၂၀၂၂ ဇွန်လ ၂၄ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက် စစ်ကောင်စီက ဓားစာခံအဖြစ် ထုတ်သုံးလာသည့်သဘောကို တွေ့ရ၍ ကျန်းမာရေးနဲ့လုံခြုံရေးဂရုပြုသင့်တယ်လို့ဆို
📌 ၂။ စစ်အာဏာရှင်တွေအမြန်ဆုံးပြုတ်ကျစေချင်တဲ့ အကြောင်းအရင်းထဲတွင် နံပါတ်တစ်အချက်မှာ ကျောင်းသား၊ကျောင်းသူများ ပညာသင်ယူနိုင်ရေးပါဝင်ကြောင်း ဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား
📌 ၃။ နိုင်ငံရေးနဲ့သက်ဆိုင်တဲ့ကဏ္ဍာတွေမှာ အမျိုးသမီးတွေပါဝင်နိုင်ဖို့ ခုကတည်းက ဖန်တီးပေးဖို့လိုတယ်လို့ ဒုဝန်ကြီးအိသဉ္ဇာမောင်ဆို
📌 ၄။ Kyaukpadaung Federal School တွင်စေတနာ့ ဝန်ထမ်း ဆရာ၊ ဆရာမများ(Volunteers) များခေါ်ယူ
📌 ၅။ ကလေးမြို့နယ် ဟဲလုပ်ရွာအနီးတွင် PDF Kalay တပ်ရင်း ၅ မှ ဒုတပ်ခွဲမှူးကျဆုံး
📌 ၆။ လူသားဒိုင်းပြုလုပ်၍ ဖမ်းဆီးထားသော ပြည်သူအယောက် ၁၀၀ ကျော်ကို ကယ်ထုတ်ပေးနိုင်ခဲ့ကြောင်း Springs Dove ကထုတ်ပြန်
📌 ၇။ မန္တလေးမြို့က ပရဟိတအသင်းတချို့ကို စစ်ကောင်စီက ချိတ်ပိတ်ခဲ့ပြီး ပရဟိတလူငယ်တချို့ဖမ်းဆီးခံခဲ့ရတာကြောင့် ကျန်နေသူတွေဟာ စိတ်မလုံခြုံမှုနဲ့ အလုပ်လုပ်နေရ
📌 ၈။ ရန်ကုန်မြို့ကို အရေးပေါ်ဆေးကုသဖို့တက်လာတဲ့ လူနာတွေကို အကူအညီပေးနေတဲ့ ပရဟိတအသင်းတွေဟာ နယ်မြေလုံခြုံမှုမရှိတာကြောင့်သွားလာရေးခက်ခဲနေ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက် စစ်ကောင်စီက ဓားစာခံအဖြစ် ထုတ်သုံးလာသည့်သဘောကို တွေ့ရ၍ ကျန်းမာရေးနဲ့လုံခြုံရေးဂရုပြုသင့်တယ်လို့ဆို
ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက် စစ်ကောင်စီက ဓားစာခံအဖြစ် ထုတ်သုံးလာသည့် သဘောကိုတွေ့ရ၍ ကျန်းမာရေးနဲ့လုံခြုံရေးဂရုပြုသင့်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတို့ကပြောကြားလိုက်ပါတယ်။ ဇွန်လ ၂၂ ရက် နေ့လည် ၂ နာရီမှာ နေပြည်တော် အချုပ်ထောင်ရှိ သီးသန့်အဆောက်အအုံကို ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စုကပြောင်းရွှေခဲ့ပါတယ်။
"သာမာန်ကြည့်ရင်တော့ အတိုင်ပင်ခံအတွက် သီးသန့်ထားဖို့ အဆောက်အအုံသစ်ပြီးသွားတယ်။အဲဒီကိုရွှေ့တယ်ပေါ့။ဒါပေမဲ့ ဒီအချိန်ကြီးမှာ သူတို့က ဗြောင်ပဲဗျာ။အဆောက်အအုံဓာတ်ပုံထုတ်ပြန်တယ်။ အတိုင်ပင်ခံနော် ဒီအဆောက်အအုံထဲမှာရှိတယ်လို့ သတင်းထုတ်ပြန်တာကိုက မရုိးသားဘူး။အတိုင်ပင်ခံရဲ့ ကျန်းမာရေး၊လုံခြုံရေးတော့ သတိထားရပါလိမ့်မယ် လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကဆိုပါတယ်။ အသက် ၇၇ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စုဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းစဥ်ကတည်းကဖမ်းဆီးထားတာဖြစ်ပါတယ်။
========================
📌📌 ၂။ စစ်အာဏာရှင်တွေအမြန်ဆုံးပြုတ်ကျစေချင်တဲ့ အကြောင်းအရင်းထဲတွင် နံပါတ်တစ်အချက်မှာ ကျောင်းသား၊ကျောင်းသူများ ပညာသင်ယူနိုင်ရေးပါဝင်ကြောင်း ဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား
ယမန်နေ့က RFA သတင်းဌာနနဲ့မေးမြန်းခန်းမှာ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အခုလိုပြောကြားခဲ့ပါတယ်။
“ကျနော်အခု နိုင်ငံတကာကို လှည့်သွားနေတုန်း နိုင်ငံတကာကိုရောက်သွားတဲ့အချိန်မှာ အရမ်းကို စိတ်မကောင်းဘူး။ခံစားရတယ်။ဒါကြောင့်လည်း နိုင်ငံတကာရောက်တိုင်း ကျနော်တို့နိုင်ငံအနာဂါတ်ပညာရေးအတွက် ပြောဆိုခဲ့တယ်။ဆွေးနွေးခဲ့တယ်။တောင်းဆိုတယ်။သူတို့ဘက်ကလည်းစိတ်ဝင်စားတယ်။နောက်တစ်ချက်က အခု စစ်အာဏာရှင်တွေ အမြန်ဆုံးပြုတ်ကျစေချင်တဲ့အကြောင်းအရင်းထဲမှာ ကျနော်တို့ ကလေးတွေကနံပါတ်တစ်ပဲ"လို့ဝန်ကြီးကဆိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရကို ပညာရေးအကူအညီများပေးရန် နိုင်ငံတကာ ကကမ်းလှမ်းထားတယ်” လို့လည်းဝန်ကြီးကဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ကာ ပြည်သူ့ပညာရေးဖော်ဆောင်နေသော Online ကျောင်း စုစုပေါင်း (၅၁) ကျောင်းရှိပြီး ၊ မြေပြင် သင်ကြားရေးအနေဖြင့်လဲ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရှမ်း စသည့်ဒေသများတွင် ပြည်သူ့အခြေပြု စာသင်ကျောင်းများ ဖွင့်လှစ် သင်ကြားလျက်ရှိပါတယ်။
========================
📌📌 ၃။ နိုင်ငံရေးနဲ့သက်ဆိုင်တဲ့ကဏ္ဍာတွေမှာ အမျိုးသမီးတွေပါဝင်နိုင်ဖို့ ခုကတည်းက ဖန်တီးပေးဖို့လိုတယ်လို့ ဒုဝန်ကြီးအိသဉ္ဇာမောင်ဆို
ဇွန်လအတွင်း ကျင်းပတဲ့လက်နက်ကိုင်ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုများအပေါ် ဘယ်သူတွေမှာတာဝန်ရှိသလဲ စကားဝိုင်းဆွေးနွေးပွဲမှာ ဒုဝန်ကြီးအိသဉ္ဇာမောင်က အခုလိုပြောဆိုထားပါတယ်။
"အမျိုးသမီးတွေကို တော်လှန်ရေးအလွန်ကာလမှာပါ စဥ်းစားအသိအမှတ်ပြုပေးဖို့လိုပါတယ်။အမျိုးသမီးတွေရဲ့နိုင်ငံရေး လှုပ်ရှားမှုတွေက တော်လှန်ရေးအတွင်းသာမက တော်လှန်ရေးပြီးတဲ့နောက် ပြည်ထောင်စုအသစ် တည်ဆောက်ရေးမှာပါ အရေးကြီးတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ဒါ့အပြင် နိုင်ငံရေးနဲ့သက်ဆိုင်တဲ့ ကဏ္ဍာတွေမှာအမျိုးသမီး တွေပါဝင်နိုင်ဖို့ ခုကတည်းက ဖန်တီးပေးဖို့လိုပါတယ်"လို့ ဒုဝန်ကြီးကပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့မှာ အမျိုးသမီး ဝန်ကြီးများကိုလည်း ခန့်အပ်ထားပြီး အမျိုးသမီးလူငယ်နှင့်ကလေးသူငယ်အရေးကိုလည်းမြှင့်တင်ဆောင်ရွက်လျက်ရှိပါတယ်။
========================
📌📌 ၄။ Kyaukpadaung Federal School တွင်စေတနာ့ ဝန်ထမ်း ဆရာ၊ ဆရာမများ(Volunteers) များခေါ်ယူ
Kyaukpadaung Federal Schoolတွင် မူလတန်းအဆင့် ၊အလယ်တန်းအဆင့်နှင့်အထက်တန်းအဆင့်စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမများ(Volunteers)များခေါ်ယူနေပါတယ်။ Kyaukpadaung Federal School တွင် KG to G-11 အတွက် အခမဲ့ပညာရေးတစ်ရပ် ဖော်ဆောင်ရာတွင် ဆရာဆရာမအင်အား ထပ်မံလိုအပ်သည့် အတွက် ပါဝင်ကူညီပေးနိုင်မည့် CDM ဆရာဆရာမများကို အလိုရှိနေကြောင်း ထုတ်ပြန်ပါတယ်။
သင်ကြားလိုတဲ့ ဆရာဆရာမများအနေဖြင့် Kyaukpadaung Federal School လူမှုကွန်ရက်စာမျက်နှာတွင် လျှောက်လွှာများဖော်ပြထားပါတယ်။ CDM ကျောင်းသူ ကျောင်းသားများ ပညာသင်ယူခွင့်ရရှိနိုင်ရေးသည် စေတနာ့ဝန်ထမ်း သင်ကြားရေးဆရာ ဆရာမ များပေါ်တွင် တည်မှီလျက်ရှိနေပါသောကြောင့်ပူးပေါင်းပါဝင်ပေးပါရန် Kyaukpadaung Federal School ကတိုက်တွန်းထားပါတယ်။
========================
📌📌 ၅။ ကလေးမြို့နယ် ဟဲလုပ်ရွာအနီးတွင် PDF Kalay တပ်ရင်း ၅ မှ ဒုတပ်ခွဲမှူးကျဆုံး
စစ်ကိုင်းတိုင်း ကလေးမြို့နယ် ဟဲလုပ်ရွာအနီး စစ်ကောင်စီတပ်ဖွဲ့၀င်များ၏ကြားဖြတ်တိုက်ခိုက်ခြင်းခံရကာ PDF Kalay တပ်ရင်း ၅ မှ ဒုတပ်ခွဲမှူးကျဆုံးခဲ့ပါတယ်။ ဇွန်လ ၂၄ ရက်နေ့မှာ PDF Kalay တပ်ရင်း ၅ မှ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဟဲလုပ်ရွာအနီး စစ်ကောင်စီတပ်ဖွဲ့၀င်များ၏ကြားဖြတ်တိုက်ခိုက်ခြင်းခံရပြီး ၃ နာရီကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ကျွန်တော်တို့ PDF Kalay တပ်ရင်း-ငါးမှ ဒုတပ်ခွဲမှုတစ်ဦးဖြစ်သည့် မောင်မဲကြီးသည် တိုင်းပြည်နှင့်လူမျိုးအတွက် ရဲ့ရင့်စွာ အသက်ပေးသွားခဲ့ပါတယ်လို့ တပ်ရင်း ၅ ကပြောပါတယ်။ တော်လှန်ရေးကာလအတွင်း အသက်စွန့် တိုက်ပွဲဝင်သွားသော ရဲဘော်အား ကျန်ရှိနေသောရဲဘော်များမှ အာဇာနည်သူ ရဲကောင်းအဖြစ် ဂုဏ်ပြုမှတ်တမ်းတင်အပ်ကြောင်း PDF Kalay ကထုတ်ပြန်ပါတယ်။
========================
📌📌 ၆။ လူသားဒိုင်းပြုလုပ်၍ ဖမ်းဆီးထားသော ပြည်သူအယောက် ၁၀၀ ကျော်ကို ကယ်ထုတ်ပေးနိုင်ခဲ့ကြောင်း Springs Dove ကထုတ်ပြန်
ယမန်နေ့က ညနေ ၆ နာရီ အချိန်မှ စတင်၍ ည ၉ နာရီအချိန်ထိ ၃ နာရီခန့်ကြာအောင် ဝမ်ပေါင်နှင့် မိုးကြိုးပြင်ဟောင်းတွင် မအလ စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ စစ်ကောင်စီ၏ စကစတပ်/ရဲတို့၏နေရာသို့ ကျွန်ုပ်တို့မဟာမိတ်ရဲဘော်များမှ ၆၀မမ (၁၅) ချက်၊ ၁၂၀မမ (၆) ချက်၊ ၂၂၀မမ (၂) ချက် တို့ဖြင့် မုန့်ဟင်းခါးပွဲများကို ကောင်းမွန်စွာ ရှယ်ချက်နိုင်ခဲ့ပါတယ်လို့ဆိုပါတယ်။
ဒါ့အပြင်လူသားဒိုင်းပြုလုပ်၍ ဖမ်းဆီးထားသော ပြည်သူအယောက် ၁၀၀ ကျော်ကိုပါ ကယ်ထုတ်ပေးနိုင်ခဲ့တယ်လို့ဖော်ပြပါတယ်။ စစ်ဆင်ရေးကိုအနောက်မြောက်တိုင်း မဟာမိတ် PDF တပ်ပေါင်းစု၏ တပ်ရင်း (၃)၊ တပ်ခွဲ (၁) မှ Monywa Ranger Group/ Truth၊Armyတပ်ရင်း (၃) ၊ တပ်ခွဲ(၄) မှ Springs Dove တပ်ရင်း (၄) မှ C.D.F & S.R.A တို့ပါဝင်ခဲ့ပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။
========================
အခု ဆက်လက်ပြီး သတင်းနှင့်အတူ လူထုစကားသံ အစီအစဉ်ကဏ္ဍကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
📌📌 ၇။ မန္တလေးမြို့က ပရဟိတအသင်းတချို့ကို စစ်ကောင်စီက ချိတ်ပိတ်ခဲ့ပြီး ပရဟိတလူငယ်တချို့ဖမ်းဆီးခံခဲ့ရတာကြောင့် ကျန်နေသူတွေဟာ စိတ်မလုံခြုံမှုနဲ့ အလုပ်လုပ်နေရပါတယ်။
မန္တလေးမြို့မှာ စစ်အာဏာသိမ်းပြီးချိန်ကနေ လက်ရှိအချိန်အထိ ပရဟိတအသင်းတချို့ဖမ်းဆီးချိတ်ပိတ်ခံခဲ့ရပြီး ပရဟိတလူငယ်တချို့ အဖမ်းခံခဲ့ရတာပါ။ စစ်ကောင်စီက မထင်ရင်မထင်သလိုဖမ်းတာ ပစ်ခတ်ဖောက်ခွဲမှုတွေရှိနေတာတွေကြောင့် ပရဟိတသမားတွေဟာစိတ်မလုံခြုံမှုနဲ့အလုပ်လုပ်နေရတယ်လို့ ချိတ်ပိတ်ခံပရဟိတအသင်းတာဝန်ရှိသူတစ်ဦးကဆိုပါတယ်။
ချိတ်ပိတ်ခံပရဟိတအသင်းတာဝန်ရှိသူတစ်ဦး
မန္တလေးတိုင်းထဲမှာ ပရဟိတအသင်းတွေဟာ လိုအပ်ရင်လိုအပ်သလို တမြို့နယ်နဲ့တမြို့နယ် ဆက်သွယ်သွားလာ အကူအညီပေးနေရတာပါ။ အခုနောက်ပိုင်းမှာ သွားရေးလာရေးလုံးဝအဆင်မပြေတော့ဘူးလို့ ဆိုပါတယ်။ ချိတ်ပိတ်ခံရတာ ဖမ်းဆီးခံရတာတွေရှိနေပေမယ့် ပြည်သူတွေရဲ့လိုအပ်ခချက်အရ ပရဟိတအသင်းတွေဟာ အလုပ်ဆက်လုပ်နေကြရပါတယ်။
ချိတ်ပိတ်ခံပရဟိတအသင်းတာဝန်ရှိသူတစ်ဦး
NLD အစိုးရ လူကယ်ပြန်ဝန်ကြီးဌာနရဲ့မှတ်တမ်းတွေအရ မန္တလေးတိုင်းမှာ ပရဟိတအသင်းစုစုပေါင်း ၆၅ ဖွဲ့အထိရှိခဲ့ပြီး လက်ရှိအချိန်မှာတော့ အသင်းအနည်းငယ်သာ ပုံမှန်အလုပ်လုပ်နိုင်ပါတော့တယ်။ အလှူရှင်တွေနည်းပါးတာ၊ စက်သုံးဆီဈေးအဆမတန်တက်တာ၊ လုံခြုံရေးအာမခံချက်မရှိတာတွေကြောင့် ပရဟိတအသင်းတွေဟာ ရပ်တည်ဖို့ခက်ခဲလာတာဖြစ်ပါတယ်။
ဒီသတင်းကိုတော့ နွေဦးKကပေးပို့တာဖြစ်ပါတယ်။
========================
📌📌 ၈။ ရန်ကုန်မြို့ကို အရေးပေါ်ဆေးကုသဖို့တက်လာတဲ့ လူနာတွေကို အကူအညီပေးနေတဲ့ ပရဟိတအသင်းတွေဟာ နယ်မြေလုံခြုံမှုမရှိတာကြောင့်သွားလာရေးခက်ခဲနေပါတယ်။
ရန်ကုန်မြို့က ပရဟိတအသင်းတချို့ဟာ နယ်မြို့တွေက အရေးပေါ်ဆေးကုမှုခံယူဖို့လိုအပ်တဲ့လူနာတွေကို သွားလာရေးအဆင်ပြေအောင်အကူ အညီပေးနေတာပါ။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တစ်နိုင်ငံလုံးကလမ်းပိုင်းတွေမှာ ပစ်ခတ်ဖောက်ခွဲမှုတွေဆက်တိုက်ဖြစ်ပေါ်နေတာကြောင့် မှားပြီးတိုက်ခိုက်ခံရမှာမျိုးကို ကြောက်နေရတယ်လို့ ပရဟိတအသင်းတာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။
ရန်ကုန်မြို့ခံပရဟိတအသင်းတာဝန်ရှိသူတစ်ဦး
နယ်မြို့တွေက ပရဟိတအသင်းတွေကတော့ အရေးပေါ်သွားလာဖို့လိုအပ်ရင် စစ်ကောင်စီကို သတင်းတင်ပြရသလို တခြားလက်နက်ကိုင်အဖွဲ့အစည်းတွေကိုလည်း ကြိုတင်အသိပေးရတယ်လို့ဆိုပါတယ်။
နယ်မြို့ ပရဟိတအသင်းတာဝန်ရှိသူတစ်ဦး
NLD အစိုးရ လူကယ်ပြန်ဝန်ကြီးဌာနရဲ့မှတ်တမ်းတွေအရ ရန်ကုန်တိုင်းမှာ ပရဟိတအသင်းပေါင်း ၄၃၄ ဖွဲ့ အထိရှိခဲ့ပြီး မြန်မာတစ်နိုင်ငံလုံးမှာ ပရဟိတအသင်း စုစုပေါင်း ၆၉၆ ဖွဲ့အထိရှိခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ရန်ကုန်မြို့က နာရေးကူညီမှုအသင်း - ရန်ကုန်၊ Clean Yangon တို့ အပါအဝင်နာမည်ကျော်ပရဟိတအသင်းတွေဟာ အကြမ်းဖက်ဝင်ရောက်ရှာဖွေ ချိတ်ပိတ်ဖမ်းဆီးတာတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်။
ဒီသတင်းကိုတော့ နွေဦးKကပေးပို့တာဖြစ်ပါတယ်။
No comments:
Post a Comment