20th JUN 2022 - Evening Daily News by Radio NUG

၂၀၂၂ ဇွန်လ ၂၀ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ အကြမ်းဖက် စစ်ကောင်စီတပ်တွေဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ၁၇ ကြိမ် ကျူးလွန်ခဲ့

📌 ၂။ ဖက်ဒရယ်နိုင်ငံတော်သို့ ရောက်ရှိစေမှာ မလွဲကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် ပြောကြားလိုက်

📌 ၃။ အကြမ်းဖက် စစ်ကောင်စီက လူတွေဟာ ၊ခေတ် စနစ်နဲ့အညီ၊ မနေတတ်ကြဘူးလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆို

📌 ၄။ ဂျာမဏီနိုင်ငံဘာလင်မြို့ရှိ တော်လှန်ရေးမိသားစုဝင်များမှ ၇၇ နှစ်မြောက် ဒေါ် အောင်ဆန်းစုကြည် မွေးနေ့ဆုတောင်းပွဲကျင်းပ

📌 ၅။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၇၇)နှစ်မြောက်မွေးနေ့ကို နယူးယောက်မြို့မြန်မာမိသားစုများမှကျင်းပ

📌 ၆။ တယ်လီကျန်းမာအခမဲ့အွန်လိုင်းဆေးခန်းကို တစ်နှစ်အတွင်း လူနာပေါင်းတစ်သိန်းကျော်ပြသခဲ့

📌 ၇။ DMMK ကျပ်သည် မြန်မာငွေ ကျပ်ဖြင့် တူညီစွာ တန်ဖိုးရှိမည်

📌 ၈။ Spring Bridge Online School မှာတက်ရောက်ချင်တဲ့ကျောင်းသားတွေကို ဇွန်လကုန်အထိပဲ ကျောင်းအပ်လက်ခံတော့မယ်လို့ ကျောင်းတာဝန်ရှိသူကပြော

📌 ၉။ ရှမ်းပြည်နဲ့ ကချင်ပြည်နယ်မှာ အဓိကစိုက်ပျိုးတဲ့ ပဲပုတ်တွေ အဆမတန် ဈေးကျနေပြီး တောင်သူတွေအရှုံးပေါ်နေ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အကြမ်းဖက် စစ်ကောင်စီတပ်တွေဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ၁၇ ကြိမ် ကျူးလွန်ခဲ့


အကြမ်းဖက် စစ်ကောင်စီတပ်တွေဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ၁၇ ကြိမ် ကျူးလွန်ခဲ့တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလကပြောပါတယ်။ အာဏာသိမ်းပြီးနောက် အောက်တိုဘာလ ကနေ ၂၀၂၂ ခုနှစ် ဧပြီလ ရက်နေ့အထိ မန္တလေးတိုင်း၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ စစ်ကောင်စီတပ်တွေဟာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို ၁၇ ကြိမ် ကျူးလွန်ခဲ့ကြောင်း မှတ်တမ်းများအရသိရပါတယ်။ ဒါကမှတ်တမ်းတင်လို့ရတဲ့အမှုပဲပြောတာပါ။ မှတ်တမ်းတင်လို့မရတဲ့အမှုတွေ အများကြီးဖြစ်ပါတယ်လို့ ယာယီသမ္မတကြီးကပြောပါတယ်။


လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ကျူးလွန်တဲ့စစ်ကောင်စီတပ်များဟာ စစ်ခုံရုံးအကြောင်းပြပြီး အရေးယူမှုတွေကနေ ကင်းလွတ်နေတယ်လို့ ယာယီသမ္မတကြီးက မှတ်ချက်ပြုပါတယ်။


ယနေ့တွင် အကြမ်းဖက်စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များမှ  အပြစ်မဲ့ပြည်သူ (၅၀) ကျော်အား စစ်ကြောရေးနေရာများ၊ ထောင်တွင်း နှင့် အရပ်ဖက်နေရာများတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ကျူးလွန်မှုများကို တဦးချင်းသော်လည်းကောင်း၊ အုပ်စုဖွဲ့၍သော်လည်းကောင်း အကြိမ်ကြိမ် ကျူးလွန်လျက်ရှိပါတယ်။


========================


📌📌 ၂။ ဖက်ဒရယ်နိုင်ငံတော်သို့ ရောက်ရှိစေမှာ မလွဲကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် ပြောကြားလိုက်


ဘုံရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ ဖက်ဒရယ်နိုင်ငံတော်သို့ ရောက်ရှိစေမှာ မလွဲကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောကြားလိုက်ပါတယ်။


မိမိတို့အနေဖြင့် အကြမ်းဖက်စစ်ကောင်စီအား အမြစ်ပြတ်တိုက်ဖျက်ရေးတွင်နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး အစရှိသည့် ဘက်ပေါင်းစုံမှ အားနည်းလျော့ကျစေရန် တိုက်ခိုက်လျက်ရှိရာ ယခုတော်လှန်ရေးသည် မြန်မာတစ်နိုင်ငံလုံးရှိ တိုင်းရင်းသားလူမျိုးစုံ၊ ဘာသာစုံ၊ နယ်ပယ်စုံမှ လူပုဂ္ဂိုလ်များ တက်တက်ကြွကြွပါဝင်လာကြသည့်အတွက် အားလုံး၏ ဘုံရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် ဖက်ဒရယ်နိုင်ငံတော်သို့ ရောက်ရှိစေမှာ မလွဲပါကြောင်း ဝန်ကြီချုပ်ကပြောပါတယ်။


ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနှင့် မွန်ပြည်ကြားကာလ‌ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(MSICC)တို့ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ကကျင်းပခဲ့ပါတယ်။ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အတူ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီမှ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယပြည်ထောင်စုဝန်ကြီး၊ MSICC မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ စုံစုံညီညီတက်ရောက်ခဲ့ပါတယ်။


========================


📌📌 ၃။ အကြမ်းဖက် စစ်ကောင်စီက လူတွေဟာ ၊ခေတ် စနစ်နဲ့အညီ၊ မနေတတ်ကြဘူးလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆို


အကြမ်းဖက် စစ်ကောင်စီက လူတွေဟာ ယုတ်မာ၊ ရက်စက်ကြမ်းတမ်း၍ ခေတ် စနစ်နဲ့အညီ၊ နိုင်ငံတကာနဲ့အညီလည်းမနေတတ်ကြဘူးလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။


ဟိုဘက်က တကယ့်ယုတ်မာ ရက်စက် ကြမ်းတမ်းပြီး လူလိုလည်းမတွေးတတ်၊ခေတ် စနစ်နဲ့အညီ၊ နိုင်ငံတကာနဲ့အညီလည်းမနေတတ်၊ဒီလိုမျိုး နည်းသဘောနဲ့သွားနေတဲ့  ကမ္ဘာ့နိယာမ သဘောတရားလည်း နားမလည်တဲ့လူတွေ၊ဒီလူတွေဟာ အမှန်ကတော့ မရှိသင့်တော့တဲ့လူတွေပါလို့ပြည်ထောင်စုဝန်ကြီ ဒေါက်တာဇော်ဝေစိုးကပြောဆိုထားပါတယ်။


========================


📌📌 ၄။ ဂျာမဏီနိုင်ငံဘာလင်မြို့ရှိ တော်လှန်ရေးမိသားစုဝင်များမှ ၇၇ နှစ်မြောက် ဒေါ် အောင်ဆန်းစုကြည် မွေးနေ့ဆုတောင်းပွဲကျင်းပ


ဂျာမဏီနိုင်ငံဘာလင်မြို့မှာ ၇၇ နှစ်မြောက် ဒေါ် အောင်ဆန်းစုကြည် မွေးနေ့ဆုတောင်းပွဲတွင်  မြန်မာ့ ပန်းချီပညာရှင်အမျိုးသမီးငယ်ဖန်တည်းရေးဆွဲထားသည့်ပန်းချီကားလေလံတင်ရောင်းချခြင်း၊ကံစမ်းမဲဖေါက်ခြင်း၊အစားအသောက်ရောင်းချခြင်းများပြုလုပ်ခဲ့ကြပြီး၊ မြန်မာရိုးရာအကပညာရှင်မှရိုးရားအကများဖြင့်ဖျော်‌ဖြေခဲ့ပါတယ်။


မြန်မာပြည်သူများလေးစားရတဲ့စာရေးဆရာမ မသီတာ(စမ်းချောင်း) မြန်မာလူငယ်သတင်းရုပ်ရှင်ဖန်တည်းသူ Snow နှင်းအိလှိုင် နှင့် ဒေါ် အောင်ဆန်စုကြည်ကိုချစ်ခင်လေးစားတန်ဖိုးထားကြသူအများတက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၅။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၇၇) နှစ်မြောက်မွေးနေ့ကို နယူးယောက်မြို့မြန်မာမိသားစုများမှကျင်းပ


လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၇၇) နှစ်မြောက်မွေးနေ့ကိုအမေရိကန်နိုင်ငံနယူးယောက်မြို့မြန်မာမိသားစုများမှကျင်းပပါတယ်။


လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၇၇) နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်ပွဲနှင့်အတူ မြန်မာနိုင်ငံတွင် မတရားဖမ်းဆီးခံထားရသူများအားလုံးကို ပြန်လွှတ်ပေးရန်အတွက် နယူးယောက်မြို့မြန်မာမိသားစုများမှ ဆုတောင်းမေတ္တာ ပို့သပွဲကို နယူးယောက်မြို့တော်ရှိ Flatiron Plaza တွင် စည်ကားသိုက်မြိုက်စွာကျင်းပပါတယ်။


အခမ်းအနားကိုသံအမတ်ကြီးဦးကျော်မိုးထွန်းမှ အားပေးစကားပြောကြားပေးခြင်း၊ ကဗျာဆရာကြီး မောင်စွမ်းရည်၊ မပန်ဆယ်လို၊ အဆိုတော် ကိုလင်းနစ်၊ အဆိုတော် ကိုကျော်သီဟတို့မှ အနုပညာဖြင့်တက်ကြွစွာအားဖြည့်ပေးခြင်း၊ ဘာသာကြီးလေးခုအားကိုယ်စားပြု၍ ဆုတောင်းမေတ္တာပို့သခြင်းတို့လုပ်ဆောင်ခဲ့ပါတယ်။


========================


📌📌 ၆။ တယ်လီကျန်းမာအခမဲ့အွန်လိုင်းဆေးခန်းကို တစ်နှစ်အတွင်း လူနာပေါင်းတစ်သိန်းကျော်ပြသခဲ့


တယ်လီကျန်းမာဟာ အခုဆိုရင် တနှစ်တင်းတင်းပြည့်ခဲ့ပါပြီ။ တစ်နှစ်အတွင်းမှာ လူနာပေါင်းတစ်သိန်းကျော်နဲ့ ကိုဗစ်ကာလအတွင်းမှာ အခက်အခဲပေါင်းများစွာကျော်လွှားပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနိုင်ခဲ့တာ တကယ့်ကိုဂုဏ်ယူစရာပါလို့ ကျန်းမာရေးဒုဝန်ကြီး ဒေါက်တာရွှေပုံကပြောပါတယ်။


တယ်လီကျန်းမာဆေးခန်းများဟာ အပြင်မှာဖွင့်လှစ်ထားတာမဟုတ်ဘဲ အွန်လိုင်း (Telegram)ကတစ်ဆင့်အထွေထွေရောဂါကုဆရာဝန်တွေ အထူးကုဆရာဝန်ကြီးတွေနဲ့ တိုင်ပင်ဆွေးနွေးရမှာပါ။ဆွေးနွေးကုသမှုအားလုံးကို အခမဲ့ (အခမဲ့) ဆောင်ရွက်ပေးသွားတာပဲ​ြဖစ်ပါတယ်။


ဆေးခန်းပြဖို့အတွက် ကြိုတင်ဘိုကင်ယူမယ်ဆိုရင်တော့ တယ်လီကျန်းမာရဲ့ messengerမှာ မိမိရဲ့ အမည် အသက် နေထိုင်ရာမြို့နယ်ကို စာရင်းပေးသွင်းပြီး ဘိုကင်ယူနိုင်ပါတယ်။


========================


📌📌 ၇။ DMMK ကျပ်သည် မြန်မာငွေ ကျပ်ဖြင့် တူညီစွာ တန်ဖိုးရှိမည်


DMMK ကျပ်သည် မြန်မာငွေ ကျပ်ဖြင့် တူညီစွာ တန်ဖိုးရှိမည်ဖြစ်ကြောင်း NUGPay ကထုတ်ပြန်ပါတယ်။ ဒစ်ဂျစ်တယ် မြန်မာကျပ် (DMMK)  ဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံး Blockchain အခြေပြု ဒစ်ဂျစ်တယ် ငွေကြေးဖြစ်ပါတယ်။ ထုတ်လုပ်ထားသော DMMK ငွေကြေးအား ၄င်း၏ စုစုပေါင်း တန်ဖိုးနှင့် ညီမျှသော ခိုင်မာသည့် ငွေကြေးတစ်ခုဖြင့် ကျောထောက်နောက်ခံပြုထားပြီး DMMK ယူနစ်မှာကျပ်” (Ks) ဖြစ်ပါတယ်။


ထိုကဲ့သို့ ခိုင်မာသော ငွေကြေးတစ်ခုဖြင့် ကျောထောက်နောက်ခံပြုထားခြင်းကြောင့် DMMK ငွေကြေးသည် စျေးကွက်ထဲရှိ Cryptocurrency များကဲ့သို့ စျေးနှုန်းအတက်အကျ (Volatile) ဖြစ်မည် မဟုတ်ပါ။ DMMK အား ပြည်တွင်း၊ ပြည်ပ အသုံးပြုနိုင်မည် ဖြစ်ပြီး DMMK နိုင်ငံခြားငွေလဲနှုန်း (Exchange Rate) အား NUGPay မှ ထုတ်ပြန်သွားမှာဖြစ်ပါတယ်။


“DMMK သည် အကြမ်းဖက် စကစ၏ ဘဏ္ဍာရေးယန္တရားအောက်မှ လုံးဝကင်းလွတ်သော ငွေကြေး တစ်ခု ပင်ဖြစ်တယ်လို့ NUGPay ကဖော်ပြပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။


========================


အခု ဆက်လက်ပြီး သတင်းနှင့်အတူ လူထုစကားသံ အစီအစဉ်ကဏ္ဍကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။


📌📌 ၈။ Spring Bridge Online School မှာတက်ရောက်ချင်တဲ့ကျောင်းသားတွေကို ဇွန်လကုန်အထိပဲ ကျောင်းအပ်လက်ခံတော့မယ်လို့ ကျောင်းတာဝန်ရှိသူကပြောပါတယ်။ 


Spring Bridge Online School (SBOS) ကို ၂၀၂၂ မေလမှာစတင်တည်ထောင်ခဲ့တာဖြစ်ပြီး ဇွန်လ ၆ရက်နေ့မှာ အွန်လိုင်းကနေ အတန်းစုံပညာရေးစတင်သင်ကြားပေးခဲ့တာပါ။ ကျောင်းမှာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ဆရာ၊ ဆရာမ ၆၀ က တာဝန်ယူသင်ကြားပေးနေတာဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနရဲ့ မျှော်မှန်းချက်တွေကို အခြေခံထားတယ်လို့ Project Director Dr Bio ကပြောပါတယ်။


Project Director Dr.Bio 


တခြားအွန်လိုင်းပညာရေး ကျောင်းတချို့မှာ ကလေးမိဘတွေဆီက အလှူငွေကောက်ခံမှုတွေရှိနေပေမယ့် Spring Bridge Online School (SBOS) ကတော့ တစ်နှစ်ပတ်လုံး အလှူငွေကောက်ခံမှာ မဟုတ်ဘဲ အခမဲ့သင်ကြားပေးသွားမှာဖြစ်ပါတယ်။ လက်ရှိအခြေအနေအရ အွန်လိုင်းပညာရေးစနစ်မှာ အားသာချက်တွေရှိနေသလို အားနည်းချက်တွေလည်းရှိတယ်လို့ တက္ကသိုလ် CDM ဆရာတစ်ယောက်က သုံးသပ်ပါတယ်။


တက္ကသိုလ် CDM ဆရာတစ်ဦး 


အရပ်သားအစိုးရလက်ထက်တုန်းက သင်ရိုးသစ်ကိုသာ ကလေးတွေကိုသင်ကြားပေးမှာဖြစ်ပြီး Grade 1 ကနေ  Grade 12 အထိ အတန်းမကျန်အောင် သင်ကြားပေးနေတာဖြစ်ပါတယ်။ လက်ရှိ  Grade 11 သင်ရိုးကုန်တတ်မြောက်ပြီးချိန်မှာ Grade 12 ကိုဆက်လက်သင်ကြားပေးမှာဖြစ်ပြီး နိုင်ငံတကာသင်ရိုး IGCSE ကိုအခြေခံထားတယ်လို့ သိရပါတယ်။


ဒီသတင်းကိုတော့ နွေဦးKကပေးပို့တာဖြစ်ပါတယ်။


========================


📌📌 ၉။ ရှမ်းပြည်နဲ့ ကချင်ပြည်နယ်မှာ အဓိကစိုက်ပျိုးတဲ့ ပဲပုတ်တွေ အဆမတန် ဈေးကျနေပြီး တောင်သူတွေအရှုံးပေါ်နေပါတယ်။


ရှမ်းပြည်နယ်နဲ့ကချင်ပြည်နယ် နယ်စပ်မှာ အဓိကစိုက်ပျိုးတဲ့ ပဲပုတ်တွေအဆမတန်ဈေးကျတာကြောင့် တောင်သူတွေအရှုံးပေါ်နေတယ်လို့ ကုန်သည်တစ်ယောက်ကပြောပါတယ်။ အရင်က ပဲပုတ်တစ်တင်းကို ငွေကျပ် ၄သောင်းခွဲဝန်းကျင်ဈေးရှိခဲ့ရာကနေ အခုအချိန်မှာ တစ်တင်းကို ငွေကျပ် ၃သောင်းဝန်းကျင်ပဲဈေးရှိတော့တာဖြစ်ပါတယ်။


ပဲကုန်သည်တစ်ဦး


အခုနှစ်စိုက်ပျိုးရာသီမှာ မိုးအဝင်စောပြီး မိုးများတာကြောင့် အရည်အသွေးမှီပဲပုတ်တွေမထွက်တာလို့ ရှမ်းပြည်နယ်ဒေသခံတောင်သူတစ်ယောက်ကပြောပါတယ်။ ရာသီဥတုကိုအံတုပြီးစိုက်ပျိုးနိုင်မယ့်နည်းပညာမရှိတာကြောင့် အခုလိုအခက်အခဲကြုံရတာဖြစ်ပြီး အရင်နှစ်စိုက်ပျိုးရာသီက ပဲပုတ်တွေဈေးကောင်းရခဲ့တဲ့အတွက် ဒီနှစ်မှာ ပိုမိုစိုက်ပျိုးခဲ့ကြတာကြောင့် အရှုံးပိုကြီးခဲ့တယ်လို့ဆိုပါတယ်။


ရှမ်းပြည်နယ်ဒေသခံတောင်သူတစ်ဦး


ပဲပုတ်ကို ပြည်တွင်းဈေးကွက်မှာ ပဲပြားလုပ်ငန်းအတွက်အဓိကအသုံးပြုကြတာဖြစ်ပြီး အရည်အသွေးနိမ့်တဲ့ပဲပုတ်တွေကိုတော့ တိရိစ္ဆာန်အစာအဖြစ်ထုတ်လုပ်အသုံးပြုကြတာဖြစ်ပါတယ်။ နိုင်ငံရေးမတည်ငြိမ်တာကြောင့် ပဲဈေးကွက်တွေပျက်နေပြီး ဒီနှစ်စိုက်ပျိုးရာသီမှာ ပဲအဓိကစိုက်တဲ့ မြန်မာပြည်အလယ်ပိုင်းဒေသမှာ တိုက်ပွဲတွေကြောင့် စိုက်ပျိုးရေးမလုပ်နိုင်ကြတဲ့အတွက် နောင်နှစ်အတွက် ခန့်မှန်းရခက်တဲ့အခြေအနေဖြစ်နေပါတယ်။


ဒီသတင်းကိုတော့ နွေဦးKကပေးပို့တာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment