၂၀၂၂ ဇူလိုင်လ ၂၆ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ လူသတ်ခေါင်းဆောင် မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုများအတွက် အပြစ်ပေး အရေးယူဆောင်ရွက်နိုင်ရေး မြန်မာပြည်သူလူထုနှင့်အတူ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ CRPH က သတင်းစကားပါး
📌 ၂။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာချက်အမှတ် (၁၇/၂၀၂၂) ကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၂၅) ရက်စွဲနဲ့ ထုတ်ပြန် ကြေငြာလိုက်ပါတယ်။
📌 ၃။ ကိုဂျင်မီ နဲ့ကိုဇေယျာသော်တို့သတင်းကို ဒေါ်အောင်ဆန်းစုကြည် ကြားသိရသွားခဲ့
📌 ၄။ ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော် အပါအဝင် လေးဦးကို စစ်ကောင်စီက သေဒဏ်ပေးမှု နဲ့ ပတ်သက်ပြီး NUG အစိုးရ တာဝန်ရှိသူများရဲ့ သဘောထားထုတ်ပြန်ချက်များကို တင်ပြပေးပါ့မယ်
📌 ၅။ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ပါးစေများက သွေးအေးအေးဖြင့် တရားဥပဒေမဲ့ သတ်ဖြတ်ခြင်းနဲ့ ရာဇဝတ်မှုကို ကျူးလွန်ခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထုတ်ပြန်
📌 ၆။ ဦးဖြိုးဇေယျာသော် နဲ့ ဦးဂျင်မီအပါအဝင် လေးဦးကို စစ်ကောင်စီက သေဒဏ်ပေးမှု နဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ဂွမ်မော်၊ ကိုမင်းကိုနိုင်နဲ့ မနီလာသိန်းတို့ရဲ့သဘောထားထုတ်ပြန်မှုများ
📌 ၇။ ရန်ကုန်မြို့၊ အင်းစိန် အကျဥ်းထောင်မှာ အကြမ်းဖက် စစ်တပ်ရဲ့ကြိုးမိန့် ပေးမှုကို မကျေနပ်၍ ထောင်ဆူခဲ့ပြီး ညပိုင်းမှာလည်း ရန်ကုန်မြို့မှာ ပြည်သူများသံပုံးပြန်တီး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ လူသတ်ခေါင်းဆောင် မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုများအတွက် အပြစ်ပေး အရေးယူဆောင်ရွက်နိုင်ရေး မြန်မာပြည်သူလူထုနှင့်အတူ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ CRPH က သတင်းစကားပါး
ဇူလိုင်လ၂၅ ရက်နေ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ထုတ်ပြန်ချက်အရ စစ်အာဏာရှင်များအား ဆန့်ကျင်တော်လှန်သူများဖြစ်ကြသည့် ကိုကျော်မင်းယု (ခ) ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော် တို့အား သေဒဏ်စီရင်လိုက် ကြောင်း သတင်းထုတ်ပြန်ခဲ့မှုအပေါ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် များစွာ တုန်လှုပ်မိပြီး ၎င်းတို့၏ မိသားစုဝင်များ၊ မြန်မာပြည်သူလူထုတို့နှင့်အတူ များစွာ ဝမ်းနည်းကြေကွဲရပါတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လူသတ်ခေါင်းဆောင် မင်းအောင်လှိုင် ခေါင်းဆောင်သည့် အကြမ်းဖက်စစ်တပ်သည် နိုင်ငံတော်၏အာဏာအား လက်နက်အားကိုးဖြင့် ဥပဒေမဲ့ လုယူထားသော တရားမဝင် အကြမ်းဖက်အုပ်စုသာ ဖြစ်ပြီးတော့ ၎င်းတို့ဟာ ပြည်သူလူထု၏ အခွန်ဘဏ္ဍာဖြင့် ဝယ်ယူထားသည့် လက်နက်အားကိုးဖြင့် မြန်မာပြည်သူများအပေါ်မှာ အခုလို လူမဆန်သော ဖိနှိပ်သတ်ဖြတ်မှုများကို အစဉ်တစ်စိုက် လုပ်ဆောင်နေလျက်ရှိတယ်လို့ ဆိုပါတယ်။ နိုင်ငံတကာအသိုက်အဝန်း အနေဖြင့် ဒီမိုကရေစီအား ထိန်းသိမ်းကာကွယ်ရန် စစ်အာဏာရှင်များအား ဆန့်ကျင်တိုက်ပွဲ ဝင်နေကြသည့် မြန်မာပြည်သူများအား ထိရောက်စွာ အားပေးထောက်ခံရန်နှင့် ပံ့ပိုးကူညီပေးရန်လည်း အထူးလိုအပ်ပါတယ်လို့ ဖော်ပြပါတယ်။
ထို့ပြင် ဥပဒေမဲ့ အာဏာလုယူထားသည့် အကြမ်းဖက်လူသတ်စစ်အုပ်စုအား သက်ဆိုးရှည်စေမည့် မည်သို့သော ပူးပေါင်းဆောင်ရွက်မှုမျိုးမျှ လက်တွဲလုပ်ဆောင်ခြင်းမပြုဘဲ ပိုမိုထိရောက်သော သံတမန်ရေး၊ စီးပွားရေး ဖိအားပေးမှုတို့ကို တိုးမြှင့်လုပ်ဆောင်သွားရန် အထူးတိုက်တွန်းအပ်ပြီး နိုင်ငံတကာအသိုက်အဝန်း၏ တုံ့ပြန်ဆောင်ရွက်ချက်တို့သည် မြန်မာပြည်သူတို့၏ အသက်ပေါင်းများစွာကို ကယ်တင်နိုင်လိမ့်မည်ဖြစ်ပြီး ယင်းသည် ကမ္ဘာ့နိုင်ငံများက ဒီမိုကရေစီအား မည်မျှ တန်ဖိုးထားသည်ကိုလည်း သက်သေပြခြင်းပင် ဖြစ်တယ်လို့ ဆိုပါတယ်။ ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ကိုကျော်မင်းယု (ခ) ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်တို့ အပါအဝင် ဒီမိုကရေစီအား ကာကွယ်ရန် ကြိုးပမ်းသူများအပေါ် အကြမ်းဖက်စစ်ကောင်စီက သေဒဏ်စီရင်ခဲ့မှုအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပြီး လူသတ်ခေါင်းဆောင် မင်းအောင်လှိုင် ခေါင်းဆောင်သည့် အကြမ်းဖက်စစ်အုပ်စု၏ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် အပြစ်ပေးအရေးယူဆောင်ရွက်နိုင်ရေး မြန်မာပြည်သူလူထုနှင့် အတူ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်အပ်ပါတယ်လို့ ဆိုပါတယ်။
========================
📌📌 ၂။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာချက်အမှတ် (၁၇/၂၀၂၂) ကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၂၅) ရက်စွဲနဲ့ ထုတ်ပြန် ကြေငြာလိုက်ပါတယ်။
အဆိုပါကြေငြာချက် အပြည့်အစုံမှာ -
၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက်စစ်အုပ်စု၏ ဝါဒဖြန့်ချိရေး လမ်းကြောင်းများမှနေ၍ ဦးကျော်မင်းယု (ခ) ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင် နှင့် ဦးအောင်သူရဇော်တို့အား ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးဖြစ်သည်ဟု ထုတ်ပြန်ကြေညာခဲ့သည်ကို တွေ့ရှိရပါသည်။ အဆိုပါ ထုတ်ပြန်မှုနှင့် ပတ်သက်ပြီး အင်းစိန်အကျဉ်းထောင်သို့ သွားရောက်စုံစမ်းမေးမြန်းသော မိသားစုဝင်များကို အကျဉ်းထောင်အာဏာပိုင်များက ထုတ်ပြန်ချက်အတိုင်းဖြစ်သည်ဟု အတည်ပြုခဲ့ပြီး ကျန်ရစ်သော ရုပ်ကလာပ်များကိုလည်း ပေးအပ်နိုင်ခြင်းမရှိကြောင်း အကြောင်းပြန်ခဲ့သည်ဟု သိရှိရပါသည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်ပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ ထူထောင်သူတစ်ဦးလဲဖြစ်၊ မြန်မာ့ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ တစ်ဦးလဲဖြစ်သည့် ဦးကျော်မင်းယု(ခ) ဦးဂျင်မီ နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်ခဲ့သည့် ဦးဖြိုးဇေယျာသော် အပါအဝင် ဦးလှမျိုးအောင်နှင့် ဦးအောင်သူရဇော်တို့အား တရားဥပဒေမဲ့စွာ သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်သည် ဥပဒေအရ၊ လူ့ကျင့်ဝတ်စံနှုန်းများအရ မည်သည့်နည်းနှင့်မျှ လက်သင့်ခံနိုင်ဖွယ်မရှိသော လုပ်ရပ်ဖြစ်ကာ အဆိုပါ ကိစ္စရပ်တွင် တာဝန်ရှိသူ တစ်ဦးတစ်ယောက်မကျန် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့် တရားဥပဒေနှင့်အညီ အပြစ်ပေးအရေးယူခံရစေရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် နိုင်ငံရေးနည်းလမ်း၊ နိုင်ငံခြားရေးနည်းလမ်း၊ စစ်ရေးနည်းလမ်း စသည့် နည်းလမ်းပေါင်းစုံဖြင့် ထိရောက်ပြင်းထန်သော တုံ့ပြန်ဆောင်ရွက်မှုများကို စနစ်တကျ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်သည်။
အကျဉ်းထောင်အတွင်း တရားမဲ့ သတ်ဖြတ်ခံခဲ့ရသူများအပါအဝင် နွေဦးတော်လှန်ရေးကာလတလျှောက် အကြမ်းဖက်စစ်ကောင်စီ၏ မတရား ဖမ်းဆီး နှိပ်စက် သတ်ဖြတ်မှုများကြောင့် ကျဆုံးခဲ့ကြရသည့် နွေဦးသူရဲကောင်းအားလုံးတို့၏ ရင်းနှီးပေးဆပ်ခဲ့မှုများအတွက် ကျန်ရစ်သူ မိသားစုများ၊ မိတ်ဆွေသူငယ်ချင်းများ အားလုံးနှင့်ထပ်တူ ပူဆွေးဝမ်းနည်းရပါကြောင်း ဖော်ပြလျက် ဦးညွတ်အလေးပြုအပ်ပါသည်။ အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် ကျဆုံးသွားကြသော နွေဦးသူရဲကောင်းများ၏ ကျေးဇူးဂုဏ်ကို ဦးထိပ်ပန်လျက် အကြမ်းဖက် ဖက်ဆစ်ဝါဒ မြန်မာ့မြေပေါ်မှ အပြီးတိုင် အမြစ်ပြတ်ပျောက်ကွယ်သွားစေရေးကို ပြည်သူလူထုနှင့်အတူ တွဲလက်မြဲမြံစွာဖြင့် အဆုံးတိုင် တိုက်ပွဲဝင်သွားမည်ဟု သန္နိဌာန်ပြုပါသည်။ ပြည်သူများ၊ မြေပြင်တွင် အသက်စွန့် တိုက်ပွဲဝင်နေကြသည့် တော်လှန်ရေးရဲဘော် ရဲဘက်များအားလုံးသည်လည်း ပူဆွေးဝမ်းနည်းစိတ်၊ နာကျင်ခံပြင်းစိတ်များကို စိတ်ခွန်အားများအဖြစ်ပြောင်းလဲပြီး တော်လှန်ရေးကို ကျရာနေရာမှပါဝင်ကာ အောင်မြင်ပြီးဆုံးသည်အထိ မဆုတ်မနစ် တိုက်ပွဲဝင်သွားကြမည်ဟု ယုံကြည်ပါသည်။
ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ တော်လှန်ရေးခေါင်းဆောင်များအား ယခုကဲ့သို့ တရားမဲ့ကျူးလွန် သတ်ဖြတ်သည့် အကြမ်းဖက်စစ်တပ်၏ လုပ်ရပ်သည် နိုင်ငံ၏အကျပ်အတည်းကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာ အဖြေရှာရန် လုံးဝဆန္ဒမရှိသည်ကို ထပ်မံသက်သေထူ ပြသခြင်း ဖြစ်ပေသည်။ အကြမ်းဖက်စစ်တပ်အား အပြုသဘောဖြင့် ဆက်ဆံချဉ်းကပ်ခြင်းသည် လက်ရှိရင်ဆိုင်နေရသည့် မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ပြေလည်စေမည့် အဖြေဖြစ်နိုင်လိမ့်မည်ဟု ယုံကြည်နေသူများအနေဖြင့်လည်း အကြမ်းဖက်စစ်ခေါင်းဆောင်တို့၏ သဘောထားအမှန်ကို နားလည်သဘောပေါက်ကြသင့်ပြီဖြစ်သည်။
ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို လေးစားတန်ဖိုးထားကြသော နိုင်ငံတကာအဖွဲ့အစည်းများနှင့် မိတ်ဖက် နိုင်ငံများအနေဖြင့် အကြမ်းဖက်စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များ ရပ်တန့်ပြီး နောင်အနာဂတ်တွင် ယခုကဲ့သို့ကျူးလွန်မှုများ ထပ်မံပေါ်ပေါက်ခြင်းမရှိစေရန်အတွက် မြန်မာပြည်သူလူထု၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားညီနောင်အင်အားစုများ၊ ဒီမိုကရေစီအရေး လှုပ်ရှားရုန်းကန်နေကြသူများနှင့် အတူရပ်တည်ပြီး မြန်ဆန်ထိရောက်သော အကူအညီများ ပေးခြင်းဖြင့် လူသားမျိုးနွယ်စု တစ်ခုလုံးအပေါ် ခြိမ်းခြောက်လျက်ရှိသည့် အကြမ်းဖက် ဖက်ဆစ်စနစ်ကို အဆုံးသတ်ပေးကြရန် တိုက်တွန်းပြောကြားလိုက်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ
လို့ ဖော်ပြပါရှိပါတယ်။
========================
📌📌 ၃။ ကိုဂျင်မီ နဲ့ကိုဇေယျာသော်တို့သတင်းကို ဒေါ်အောင်ဆန်းစုကြည် ကြားသိရသွားခဲ့
ဇူလိုင်၂၅ ရက် တရားရုံးအထုတ်မှာ ရှေ့နေများနဲ့ စကားပြောရင်း ကိုဂျင်မီ နဲ့ ကိုဇေယျာသော်တို့ သတင်းကို ဒေါ်အောင်ဆန်းစုကြည် ကြားသိရသွားကာ စကားသိပ်မပြောတော့ခဲ့ကြောင်း တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်။ သတင်းစကားကြားသိရချင်းမှာ ဒေါ်အောင်ဆန်းစုကြည် မျက်နှာမကောင်းဖြစ်ကာ စကားအနည်းငယ်သာ ပြောတယ်လို့လည်း သိရပါတယ်။ သို့သော် ကိုဂျင်မီ နဲ့ကိုဇေယျာသော်တို့ကို စစ်ကောင်စီက ကွပ်မျက်လိုက်တဲ့အပေါ်တော့ ဘာမှပြောမသွားခဲ့ဘူးလို့ သိရပါတယ်။
========================
📌📌 ၄။ ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော် အပါအဝင် လေးဦးကို စစ်ကောင်စီက သေဒဏ်ပေးမှု နဲ့ ပတ်သက်ပြီး NUG အစိုးရ တာဝန်ရှိသူများရဲ့ သဘောထားထုတ်ပြန်ချက်များကို တင်ပြပေးပါ့မယ်
အစွမ်းကုန်တော်လှန်ရုံကလွဲပြီး ရွေးချယ်စရာမရှိတော့ဘူးဆိုတာကို ယတိပြတ် ယုံကြည်ပြီး စုပေါင်းရုန်းထ တွန်းလှန်ကြဖို့ ဇူလိုင်၂၅ ရက် လူမှုကွန်ရက်စာမျက်နှာမှာ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က ရေးသားပြောကြားလိုက်ပါတယ်။
"ကျနော်တို့ နိုင်ငံကို အပြစ်မဲ့ပြည်သူတွေကို သတ်ချင်သလိုသတ်ပြပြီးကမ္ဘာ့အလည်မှာ "လူသတ်သမ္မတနိုင်ငံ" အဖြစ်လည်း သိက္ခာကျအောင် လုပ်နေပြီလည်း ဖြစ်တယ်။ ကိုဂျင်မီ၊ ကိုဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော် တို့ကို သတ်မှ မဟုတ်ပါဘူး။ အပြစ်မဲ့ပြည်သူ ထောင်ချီသတ်၊ ကျေးရွာအိမ်ခြေ ထောင်ချီ မီးရှို့ဖျက်ဆီးပြီးကတည်းက သူ့ဇာတိရုပ်ကို ပြသထားပြီးသား ဖြစ်တယ်။ ဘက်စုံ ချွတ်ခြုံကျပြီး လူပီပီသသ မရှင်သန်ရတော့မယ့် ဘဝတွေမှာ အစွမ်းကုန် တော်လှန်ရုံကလွဲပြီး ရွေးချယ်စရာမရှိတော့ဘူးဆိုတာကို ယတိပြတ် ယုံကြည်ပြီး စုပေါင်းရုန်းထ တွန်းလှန်ကြပါ" လို့ ဝန်ကြီးကဆိုပါတယ်။ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို စစ်ကောင်စီက သေဒဏ်စီရင်ပြီးဖြစ်ကြောင်း ဇူလိုင်၂၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
"ဒီနာကျင်မှုတွေကို အင်အားအဖြစ်ပြောင်းလည်းပြီးလက်တွေ့ကျကျတော်လှန်ပြကြပါ။ နေ့စဉ် တော်လှန်မယ်။ နောက်ကျန်မနေကြပါနဲ့။ အားလုံး လက်သီးတွေ ကျစ်ကျစ်ဆုတ်သံ ဖျစ်ဖျစ် ညံနေတာပဲ မဟုတ်လား။ ဒီတစ်ခါ ဖြစ်နေတဲ့ စိတ်ခံစားမှုကို မထိန်းချုပ်ကြစမ်းပါနဲ့။ နေ့စဉ် မွေးမြူပြီး စနစ်တကျ တော်လှန်ကြစမ်းပါဗျ" လို့ ပြည်ထဲရေးဝန်ကြီးက ထပ်လောင်းပြောပါတယ်။
အလားတူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကလည်း "ပေးဆပ်ခဲ့ကြသူများက ကွက်ကွက်ကွင်းကွင်းပြခဲ့ကြပြီ။ ဒီဖက်ဆစ်အာဏာရှင်စနစ် အမြစ်ဆက်တွယ်ခွင့် လုံးဝပေးလို့မရ။ လူမဆန်သော အာဏာရူးများ အပြီးကွယ်ပျောက်သွားရမယ်။ ဒါ တို့ပြည်သူအားလုံးရဲ့သံဓိဌာန်၊ ဒါ တို့ပြည်သူအားလုံးရဲ့တာဝန်၊ ကျရာနေရာ၊ ကျရာတာဝန်ကို စက္ကန့်မလပ် ကျေကြစို့။ အချိန်ဆွဲနေတာတွေ သတိထား။ အာရုံလွှဲနေတာတွေ သတိထား။ သွေးခွဲဖို့ လုပ်နေတာတွေ သတိထား။ အားလုံး လက်တွဲမြဲကြမယ်" လို့ လူမှုကွန်ရက်မှာ ရေးသား ပြောကြားလိုက်ပါတယ်။
ဆက်လက်ပြီး "အကြမ်းဖက်စစ်ကောင်စီက ဥပဒေမဲ့ သေဒဏ်ချမှတ်ခဲ့သည့် အမိန့်အား ပြစ်ဒဏ်စီရင်ဆောင်ရွက်ချက် (တစ်နည်းအားဖြင့် ကြိုးပေးသတ်ဖြတ်ခဲ့ခြင်း) သည် လူမဆန်စွာ ရက်စက်ကြမ်းကြုတ်မှုနှင့် ဥပဒေပါ ပြဋ္ဌာန်းချက်များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနက ပြင်းထန်စွာ ရှုတ်ချလိုက်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီ၏ အထက်ပါ လုပ်ရပ်များသည် တည်ဆဲဥပဒေများကို လေးစားလိုက်နာခြင်း လုံးဝမရှိဘဲ ၎င်းတို့၏ လက်ကိုင်တုတ်သဖွယ်ဖြစ်သော တရားရုံးများနှင့် တရားစီရင်ရေး ယန္တရားကို အသုံးချလျှက် ပြည်သူလူထုတစ်ရပ်လုံး၏ နေ့စဉ် လူနေမှုဘ၀ကို အညှိုးအတေး၊ အာဃာတ ကြီးမားစွာဖြင့် စနစ်တကျ ဆက်လက် ခြိမ်းခြောက်ဖျက်ဆီးနေခြင်းပင် ဖြစ်သည်။
သေဒဏ်ချမှတ်ခဲ့ခြင်းနှင့် သေဒဏ်ကို အတည်ပြု စီရင်ဆောင်ရွက်ရာတွင် အဓိက တာဝန်ရှိသည့် အကြမ်းဖက် စစ်ကောင်စီနှင့်တကွ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သူများ အားလုံးသည် ပြည်သူလူထုတစ်ရပ်လုံးက ခွင့်လွှတ်နိုင်စရာအကြောင်း လုံး၀ မရှိသည့် ရာဇဝတ်မှုကြီးကို ရည်ရွယ်ချက်ရှိရှိဖြင့် ကျူးလွန်ခဲ့ကြခြင်းဖြစ်ပြီး ကျူးလွန်ခဲ့ကြသူ အားလုံး ထိုက်သင့်သည့် ပြစ်ဒဏ်အသီးသီးကို မလွဲမသွေ ကျခံစေရမည်ဖြစ်ကြောင်း" အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာနက သဘောထားထုတ်ပြန် ကြေညာလိုက်ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်သူလူထုဟာ အုပ်ချုပ်မှုမခံဘဲ အသံတိတ်သပိတ်များတွင် ပါဝင်ဆင်နွဲဲခြင်း၊ ည ၈ နာရီတွင် သံပုံးတီးသပိတ် ပြုလုပ်ခြင်း၊ စစ်တပ်ထုတ်ကုန်များကို ဆန့်ကျင်သပိတ်မှောက်ခြင်းနဲ့ လူထုလှုပ်ရှားမှုသပိတ်များမှာ ပါဝင်လျက်ရှိကြပါတယ်။
========================
📌📌 ၅။ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ပါးစေများက သွေးအေးအေးဖြင့် တရားဥပဒေမဲ့ သတ်ဖြတ်ခြင်းနဲ့ ရာဇဝတ်မှုကို ကျူးလွန်ခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထုတ်ပြန်
အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ပါးစေများက သွေးအေးအေးဖြင့်တရားဥပဒေမဲ့ သတ်ဖြတ်ခြင်းနဲ့ ရာဇဝတ်မှုကို ကျူးလွန်ခဲ့ကြောင်း ဇူလိုင်လ (၂၅) ရက် နေ့စွဲဖြင့် သတင်းထုတ်ပြန်ချက်တစ်ရပ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့ပါတယ်။
သတင်းထုတ်ပြန်ချက်အပြည့်အစုံမှာ အကြမ်းဖက် စစ်သွေးကြွ ကောင်စီ၏ မြန်မာပြည်သူလူထုတစ်ရပ်လုံးအပေါ် အကြမ်းဖက်တိုက်ခိုက် ဖိနှိပ်နေမှုအား ခုခံကာကွယ်သော တော်လှန်ရေးတွင်ပါဝင်သည့် ဦးဂျင်မီ (ခေါ်) ဦးကျော်မင်းယု၊ ဦးဖြိုးဇေယျာသော် (ခေါ်) မောင်ကျော်၊ ဦးလှမျိုးအောင် (ခေါ်) ကိုမျိုး နှင့် ဦးအောင်သူရဇော် (ခေါ်) ဦးသူရတို့ လေးဦးအား အကြမ်းဖက်စစ်ကောင်စီ၏ လက်ပါးစေများက သွေးအေးအေးဖြင့် တရားဥပဒေမဲ့ သတ်ဖြတ်ခြင်း ရာဇဝတ်မှုကို ကျူးလွန်ခဲ့ကြပါတယ်။
နိုင်ငံတကာ နှင့် ဥပဒေဘက်တော်သား အသီးသီးရဲ့ မေတ္တာရပ်ခံချက်တို့ကို အကြမ်းဖက် စစ်ကောင်စီဟာ လျစ်လျူရှုကာ ၎င်းတို့ ကျူးလွန်နေတဲ့ ရာဇဝတ်မှုပေါင်းများစွာထဲမှ သက်သေ ခိုင်မာသော ရာဇဝတ်မှုကို ထပ်မံ၍ ကမ္ဘာသိ ကျူးလွန်ပြသခြင်းပင်ဖြစ်တယ်လို့ဆိုပါတယ်။ စစ်အကြမ်းဖက်တို့၏ ရက်စက်စွာသတ်ဖြတ်ခံရသူ အာဇာနည်များအတွက် မိမိတို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် များစွာဝမ်းနည်းရပြီး ဦးညွှတ်ဂုဏ်ပြုအပ်ပါတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ဖော်ပြလိုက်ပါတယ်။
========================
📌📌 ၆။ ဦးဖြိုးဇေယျာသော် နဲ့ ဦးဂျင်မီအပါအဝင် လေးဦးကို စစ်ကောင်စီက သေဒဏ်ပေးမှု နဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ဂွမ်မော်၊ ကိုမင်းကိုနိုင်နဲ့ မနီလာသိန်းတို့ရဲ့သဘောထားထုတ်ပြန်မှုများ
ဦးဖြိုးဇေယျာသော် နဲ့ ဦးဂျင်မီ အပါအဝင်လေးဦးကို စစ်ကောင်စီက သေဒဏ် ပေးမှု နဲ့ ပတ်သက်ပြီး မိုက်မဲခြင်းလုပ်ရပ်လို့ ဇူလိုင်၂၅ ရက်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရဲ့ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ၎င်းရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားပြောထားပါတယ်။
"တကယ်မှန်ခဲ့မယ်ဆိုရင်တော့ မိုက်မဲခြင်း လို့ပဲ ပြောရတော့မှာပါ။ရှာကြံပြီးခွင့်လွှတ်ပေးချင်သူတွေတောင်နောက်ဆုတ်သွားတော့မှာပါ"လို့ ဗိုလ်ချုပ်ဂွမ်မော်က ဆိုပါတယ်။ ဒါ့အပြင် "သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိသည်။" လို့လည်း ဆိုထားပါတယ်။ အလားတူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကလည်း စစ်ကောင်စီကို အကောင်းဆုံးဗျူဟာနဲ့ အနိုင်တိုက်မယ်လို့ လူမှုကွန်ရက်မှာ ရုပ်သံနဲ့တကွ ပြောကြားလိုက်ပါတယ်။
"သူရဲကောင်း လေးဦးအပါအဝင် အသက်စွန့်ရသူတွေအတွက် တော်လှန်ရေးအင်အားစုတွေရော၊ မြေပြင်သပိတ်ရော၊ တစ်ပြည်လုံးက တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေကရော ဘယ်သူမှလက်မခံဘူး။ ဘယ်အဖွဲ့အစည်းမှ လက်မခံဘူး။ လက်မခံဘူးဆိုတာတောင် စာတစ်စောင်ထုတ်ရုံနဲ့ ပြီးသွားမယ့် ဇာတ်လမ်းမဟုတ်ပါဘူး။ စကားနောက်တရားပါတော့မှာ။ ဒါကြောင့် အားလုံးတိုင်ပင်တယ်။ အကောင်းဆုံးဗျူဟာနဲ့ အနိုင်တိုက်မှာ။ ကိုယ့်တာဝန် ကိုယ်ကျေဖို့ပဲ" လို့ ကိုမင်းကိုနိုင်က ပြောပါတယ်။
ဆက်လက်ပြီး ကိုဂျင်မီရဲ့ဇနီးဖြစ်သူ မနီလာသိန်းကလည်း တော်လှန်ရေးအင်အားစုအားလုံး ပိုစည်းလုံးမယ်လို့ လူမှုကွန်ရက်မှာ အသိပေးရေးသားပြောကြားထားပါသေးတယ်။
"ကျမတို့အားလုံး ပိုချစ်ခင်မယ်။ ပိုစည်းလုံးမယ်။ ရန် ငါ ရှင်းပြတ်ပြတ် အလုပ်တွေ ဆတိုးလုပ်ကြမယ်။ ကြယ်တွေ ကြွေတာ ရှင်သူတွေ ရပ်တန့်ဖို့မဟုတ်၊ရှုံးနိမ့်ဖို့မဟုတ်၊ ခွန်အားအဖြစ်ပြောင်း၊ စစ်အာဏာရှင်မှန်သမျှ ဒီမြေပေါ် ရှင်သန်ခွင့်မရစေရ" လို့ မနီလာသိန်းက ဆိုပါတယ်။ ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ကို အကြမ်းဖက်စစ်တပ်က အင်အားအလွန်အကျွံသုံးပြီး ရန်ကုန်မြို့တွင် ဖမ်းဆီးခဲ့ပြီးတဲ့နောက် ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့ ၂ ဦးအပါအဝင် ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ ၂ ဦးကိုလည်း စစ်ခုံရုံးက သေဒဏ်စီရင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဇူလိုင် ၂၅ ရက် မိသားစုဝင်များက အင်းစိန်ထောင်ဘူးဝမှာ သွားရောက်မေးမြန်းစုံစမ်းရာမှ ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ကို သေဒဏ်စီရင်ပြီး ဖြစ်တယ်လို့ အင်းစိန်အကျဥ်းထောင်က ဒုထောင်ပိုင်က အတည်ပြုခဲ့ပြီး ရုပ်အလောင်းများပြန်ပေးဖို့ဥပဒေမှာ မရှိဘူးလို့လည်း အကြောင်းပြန်ခဲ့တာ ဖြစ်ပါတယ်။
========================
📌📌 ၇။ ရန်ကုန်မြို့၊ အင်းစိန် အကျဥ်းထောင်မှာ အကြမ်းဖက် စစ်တပ်ရဲ့ကြိုးမိန့် ပေးမှုကို မကျေနပ်၍ ထောင်ဆူခဲ့ပြီး ညပိုင်းမှာလည်း ရန်ကုန်မြို့မှာ ပြည်သူများသံပုံးပြန်တီး
ရန်ကုန်မြို့၊ အင်းစိန် အကျဥ်းထောင်မှာ ဇူလိုင်၂၅ရက် မွန်းလွဲပိုင်းက အကြမ်းဖက် စစ်တပ်ရဲ့ကြိုးမိန့်ပေးမှုကို နိုင်ငံရေးအကျဥ်းသားများက လက်မခံဘဲ ဟစ်ကြွေးအော်ဟစ်ခဲ့ရာမှ ထောင်ဆူမှုဖြစ်ပွားခဲ့ပြီး ထောင်အာဏာပိုင်များက ရိုက်နှက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ အဆိုပါ ထောင်ဆူမှုဖြစ်ပွားရာမှ ခေါင်းဆောင်ဆိုသူများကို သီးခြားခေါ်၍ တိုက်ပိတ်လိုက်ကြောင်းလည်း စုံစမ်းသိရပါတယ်။
အဲ့ဒီနောက် ဇူလိုင်၂၅ ရက် ည ၈ နာရီကစလို့ ရန်ကုန်မြို့က မြို့နယ်အချို့မှာ သံပုံးတီးတဲ့ အသံများပြန်လည်ထွက်ပေါ်လာကြောင်း သတင်းရရှိပါတယ်။ ဒါဟာ ကိုဂျင်မီ၊ ကိုဖြိုးယျာသော်၊ ကိုလှမျိူးအောင်၊ ကိုအောင်သူရဇော်တို့ လေးဦးကို စစ်ကောင်စီက သေဒဏ်ပေးပြီးနောက် ပြည်သူ့အသံ ပြန်လည်ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ ၁၅ မိနစ်ကြာ သံပုံးတီးခဲ့ကြပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများကိုလည်း တစ်ပြိုက်နက်တည်း ကြွေးကြော်ခဲ့ကြပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment