၂၀၂၂ ဇူလိုင်လ ၁၅ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ယာယီသမ္မတ ဒူဝါလရှီးလ နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံး H.E. Michelle Bachelet တို့တွေ့ဆုံ
📌 ၂။ "ပြည်သူလူထုနှင့် အမျိုးသားညီညွတ်ရေးအစိုးရ တွေ့ဆုံပွဲ ကျင်းပမယ်
📌 ၃။ ပေးဆပ်တိုက်ပွဲဝင်နေရှာတဲ့ပြည်သူတွေ အတွက် ထိုက်တန်တဲ့အစိုးရရရှိရေးဆိုတာ အောင်ပွဲမှလွဲ၍ မှတပါး အခြားမရှိဘူးလို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ပြောကြားလိုက်
📌 ၄။ အများရဲ့ အနာဂါတ်နဲ့ လူငယ်များရဲ့ အနာဂါတ်အတွက် မေ့မထားကြရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဆို
📌 ၅။ အိန္ဒိယကုမ္ပဏီ Sandeep Metalcraft Private Limited က မြန်မာစစ်တပ်ကို စနက်တံတွေ ထောက်ပံ့နေပြီး ၄င်းကိုချက်ချင်းရပ်တန့်ပေးဖို့ Justice For Myanmar က တောင်းဆို
📌 ၆။ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများအားလုံး ၁၀ ရက် အတွင်းနုတ်ထွက်ရန် ကသာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထုတ်ပြန်
📌 ၇။ တမူး PDF တပ်ရင်း ၁ မှ တမူး-အောင်ဇေယျ ကားလမ်းပိုင်းကို နယ်မြေရှင်းလင်းရေး နှင့် လုံခြုံရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်ခဲ့
📌 ၈။ NUGPay အား Europe ဒေသ တွင် မကြာမီစတင်တော့မည် ဖြစ်၍ အေးဂျင့်များလျှောက်ထားနိုင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ယာယီသမ္မတ ဒူဝါလရှီးလ နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံး H.E. Michelle Bachelet တို့တွေ့ဆုံ
ယာယီသမ္မတ ဒူဝါလရှီးလ နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံး H.E. Michelle Bachelet တို့အွန်လိုင်းမှတဆင့် တွေ့ဆုံခဲ့ပါတယ်။ ဇူလိုင်လ (၁၄) ရက်နေ့မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလ နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံး H.E. Michelle Bachelet တို့ကြား အွန်လိုင်းမှာ တွေ့ဆုံခဲ့တာပါ။
တွေ့ဆုံပွဲမှာနိုင်ငံတော်ယာယီသမ္မတမှ မြန်မာနိုင်ငံ ပြည်သူလူထု၏ ဒီမိုကရေစီ မျှော်မှန်းချက်များနှင့် လူ့အခွင့်အရေး များအတွက် မဟာမင်းကြီးမှ ဆက်လက်ထားရှိသော ကတိကဝတ်အတွက် မဟာမင်းကြီးအား ကျေးဇူးဥပကာရ တင်ရှိကြောင်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံ ဆောင်ရွက်ပေးဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းအား တိုက်တွန်းပေးရန် ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံနှင့် အမျိုးသားညီညွတ်ရေး အစိုးရကိုယ်စား နိုင်ငံတော်ယာယီသမ္မတမှ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများ ထမ်းဆောင်ရန် ကတိကဝတ်ပြုခဲ့ပြီး ထိုသို့ ဆောင်ရွက်နိုင်ရေးအတွက် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) မှ နည်းပညာ အကူအညီများ ပံ့ပိုးပေးရန်လည်း တောင်းဆိုခဲ့ပါတယ်။ နိုင်ငံတော်ယာယီသမ္မတမှ မဟာမင်းကြီးရုံး၏ လုပ်ပိုင်ခွင့် တာဝန်များအတွက် မြန်မာနိုင်ငံမှ ဆက်လက် ထောက်ခံကြောင်း ထပ်လောင်း အသိပေးခဲ့ပါတယ်။
========================
📌📌 ၂။ ပြည်သူလူထုနှင့် အမျိုးသားညီညွတ်ရေးအစိုးရ တွေ့ဆုံပွဲ ကျင်းပမယ်
ပြည်သူလူထုနှင့် အမျိုးသားညီညွတ်ရေးအစိုးရ တွေ့ဆုံပွဲ ကျင်းပမယ်လို့သတင်းရရှိပါတယ်။အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို ဝန်ကြီးချုပ် ဦးမန်းဝင်းခိုင်သန်းနှင့်တကွ ဝန်ကြီးများ၊ ကိုမင်းကိုနိုင် တို့ တက်ရောက်ပါမှာဖြစ်ပါတယ်။
ပြည်တွင်းပြည်ပရှိ ပြည်သူလူထုနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့ နွေဦးတော်လှန်ရေး လက်ရှိအခြေအနေများကို ဆွေးနွေးကြမှာဖြစ်ပါတယ်။ ဆွေးနွေးပွဲကိုတော့ ဇူလိုင် ၁၇ ရက် ည ၈ နာရီ ၃၀ အချိန်ကျင်းပမယ်လို့သိရပါတယ်။
========================
📌📌 ၃။ ပေးဆပ်တိုက်ပွဲဝင်နေရှာတဲ့ပြည်သူတွေ အတွက် ထိုက်တန်တဲ့အစိုးရရရှိရေးဆိုတာ အောင်ပွဲမှလွဲ၍ မှတပါး အခြားမရှိဘူးလို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ပြောကြားလိုက်
ပေးဆပ်တိုက်ပွဲဝင်နေရှာတဲ့ပြည်သူတွေ အတွက် ထိုက်တန်တဲ့အစိုးရရရှိရေးဆိုတာ အောင်ပွဲမှလွဲ၍ မှတပါး အခြားမရှိဘူးလို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ပြောကြားလိုက်ပါတယ်။ ဇူလိုင် ၁၅ ရက် လူမှုကွန်ရက်မှာ စီမံကိန်း၊ဘဏ္ဍာရေးနဲ့ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ရေးသားပြောကြားပါတယ်။
"မြန်မာပြည်သူတွေရဲ့ သမိုင်းသိစိတ်မှာ အာဏာရှင်စနစ်ဆိုးရဲ့ ခါးသီးစက်ဆုပ်ဖွယ် အတွေ့အကြုံတွေ၊ ဒဏ်ရာဒဏ်ချက်တွေနဲ့ ပြည့်နှက်နေတယ်။ အာဏာရှင်လက်အောက်မှာ တရားမျှတမှု၊ လွတ်လပ်ခွင့်နဲ့ လူပီသစွာ ရှင်သန်နေထိုင်ခွင့်တွေ ဆိတ်သုဉ်းပျောက်ကွယ်ခဲ့ရပြီး မျိုးဆက်ပေါင်းများစွာ ဘဝတွေစတေးခဲ့ကြရတယ်။ ဒါကြောင့်လည်း မြန်မာ့နွေဦးတော်လှန်ရေးဆိုတာ ပေါ်ပေါက်လာခဲ့ရပြီး ပြည်သူလူထုဟာ သူတို့ရဲ့ အနာဂတ် မျှော်လင့်ချက်ကို ထုဆစ်ပုံဖော်ဖို့ အဆုံးစွန်သောပေးဆပ်မှုတွေနဲ့ မဆုတ်မနစ် တိုက်ပွဲဝင်လျက် ရှိနေကြတယ်။ ဒီထက်ပိုပြီး စွန့်စားစွန့်လွှတ်စရာ မကျန်တော့တဲ့အထိ ပေးဆပ်တိုက်ပွဲဝင်နေရှာတဲ့ ကျနော်တို့ပြည်သူတွေ အတွက် ထိုက်တန်တဲ့အစိုးရရရှိရေးဆိုတာ အောင်ပွဲမှလွဲ၍ မှတပါး အခြားမရှိပြီ"လို့ဝန်ကြီးကဆိုပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က နိုင်ငံတော်အာဏာကို မတရားသိမ်းယူခဲ့ပါတယ်။ ယင်းနောက် စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုနဲ့အတူ နွေဦးတော်လှန်ရေးဟာပေါ်ပေါက်ခဲ့ပါတယ်။
========================
📌📌 ၄။ အများရဲ့ အနာဂါတ်နဲ့ လူငယ်များရဲ့ အနာဂါတ်အတွက် မေ့မထားကြရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဆို
အများရဲ့ အနာဂါတ်နဲ့ လူငယ်များရဲ့ အနာဂါတ်အတွက် မေ့မထားကြရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကပြောပါတယ်။ ဇူလိုင် ၁၄ ရက် လူမှုကွန်ရက်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကရေးသားပြောကြားခဲ့ပါတယ်။
"အနာဂါတ်အတွက် မေ့မထားကြပါနဲ့။အများရဲ့အနာဂါတ်၊ အထူးသဖြင့် လူငယ်များရဲ့အနာဂါတ်အတွက် မိမိတို့ရဲ့ကိုယ်ပိုင်အနာဂါတ်ကို စွန့်လွှတ်ခဲ့ကြသူများ၊ စွန့်လွှတ်နေကြသူများနှင့်အတူ ခံစားကြည့်ပါ။ သိမြင်အောင် ကြိုးစားကြည့်ပါ။ ကျနော်တို့အားလုံး ကြိုးစားနေကြပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြတဲ့ လူငယ်များကို အကြမ်းဖက် စစ်တပ်ဟာ ပစ်ခတ် သတ်ဖြတ်ခဲ့ပါတယ်။
========================
📌📌 ၅။ အိန္ဒိယကုမ္ပဏီ Sandeep Metalcraft Private Limited က မြန်မာစစ်တပ်ကို စနက်တံတွေ ထောက်ပံ့နေပြီး ၄င်းကိုချက်ချင်းရပ်တန့်ပေးဖို့ Justice For Myanmar က တောင်းဆို
အိန္ဒိယကုမ္ပဏီ Sandeep Metalcraft Private Limited က မြန်မာစစ်တပ်ကို စနက်တံတွေ ထောက်ပံ့နေပြီး ၄င်းကိုချက်ချင်းရပ်တန့်ပေးဖို့ Justice For Myanmar က တောင်းဆိုလိုက်ပါတယ်။ အိန္ဒိယက မြန်မာစစ်တပ်ထံ စနက်တံများ ရောင်းချပြီး တရားလက်လွတ်တိုက်ခိုက်မှုများကို ပံ့ပိုးကူညီနေတဲ့အကြောင်း Justice For Myanmar ကဇူလိုင် ၁၅ ရက်နေ့မှာ ဖော်ပြပါတယ်။
"အိန္ဒိယကုမ္ပဏီ Sandeep Metalcraft Private Limited က မြန်မာစစ်တပ်ကို စနက်တံတွေ ထောက်ပံ့နေပြီး၊ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမြောက်နိုင်တဲ့ စစ်တပ်ရဲ့ မြန်မာပြည်သူတွေအပေါ် တိုက်ခိုက်မှုတွေကို တိုက်ရိုက်ပံ့ပိုးကူညီနေတာ ဖြစ်ပါတယ်။
စနက်တံတွေဟာ ဗုံးနဲ့အမြှောက်ဆံတွေမှာ ပေါက်ကွဲမှုကို ဖြစ်စေတဲ့ ကိရိယာတွေ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာစစ်တပ်ကို စစ်လက်နက်ရောင်းချတာ ပိတ်ပင်တဲ့ ပြဌာန်းချက်တစ်ရပ်ကို ချက်ချင်း ချမှတ်ပြဌာန်းပေးဖို့ Justice For Myanmar က တောင်းဆိုပါတယ်"လို့ဖော်ပြပါတယ်။ Panjiva ကုန်သွယ်ရေးဒေတာဘေ့စ်က ကုန်သွယ်ရေးမှတ်တမ်းတွေအရ Sandeep Metalcraft ကုမ္ပဏီရဲ့ လတ်တလောနောက်ဆုံး ကုန်ပစ္စည်းတင်ပို့မှုက ၂၀၂၂ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့ကဖြစ်ပြီး၊ စနက်တံ ၃၀၀၀ ပါဝင်ကြောင်း သိရပါတယ်။ ယင်းကုန်တင်ပို့မှုမတိုင်မီက ၂၀၁၉ ခုနှစ်မှာ စနက်တံ ၅ ခု၊ ၂၀၂၀ ခုနှစ်မှာ စနက်တံ ၁၀၀၀ တင်ပို့မှုတွေ ရှိခဲ့ပါတယ်။
နောက်ဆုံးကုန်တင်ပို့မှုနှစ်ခုမှာ ဘယ်လို စနက်တံအမျိုးအစားတွေ ပါဝင်တယ်ဆိုတာကို တိတိကျကျ ခွဲခြားမသိရပေမယ့်လည်း၊ ၂၀၁၉ ခုနှစ်ကုန်တင်ပို့မှုမှာ ၈၄ မီလီမီတာ Carl Gustaf နောက်ပွင့်ရိုင်ဖယ်တွေ အတွက် ဒီဇိုင်းထုတ်ထားတဲ့ စက်သုံး ချိန်ကိုက် စနက်တံ ၄၄၇ ခုကို တင်ပို့ထားတာဖြစ်ပါတယ်။ မြန်မာစစ်တပ်က ၈၄ မီလီမီတာ Carl Gustaf နောက်ပွင့်ရိုင်ဖယ်တွေကို လူမျိုးစုဒေသတွေအတွင်း တိုက်ခိုက်မှုတွေမှာ အသုံးပြုထားခဲ့ပါတယ်။
========================
📌📌 ၆။ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများအားလုံး ၁၀ ရက် အတွင်းနုတ်ထွက်ရန် ကသာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထုတ်ပြန်
စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများအားလုံး ၁၀ ရက် အတွင်းနုတ်ထွက်ရန် ကသာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထုတ်ပြန်လိုက်ပါတယ်။ ဇူလိုင် ၁၅ ရက်မှာ ကသာပကဖက ကြေညာချက်ကို ဖော်ထုတ်ပြသခဲ့ပါတယ်။
"ယခုအခါ စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားကို ဖယ်ရှားလျက် ပြည်သူ့အုပ်ချုပ်ရေးအာဏာကို ထူထောင်နေပြီ"လို့ ထုတ်ပြန်စာမှာဖော်ပြပါရှိပါတယ်။
ထို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရသည် စစ်ကိုင်းတိုင်းအတွင်း ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်နှင့် ခရိုင်အဆင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များကို ဖွဲ့စည်းတာဝန်ပေးလျက် ပြည်သူ့အုပ်ချုပ်ရေးယန္တရားကို စတင်လည် ပတ်လျက်ရှိကြောင်းဖော်ပြပါတယ်။ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် တရားမဝင်ထမ်းဆောင်လျက်ရှိသည့် အဆင့်ဆင့်သော အုပ်ချုပ်ရေးတာဝန်ယူနေသူအားလုံး ယနေ့မှစ၍ ၁၀ရက်အတွင်း မိမိတို့၏ ရာထူးတာဝန်နှင့် တာဝန်ကျရာနယ်မြေမှ စွန့်ခွာကြရန် ညွှန်ကြားလိုက်တာ်လို့ဆိုထားပါတယ်။
========================
📌📌 ၇။ တမူး PDF တပ်ရင်း ၁ မှ တမူး-အောင်ဇေယျ ကားလမ်းပိုင်းကို နယ်မြေရှင်းလင်းရေး နှင့် လုံခြုံရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်ခဲ့
တမူး PDF တပ်ရင်း ၁ မှ တမူး-အောင်ဇေယျ ကားလမ်းပိုင်းကို နယ်မြေရှင်းလင်းရေး နှင့် လုံခြုံရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်ခဲ့ပါတယ်။ ဇူလိုင် ၁၄ ရက်နေ့မှာ တမူး PDF တပ်ရင်း ၁ က ကားလမ်းပိုင်းကို စစ်ဆေးခဲ့တာပါ။
"ဇူလိုင် ၁၄ ရက်ကမိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တမူးမြို့) တပ်ရင်း-၁ တပ်ဖွဲ့ဝင်များဟာတမူး-အောင်ဇေယျ ကားလမ်းပိုင်းမှာ နယ်မြေရှင်းလင်းရေး နှင့် လုံခြုံရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်ခဲ့ကြပါတယ်"လို့ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တပ်ရင်း (၁) ၊ တမူး စစ်ကိုင်းတိုင်းအခြေစိုက်၍ အများပြည်သူဘေးကင်းလုံခြုံရေန် မကြာခဏလမ်းပိုင်းစစ်ဆေးမှုတို့ဆောင်ရွက်လျက်ရှိပါတယ်။
========================
📌📌 ၈။ NUGPay အား Europe ဒေသ တွင် မကြာမီစတင်တော့မည် ဖြစ်၍ အေးဂျင့်များလျှောက်ထားနိုင်
NUGPay အား Europe ဒေသ တွင် မကြာမီစတင်တော့မည် ဖြစ်၍ အေးဂျင့်များလျှောက်ထားနိုင်ပြီဖြစ်ပါတယ်။ ဇူလိုင် ၁၅ ရက်နေ့မှာ NUG Pay က ဥရောပအတွက် အကောင့်ဖွင့်ထားနိုင်တော့မယ်လို့ကြေညာခဲ့တာပါ။
"NUGPay အား Europe ဒေသ တွင် မကြာမီစတင်တော့မည် ဖြစ်ပါ၍ ဥရောပဒေသနိုင်ငံများအတွက် (UK မှ လွဲ၍) အေးဂျင့်အဖြစ် လျှောက်ထားလိုသူများ office.cz@mofa.nugmyanmar.org သို့ ဆက်သွယ်နိုင်ပါတယ်"လို့ဖော်ပြပါတယ်။
NUGPay ရဲ့ Pilot Project ဟာ Wallet ပေါင်း “တစ်သောင်း” ဖြင့်သာ စတင်လည်ပတ်မှာဖြစ်ပါတယ်။ NUGPay အား တဆင့်ချင်းစီ တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်အောင် ဖြည်းဖြည်းမှန်မှန် လုပ်ဆောင်သွားမယ်လို့ကြေညာပါတယ်။ လက်ရှိမြန်မာ၊ ထိုင်း၊ စင်္ကာပူရှိ အေးဂျင့်များထံတွင် account ဖွင့်လှစ်နိုင်ပြီး အခြားဒေသများရှိ အေးဂျင့်များကိုလည်း မကြာမီ ထပ်မံကြေညာသွားမှာဖြစ်ပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment