၂၀၂၂ သြဂုတ်လ ၁၆ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ ရုတ်တရက် သွားရောက်တဲ့ မြန်မာနိုင်ငံခရီးစဉ်ကို သတိထားပြီးစောင့်ကြည့်နေတယ် လို့ နိုင်ငံခြားရေး ဒုဝန်ကြီးပြောကြား
📌 ၂။ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ်ကိုထိန်လင်းက မြန်မာနိုင်ငံသားတွေ လွတ်မြောက်ဖို့အတွက် သူကိုယ်တိုင် ဖန်တီးထားတဲ့ သစ်ထွင်းပန်းချီလက်ရာကို Fundraise လုပ်ပေးဖို့ ပေးအပ်လှူဒါန်း
📌 ၃။ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာမှာ တော်လှန်ရေးအင်အားစုအားလုံး ပါဝင်ပြီးရေးဆွဲကြဖို့လိုတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတိုက်တွန်းပြောကြား
📌 ၄။ စစ်ကောင်စီရဲ့ တရားစီရင်ရေးကို လူ့အခွင့်ရေးဝန်ကြီး ပြင်းထန်စွာရှုတ်ချ
📌 ၅။ ယနေ့မနက် (နန်းထိုက်အောင်စစ်ဆင်ရေး) အနေနဲ့တွင်မြိတ်လေယာဥ်ကွင်းအနီးကံဖျားမြေနီလမ်းထိပ် မိုင်းခွဲ၍ ပြည်သူ့စစ်တစ်ဦးသေ၊ငါးဦးဒဏ္ရာရ
📌 ၆။ ကျွန်းလှမြို့နယ် ဆင်စွယ်ရဲကင်းစခန်းအား ဒရုန်းနဲ့ဗုံးကြဲချ
📌 ၇။ ပြည်သူ့ဂုဏ်ရည် နယူးဇီလန် မှ ကျဆုံးသွားတဲ့ပြည်သူ့သူရဲကောင်း ၄ ဦးအတွက် NUG Bond ၄ စောင် ဝယ်ယူလှူဒါန်း
📌 ၈။ ငွေတိုက်စာချုပ်ပါဝင်တဲ့ အီးမေးလ်ပျောက်ပျက်သွားပါက website ကနေထပ်မံတောင်းဆိုနိုင်မယ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ ရုတ်တရက် သွားရောက်တဲ့ မြန်မာနိုင်ငံခရီးစဉ်ကို သတိထားပြီးစောင့်ကြည့်နေတယ် လို့ နိုင်ငံခြားရေး ဒုဝန်ကြီးပြောကြား
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အထူးကိုယ်စားလှယ် ဒေါက်တာနိုလင်းဟေဇာရဲ့ ရုတ်တရက် သွားရောက်တဲ့ မြန်မာနိုင်ငံ ခရီးစဉ်ကို သတိထားပြီး စောင့်ကြည်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဖြစ်သူ ဦးမိုးဇော်ဦးက ပြောကြားလိုက်ပါတယ်။
“ဒီအချိန်ဟာ စစ်အုပ်စုကို အသိအမှတ်ပြုသလိုမဖြစ်ဖို့ အင်မတန်သတိထားရမယ့် အချိန်ဖြစ်ပါတယ်။ အာဆီယံ အထူးကိုယ်စားလှယ် မြန်မာပြည်ကို နှစ်ကြိမ်တိတိသွားရောက်ခဲ့ပြီး ဘာမှ အကျိုးရလဒ် မထွက်ခဲ့တာကို သင်္ခန်းစာယူ သတိထားဖို့ လိုမယ် ထင်ပါတယ်။ ဒီခရီးစဉ်ကို သတိထားပြီး စောင့်ကြည့်နေပါတယ်။” လို့ ဒုတိယဝန်ကြီးဖြစ်သူ ဦးမိုးဇော်ဦးက ပြောကြားလိုက်တာပါ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သူ ဒေါက်တာနိုလင်းဟေဇာက ဒီနေ့မှာ မြန်မာနိုင်ငံကို သွားရောက်နေတယ်ဆိုပြိးတော့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ခဲ့တာပါ။
သတင်းထုတ်ပြန်ချက်မှာတော့ လုံခြုံရေးကောင်စီက ဆုံးဖြတ်ထားတဲ့ အကြမ်းဖက်မှုအားလုံး ချက်ခြင်းရပ်ဆိုင်းရေး၊ လူ သားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေသူထံ ပေးနိုင်ရေးတောင်းဆိုချက်တွေ အပါအဝင် ခရီးစဉ် အတွင်းမှာ နယ်ပယ်အားလုံးက ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
“ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး အထူးကိုယ်စားလှယ်အနေနဲ့ သူ့တာဝန်ကို သူထမ်းဆောင်တယ်ဆိုတာ နားလည်ပေမယ့် အခု အချိန်က အချိန်အခါကောင်းမဟုတ်ဘူးလို့ ပြောချင်ပါတယ်။ တိုင်းပြည်အတွက် ဘယ်လောက်အကျိုးရှိနိုင်မလဲဆိုတာ လည်း မသေချာမရေရာတာကို တွေ့ရပါတယ်။” လို့ ဦးမိုးဇော်ဦးကပြောပါတယ်။
အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝန်းက အကြမ်းဖက်မှုတွေ ရပ်တန့်ရေးနဲ့ ဖမ်းဆီးထားတဲ့ နိုင်ငံခေါင်းဆောင် တွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ ချက်ခြင်းပြန်လွှတ်ရေးအတွက် ပြောကြားနေချိန်မှာပဲ အကြမ်းဖက်စစ်ကောင်စီက မနေ့ကပဲ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မတရားတဲ့ ထောင်ဒဏ်တွေ ထပ်မံချခဲ့တာပါ။
========================
📌📌 ၂။ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ်ကိုထိန်လင်းက မြန်မာနိုင်ငံသားတွေ လွတ်မြောက်ဖို့အတွက် သူကိုယ်တိုင် ဖန်တီးထားတဲ့ သစ်ထွင်းပန်းချီလက်ရာကို Fundraise လုပ်ပေးဖို့ ပေးအပ်လှူဒါန်း
ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ်ကိုထိန်လင်းက မြန်မာနိုင်ငံသားတွေ လွတ်မြောက်ဖို့အတွက် သူကိုယ်တိုင် ဖန်တီးထားတဲ့ သစ်ထွင်းပန်းချီလက်ရာကို Fundraise လုပ်ပေးဖို့ ပေးအပ်လှူဒါန်းခဲ့ပါတယ်လို့သြဂုတ်လ ၁၆ ရက်နေ့မှာ Fundraise နဲ့ပတ်သက်လို့ မပန်ဆယ်လိုက လူမှုကွန်ရက်မှာရေးသားပြောကြားပါတယ်။
"အမေဒေါ်အောင်ဆန်းစုကြည်ရဲ့သား ကိုထိန်လင်းက မြန်မာနိုင်ငံသားတွေ လွတ်မြောက်ဖို့အတွက် သူကိုယ်တိုင် ဖန်တီးထားတဲ့ သစ်ထွင်းပန်းချီလက်ရာလေးနဲ့ Fundraise လုပ်ပေးဖို့ တဆင့်ဆက်သွယ်လာပါတယ်။ မြန်မာပြည်အတွက် သူတစ်ခုခု ကူညီချင်တယ်။ တစ်ခုခု လုပ်ပေးချင်တယ်။ သူတတ်ကျွမ်းတဲ့ လက်သမားပညာနဲ့ ဖန်တီးထားတဲ့ သစ်ထွင်းပန်းချီလေးကို ရောင်းချပေးပြီး မြန်မာပြည်ကို ကူညီပေးပါတဲ့"လို့ ဆိုပါတယ်။
မြန်မာနိုင်ငံသားတွေဟာ အမေဒေါ်အောင်ဆန်းစုကြည်အပြင် သားကိုထိန်လင်းကိုပါ ချစ်ခင်တန်ဖိုးထားကြတယ်ဆိုတာသိအောင် ပြသနိုင်မယ့်အပြင် ရရှိငွေအားလုံးကို ကိုထိန်လင်းက တစ်ပြားတစ်ချပ်မှ မယူဘဲ မြန်မာပြည်အတွက် လှူဒါန်းသွားမှာ ဖြစ်တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၃။ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာမှာ တော်လှန်ရေးအင်အားစုအားလုံး ပါဝင်ပြီးရေးဆွဲကြဖို့လိုတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတိုက်တွန်းပြောကြား
ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာမှာ တော်လှန်ရေးအင်အားစုအားလုံး ပါဝင်ပြီးရေးဆွဲကြဖို့လိုတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက သြဂုတ်လအတွင်းကျင်းပတဲ့ တော်လှန်ရေး ရန်ပုံငွေရှာဖွေပွဲအခမ်းအနားမှာ ပြောကြားလိုက်ပါတယ်။
"ဖွဲ့စည်းပုံနဲ့ပတ်သက်ရင် ဒီအပေါ်မှာ ဝိုင်းဆွေးနွေးပြီး တည်ဆောက်ကြဖို့ပဲ။ ဒါကိုရေးဖို့အတွက် ပြင်ဆင်နေကြတယ်။ အဲဒါကို အားလုံးပါဝင်ပြီး ရေးနိုင်ဖို့ပဲ လိုတယ်။ အားလုံးကတက်ပြီး ဒီအပေါ်မှာကိုယ်လိုချက်တာပြော၊ ဘယ်သူကမှတားထားတာမဟုတ်ဘူး။ ဖက်ဒရယ်နဲ့ပတ်သက်လို့လည်း ဘယ်လောက်ယူနစ်ထားမယ်။ဘယ်လိုထားမယ်။ဘယ်သူကမှ မဆုံးဖြတ်ထားဘူး။ အားလုံးတက်ပြီး ထိုင်ပြီးဆွေးနွေးကြဖို့ပဲ"လို်ဝန်ကြီးကဆိုပါတယ်။ လက်ရှိမှာအသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံရေးဆွဲရန် ပြင်ဆင်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက အသိပေးကြေညာထားပါတယ်။
========================
📌📌 ၄။ စစ်ကောင်စီရဲ့ တရားစီရင်ရေးကို လူ့အခွင့်ရေးဝန်ကြီး ပြင်းထန်စွာရှုတ်ချ
စစ်ကောင်စီရဲ့ တရားစီရင်ရေးကို ပြင်းထန်စွာရှုတ်ချကြောင်းကို သြဂုတ်လ ၁၅ ရက် လူမှုကွန်ရက်မှာ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းကရေးသားပြောပါတယ်။ "တပ်ချင်တဲ့ ပုဒ်မတပ်၊ စီရင်ချင်တဲ့ အမိန့်တွေကို စိတ်ကြိုက် စီရင်နေတဲ့ တရားစီရင်ရေးမှာ တရားမျှတမှုပေါ်ထွန်းလာမယ်လို့ မျှော်လင့်နေရမှာလား"လို့ ဝန်ကြီးကဆိုပါတယ်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ဆက်စပ်ပြီး စွပ်စွဲထားတဲ့ အမှု အမှု ၄ မှု အတွက်ဒေါ်အောင်ဆန်းစုကြည်ကိုယမန်နေ့က စကစကထောင်ဒဏ် ၆ နှစ်ထပ်မံချမှတ်လိုက်ပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၂၀၂၇) ဦးရှိပြီး ၎င်းတို့အနက်မှ (၁၃၉၀) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။
========================
📌📌 ၅။ ယနေ့မနက် (နန်းထိုက်အောင်စစ်ဆင်ရေး) အနေနဲ့တွင်မြိတ်လေယာဥ်ကွင်းအနီးကံဖျားမြေနီလမ်းထိပ် မိုင်းခွဲ၍ ပြည်သူ့စစ်တစ်ဦးသေ၊ငါးဦးဒဏ္ရာရ
ယနေ့မနက် (နန်းထိုက်အောင်စစ်ဆင်ရေး) အနေနဲ့တွင်မြိတ်လေယာဥ်ကွင်းအနီးကံဖျားမြေနီလမ်းထိပ် မိုင်းခွဲ၍ ပြည်သူ့စစ်တစ်ဦးသေ၊ငါးဦးဒဏ္ရာရခဲ့ပါတယ်။ ဩဂုတ်လ၊ (၁၆) ရက်နံနက်၆နာရီဝန်းကျင်အချိန်မြိတ်ေလယာဥ်ကွင်းအနီးကံဖျားမြေနီလမ်းထိပ်မှာ မိုင်းခွဲခဲ့တာလို့ မြိတ်ပကဖကအတည်ပြုပါတယ်။
"မြိတ်ခရိုင်၊ မြိတ်မြို့နယ်မှာလက်နက်ကိုင်သောင်းကျန်းနေသောအကြမ်းဖက်စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်အဖွဲ့ ကားဖြင့်သွားလာနေစဉ် မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် ပူးပေါင်းအဖွဲ့တို့မှ (နန်းထိုက်အောင်စစ်ဆင်ရေး) အနေဖြင့် နံနက် ၆ နာရီဝန်းကျင်အချိန်ခန့်တွင်မြိတ်လေယာဥ်ကွင်းအနီးကံဖျားမြေနီလမ်းထိပ်တွင်သွားရောက်မိုင်းခွဲတိုက်ခိုက်ခဲ့ပါတယ်"လို့ ဆိုပါတယ်။ မိုင်းခွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် (၁) ဦးပွဲချင်းပြီးသေဆုံးပြီး ၅ ဦးထက် မနည်း အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ကဆိုပါတယ်။
========================
📌📌 ၆။ ကျွန်းလှမြို့နယ် ဆင်စွယ်ရဲကင်းစခန်းအား ဒရုန်းနဲ့ဗုံးကြဲချ
စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ် ဆင်စွယ်ရဲကင်းစခန်းအား ဒရုန်းနဲ့ဗုံးကြဲချခဲ့တယ်လို့ တန့်ဆည် TRF ကဆိုပါတယ်။ သြဂုတ်လ ၁၆ ရက် နံနက်အစောပိုင်းမှာ တိုက်ခိုက်ခဲ့တာလို့ TRF ကဖော်ပြပါတယ်။
"ရွှေဘိုခရိုင် တပ်ရင်း ၁၆(TRF)+ကန့်ဘလူခရိုင် တပ်ရင်း၁ ခွဲ (၃)+ခွဲ(၄) ပူးပေါင်းကာ Drone သုံးစီးဖြင့် ကျွန်းလှမြို့နယ် ဆင်စွယ်စခန်းအာနံနက် (အစောပိုင်းအချိန်) ဗုံးသီးချတ်ုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။ စကစတပ်များဟာ စစ်ကိုင်းတိုင်းအတွင်း သာလွန်အင်အားများနဲ့ စစ်ကြောင်းထိုးတိုက်ခိုက်မှုများရှိနေသလို အရပ်သားများကို လည်းပစ်မှတ်ထားတိုက်ခိုက်လျက်ရှိပါတယ်။
========================
📌📌 ၇။ ပြည်သူ့ဂုဏ်ရည် နယူးဇီလန် မှ ကျဆုံးသွားတဲ့ပြည်သူ့သူရဲကောင်း ၄ ဦးအတွက် NUG Bond ၄ စောင် ဝယ်ယူလှူဒါန်း
ပြည်သူ့ဂုဏ်ရည် နယူးဇီလန် မှ ကျဆုံးသွားတဲ့ပြည်သူ့သူရဲကောင်း ၄ ဦးအတွက် NUG Bond ၄ စောင် ဝယ်ယူလှူဒါန်းခဲ့ပါတယ်။ သြဂုတ်လအတွင်းမှာ OurSpringHeroes ကဖော်ပြပါတယ်။
"သူရဲကောင်းရဲဘော် ၄ ဦးရဲ့ ကျန်ရစ်သူမိသားစုကို ကူညီစောင့်ရှောက်တဲ့အနေနဲ့ ပြည်သူ့ဂုဏ်ရည် နယူးဇီလန် က "ဒို့ … နွေဦးသူရဲကောင်းအတွက် ငွေတိုက်စာချုပ်” အား ဝယ်ယူပြီးလှူဒါန်းပေးအပ် ဂုဏ်ပြုလိုက်ပါတယ်"လို့ဆိုပါတယ်။
အကြမ်းဖက်စစ်ကား ၆ စီး ၊ အကြမ်းဖက်စစ်သား (၂၀၀) ကျော်တို့ကို ပြည်သူ့ရဲဘော်များဘက်မှ ရှင်းလင်းနိုင်ခဲ့တဲ့ တိုက်ပွဲများအတွင်း တိုင်းပြည်အတွက် မွန်မြတ်စွာအသက်ပေးလှူခဲ့ကြတဲ့ ဆလိုင်းမောင်းကီး၊ ဆလိုင်းငိုင်းရှိန်းမာန် ၊ဆလိုင်းနိန်ထန်းမာန် ဆလိုင်းလိန်းဟာ တိုင်းပြည်နဲ့ပြည်သူအတွက် တိုက်ပွဲဝင်ရင်း မွန်မြတ်စွာအသက်ပေးလှူသွားခဲ့ရပါတယ်။ ပြည်သူများအနေဖြင့် နွေဦးသူရဲကောင်းများအားရည်စူးပြီး သူတို့ရဲ့ကျန်ရစ်သူမိသားစုအတွက် "ဒို့ … နွေဦးသူရဲကောင်းအတွက် ငွေတိုက်စာချုပ်” တွေကို ဆက်သွယ်ဝယ်ယူလှူဒါန်းပေးနိုင်မှာဖြစ်ပါတယ်။
========================
📌📌 ၈။ ငွေတိုက်စာချုပ်ပါဝင်တဲ့ အီးမေးလ်ပျောက်ပျက်သွားပါက website ကနေထပ်မံတောင်းဆိုနိုင်မယ်
ငွေတိုက်စာချုပ်ပါဝင်တဲ့ အီးမေးလ်ပျောက်ပျက်သွားပါကwebsite ကနေထပ်မံတောင်းဆိုနိုင်မယ်လို့ ယူနိုက်တက် ဘွန်းကဆိုပါတယ်။ သြဂုတ်လအတွင်း တော်လှန်ရေးကာလအတွင်းမှာ တော်လှန်ပြည်သူများရဲ့ လုံခြုံရေးနဲ့ပတ်သက်လို့ ယူနိုက်တက်ဘွန်းကအသိပေးရာမှာ ရှင်းလင်းအသိပေးပါတယ်။
"ငွေတိုက်စာချုပ်ကိုယ်စားလှယ် များမှတဆင့် ဝယ်ယူမည်ဆိုလျှင်-ငွေတိုက်စာချုပ်ကိုယ်စားလှယ်များ ဆိုတာ တော်လှန်ရေးကာလအတွင်း အစွမ်းကုန်ထောက်ပို့နေကြသူများ၊ ဝန်ကြီးများကိုယ်တိုင် ထောက်ခံပေးထားသူများ၊ NUG ကိုယ်စားလှယ်ရုံးများ ကိုယ်တိုင် ဖြစ်တာကြောင့် ယုံကြည်စိတ်ချစွာ ဆက်သွယ်ပြီး ငွေတိုက်စာချုပ်အတွက် ကျသင့်ငွေကို ပေးချေနိုင်ပါတယ်၊၊ ငွေပေးချေချိန်မှာ email address သာပေးရန်လိုအပ်ပါတယ်၊၊ -မိမိရဲ့ အီးမေးလ်ထဲမှာသာ ငွေတိုက်စာချုပ်ရှိနေမှာဖြစ်ပြီး ငွေတိုက်စာချုပ်ကို password ရှိမှသာ ဖွင့်ပြီးစစ်ဆေးလို့ရမှာဖြစ်ပါတယ်၊၊ငွေတိုက်စာချုပ်ပါဝင်တဲ့ အီးမေးလ်ပျောက်ပျက်သွားပါကလည်း https://www.unitedbonds-nug.org website ကနေထပ်မံတောင်းဆိုနိုင်ပါသေးတယ်"လို့ ဆိုပါတယ်။ ဝယ်ယူထားတဲ့ ငွေတိုက်စာချုပ်များကို email ထဲမှာသာ သိမ်းထားခြင်းဖြင့် မိမိကိုယ်တိုင်ကလွဲပြီး အခြားမည်သူမှ မသိအောင် သိမ်းဆည်းထားနိုင်မှာဖြစ်ပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment