၂၀၂၂ ဇူလိုင်လ ၂၄ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ တသက်လုံးအာဏာရှင်အောက်မှာနေရမှာထက် လေကိုလွတ်လွတ်လပ်လပ် တစ်ရက်ရှူရတာကိုပိုတန်ဖိုးထားတယ်လို့ပြည်ထောင်စုဝန်ကြီး နော်ဆူစန်နာလှလှစိုးဆို
📌 ၂။ အမျိုးသားညီညွတ်ရေး အစိုးရဟာ ICJ သို့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက် တိုးမြှင့်ကမ်းလှမ်း သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်
📌 ၃။ ICJ တရားရုံးတွင် အမျိုးသားညီညွတ်ရေးအစိုးရသာတရားဝင်ပါဝင်ခွင့်ရပါက အမှန်တရားနဲ့ပိုမိုနီးစပ်မယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးပြောကြားလိုက်
📌 ၄။ မေလအတွင်းက မုန်တိုင်ပင်ကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုဖြစ်စဥ်အပြည့်အစုံကိုနိုင်ငံတကာခုံရုံးမှာ ဖြစ်ဖြစ် အမှုတင်သွင်းတဲ့အခါမှာ ထိရောက်ဖို့ ပြင်ဆင်ထားတယ်လို့ NUG အစိုးရ အသိပေး
📌 ၅။ ယင်းမာပင်မြို့နယ်မှာ NUG ပညာရေး၀န်ကြီးဌာနရဲ့ လမ်းညွှန်မှုနဲ့ မိုးရာသီကျောင်းတွင်း အားကစားပြိုင်ပွဲများကျင်းပ
📌 ၆။ CNG မရ၍ ခရီးသည်တင်ကားအများစုရန်ကုန်မြို့တွင်းပြေးဆွဲခြင်း မရှိတော့သလို ခရီးသည်များလည်းမှတ်တိုင်တွင် အခက်တွေ့
📌 ၇။ ချင်းတွင်းမြစ်ကြောင်း အစုန်၊ အဆန်လမ်းကြောင်းအားလုံး ရက်အကန့်အသတ်မရှိပိတ်ထားလိုက်ပြီလို့ နဂါးညီနောင်တပ်ဖွဲ့ (DBTF) ကြေညာ
📌 ၈။ လွတ်မြောက်နယ်မြေ တစ်နေရာရှိ တောတွင်းတွင် နေထိုင်သော စစ်ဘေးရှောင်မိသားစုတချို့ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ပိုင်းတိုင်းစစ်ဒေသရှိ ကျားသစ်နက်စစ်ကြောင်းမှအထောက်အပံ့များပေးအပ်
📌 ၉။ မေလ (၂) ရက်မှ ဇူလိုင်လ (၁၃) ရက်နေ့အတွင်း စစ်ကောင်စီတပ်ဖွဲ့များကအရာတော်မြို့နယ်အတွင်း ကျေူရွာပေါင်း ၈ ရွာမှ အိမ်ခြေရှစ်ရာကျော် မီးရှို့ဖျက်ဆီးသွားခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ တသက်လုံးအာဏာရှင်အောက်မှာနေရမှာထက် လေကိုလွတ်လွတ်လပ်လပ် တစ်ရက်ရှူရတာကိုပိုတန်ဖိုးထားတယ်လို့ပြည်ထောင်စုဝန်ကြီး နော်ဆူစန်နာလှလှစိုးဆို
တသက်လုံးအာဏာရှင်အောက်မှာနေရမှာထက် လေကိုလွတ်လွတ်လပ်လပ် တရက်ရှူရတာကိုပိုတန်ဖိုးထားတယ်လို့ပြည်ထောင်စုဝန်ကြီး နော်ဆူစန်နာလှလှစိုးကပြောပါတယ်။ ဇူလိုင် ၂၃ ရက် လူမှုကွန်ရက်မှာ ပြည်ထောင်စုဝန်ကြီး နော်ဆူစန်နာ လှလှစိုးကရေးသားပြောပါတယ်။
"အလုပ်အားတဲ့အချိန် တောထဲဟင်းသီးဟင်းရွက်လေးဘာလေးခူးပေါ့။ ဒီနားမှာက စိုက်ခင်းလေးတွေရှိတယ်။သဘာ၀အတိုင်းပေါက်နေတဲ့သီးပင်စားပင်လေးတွေလည်းရှိတယ်။ ဝမ်းနည်းစရာ စိတ်ဓါတ်ကျစရာအကြောင်းတစက်မှမရှိ။ တသက်လုံးအာဏာရှင်အောက်မှာနေရမှာထက် လေကိုလွတ်လွတ်လပ်လပ် တရက်ရှူရတာကိုပိုတန်ဖိုးထားတယ်။မြန်မာပြည်သူတွေ အမြန်ဆုံးလွတ် မြောက်ဖို့ပိုကြိုးစားမယ်"လို့ဝန်ကြီးကဆိုပါတယ်။ ပြည်ထောင်စုဝန်ကြီး နော်ဆူစန်နာ လှလှစိုးဟာ ပြည်တွင်းမှာ စစ်ဘေးရှောင်ပြည်သူများကို ကိုယ်ထိလက်ရောက် သွားရောက်ကူညီမှုများရှိသလို လူငယ်နဲ့အမျိုးရေးရာများမှာလည်း တက်တက်ကြွကြွပူးပေါင်းပါဝင်လျက်ရှိပါတယ်။
========================
📌📌 ၂။ အမျိုးသားညီညွတ်ရေး အစိုးရဟာ ICJ သို့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက် တိုးမြှင့်ကမ်းလှမ်း သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်
အမျိုးသားညီညွတ်ရေး အစိုးရဟာ ICJ သို့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက် တိုးမြှင့်ကမ်းလှမ်း သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်လိုက်ပါတယ်။ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေး သဘောတူစာချုပ် လိုက်နာ ကျင့်သုံးခြင်း (ဂမ်ဘီယာနိုင်ငံနှင့် မြန်မာ နိုင်ငံ) နှင့်စပ်လျဉ်း၍ အမှုတွင် ကနဦးကန့်ကွက်ချက်များအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး ၏ စီရင်ဆုံးဖြတ်ချက်ဆိုင်ရာ ထုတ်ပြန်ကြေညာချက်တစ်စောင်ကိုဇူလိုင်၂၃ မှာထုတ်ပြန်ခဲ့တာပါ။
လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေး သဘောတူညီချက် လိုက်နာကျင့်သုံးခြင်းနှင့် စပ်လျဉ်းသော (ဂမ်ဘီယာနှင့်မြန်မာ) အမှုတွင် ကနဦးကန့်ကွက်ချက်များအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ စီရင်ချက်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရမှ ကြိုဆိုပါတယ်လို့ဆိုပါတယ်။
ဒါ့အပြင်စီရင်ပိုင်ခွင့်အာဏာသို့ ကန့်ကွက်ချက်များအားလုံးနှင့် ထိုသို့ လျှောက်ထားချက်ကို လက်ခံနိုင်စွမ်းကို ပယ်ချလိုက်သည့် ICJ ၏ စီရင်ချက်သည် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အတွင်း စစ်ဆင်ရေးများ လုပ်နေစဉ် ရိုဟင်ဂျာများသို့ ဦးတည်ခဲ့သော ရက်စက်ကြမ်းကြုတ်မှုများအပေါ် ခိုင်မာသော ကြားနာစစ်ဆေးမှုများ ဆောင်ရွက်ရန် နည်းလမ်းကို ရှင်းလင်းစေတယ်လို့ဖော်ပြပါတယ်။
ကန့်ကွက်ချက်များအပေါ် ကြားနာမှုသည် ဆက်ကြားနာရန် မလိုအပ်ခဲ့ပေ။ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်နေ့တွင် ဤအမှုတွင် မြန်မာနိုင်ငံ၏ သင့်တော်၊ လျော်ကန်သော ကိုယ်စားလှယ်ဖြစ်သည့် အမျိုးသား ညီညွတ်ရေးအစိုးရသည် တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာကို လက်ခံကြောင်းနှင့် ကနဦး ကန့်ကွက်ချက်များ အားလုံးကို ရုပ်သိမ်းကြောင်း ICJ သို့ ဆက်သွယ်အသိပေးခဲ့ပါတယ်။
တာဝန်ခံမှုနှင့် နစ်နာဆုံးရှုံးမှုများကို အစားလျော်ပေးခြင်းတို့သည် ဆက်လက်၍ တွန်းအားပေးသော မရှိမဖြစ် အချက်များ ဖြစ်ရန် လိုအပ်ပါတယ်။ အမျိုးသားညီညွတ်ရေး အစိုးရသည် အမှုအတွင်း ICJ သို့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက် တိုးမြှင့်ကမ်းလှမ်း သွားမှာဖြစ်ပါတယ်။
ထို့အပြင် မြန်မာနိုင်ငံတွင် ၂၀၀၂ ခုနှစ်မှစ၍ ကျူးလွန်ခဲ့သည့် လူမျိုးတုံးသတ်ဖြတ်မှု အပါအဝင် နိုင်ငံတကာ ရာဇဝတ်မှုများနှင့် စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ၏ တရားစီရင်ပိုင်ခွင့် အာဏာကို လက်ခံကြောင်း အပိုဒ်- ၁၂(၃) ကြေငြာစာတမ်းကို ICC သို့ တင်ပြထားပါတယ်လို့ဖော်ပြပါတယ်။
ထို့နည်းတူစွာ အမျိုးသားညီညွတ်ရေးအစိုးရသည် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံအတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား (IIMM) နှင့် နိုင်ငံအဆင့် တရားစွဲဆိုခြင်း ဝန်ဆောင်မှုများသို့ အထောက်အထားများကို ဆက်လက် မျှဝေမည်ဖြစ်ပြီး၊ အခြားသော တရားစီရင်ပိုင်စုများတွင် တာဝန်ခံမှုဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများ တိုးတက်လာစေရန် ဆက်လက် ဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ပါတယ်။
========================
📌📌 ၃။ ICJ တရားရုံးတွင် အမျိုးသားညီညွတ်ရေးအစိုးရသာတရားဝင်ပါဝင်ခွင့်ရပါက အမှန်တရားနဲ့ပိုမိုနီးစပ်မယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးပြောကြားလိုက်
ICJ တရားရုံးတွင် အမျိုးသားညီညွတ်ရေးအစိုးရသာတရားဝင်ပါဝင်ခွင့်ရပါက အမှန်တရားနဲ့ပိုမိုနီးစပ်မယ်လို့ဝန်ကြီးဦးအောင်မျိုးမင်းကပြောကြားပါတယ်။ ဇူလိုင် ၂၂ ရက် THN freelance journalist နဲ့တွေ့ဆုံမေးမြန်းခန်းမှာ NUG လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းကဆိုပါတယ်။
"ဒီ ICJ မှာ ကျနော်တို့က ကိုယ်စားပြုခွင့်ပေးပါလို့ ကျနော်တို့ဘက်က တောင်းဆိုခဲ့တာ ရှိပါတယ်။ဘာကြောင့်လဲဆိုတော့ ကျနော်တို့က တရားဝင်အစိုးရဆိုတဲ့ ရာထူးကိုရချင်တာမဟုတ်ဘူး။အဓိကတော့ ကျနော်တို့သာ တရားဝင်အစိုးရအနေနဲ့ပါဝင်ခွင့်ရမယ်ဆိုရင် အမှန်တရားနဲ့ပိုမိုနီးစပ်မယ်။ဆုံးဖြတ်ချက်တွေကပိုပြီးအားကောင်းမယ်"လို့ ဝန်ကြီးကဆိုပါတယ်။
ICJ တရားရုံးတွင် အမှုအားဆက်လက်စစ်ဆေးပြီး သက်သေအထောက်အထားများလိုအပ်ပါက တင်ပြရန် အမျိုးသားညီညွတ်ရေးအစိုးရက ပြင်ဆင်ထားတယ်လို့လည်း ဝန်ကြီးကထပ်လောင်းပြောပါတယ်။ လူမျိုးတုန်းသတ်ဖြတ်မှုနဲ့မြန်မာနိုင်ငံကို တရားစွဲခွင့်မရှိဘူးလို့ စကစဘက်က ကန့် ကွက်ထားမှုအပေါ် ICJ တရားရုံးက ဇူလိုင်၂၂ ရက်မှာ ပယ်ချလိုက်ပါတယ်။
========================
📌📌 ၄။ မေလအတွင်းက မုန်တိုင်ပင်ကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုဖြစ်စဥ်အပြည့်အစုံကိုနိုင်ငံတကာခုံရုံးမှာ ဖြစ်ဖြစ် အမှုတင်သွင်းတဲ့အခါမှာ ထိရောက်ဖို့ ပြင်ဆင်ထားတယ်လို့ NUG အစိုးရ အသိပေး
မေလအတွင်းက မုန်တိုင်ပင်ကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုဖြစ်စဥ်အပြည့်အစုံကိုနိုင်ငံတကာခုံရုံးမှာ ဖြစ်ဖြစ် အမှုတင်သွင်းတဲ့အခါမှာ ထိရောက်ဖို့ ပြင်ဆင်ထားတယ်လို့ NUG အစိုးရ လူ့အခွင့်ရေးရာဝန်ကြီးကအသိပေးပါတယ်။ ဇူလိုင် ၂၃ ရက် လူမှုကွန်ရက်မှာ အထောက်အထားများကို ဖော်ပြပြီး လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းကရေးသားပြောပါတယ်။
"မေလအတွင်းက မုန်တိုင်ပင်ကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုဖြစ်စဥ်အပြည့်အစုံကို စုဆောင်းတင်ပြထားတာဖြစ်ပါတယ်။ နိုင်ငံတကာခုံရုံးမှာ ဖြစ်ဖြစ် နိုင်ငံတနိုင်ငံရဲ့တရားရုံးမှာ အမှုတင်သွင်းတဲ့အခါမှာ ထိရောက်ဖို့ ပြင်ဆင်ထားတာပါ"လို့ဝန်ကြီးကဆိုပါတယ်။
၂၀၂၂ ခုနှစ် မေလ (၁၀) ရက်နဲ့ (၁၂) ရက်ကြားတွင် ဖြစ်ပွါးခဲ့တဲ့ မုန်တိုင်ပင်ရွာ မီးရှို့ခံရမှုဖြစ်စဉ် တွင် တိုက်ကြီး မြို့နယ် အခြေစိုက် ခြေမြန် တပ်ရင်း(ခမရ) -၇၀၈ မှ တပ်သားများ ဖြစ်ပြီး အမိန့်ပေးကွပ်ကဲသူမှာ ဒုတိယ ဗိုလ်မှူးကြီး ထွန်းလင်းအောင်ဖြစ်ပါတယ်။ အကြမ်းဖက်မှုကြောင့်သေဆုံးသူအမျိုးသား - ၂၉ ဦးရှိခဲ့ပြီး ၁၉ ဦးကို မုန်တိုင်ပင်ရွာမှာ ပြန်လည်ရှာတွေ့ခဲ့ပြီး ကျန် ၁၀ ဦးကို အင်ပင်ရွာတွင် ပြန်လည်တွေ့ရှိခဲ့ပါတယ်။ အကြမ်းဖက်စစ်ကောင်စီ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုအပြည့်အစုံကို စုစည်းထားရှိပြီး တရားမျှတမှုရရှိဖို့နဲ့ အပြစ်ပေးအရေးယူနိုင်ရေး ကိစ္စရပ်များ ဆက်လက် ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း လူ့အခွင့်ရေးရာဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။
========================
📌📌 ၅။ ယင်းမာပင်မြို့နယ်မှာ NUG ပညာရေး၀န်ကြီးဌာနရဲ့ လမ်းညွှန်မှုနဲ့ မိုးရာသီကျောင်းတွင်း အားကစားပြိုင်ပွဲများကျင်းပ
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ကျေးရွာ တစ်ရွာမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေး၀န်ကြီးဌာနရဲ့ လမ်းညွှန်မှုနဲ့ မိုးရာသီ အားကစားပြိုင်ပွဲ ကျင်းပခဲ့ပါတယ်။ ဇူလိုင်လ (၂၂) ရက်နေ့မှာ အားကစားပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့တာပါ။ အားကစားပြိုင်ပွဲမှာ ဘောလုံး၊ ဘောလီဘော၊ ကြက်တောင်နဲ့ ထုတ်ဆီးတို့ စတဲ့ အားကစားနည်း (၁၃) မျိုးအထိ ထည့်သွင်းကျင်းပခဲ့ပါတယ်။ ယင်းကျေးရွာစာသင်ကျောင်းမှာ ကျောင်းသူ၊ ကျောင်းသား (၂၆၀) ကျော်ကိုပညာသင်ကြားလျက်ရှိပါတယ်။
========================
📌📌 ၆။ CNG မရ၍ ခရီးသည်တင်ကားအများစုရန်ကုန်မြို့တွင်းပြေးဆွဲခြင်း မရှိတော့သလို ခရီးသည်များလည်းမှတ်တိုင်တွင် အခက်တွေ့
CNG မရ၍ ခရီးသည်တင်ကားအများစုရန်ကုန်မြို့တွင်းပြေးဆွဲခြင်း မရှိတော့သလို ခရီးသည်များလည်းမှတ်တိုင်တွင် အခက်တွေ့နေတယ်လို့သတင်းရရှိပါတယ်။ ဇူလိုင် ၂၃ ရက်က စလို့ ခရီးသည်ကားအများစုလမ်းကြောင်းအတိုင်း ပြေးဆွဲခြင်းမရှိတော့သလိုကားမလာ၍ ဘတ်စ်ကားမှတ်တိုင်မှာခရီးသည်ရာနဲ့ချီစုပုံမှုတို့ဖြစ်ပွားခဲ့ပါတယ်။
"ယာဥ်လိုင်းက လူတွေကတော့ သူတို့ CNG မရလို့ပေါ့နော်။ သူတို့လိုင်းကားစောင့်မနေပါနဲ့။ရရာကားသာစီးသွားလိုက်ပါလို့ အသိပေးတာတချို့တော့ရှိတယ်။ တချို့လည်းလာနိုး၊လာနိုးနဲ့စောင့်ကြတယ်။ ဒီနေ့ကတော့ မလာမှန်းသိသွားလို့ ရရာကားပေါ် တက်စီးကြတာပဲ"လို့ ရန်ကုန်မြို့နေ လခစားအလုပ်သမားတစ်ဦးကပြောပါတယ်။ CNG မရတဲ့ အခက်ခဲကြောင့် ထွက်ရှိနိုင်တဲ့ YBS ယာဥ်အစီးရေလျော့နည်းလာတာဖြစ်တယ်လို့လည်းဆိုပါတယ်။ လတ်တလောခရီးသည်တင်ကားများနေရာမှာ လူမှုကူညီရေးအသင်းကားမျာက ကူညီပို့ဆောင်ပေးနေပါတယ်။
========================
📌📌 ၇။ ချင်းတွင်းမြစ်ကြောင်း အစုန်၊ အဆန်လမ်းကြောင်းအားလုံး ရက်အကန့်အသတ်မရှိပိတ်ထားလိုက်ပြီလို့ နဂါးညီနောင်တပ်ဖွဲ့ (DBTF) ကြေညာ
ချင်းတွင်းမြစ်ကြောင်း အစုန်၊အဆန်လမ်းကြောင်းအားလုံး ရက်အကန့်အသတ်မရှိပိတ်ထားလိုက်ပြီလို့ နဂါးညီနောင်တပ်ဖွဲ့ (DBTF) ကကြေညာပါတယ်။ ဇူလိုင် ၂၃ ရက်ကစလို့မြစ်ကြောင်းရေလမ်းခရီးကိုပိတ်ထားတာလို့ဆိုပါတယ်။
"ချင်းတွင်းမြစ်ကြောင်း အစုန်၊အဆန်လမ်းကြောင်းအားလုံး ရက်အကန့်အသတ်မရှိပိတ်ထားပြီး မည်သည့်မော်တော်ယာဥ်မှ ဖြတ်သန်းသွားလာခွင့်မပြုတော့ကြောင်း ကျနော်တို့ နဂါးညီနောင်တပ်ဖွဲ့ (DBTF)၊ Yoma Fighter PDF၊ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ ၊ အမိမြေတော်လှန်ရေးတပ်ဖွဲ့ တို့က ကြေညာချက်ထုတ်ပြန်လိုက်တယ်” လို့ ဆိုပါတယ်။ လက်ရှိမှာ စကစတပ် စစ်ကြောင်းဟာ စစ်ရေယာဥ်များကို အသုံးပြုလို့ရွာများကို ပစ်ခတ်တိုက်ခိုက်လျက်ရှိပါတယ်။
========================
📌📌 ၈။ လွတ်မြောက်နယ်မြေ တစ်နေရာရှိ တောတွင်းတွင် နေထိုင်သော စစ်ဘေးရှောင်မိသားစုတချို့ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ပိုင်းတိုင်းစစ်ဒေသရှိ ကျားသစ်နက်စစ်ကြောင်းမှအထောက်အပံ့များပေးအပ်
လွတ်မြောက်နယ်မြေ တစ်နေရာရှိ တောတွင်းတွင် နေထိုင်သော စစ်ဘေးရှောင်မိသားစုတချို့ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ပိုင်းတိုင်းစစ်ဒေသရှိ ကျားသစ်နက်စစ်ကြောင်းမှအထောက်အပံ့များပေးအပ်ခဲ့ပါတယ်။ ဇူလိုင် ၂၃ ရက်မှာ စစ်ဘေးရှောင်မိသားစုသတင်းကို ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။
"ဇူလိုင်လ (၂၁) ရက်နေ့က လွတ်မြောက်နယ်မြေ တစ်နေရာရှိ တောတွင်းတွင် နေထိုင်သော စစ်ဘေးရှောင်မိသားစုတချို့ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ပိုင်းတိုင်းစစ်ဒေသရှိ ကျားသစ်နက်စစ်ကြောင်းမှ ပြည်သူ့ကာကွယ်ရေးတပ်သားများက လူသားချင်းစာနာမှုဆိုင်ရာအထောက်အပံ့အကူအညီများပေးအပ်ခဲ့တယ်"လို့ ကာကွယ်ရေးဝန်ကြီးဌာနကဖော်ပြပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရဟာ လက်ရှိမှာ လူသားချင်းစာနာထောက်ထားတဲ့အကူအညီများကို စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊ကရင်နီဒေသတို့ကို ပေးအပ်လျက်ရှိနေပါတယ်။
========================
📌📌 ၉။ မေလ (၂) ရက်မှ ဇူလိုင်လ (၁၃) ရက်နေ့အတွင်း စစ်ကောင်စီတပ်ဖွဲ့များကအရာတော်မြို့နယ်အတွင်း ကျေူရွာပေါင်း ၈ ရွာမှ အိမ်ခြေရှစ်ရာကျော် မီးရှို့ဖျက်ဆီးသွားခဲ့
မေလ (၂) ရက်မှ ဇူလိုင်လ (၁၃) ရက်နေ့အတွင်း စစ်ကောင်စီတပ်ဖွဲ့များကအရာတော်မြို့နယ်အတွင်း ကျေူရွာပေါင်း၈ရွာမှအိမ်ခြေရှစ်ရာကျော် မီးရှို့ဖျက်ဆီးသွားခဲ့ပါတယ်။ ဇူလိုင် ၂၃ ရက်နေ့မှာ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရာဇဝတ်မှု မှတ်တမ်းကို အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဖော်ပြပါတယ်။
၂၀၂၂ ခုနှစ်၊ မေလ (၂) ရက်မှ ဇူလိုင်လ (၁၃) ရက်နေ့အတွင်း စစ်ကောင်စီတပ်ဖွဲ့များက မီးရှို့ဖျက်ဆီးသွားခဲ့တဲ့ အရာတော်မြို့နယ်တွင်း ကျေးရွာများမှ ပြည်သူ့အိုးအိမ်များ ပျက်စီးဆုံးရှုံးမှုအခြေအနေမှာ မလဲသာ - ၆၁၈၊ ထန်းတောကုန်း - ၈၊ရွှေတွင်းကုန်း - ၈၉၊စက်ရွာ - ၁၁၊အုပ်ရှစ်ကြီး - ၈၊ သစ်ချို - ၂၇၊ ဟင်္သာ - ၂၃၊ဆင်တလည် - ၃၉အိမ်တို့ဖြစ်ပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်များက အရာတော်မြို့နယ်တွင်း မကြာခဏ စစ်ကြောင်းလှည့်၍ ကျေးရွာများကို မီးရှို့ဖျက်ဆီးရာတွင် ပြည်သူ့နေအိမ်များကိုသာမက ကျွဲနွားတိရစ္ဆာန်များ၊ လယ်ယာသုံးစက်ပစ္စည်းများ နှင့် ကား/ဆိုင်ကယ်ယာဉ်များကိုပါ ဖျက်ဆီးသွားလေ့ရှိသလို နေအိမ်များတွင်းရှိ အဖိုးတန် ရွှေငွေပစ္စည်းများ/ စားနပ်ရိက္ခာများကိုပါ စစ်ကောင်စီတပ်သားများက ရှာဖွေယူဆောင်သွားလေ့ရှိတယ်လိဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ ဤလုပ်ရပ်များကို "အရပ်သားပြည်သူများ အပေါ် ပစ်မှတ်ထား၍ တိုက်ခိုက်သော လူမဆန်သည့် အကြမ်းဖက်စစ်ရာဇဝတ်မှုများ" အဖြစ် မှတ်တမ်းတင်ထားရှိပြီး International Court of Justice (ICJ) ထံတွင် သက်သေအဖြစ် တင်ပြသွားမယ်လို့ အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဆိုပါတယ်။
No comments:
Post a Comment