20th JUN 2022 - Morning Daily News by Radio NUG

၂၀၂၂ ဇွန်လ ၂၀ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာတင်မဟုတ်ဘဲ ကမ္ဘာမှာပင်လျှင် ဒီမိုက‌ရေစီရဲ့ ပြယုဒ်လို့လက်ခံကြကြောင်း နိုင်ငံတော်ယာယီသမ္မတပြော

📌 ၂။ ဒေါ်အောင်ဆန်းစုကြည်ဟာ နွေဦးတော်လှန်ရေးအတွက် ခေါင်းဆောင်ဖြစ်သလို အမျိုးသားညီညွတ်ရေးအစိုးရ ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား

📌 ၃။ လူထုရဲ့အသံကိုလေးနက်စွာ နားထောင်ရင်း နွေဦးတော်လှန်ရေး အောင်မြင်စေရေး ကတိပြုတယ်လို့ CRPH ဥက္ကဠ ဦးအောင်ကြည်ညွန့်ဆို

📌 ၄။ စစ်အုပ်စုဟာ မုဆိုးကသားကောင်ဖြစ်မယ့် အလှည့်ရောက်ပြီလို့ ကိုမင်းကိုနိုင်ပြောကြားလိုက်

📌 ၅။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေလို့ စင်ကာပူနိုင်ငံခြားရေး ဝန်ကြီးက မွေးနေ့ ဆုတောင်းပေး

📌 ၆။ ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၇ နှစ်ပြည့်မွေးနေ့ဆုတောင်းပွဲ ကေအိုင်အိုဌာနချုပ် လိုင်ဇာတွင်ကျင်းပ

📌 ၇။ ENGINEERING PROJECT MANAGEMENTသင်တန်း နည်းပညာတက္ကသိုလ် စက်မှုအင်ဂျင်နီယာ ကျောင်းသားများကွန်ရက်က ဦးဆောင် ဖွင့်လှစ်မယ်

📌 ၈။ ဒေါ်အောင်ဆန်းကြည် မွေးနေ့အမီ တာဝေးပစ်လက်နက်ကြီးကို နေပြည်တော် ပကဖ ထုတ်လုပ်အောင်မြင်

📌 ၉။ ရေစကြို မြို့နယ်မှူးကားကို PDF ကသိမ်း

📌 ၁၀။ ကသာမြို့နယ် ပုလွှေရွှေ ကျေးရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးရာ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်၍ အရပ်သားအမျိုးသမီးတစ်ဦး သေဆုံး

📌 ၁၁။ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေအိမ်ကို ကျောက်ဆည် KDDF က လက်ပစ်ဗုံးပစ်တိုက်ခိုက်ရာ ခြံစောင့် စစ်သားနှစ်ဦးသေဆုံးနိုင်

📌 ၁၂။ ဂန့်ဂေါမြို့နယ် သင်တောရွာအထွက်မှာ အင်အား၂၀၀ ကျော်စစ်ကြောင်း မိုင်းခွဲတိုက်ခိုက်ခံရကာ စကစတပ်က ဦး သေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာတင်မဟုတ်ဘဲ ကမ္ဘာမှာပင်လျှင် ဒီမိုက‌ရေစီရဲ့ ပြယုဒ်လို့လက်ခံကြကြောင်း နိုင်ငံတော်ယာယီသမ္မတပြော


ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာတင်မဟုတ်ဘဲ ကမ္ဘာမှာပင်လျှင် ဒီမိုက‌ရေစီရဲ့ ပြယုဒ်လို့လက်ခံကြကြောင်း နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလကပြောပါတယ်။


ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီရဲ့ ပြယုဒ်ဖြစ်ပါတယ်။ ဦးနေဝင်း ဦးဆောင်တဲ့ စစ်အာဏာရှင်တွေက အာဏာသိမ်းပြီးနောက် နှစ်ပေါင်း (၂၆) နှစ်တိတိ စစ်အာဏာရှင်စနစ်၊ တစ်ပါတီအာဏာရှင်စနစ်ကျင့်သုံးပြီး ဆိုရှယ်လစ်အမည်ခံ ခေတ်ပျက်နိုင်ငံ‌ရေးစနစ်နဲ့ အုပ်ချုပ်ပြီး ပြည်သူလူထုရဲ့ အသိညာဏ်ရည်ဖျက်ဆီး (brainwash) လုပ်ခဲ့ကြပေမဲ့ ပြည်သူတွေကို ဒီမိုကရေစီရဲ့ အနှစ်သာရ၊ ဒီမိုကရေစီရဲ့ အကျိုးနဲ့ ဒီမိုကရေစီ လူ့ယဥ်ကျေးမှုရဲ့ အားသာချက်များကို ပြည်သူတွေ ကွက်ကွက်ကွင်းကွင်း ရှင်းရှင်းလင်းလင်း သိမြင်နားလည်အောင်လူထုကို ချပြရာမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အလွန်အခရာကျတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတင်မကပါဘူး ကမ္ဘာမှာပင်လျှင် သူ့ကို Democracy Icon (ဒီမိုက‌ရေစီရဲ့ ပြယုဒ်) လို့ လက်ခံကြပါတယ်လို့ ယာယီသမ္မတကပြောပါတယ်။


၂၀၂၂ ခုနှစ် ဇွန်လ ၁၉ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၇ နှစ် မြောက်မွေးနေ့ကျရောက်ခဲ့ပြီး ပြည်သူအများစုကဆုတောင်းပေးခဲ့ကြပါတယ်။


========================


📌📌 ၂။ ဒေါ်အောင်ဆန်းစုကြည်ဟာ နွေဦးတော်လှန်ရေးအတွက် ခေါင်းဆောင်ဖြစ်သလို အမျိုးသားညီညွတ်ရေးအစိုးရ ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား


ဒေါ်အောင်ဆန်းစုကြည်ဟာ နွေဦးတော်လှန်ရေးအတွက် ခေါင်းဆောင်ဖြစ်သလို အမျိုးသားညီညွတ်ရေးအစိုးရ ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလကပြောပါတယ်။


ဒေါ်အောင်ဆန်းစုကြည်က ယခုချိန်မှာ အာဏာရှင်တွေရဲ့ ဖမ်းဆီးချုပ်နှောင်မှုကို ခံနေရတယ်ဆိုပေမယ့် သူဟာနွေဦးတော်လှန်ရေးအတွက်လည်း ခေါင်းဆောင်ဖြစ်သလို အမျိုးသားညီညွတ်ရေးအစိုးရ ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်ပါတယ်။ သူ့ကိုချစ်တဲ့ ပြည်သူတွေကြောင့် နွေဦးတော်လှန်ရေးကို အရှိန်အဟုန်ကောင်းကောင်းဖြင့် စတင်နိုင်ခဲ့သလို ပြည်သူတရပ်လုံးကလည်း သူလွတ်မြောက်ဖို့ အတွက် ဒီတော်လှန်ရေးနိုင်မှဖြစ်မယ်လို့ စိတ်ပိုင်းဖြတ်ထားကြတယ်ဆိုတာ တွေ့ရပါတယ်လို့ ယာယီသမ္မတပြောပါတယ်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်နေ့ စစ်တပ်အာဏာသိမ်းစဥ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီးခဲ့ပါတယ်။ အကြမ်းဖက် စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို မကျူးလွန်တဲ့အမှုများအတွက်လည်းတရားစွဲဆိုထားပါသေးတယ်။


========================


📌📌 ၃။ လူထုရဲ့အသံကိုလေးနက်စွာ နားထောင်ရင်း နွေဦးတော်လှန်ရေး အောင်မြင်စေရေး ကတိပြုတယ်လို့ CRPH ဥက္ကဠ ဦးအောင်ကြည်ညွန့်ဆို


လူထုရဲ့အသံကိုလေးနက်စွာ နားထောင်ရင်း နွေဦးတော်လှန်ရေး အောင်မြင်စေရေး ကတိပြုတယ်လို့ CRPH ဥက္ကဠ ဦးအောင်ကြည်ညွန့်ကပြောပါတယ်။


ရွေးကောက်ခံကိုယ်စားလှယ်များကိုယ်စားပြည်ထောင်စုလွှတ်တော်ဥက္ကဠအနေနဲ့ ကတိပြုပြောကြားလိုတာကတော့ ပြည်သူလူထုက ယုံကြည်စွာ မဲပေးပြီးရွေးကောက်တင်မြှောက်ထားတဲ့ လုပ်ပိုင်ခွင့်ကို ရိုကျိုးစွာကျင့်သုံးပြီးတော့ လူထုရဲ့အသံကိုနားထောင်ရင်း နွေဦးတော်လှန်ရေး အောင်မြင်စေရေး ကိုယ်စွမ်းဥာဏ္စွမ်းရှိသရွေ့ဆက်လက်ဆောင်ရွက်ပါမာ်လို့ ဦးအောင်ကြည်ညွန့်ကပြောပါတယ်။


ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကနေ သံတမာန်ရေးရာနဲ့ ပြည်သူ့ရေးရာများကို နွေဦးတော်လှန်ရေးကာလအတွင်းမှာ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် အခွန်အကောက်ဥပဒေနဲ့ရဲတပ်ဖွဲ့ဥပဒေတို့ကိုလည်းအတည်ပြုပေးနိုင်ခဲ့ပါတယ်။


========================


📌📌 ၄။ စစ်အုပ်စုဟာ မုဆိုးကသားကောင်ဖြစ်မယ့် အလှည့်ရောက်ပြီလို့ ကိုမင်းကိုနိုင်ပြောကြားလိုက်


စစ်အုပ်စုဟာမုဆိုးကသားကောင်ဖြစ်မယ့်အလှည့်ရောက်ပြီလို့၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကပြောပါတယ်။


ဆယ်လ်ဖီဆွဲဖြောင့်ချက်ပေးသူတွေကို စစ်တပ်ကအလွတ်မခံဘဲအသည်းအမဲလိုက်နေသလို ပြည်သူကလဲ သူတို့ဇာတိနောက်ကြောင်းရာဇဝင်နှင့်တကွ တပ်ထဲဝင်ခဲ့တဲ့နှစ်ကအစ ကွန်ယက်ဖွဲ့ပြီးလိုက်နေကြပါပြီ။

စစ်အုပ်စုဟာ မုဆိုးကသားကောင်ဖြစ်မယ့်အလှည့်ပါ။ စစ်အုပ်စုအတွက်ပြည်သူ့တော်လှန်ရေးဟာ ဘယ်တော့မှ လက်သီးတလုံးတည်းမလာပါဘူး။ အတွဲလိုက်လာပါတယ်လို့ ကိုမင်းကိုနိုင်ကပြောပါတယ်။


နိုင်ငံတော်လျှို့ဝှက်ချက်ရောင်းစားမှုအဖြစ် မိုင်တဲလ်အကျိုးစီးပွါးအတွက်ပေးခဲ့တဲ့ တပ်တွင်းစစ်သည်တွေတည်ရှိစာရင်းဟာ ပေါ်ထွက်လာပါတယ်။ စကစတပ်နဲ့ ရဲများ လက်ရှိမှာ CDM ဘက်ခိုလှုံလာသူ လူဦးရေ တစ်သောင်းကျော်ရှိပြီဖြစ်ပါတယ်။


========================


📌📌 ၅။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေလို့ စင်ကာပူနိုင်ငံခြားရေး ဝန်ကြီးက မွေးနေ့ ဆုတောင်းပေး


ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေလို့ စင်ကာပူနိုင်ငံခြားရေး ဝန်ကြီးက မွေးနေ့ ဆုတောင်းပေးလိုက်ပါတယ်။ ဇွန်လ ၁၉ ရက်နေ့မှာကျရောက်တဲ့ အသက် ၇၇ နှစ်ပြည့် ဒေါ်အောင်ဆန်းစုကြည်အားကျန်းမာပါစေကြောင်း စင်ကာပူ နိုင်ငံခြားရေးဝန် ကြီး Vivian Balakrishnan က လူမှုကွန်ရက်စာမျက်နှာကနေတဆင့်ရေးသားဖော်ပြပါတယ်။


စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က ဒေါ်အောင်ဆန်းစုကြည်နှင့် တွဲရိုက်ထားသော ဓာတ်ပုံနှင့်တကွ မွေးနေ့ ဆုတောင်းပေးထားခြင်း ဖြစ်ပါတယ်။ အသက် ၇၇ နှစ်ပြည့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို နော်ဝေနိုင်ငံနဲ့ ဂျပန်၊ အမေရိကန်စတဲ့နိုင်ငံများမှာ မြန်မာနွယ်ဖွား ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများက ကျင်းပခဲ့ပါတယ်။


========================


📌📌 ၆။ ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၇ နှစ်ပြည့်မွေးနေ့ဆုတောင်းပွဲ ကေအိုင်အိုဌာနချုပ် လိုင်ဇာတွင်ကျင်းပ


ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၇ နှစ်ပြည့် မွေးနေ့ဆုတောင်းပွဲအခမ်းအနားကို ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ဌာနချုပ် လိုင်ဇာမြို့ရှိ မုန့်လိုင်ခန်းမမှာ ဇွန်လ ၁၉ ရက်နေ့က  ကျင်းပပါတယ်။


အခမ်းအနားကို ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မိသားစုဝင်တွေ၊ အန်အယ်လ်ဒီပါတီဝင်တွေနဲ့ တခြား ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေ တက်ရောက်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ဇွန်လ ၁၉ ရက်နေ့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၇ နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။



========================


📌📌 ၇။ ENGINEERING PROJECT MANAGEMENTသင်တန်း နည်းပညာတက္ကသိုလ် စက်မှုအင်ဂျင်နီယာ ကျောင်းသားများကွန်ရက်က ဦးဆောင် ဖွင့်လှစ်မယ်


ENGINEERING PROJECT MANAGEMENTသင်တန်း နည်းပညာတက္ကသိုလ် စက်မှုအင်ဂျင်နီယာ ကျောင်းသားများကွန်ရက်က ဦးဆောင် ဖွင့်လှစ်ပါမယ်။ ၄င်းသင်တန်းဟာပညာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကျောင်းသား၊ ကျောင်းသူ လူငယ်များ စဉ်ဆက်မပြတ်သင်ယူနိုင်ရေးအတွက် ကြားကာလ ပညာရေးအစီအစဉ်အရ အကောင်အထည်ဖော်ဆောင်ရွက်သော ကာလတိုသင်ကြားရေး (Short Course) အစီအစဉ်လည်းဖြစ်ပါတယ်။


ကိုဗစ်ကူးစက်မှုနှင့် အကြမ်းဖက်မှုတို့ကြောင့် ရပ်ဆိုင်းနှောင့်နှေးခဲ့ရသော ကျောင်းသား၊ ကျောင်းသူများကို ပညာဆက်လက်သင်ယူခွင့်ရရန် သက်ဆိုင်ရာ ပြည်တွင်းပြည်ပ ပညာရှင်များနဲ့အမျိုးသားညီညွတ်ရေး အစိုးရ (NUG)  ပညာရေးဝန်ကြီးဌာနမှစီစဉ်လျက်ရှိပါတယ်။ ENGINEERING PROJECT MANAGEMENTသင်တန်းမှာ Project Evaluation Methods Scope Management & Change Management Time ManagementCost Management Procurement Management တို့ပါဝင်ပါတယ်။


သင်တန်းကာလ လခွဲ ကြာမြင့်မှာဖြစ်ကာ သင်တန်းသားအယောက်တစ်ရာကိုလက်ခံပြီး ဇွန်လ၂၆ ရက်မှာ စတင်သင်ကြားပါမယ်။


========================


📌📌 ၈။ ဒေါ်အောင်ဆန်းကြည် မွေးနေ့အမီ တာဝေးပစ်လက်နက်ကြီးကို နေပြည်တော် ပကဖ ထုတ်လုပ်အောင်မြင်


ဒေါ်အောင်ဆန်းကြည် မွေးနေ့အမီ တာဝေးပစ်လက်နက်ကြီးကို နေပြည်တော် ပကဖ ထုတ်လုပ်အောင်မြင်ခဲ့ပါတယ်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - နေပြည်တော် စစ်ရေးတာဝန်ခံ ဗိုလ်တေဇနှင့် ရဲဘော်များမှအမေဒေါ်အောင်ဆန်းကြည် မွေးနေ့အမီ တာဝေးပစ်လက်နက်ကြီးကို ကိုယ်တိုင်ထုတ်လုပ်ခဲ့ပါတယ်။ လက်နက်ကြီးရဲ့ အမည်ကို " PHOENIX FIGHTER - 001 (ပကဖ-NPT) " လို့ အမည်ပေးထားပါတယ်။ စစ်ကျွန်ဘဝကနေ ပြည်သူတစ်ရပ်လုံး လွတ်မြောက်ရေးအတွက် အစွမ်းကုန်ကြိုးစားသွားပါမယ်လို့ နေပြည်တော်ပကဖ တာဝန်ခံကပြောပါတယ်။


========================


📌📌 ၉။ ရေစကြို မြို့နယ်မှူးကားကို PDF ကသိမ်း


မကွေးတိုင်းရေစကြိုမြို့နယ်က မြို့နယ်မှူးကားကို PDF ကသိမ်းဆည်းလိုက်ပါတယ်။ ဇွန်လ ၁၈ ရက်မှာ Earthquake people`s defense force မှသတင်းထုတ်ပြန်ပါတယ်။


"မနေ့ကမနက်ပိုင်းအချိန်တွင် Earthquake people`s defense force မှ ရေစကြို မြို့နယ်မှူးကားအား ထိန်းသိမ်း ဖမ်းဆီးသိမ်းယူနိင်ခဲ့ပါတယ်။ ရေစကြိုမှ ပခုက္ကူသို့ ထိုကားသွားလာမှုကိုရက် (၂၀) ကျော်ကြာအောင်စုံစမ်းစစ်ဆေးခဲ့ရပါတယ်။ မြို့နယ်မှူးလက်အောက်ခံရဲများ/ပျူများလာရောက်ပြုပြင်နေတယ်လို့သတင်းရရှိသောကြောင့်ပစ်ခတ်ရန်လုပ်ဆောင်ခဲ့သော်လည်းရဲများ/ပျူများရှိမနေသောကြောင့်မြို့နယ်မှူးကားအားတော်လှန်ရေးအသုံးအဆောင်ဖြစ်ဖမ်းစည်းထိန်းသိမ်းလိုက်ပါတယ်လို့ Earthquake people`s defense force ကပြောပါတယ်။ Earthquake people `s defense force ဟာတပ်နဲ့ ရဲများအားအသက်နှင့်ရင်းပြီး တော်လှန်ရေးကိုအရှိန်မြင့်စွာဆောင်ရွက်လျက်ရှိပါတယ်။


========================


📌📌 ၁၀။ ကသာမြို့နယ် ပုလွှေရွှေ ကျေးရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးရာ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်၍ အရပ်သားအမျိုးသမီးတစ်ဦး သေဆုံး


ကသာမြို့နယ် ပုလွှေရွှေ ကျေးရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးရာ လက်နက်ကြီးဖြင့်ရမ်းသမ်းပစ်ခတ်၍ အရပ်သားအမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။ ဇွန်လ ၁၉ ရက် ကသာမြို့ပေါ်က အင်အား ၁၀၀ ပါတဲ့ စစ်ကြောင်းဟာ ပါလွှေရွှေကျေးရွာဘက်ကို ဇက်နဲ့ကူးခဲ့တယ်လို့ ကသာပကဖကပြောပါတယ်။


ဆိပ်ကမ်းအတက်တွင်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်၍ စစ်ကြောင်းထိုးရာ ပုလွှေရွှေကျေးရွာမှ နေအိမ်တစ်လုံးအားထိမှန်ပြီး အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ယောက် သေဆုံးသွားပါတယ်။ တစ်ချိန်ထဲတွင် နောက်ထပ်အကြမ်းဖက် စစ်တပ်အင်အား တစ်ရာကျော်ဟာ ပုလွှေရွှေ ကူးတို့ပိုင်ရှင် ဝင်းထွန်းရဲ သံခွန်စက်လှေကြီး နှစ်စီးဖြင့် ကျောက်ထုံးကြီးဘက်သို့ ဆန်တက်နေတယ်လို့ ကသာပကဖကဆိုပါတယ်။


ပုလွှေရွှေ၊ အင်းဒရံ၊ ဒုံးအော့၊ မြိုင်သာယာ၊ အထက်သဖန်းဒေါင့်၊ အောက်သဖန်းဒေါင့်၊ ရေနီ၊ ကျောက်ထုံးကြီး၊ နွယ်နီ ကျေးရွာများမှ ပြည်သူများ ဘေးလွှတ်ရာသို့ ရှောင်တိမ်းကြရန် ကသာပကဖကထုတ်ပြန်ပါတယ်။


========================


📌📌 ၁၁။ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေအိမ်ကို ကျောက်ဆည် KDDF က လက်ပစ်ဗုံးပစ်တိုက်ခိုက်ရာ ခြံစောင့် စစ်သားနှစ်ဦးသေဆုံးနိုင်


ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ အိမ်ကို ကျောက်ဆည် KDDF က ယနေ့ လက်ပစ်ဗုံးပစ်တိုက်ခိုက်၍ ခြံစောင့် စစ်သားနှစ်ဦးသေနိုင်တယ်လို့ ထုတ်ပြန်ပါတယ်။ ဇွန်လ ၁၉ ရက် မန္တလေးတိုင်း၊ ကျောက်ဆည်မြို့၊ ဆူးကုန်းရပ်ကွက်ရှိ စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေအိမ်တံခါးရှိ စကစမှ လုံခြုံရေးယူထားသော ကင်းဂိတ်အား ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့ (K.D.D.F) မှ ဗုံးပစ်နဲ့တိုက်ခိုက်ခဲ့ပါတယ်။


"လက်ပစ်ဗုံးနဲ့ပစ်တာပါ။ ဒါနဲ့ဆို သုံးကြိမ်ပေါ့ နှစ်ဦးသေနိုင်တယ်။သူတို့က အကာကွယ်မရှိဘူး။ သူတို့ရှေ့ကျတာ ကျွန်တော်တို့က အုတ်တံတိုင်းကိုအကာအကွယ်ယူပြီး အနီးကပ်ပစ်လိုက်တာ"လို့ကျောက်ဆည် KDDF တပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။


ဧပြီလ ၂၂ ရက်နေ့လည် ၁၁ နာရီ ၃၀ မိနစ် အချိန်ကလည်း မန္တလေးတိုင်း၊ ကျောက်ဆည်မြို့၊ ဆူးကုန်းရပ်ကွက်ရှိ စစ်အာဏာရှင်ဟောင်း သန်းရွှေအိမ်အား လုံခြုံရေးယူထားသော စကစတပ်သားသုံးဦးအား ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့ (K.D.D.F) မှလက်ပစ်ဗုံးပစ်ခဲ့ပါတယ်။ အလားတူ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့ကလည်း ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေရဲ့အိမ်တော်ယာအစောင့်ဂိတ်ကို လက်ပစ်ဗုံးနဲ့ ထုခဲ့သော်လည်း ဗုံးအ၍ မကွဲခဲ့ဘူးဖြစ်ပါတယ်။


========================


📌📌 ၁၂။ ဂန့်ဂေါမြို့နယ် သင်တောရွာအထွက်မှာ အင်အား၂၀၀ ကျော်စစ်ကြောင်း မိုင်းခွဲတိုက်ခိုက်ခံရကာ စကစတပ်က ဦး သေဆုံး


မကွေးတိုင်း ဂန့်ဂေါမြို့နယ် သင်တောရွာအထွက်မှာ အင်အား၂၀၀ ကျော်စစ်ကြောင်း မိုင်းခွဲတိုက်ခိုက်ခံရကာ စကစတပ်က ဦး သေဆုံးခဲ့ပါတယ်။ ဇွန်လ ၁၈ ရက်နေ့မှာ အင်အား၂၀၀ ကျော် စစ်ကြောင်းကိုတိုက်ခိုက်ခဲ့တာလို့ Gangaw Battalion (YRPA) တပ်ဖွဲ့ကပြောပါတယ်။


"တောင်ခင်ရမ်းမှာညအိပ်ပြီး မြောက်ဖက်သို့ထွက်လာသော စကစတပ် ၂၀၀ ကျော်အား သင်တောရွာအထွက်တွင် PDF-(701) Gangaw Battalion (YRPA) တပ်ခွဲ (3) မှ ရဲဘော်အချို့နှင့် ပကဖ မှ ရဲဘော်အချို့တို့ ပူးပေါင်းကာ ရှေ့ထွက်ပြောင်းများဖြင့် မိုင်းခွဲတိုက်ခိုက်ခဲ့ပါတယ်။


စကစ တပ်ဖွဲ့က () ဦး သေဆုံးကာ အချို့ ထိခိုက်ဒါဏ်ရာရရှိခဲ့ပါတယ်။ ပြည်သူပို့သသော မေတ္တာကြောင့် PDF-(701)/Gangaw Battalion (YRPA) မှ ရဲဘော်များ အထိခိုက်မရှိအောင်မြင်စွာဆုတ်ခွါနိုင်ခဲ့ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment