရင်း အမှတ်(၁၀)မှ ကင်းလှည့်လှုပ်ရှားမှု ပြုလုပ်နေစဥ် စစ်ကောင်စီ၏ တပ်ရိက္ခာ သယ်ပို့သော ယာဥ်တစ်စီးနှင့် ထိပ်တိုက်တွေ့ကာ ထိတွေ့မှုဖြစ်ပွားခဲ့တယ်လို့ဖော်ပြပါတယ်။
လောပိတအမှတ် (၂) သင်္ဘောပင်စခန်းနှင့် ဒန်းဦးဘုရားကျောင်းကြား လမ်းမပေါ်တွင် KNDF တပ်ရင်းအမှတ် (၁၀) မှ ကင်းလှည့်လှုပ်ရှားမှု ပြုလုပ်နေစဥ် တပ်ရိက္ခာသယ်ပို့သည့် ကားတစ်စီးနှင့် ထိပ်တိုက်တွေ့ကာ ထိတွေ့မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဥ်ပေါ်ပါသည့် တပ်ရေးဗိုလ်ကြီးတစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦးနှင့် တပ်သားနှစ်ဦး စုစုပေါင်း (၄) ဦးတို့အား ပစ်ခတ်ရှင်းလင်းနိုင်ခဲ့တယ်လို့ KNDF တပ်ရင်း၁၀ကထုတ်ပြန်ပါတယ်။
ထိတွေ့တိုက်ပွဲမှာ မနက် (၈း၄၅) မိနစ် မှ (၉း၀၅) မိနစ်ထိကြာမြင့်ခဲ့ပြီး တိုက်ပွဲအပြီး ယာဥ်ပေါ်ပါ တပ်ရေးဗိုလ်ကြီး ကိုင်ဆောင်သော ၉ မမပစ္စတိုသေနတ် (၁) လတ် ၊ ကျည် (၁၂) တောင့် နှင့် ဖုန်း (၂) လုံးတို့ကို သိမ်းဆည်းရမိခဲ့ကာ ကာကွယ်ရေးဖက်မှ တစ်စုံတစ်ရာ ထိခိုက်မှုမရှိ ပြန်လည်ဆုပ်ခွာနိုင်ခဲ့ပါတယ်။ အကြမ်းဖက် စစ်ကောင်စီ၏ လောပိတအခြေစိုက် အမှတ် (၇၂) တပ်ရင်းမှ တိုက်ပွဲ ဖြစ်ပွားရာအနီးရှိ ကျေးရွာများဖက်သို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခဲ့ပြီး လေးအိမ်စုရွာအတွင်း လက်နက်ကြီးကျရောက်၍ နေအိမ်တစ်လုံးပါ ထိခိုက်ပျက်ဆီးခဲ့ပါတယ်။
No comments:
Post a Comment