၂၀၂၂ ဇွန်လ ၃ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌လက်နက်တပ်ဆင်ရေးအပိုင်း ငွေကိုရေလိုသုံးနေကြောင်း ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြား
📌အကြမ်းဖက်စစ်ကောင်စီဘက်မှ စစ်ရာဇဝတ်မှုများ တိုးမြှင့်ဆောင်ရွက်လျက်ရှိမှုအပေါ် များစွာ စိတ်မကောင်းဖြစ်ရကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်ဆို
📌ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့်ဥရောပသမဂ္ဂ၊ ဥရောပပါလီမန် တာဝန်ရှိသူများ တွေ့ဆုံ
📌စစ်တပ်သည် တရားမျှတမှုကင်းမဲ့သည့် ဖမ်းဆီးခြင်းနှင့် သေဒဏ်ပေးခြင်းတို့ဖြင့် ဥပဒေကို လက်နက်သဖွယ် အသုံးပြုနေကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းတင်ပြ
📌“၂၀၂၂ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ် ဆွေးနွေးပွဲ”ကျင်းပမည်
📌စစ်ကောင်စီအားကိုးတကြီးတွဲဖို့မျှော်ထားတဲ့ လက်တွေကရှောင်ကြပြီလို့ ကိုမင်းကိုနိုင်ဆို
📌ပလက်ဝမြို့နယ်က ရခိုင့်တပ်တော်နဲ့ စစ်ကောင်စီတို့ရဲ့ တိုက်ပွဲအသံတွေကြောင့် ကျောက်တော်မြို့က ဒုက္ခသည်စခန်းတွေဆီကို စစ်ဘေးရှောင်တွေရောက်လာ
📌ကုန်ဈေးနှုန်းအဆမတန်တက်တာ၊ အလုပ်အကိုင်ရှာဖွေလို့မရတာတွေကြောင့် စားဝတ်နေရေးအတွက် အဆိုးဆုံးအခြေအနေရောက်လာတယ်လို့ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်က အိမ်ရှင်မတွေကပြော
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌လက်နက်တပ်ဆင်ရေးအပိုင်း ငွေကိုရေလိုသုံးနေကြောင်း ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြား
အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလနဲ့တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ အခုလိုထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
" ကျနော်တို့က ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှာကြံတပ်ဆင်နေရတာ ဖြစ်ပါတယ်။ လက်နက်ကိစ္စက ငွေလည်း ရေလို သုံးရပါတယ်"လို့ဆိုပါတယ်။
ယနေ့အချိန်အထိ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန အနေဖြင့် တော်လှန်ရေး စတင်ကတည်းက ဘဏ္ဍာရန်ပုံရှာဖွေပေးခဲ့ရာ အမေရိကန် ဒေါ်လာ ၄၂ သန်း အထိရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ထို့အပြင် ကာကွယ်ရေးဝန်ကြီးဌာနမှ သုံးစွဲခွင့်ရတဲ့ ရန်ပုံငွေရဲ့ ၈၅ ရာခိုင်နှုန်းကို လက်နက်တပ်ဆင်နိုင်ရေးအတွင် အသုံးပြုနေတာဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကဆိုထားပါတယ်။
========================
📌📌အကြမ်းဖက်စစ်ကောင်စီဘက်မှ စစ်ရာဇဝတ်မှုများ တိုးမြှင့်ဆောင်ရွက်လျက်ရှိမှုအပေါ် များစွာ စိတ်မကောင်းဖြစ်ရကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်ဆို
အကြမ်းဖက်စစ်ကောင်စီဘက်မှ အထူးဒေသများအပါအဝင် တိုင်းနှင့်ပြည်နယ် အများအပြားတွင် စစ်ရာဇဝတ်မှုများ တိုးမြှင့်ဆောင်ရွက်လျက်ရှိသဖြင့် ပြည်သူများ အတိဒုက္ခရောက်နေရမှုအပေါ် များစွာ စိတ်မကောင်းဖြစ်ရကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကဆိုလိုက်ပါတယ်။
ဇွန်လ ၂ ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ် (၁၄/၂၀၂၂) ကျင်းပရာတွင် ဝန်ကြီးချုပ်ကထည့်သွင်းပြောကြားခဲ့ပါတယ်။
" သက်ဆိုင်သည့် ဝန်ကြီးဌာနများအနေဖြင့် လူသားချင်းစာနာကူညီရေး အထောက်အပံ့များ တိုးမြှင့်ပေးအပ်နိုင်ရေးအတွက် အစွမ်းကုန် ကြိုးစားအားထုတ် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အထူးဒေသတွင် ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုများနှင့်စပ်လျဉ်း၍ ကာကွယ်ရေး၊ လုံခြုံရေး၊ အုပ်ချုပ်ရေးလုပ်ငန်းစဉ်များ သဟဇာတ ဖြစ်စေရန် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့မှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း"ပြောကြားခဲ့ပါတယ်။
========================
📌📌ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် ဥရောပသမဂ္ဂ၊ ဥရောပပါလီမန် တာဝန်ရှိသူများ တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် ဥရောပသမဂ္ဂ၊ ဥရောပပါလီမန် တာဝန်ရှိသူများ တွေ့ဆုံခဲ့တယ်လို့သတင်းရရှိပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးသည် ၂၀၂၂ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့တွင် ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲလ်မြို့တော်၌ ဥရောပသမဂ္ဂ၊ ဥရောပပါလီမန်၏ ဒုတိယဥက္ကဌ၊ ဥရောပပါလီမန်အဖွဲ့ဝင်၊ ဥရောပပါလီမန်၏ Parliamentary Relations with ASEAN & South East Asia ညွှန်ကြားရေးမှူးတို့နှင့် တွေ့ဆုံခဲ့ပါတယ်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက မြန်မာနိုင်ငံ၏ အခြေအနေအရပ်ရပ်ကို ဆွေးနွေးပြောကြားခဲ့ပါတယ်။
========================
📌📌စစ်တပ်သည် တရားမျှတမှုကင်းမဲ့သည့် ဖမ်းဆီးခြင်းနှင့် သေဒဏ်ပေးခြင်းတို့ဖြင့် ဥပဒေကို လက်နက်သဖွယ် အသုံးပြုနေကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းတင်ပြ
ဇွန်လ ၂ ရက်နေ့တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ နိုင်ငံတကာဥပဒေ ဆိုးဝါးစွာ ချိုးဖောက်မှုအတွက် တာဝန်ခံမှုရှိစေရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ တံခါးဖွင့်အစည်းအဝေးပွဲတွင် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ယခုလိုတင်ပြပြောဆိုခဲ့ပါတယ်။
"စစ်တပ်သည်ပြည်သူ (၁,၈၈၀) ဦးကျော်ကို သတ်ဖြတ်ခဲ့သည့်အပြင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ပြစ်မှုကို အကြိမ်ကြိမ်အခါခါ ကျူးလွန်နေကြောင်း၊ စစ်တပ်၏ တရားမျှတမှုမရှိသည့် တိုက်ခိုက်မှုများ ကြောင့် ပြည်သူ (၆၀၀,၀၀၀) ကျော်သည် နေရပ်စွန့်ခွာခဲ့ရပြီး၊ ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေသည် ယခုအခါ စုစုပေါင်း တစ်သန်းကျော် ရှိနေပြီဖြစ်ကြောင်း၊ စစ်တပ်သည် အယူခံခွင့်မရှိသည့် တရားမျှတမှုကင်းမဲ့သည့် ဖမ်းဆီးခြင်းနှင့် သေဒဏ်ပေးခြင်းတို့ဖြင့် ဥပဒေကို လက်နက်သဖွယ် အသုံးပြုနေကြောင်း"ဆိုခဲ့ပါတယ်။
========================
📌📌“၂၀၂၂ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ် ဆွေးနွေးပွဲ”ကျင်းပမည်
၂၀၂၂ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် ကျရောက်မည့် “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ်အဖြစ် “တစ်ခုတည်းသောမြေကမ္ဘာ သက်ရှိလောကသဘာဝ ညီညွတ်မျှတ လူမှုဘဝ အာဏာရှင် စနစ်က ရုန်းထွက်ကြ” ခေါင်းစဥ်ဖြင့် အွန်လိုင်းဆွေးနွေးပွဲတစ်ရပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဗဟိုသစ်တောဌာနတို့မှ ပူးပေါင်း၍ ၂၀၂၂ ခုနှစ်၊ ဇွန်လ (၅) ရက် (တနင်္ဂနွေနေ့)၊ မြန်မာစံတော်ချိန် ည (၇:၀၀) နာရီတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။
ဆွေးနွေးပွဲတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင် Dr. Tu Hkawng နှင့် ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ဗဟိုသစ်တောဌာန တာဝန်ခံ ပဒိုမန်းဘထွန်းတို့မှ ဆွေးနွေးပြောကြားမည်ဖြစ်ပြီး တော်လှန်ရေးတွင် စဥ်ဆက်မပြတ် ပါဝင်နေသူ သရုပ်ဆောင် မြနှင်းရည်လွင် Mya Hnin Yee Lwin က moderator အဖြစ် ပါဝင်အားဖြည့်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ဆွေးနွေးပွဲကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန Ministry of Natural Resources and Environmental Conservation - NUG၊ Kawthoolei Forestry Department၊ Public Voice Television ၊ Radio NUG ၊ D-Day Channel ၊ စသည်တို့တွင် ထုတ်လွှင့်သွားမည် ဖြစ်ပါသည်။
========================
📌📌စစ်ကောင်စီအားကိုးတကြီးတွဲဖို့မျှော်ထားတဲ့ လက်တွေကရှောင်ကြပြီလို့ ကိုမင်းကိုနိုင်ဆို
ဇွန်လ ၂ ရက်နေ့မှာ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ၄င်းလူမှုကွန်ရက်မှာရေးသားပြောကြားခဲ့ပါတယ်။
"စစ်ကောင်စီအတွက်စစ်ရေးသံတမန်ရေးအကျပ်အတည်းတွေ။တပ်ထဲကမကြေမနပ်မှုတွေကိုမပြောသေးပါဘူး။အနှစ်သုံးဆယ်ကျော်တပ်စွဲထားတဲ့သေဘောဘိုးလိုစခန်းမျိုးကိုရှုံးပြီးထွက်ပြေးရတာတွေမပါသေးဘူး။အရပ်ရှစ်မျက်နှာပါတ်ပြေးပြီးစစ်ဆင်ရေးတွေရင်ဆိုင်နေရတာမပါသေးဘူး။တော်လှန်ရေးနဲ့ပြည်သူတွေကတော့
အောင်စိတ်အယိုင်မခံ၊ရရာနည်းနဲ့ တော်လှန်ရမယ့်အချိန်ကိုက်။စစ်ကောင်စီအားကိုးတကြီးတွဲဖို့မျှော်ထားတဲ့ လက်တွေကရှောင်ကြပြီ"လို့ ၄င်းကဆိုပါတယ်။
အခုတင်ပြပေးခဲ့တဲ့သတင်းတွေကိုတော့ Radio NUGသတင်းထောက် မင်းမင်းက ပေးပို့ထားခဲ့တာဖြစ်ပါတယ်။
========================
အခု ဆက်လက်ပြီးသတင်းနှင့်အတူ လူထုစကားသံ အစီအစဉ်ကဏ္ဍကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
📌📌ပလက်ဝမြို့နယ်က ရခိုင့်တပ်တော်နဲ့ စစ်ကောင်စီတို့ရဲ့ တိုက်ပွဲအသံတွေကြောင့် ကျောက်တော်မြို့က ဒုက္ခသည်စခန်းတွေဆီကို စစ်ဘေးရှောင်တွေရောက်လာတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်စပ်၊ ချင်းပြည်နယ်၊ ပလက်ဝမြို့မှာ ရခိုင့်တပ်တော် AA နဲ့စစ်ကောင်စီတို့ မေလ ၂၆ ရက်နေ့မှာ တိုက်ပွဲစခေါ်လာတာကြောင့် ရခိုင် ပြည်နယ်၊ ကျောက်တော်မြို့က ဒုက္ခသည်စခန်းတွေဆီကို ပလက်ဝနယ်ကစစ်ဘေးရှောင်တွေရောက်လာတယ်လို့ ကျောက်တော်မြို့နယ်၊ တင်းမဆရာတော် ဦးဝါယမိန္ဒ ကမိန့်ပါတယ်။
တင်းမဆရာတော် ဦးဝါယမိန္ဒ
၂၀၂၀ မတ်လတုန်းကဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် အိမ်ခြေတစ်ထောင်ကျော်၊ ရွာလုံးကျွတ်နီးပါးမီးရှို့ခံခဲ့ရတဲ့ တင်းမရွာသားတွေဟာ ကျောက်တော်မြို့ပေါ်က စစ်ဘေးဒုက္ခသည်စခန်းတွေနဲ့ နီးစပ်ရာစစ်ဘေးဒုက္ခသည်စခန်းတွေကို ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်ခဲ့ရတာပါ။ အဲ့ဒီတုန်းက အစိုးရ၊ အလှူရှင်တွေနဲ့ WFP တို့ဆီက အကူအညီတစ်ချို့ရခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ အလှူရှင်မရှိသလောက်ဖြစ်နေပြီလို့ကျောက်တော်မြို့နယ်စစ်ရှောင်စခန်းတာဝန်ရှိသူ ဦးတင်လှိုင်က ပြောပါတယ်။
ကျောက်တော်မြို့နယ်စစ်ရှောင်စခန်းတာဝန်ရှိသူ ဦးတင်လှိုင်
ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC က ၂၀၂၁ခုနှစ်အတွင်းမှာ ထုတ်ပြန်ခဲ့တဲ့ စာရင်းတွေအရ ရခိုင်ပြည်နယ်စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေတဲ့စစ်ဘေးသင့်ပြည်သူ ၇ သောင်းကျော်ရှိခဲ့ပြီး စခန်းပြင်ပနီးစပ်ရာဆွေမျိုးတွေဆီမှာခိုလှုံနေကြတဲ့ ပြည်သူ ၅ သောင်းကျော်၊ စုစုပေါင်း စစ်ရှောင် ၁ သိန်း ၂ သောင်းကျော်ရှိခဲ့ပါတယ်။
ဒီသတင်းကိုနွေဦးKကပေးပို့တာဖြစ်ပါတယ်။
========================
📌📌ကုန်ဈေးနှုန်းအဆမတန်တက်တာ၊ အလုပ်အကိုင်ရှာဖွေလို့မရတာတွေကြောင့် စားဝတ်နေရေးအတွက် အဆိုးဆုံးအခြေအနေရောက်လာတယ်လို့ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်က အိမ်ရှင်မတွေကပြောပါတယ်။
ဆန်ဈေး၊ ဆီဈေးတွေ နှစ်ဆနီးပါးမက ဈေးတက်နေတာ၊ အလုပ်အကိုင်ရှာဖွေလို့မရတာ၊ လုံခြုံရေးအာမခံချက်မရှိတာဘဲ စိုးရိမ်ထိတ်လန့်နေရတာတွေကြောင့် ပြည်သူတွေဟာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်တဲ့အခြေအနေကိုရောက်လာတယ်လို့ ရွှေပြည်သာမြို့နယ်မှာနေထိုင်တဲ့ အိမ်ရှင်မတစ်ယောက်ကပြောပါတယ်။
ရွှေပြည်သာမြိုနယ်၊ ဈေးသည်တစ်ဦး
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာ အခြေခံလူတန်းစားအများစုနေထိုင်တာဖြစ်ပြီး တစ်နေ့စာတစ်နေ့အတွက်ကို အရင်ကတည်းက ရုန်းကန်ရှာဖွေရသူတွေဖြစ်ပါတယ်။ တစ်နေ့ထက်တစ်နေ့ကြပ်တည်းလာတာကြောင့် ခေတ်ဆိုးခေတ်ပျက်ထဲကနေ အမြန်ဆုံးလွတ်မြောက်ချင်နေပြီး အရင်လိုအခြေအနေမျိုးကိုပြန်ဖြစ်စေချင်တယ်လို့ စက်ရုံအလုပ် လုပ်ခဲ့ဖူးတဲ့ အိမ်ရှင်မတစ်ယောက်ကပြောပါတယ်။
ရွှေပြည်သာမြို့နယ်၊ အိမ်ရှင်မတစ်ဦး
ရန်ကုန်မြို့မှာဖြစ်ပွားနေတဲ့ ပေါက်ကွဲပစ်ခတ်မှုတွေ၊ လုယက်မှုတွေ၊ ခြိမ်းခြောက်မှုတွေကြောင့် ပြည်သူတွေဟာ စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုကို အဆိုးဆုံးခံစားနေရတာပါ။ စစ်ကောင်စီကတော့ ပြည်သူတွေရဲ့အခက်အခဲကို ကူညီဖြေရှင်းပေးဖို့ကြိုးစားတာမျိုးမရှိဘဲ သူတို့အာဏာတည်မြဲရေးအတွက်ပြည်သူတွေကို ခြိမ်းခြောက်တာတွေဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။
ဒီသတင်းကိုနွေဦးKကပေးပို့တာဖြစ်ပါတယ်။
No comments:
Post a Comment