၂၀၂၂ ဇူလိုင်လ ၁ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ စစ်ကောင်စီအဖို့ စစ်ရေး၊ အုပ်ချုပ်ရေး၊ သံတမန်ရေးကိစ္စရပ်များတွင် ကျဆုံးမှုများစွာတွေ့ကြုံနေပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆို
📌 ၂။ NUG Pay အကောင့်ဖွင့်ထားသူများ ဥကရစ်ထတိုက်ပွဲအတွက် ထောက်ပံ့ပေးပို့နိုင်
📌 ၃။ မြင်းမူမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် NUG ရဲ့ ပြည်သူ့ပညာရေးသင်ကြားနေမှုအား GTR MMU မြင်းမူအဖွဲ့က ကူညီဆောင်ရွက်ပေးခဲ့
📌 ၄။ လေ့ကေ့ကော်ဒေသရှိ တောင်ကုန်းတစ်ခုပေါ်သို့အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ရာ ကော်ပရာစစ်ကြောင်းနဲ့ နှစ်ကြိမ်တိုင်တိုင် တိုက်ပွဲဖြစ်၍ စကစတပ်ဖွဲ့ဝင် နှစ်ဦးသေ၊ ခုနစ်ဦးဒဏ်ရာရ
📌 ၅။ (၆၀မမ/၈၁) တာဝေးပစ်လက်နက်နှစ်မျိုးကို ကိုယ်ပိုင် ထုတ်လုပ်ပြီး၊တိုက်ပွဲဝင်ပြီးကြောင်း ပြည်သူ့ကာကွယ်ရေး အဖွဲ့ - နေပြည်တော်ထုတ်ပြန်
📌 ၆။ ဖယ်ခုံမြို့နယ် လွယ်မကူးရွာတောင် နှင့်လွယ်ဟယ်ရွာတို့တွင်တပ်စွဲထားသော စကစတပ်များကိုအလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေး Sniper အဖွဲ့နဲ့ ပူးပေါင်းအဖွဲ့က တိုက်ခိုက်ရာ စကစတပ်က ခုနစ်ဦးသေဆုံး
📌 ၇။ ၁၄/အင်းလျားမှ အစုရှယ်ယာ ၁၀၀ နဲ့ အထက် ဝယ်ယူသူများကို EOD Team အဖွဲ့မှ “ဂုဏ်ပြုမှတ်တမ်းလွှာ” ပေးပို့သွားမည်
📌 ၈။ ဆိပ်ဖြူ ဘာမထီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အကြမ်းဖက် စစ်တပ်ထုတ်ကုန် အရက်ဘီယာများကို သယ်ဆောင်လာသောကားအားတက်ကြိတ်ဖျက်ဆီးခိုင်း
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ စစ်ကောင်စီအဖို့ စစ်ရေး၊ အုပ်ချုပ်ရေး၊ သံတမန်ရေးကိစ္စရပ်များတွင် ကျဆုံးမှုများစွာတွေ့ကြုံနေပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆို
ဇွန်လ ၃၀ ရက် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးအမှတ်စဉ် (၁၈/၂၀၂၂) မှာ စစ်ကောင်စီအဖို့ စစ်ရေး၊အုပ်ချုပ်ရေး၊သံတမန်ရေးကိစ္စရပ်များတွင် ကျဆုံးမှုများစွာတွေ့ကြုံနေပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကပြောပါတယ်။
"တော်လှန်ရေးအရှိန်မှာ ပိုမိုအားကောင်းလာသည့်အတွက် စစ်ကောင်စီအဖို့ စစ်ရေး၊အုပ်ချုပ်ရေး၊သံတမန်ရေးကိစ္စရပ်များတွင် ကျဆုံးမှုများစွာတွေ့ကြုံလျက်ရှိပါကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ ဌာနအချင်းချင်းအကြား တွေ့ဆုံညှိနှိုင်းမှုများပိုမိုဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း"ဝန်ကြီးချုပ်ကဆိုပါတယ်။
၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့မှာ ပြည်သူ့ခုခံတွန်းလှန်စစ်များစတင်ရန် အမျိုးသားညီညွတ်ရေးအစိုးရကကြေညာခဲ့ပါတယ်။ လက်ရှိမှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေးမြေပြင်သပိတ်များကိုလည်း လူထုက နေ့စဥ်ဆင်နွှဲလျက်ရှိပါတယ်။
========================
📌📌 ၂။ NUG Pay အကောင့်ဖွင့်ထားသူများ ဥကရစ်ထတိုက်ပွဲအတွက် ထောက်ပံ့ပေးပို့နိုင်
NUG Pay အကောင့်ဖွင့်ထားသူများ ဥကရစ်ထတိုက်ပွဲအတွက် ထောက်ပံ့ပေးပို့နိုင်တယ်လို့ ဇွန်လ ၃၀ ရက် လူမှုကွန်ရက်စာမျက်နှာမှာ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန ဒုဝန်ကြီးမင်းဇေယျာဦးကရေးသားပြောကြားခဲ့ပါတယ်။
"ဥကရစ်ထ အောင်ပွဲရယူနိုင်ဖို့ ၄၈နာရီအတွင်း နတ်ပေး စမ်းသပ်ရင်း ထောက်ပံ့ကြစို့"လို့ ဒုဝန်ကြီးကဆိုပါတယ်။ NUGPay Account ဖွင့်ပြီးသူများ စမ်းသပ်ငွေလွှဲရင်း ဥကရစ်ထ အောင်ပွဲအတွက် ထောက်ပို့နိုင်တယ်လို့လည်း NUG Pay ကဖော်ပြပါတယ်။ ကရင်ပြည်နယ်ဝေါလေရှိ ဥကရစ်ထတိုက်ပွဲဟာ ရက်များစွာကြာမြင့်လာခဲ့ပြီး စကစတပ်ဘက်က အကျအဆုံးများပြားလျက်ရှိပါတယ်။
========================
📌📌 ၃။ မြင်းမူမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် NUG ရဲ့ ပြည်သူ့ပညာရေးသင်ကြားနေမှုအား GTR MMU မြင်းမူအဖွဲ့က ကူညီဆောင်ရွက်ပေးခဲ့
ဇူလိုင် ၁ ရက်နေ့မှာ GTR MMU မြင်းမူအဖွဲ့ကအခုလိုထုတ်ပြန်ခဲ့ပါတယ်။
"မြင်းမူမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာမှ NUG ပညာရေးသင်ကြားနေခြင်းအား ကျွန်တော်တို့ GTR MMU နှင့် MMDF တို့မှ ဝင်ရောက်အားဖြည့် ကူညီလှူဒါန်းခဲ့ကြပါတယ်"လို့ဖော်ပြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ကာ ပြည်သူ့ပညာရေးဖော်ဆောင်နေသော Online ကျောင်း စုစုပေါင်း (၅၁) ကျောင်းရှိပြီး ၊ မြေပြင် သင်ကြားရေးအနေဖြင့်လဲ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရှမ်း စသည့်ဒေသများတွင် ပြည်သူ့အခြေပြု စာသင်ကျောင်းများ ဖွင့်လှစ် သင်ကြားလျက်ရှိပါတယ်။
========================
📌📌 ၄။ လေ့ကေ့ကော်ဒေသရှိ တောင်ကုန်းတစ်ခုပေါ်သို့အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ရာ ကော်ပရာစစ်ကြောင်းနဲ့ နှစ်ကြိမ်တိုင်တိုင် တိုက်ပွဲဖြစ်၍ စကစတပ်ဖွဲ့ဝင် နှစ်ဦးသေ၊ ခုနစ်ဦးဒဏ်ရာရ
ဇူလိုင် ၁ ရက်နေ့မှာ စစ်ရေးသတင်းကိုကော်ပရာစစ်ကြောင်းကအခုလိုဖော်ပြထားပါတယ်။ ကရင့်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ တပ်မဟာ (၆)၊ လေ့ကေ့ကော်ဒေသရှိ တောင်ကုန်းတစ်ခုပေါ်သို့ (၂၀၂၂ )ခုနှစ် ဇွန်လ (၂၉) ရက်နေ့ ညနေ (၆) နာရီ ခွဲခန့် အချိန်တွင် အကြမ်းဖက်စစ်ကောင်စီမှ စစ်ကြောင်းတစ်ခုသည် ၄၀မမ၊ ၈၁ မမ၊ ၁၂၀ မမ စသည့် လက်နက်ကြီး ပစ်ကူများဖြင့် ကျူးကျော်ရန် ကြိုးစားခဲ့ပါတယ်။
လုံခြုံရေး တာဝန်ထမ်းဆောင်နေသော ကော်ဘရာစစ်သည်တော်များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့များ ည (၁၀) နာရီ ခွဲခန့်အချိန်တွင် ဆုတ်ခွာ ထွက်ပြေးခဲ့ရတယ်လို့ဆိုပါတယ်။ ည (၁၁) နာရီ ခန့်တွင် ပြန်လည်စုဖွဲ့ပြီး ထပ်မံကျူးကျော်လာခဲ့ရာ ကော်ဘရာစစ်သည်များနှင့် ထပ်မံထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထပ်မံ ဆုတ်ခွာ ထွက်ပြေးကြရပါတယ်။
ထို့နောက် ည (၁း၀၀) အချိန်တွင် (၁၂၀) မမ လက်နက်ကြီးဖြင့် ရွှေညောင်ပင် ကြက်ကင်ကုန်းမှ ထပ်မံ ပစ်ခတ်ခဲ့ရာ ကော်ဘရာစစ်သည်တော် (၁) ဦး ပြည်သူ့လွတ်မြောက်ရေးအတွက် အသက်ပေးလှူခဲ့ရပြီး စစ်သည် (၂) ဦး (မစိုးရိမ်ရ) ဒဏ်ရာ ရရှိခဲ့ကာအကြမ်းဖက်စစ်ကောင်စီဘက်မှ (၂)ဦးသေဆုံး ၊(၇)ဦး ဒဏ်ရာရရှိခဲ့ကြောင်း စီစစ်သိရှိရပါတယ်။ ထို့နောက် ကော်ဘရာစစ်သည်တော် များမှ နယ်မြေရှင်းလင်းရေး ဆက်လက်ဆောင်ရွက်ခဲ့ရာ (၆၀) မမ ဗုံးသီး (၄)လုံး၊ (၄၀) မမ ဗုံးသီး တစ်လုံး၊ RPG ဗုံးသီးနှင့် ယမ်းတောင့် (၁) ခု သိမ်းဆည်းရမိခဲ့တယ်လို့ဖော်ပြပါတယ်။
========================
📌📌 ၅။ (၆၀မမ/၈၁) တာဝေးပစ်လက်နက်နှစ်မျိုးကို ကိုယ်ပိုင် ထုတ်လုပ်ပြီး၊တိုက်ပွဲဝင်ပြီးကြောင်း ပြည်သူ့ကာကွယ်ရေး အဖွဲ့ - နေပြည်တော်ထုတ်ပြန်
(၆၀မမ/၈၁) တာဝေးပစ်လက်နက်နှစ်မျိုးကို ကိုယ်ပိုင် ထုတ်လုပ်ပြီး ရှေ့တန်းစစ်မြေပြင်မှာ သုံးကြိမ် တိုက်ပွဲဝင်ပြီးကြောင်း ပြည်သူ့ကာကွယ်ရေး အဖွဲ့ - နေပြည်တော်ကထုတ်ပြန်ပါတယ်။
"ရန်သူဘက်က လက်နက်ကြီး၊ လက်နက်ငယ်အပြည့်အစုံနဲ့ အားပြနေချိန်မှာ ကျွန်တော်တို့ရဲ့ တာဝေးပစ်လက်နက်ဟာ ရန်သူကို ကောင်းစွာ ခြိမ်းခြောက်တုန့်ပြန်နိုင်ခဲ့ပါတယ်"လို့ဖော်ပြပါတယ်။
စတင်စမ်းသပ်ခဲ့စဉ်တုန်းက (၁) ငွေကြေး၊ (၂)အချိန်၊ (၃) ထိခိုက်ဒဏ်ရာ စတာတွေကို ရင်ဆိုင်ဖြတ်ကျော်ခဲ့ကြရတယ်လို့ ပြည်သူ့ကာကွယ်ရေး အဖွဲ့ - နေပြည်တော်ကဆိုပါတယ်။
"အခုအချိန်မှာတော့ တော်လှန်ရေးအင်အားစုများကို နည်းပညာမျှဝေပေးဖို့ စတင်ဆောင်ရွက်နေပါပြီ။ကိုယ်ပိုင်လက်နက်ထုတ်လုပ်ရုံနဲ့ နည်းပညာမျှဝေရာ နေရာလေးတခုကို စတင်အကောင်အထည်ဖော်နေပါတယ် လို့ နေပြည်တော်ပကဖက ထပ်လောင်းပြောပါတယ်။
========================
📌📌 ၆။ ဖယ်ခုံမြို့နယ် လွယ်မကူးရွာတောင် နှင့်လွယ်ဟယ်ရွာတို့တွင်တပ်စွဲထားသော စကစတပ်များကိုအလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေး Sniper အဖွဲ့နဲ့ ပူးပေါင်းအဖွဲ့က တိုက်ခိုက်ရာ စကစတပ်က ခုနစ်ဦးသေဆုံး
ဖယ်ခုံမြို့နယ် လွယ်မကူးရွာတောင် နှင့်လွယ်ဟယ်ရွာတို့တွင်တပ်စွဲထားသော စကစတပ်များကိုအလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေး Sniper အဖွဲ့နဲ့ ပူးပေါင်းအဖွဲ့ကတိုက်ခိုက်ရာ စကစတပ်က ခုနစ်ဦးသေဆုံးခဲ့ပါတယ်။ ဇူလိုင် ၁ ရက်နေ့မှာ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့ကဖော်ပြပါတယ်။
"ဖယ်ခုံမြို့နယ် လွယ်မကူးရွာတောင် နှင့်လွယ်ဟယ်ရွာတို့တွင်တပ်စွဲထားသော ရန်သူများအား အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ေရး Sniper အဖွဲ့နှင့် Fighter အဖွဲ့တို့မှပူးပေါင်းတိုက်ခိုက်ခဲ့ရာ ရန်သူစကစတပ် ( ၇ ) ဦးအား သုတ်သင်ရှင်းလင်းခဲ့ပါတယ်"လို့ဆိုပါတယ်။
ဇွန်လ၂၉ ရက်နေ့ကလည်းဖယ်ခုံမြို့နယ် ၊ လွယ်ဟယ်ရွာတွင် တပ်စွဲထားသောရန်သူအား အထူးစစ်ဆင်းရေး Sniper အဖွဲ့နှင့် Fighter အဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စကစတပ်မှ ငါးဦးသေဆုံးခဲ့ပါတယ်။
========================
📌📌 ၇။ ၁၄/အင်းလျားမှ အစုရှယ်ယာ ၁၀၀ နဲ့ အထက် ဝယ်ယူသူများကို EOD Team အဖွဲ့မှ “ဂုဏ်ပြုမှတ်တမ်းလွှာ” ပေးပို့သွားမည်
အာဏာရှင် အဆုံးသတ် နိဂုံး (End of Dictatorship) ရဲ့ ပထမဆုံး ပရောဂျက် “၁၄ /အင်းလျား” ကို စခဲ့တဲ့တာ ၂ လ ပြည့်ခါနီးပြီဖြစ်ပါတယ်။ လက်ရှိမှာ ၁၄ အင်းလျားရဲ့အစုရှယ်ယာ ၈၀% ဒေါ်လာ (၈) သန်း ဖိုးနီးပါးရောင်ချထားရပြီးဖြစ်ပါတယ်။
"EOD ရှယ်ယာ ၁ စုကနေ အများဆုံး အနေနဲ့ ၂၁၇၄ စု ထိ ဝယ်ယူသူ အားလုံးကို EOD Team မှ လေးစားဦးညွှတ်ပါတယ်။ တော်လှန်ရေးမှာ ဘဏ္ဍာငွေ လိုပါတယ်။ တိုက်ပွဲကြီးတွေ ဆင်နွှဲဖို့ အနိုင်ယူဖို့အတွက် ဘဏ္ဍာငွေဟာ အရေးကြီးတဲ့ အထောက်အပံ့ပါ။ အစုရှယ်ယာ ၁၀၀ နဲ့ အထက် ဝယ်ယူသူများကို EOD Team က အမှတ်တရတစ်ခု အနေနဲ့ “ဂုဏ်ပြုမှတ်တမ်းလွှာ” ပေးပို့သွားမှာဖြစ်ပါတယ်"လို့ EOD ကဖော်ပြပါတယ်။
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်မတရားသဖြင့် ရယူထားသော နိုင်ငံတော်ပိုင် ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အင်းလျားလမ်း၊ ခြံအမှတ် (၁၄) ရှိ မြေနှင့်အဆောက်အအုံအားကာလပေါက်ဈေးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော်တန်ကြေးရှိသော်လည်းဒေါ်လာ ၁၀ သန်း တန်ကြေးသတ်မှတ်၍ တစ်စုလျှင် ဒေါ်လာ ၁၀၀ နဲ့ရောင်းချပေးခဲ့တာဖြစ်ပါတယ်။
========================
📌📌 ၈။ ဆိပ်ဖြူ ဘာမထီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အကြမ်းဖက် စစ်တပ်ထုတ်ကုန် အရက်ဘီယာများကို သယ်ဆောင်လာသောကားအားတက်ကြိတ်ဖျက်ဆီးခိုင်း
ဆိပ်ဖြူ ဘာမထီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အကြမ်းဖက် စစ်တပ်ထုတ်ကုန် အရက်ဘီယာများကို သယ်ဆောင်လာသောကားအား တက်ကြိတ်ဖျက်ဆီးခိုင်းခဲ့ပါတယ်။ ဇူလိုင် ၁ ရက်နေ့မှာ ဆိပ်ဖြူ ဘာမထီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
"ဆိပ်ဖြူ ဘာမထီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဒုတိယအကြိမ် အရက်ဘီယာသယ်ဆောင်လာသော ကားအား ၎င်းကားဖြင့်ပင် အရက်ဘီယာများအား ဖျက်စီးခိုင်းခဲ့ပါတယ်"လို့ဖော်ပြပါတယ်။
စစ်တပ်ထုတ်နှင့် စစ်တပ်အား အခွန်ဆောင်ရသော အရက်ဘီယာမှန်သမျှ သယ်ဆောင်ခြင်းမပြုရန် တားမြစ်ထားသော်လည်း မလိုက်နာသည့်အတွက် ဖျက်ဆီးခိုင်းတာဖြစ်တယ်လို့ ဆိပ်ဖြူ ဘာမထီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment