၂၀၂၂ သြဂုတ်လ ၁၇ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့မှာ ကော်မရှင်နဲ့ကော်မတီဖွဲ့စည်းမှု ၁၉ ခုအထိ ရှိလာကာ တော်လှန်ရေးအတွက် ထိထိမိမိဆောင်ရွက်နေ
📌 ၂။ အထွေထွေအကြပ်အတည်းကို ကျော်လွှားနိုင်ဖို့ အတူတူရုန်းကန်ကြရလိမ့်မယ်လို့ လူထုကို ပြည်ထောင်စုဝန်ကြီးချုပ် သတင်းစကားပါး
📌 ၃။ သမဝါယမ ဆိုတာ ပြည့်သူ့ဘဏ္ဍာကို စနစ်တကျ ခိုးယူနိုင်တဲ့ ဌာနလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ဆို
📌 ၄။ စစ်ကျွန်မခံပဲ NUG ရဲ့ဘဏ္ဍာရေးစနစ်ထဲ ပြည်သူလူထုဝင်ရောက်ပူးပေါင်းကြဖို့ NUG ဘဏ္ဍာရေးဌာနကရှင်းလင်းတဲ့ သတင်းစကားတွေပေးရမယ်လို့ ဦးမင်းကိုနိုင်ထောက်ပြပြောဆို
📌 ၅။ မြန်မာနိုင်ငံမှာရှိနေတဲ့ လူချမ်းသာများအနေနဲ့ ပြည်သူ့တော်လှန်ရေးမှာ ရှိသမျှဘဏ္ဍာ ငွေထည့်ဝင်ကြဖို့ NUG ချက်နိုင်ငံကိုယ်စားလှယ် ဦးလင်းသန့်ပြောကြား
📌 ၆။ တစ်လအတွင်းအာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ၏ဘက်မှသေဆုံးသူ- ၂၁၅၁ ဦး အထိရှိလာ
📌 ၇။ ခင်ဦးမြို့နယ် ဝန်းကြီးကျေးရွာမှ ရွှေတောအလုပ်လုပ်သွားမယ့် အပြစ်မဲ့ပြည်သူ ၇ ယောက်ကို ရွှေဘိုလေ့ကျင့်ရေး (၈) မှာ တစ်ညတာ စစ်မေးခြင်းပြုလုပ်ခဲ့ပြီးသတ်ဖြတ်
📌 ၈။ စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့နယ် နဘားလမ်းဆုံအနီးရှိ စကစထံ ဝင်ငွေစီးဆင်းနေတဲ့နဘားတန်ပိုဂိတ်အား KIA၊ PDF ပူးပေါင်း တပ်ဖွဲ့များမှ ဖျက်ဆီး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့မှာ ကော်မရှင်နဲ့ကော်မတီဖွဲ့စည်းမှု ၁၉ ခုအထိ ရှိလာကာ တော်လှန်ရေးအတွက် ထိထိမိမိဆောင်ရွက်နေ
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့မှာ ကော်မရှင်နဲ့ကော်မတီဖွဲ့စည်းမှု ၁၉ ခုအထိ ရှိလာကာ တော်လှန်ရေးအတွက် ထိထိမိမိဆောင်ရွက်နေတယ်လို့သတင်းရရှိပါတယ်။ သြဂုတ်လ ၁၆ ရက်ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ၆၄ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။
"အခုဆိုရင်ကျနော်တို့အစိုးရအဖွဲ့မှာ ကော်မရှင်၊ ကော်မတီတွေနဲ့အဖွဲ့တွေဖွဲ့စည်းထားတာ ၁၉ ခုရှိသွားပြီဖြစ်ပါတယ်။ ဒီအဖွဲ့တွေ၊ ကော်မတီတွေဟာလည်း တော်လှန်ရေးအတွက်လိုအပ်လို့ ဖွဲ့စည်း ထားကြတာတွေဖြစ်ပါတယ်။ ကော်မတီတခုချင်းစီ၊ အဖွဲ့တဖွဲ့ချင်းစီအနေနဲ့လည်း တော်လှန် ရေးအ တွက်အကျိုးရှိစေမယ့်လုပ်ငန်းများအကောင်အထည်ဖော်ရာမှာ အချိန်နဲ့တပြေးညီ စနစ်တကျစီမံ ဆောင်ရွက်ကြဖို့လိုပါတယ်"လို့ ပြည်ထောင် စုဝန်ကြီးချုပ်က ပြောပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ အထွေထွေအကြပ်အတည်းကို ကျော်လွှားနိုင်ဖို့ အတူတူရုန်းကန်ကြရလိမ့်မယ်လို့ လူထုကို ပြည်ထောင်စုဝန်ကြီးချုပ် သတင်းစကားပါး
အထွေထွေအကြပ်အတည်းကို ကျော်လွှားနိုင်ဖို့အတူတူရုန်းကန်ကြရလိမ့်မယ်လို့ လူထုကို ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက သြဂုတ်လ ၁၆ ရက်မှာ ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ၆၄ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာထည့်သွင်းပြောကြားခဲ့ပါတယ်။
"ဒီတပတ်အတွင်းမှာကြားသိရတဲ့ကိစ္စတွေကတော့ ကျနော်တို့ပြည်သူတွေအတွက် စိတ်မကောင်းစရာတွေများပါတယ်။ အကောင်းကြီးရှိနေတဲ့ တိုင်းပြည် ဟာ လူတစုရဲ့အတ္တကြောင့်တ ကယ့်ကိုဆိုးရွားလွန်းတဲ့အခြေအနေတွေကို ရင်ဆိုင်နေရတာအင်မတန် ဝမ်းနည်းစရာကောင်းပါတယ်။ အထွေထွေအကြပ်အတည်းကိုရင်ဆိုင်နေကြရတဲ့ပြည်သူတွေကိုသတင်း စကားပေးချင်တာကတော့ ဒီအခြေအနေတွေကိုကျော်လွှားနိုင်ဖို့ဆိုရင် ကျနော်တို့ အတူတူရုန်းကန် ကြရပါလိမ့်မယ်။ ကျနော်တို့မှာကျနော်တို့ပဲရှိတာမို့ အတူတူရုန်းကန်နိုင်မှ ဒီထက်ဆိုးတဲ့အခြေအနေ တွေနဲ့ မကြုံတွေ့ ရမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။ လက်ရှိမှာ ပြည်တွင်းကျပ်ငွေဟာ တန်ဖိုးမရှိတော့ဘဲ ပြည်ပနိုင်ငံခြားငွေတန်ဖိုးအဆမတန်မြင့်တက်ကာ စက်သုံးဆီများလည်းရှားပါးနေလျက်ရှိပါတယ်။
========================
📌📌 ၃။ သမဝါယမ ဆိုတာ ပြည့်သူ့ဘဏ္ဍာကို စနစ်တကျ ခိုးယူနိုင်တဲ့ ဌာနလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ဆို
သမဝါယမ ဆိုတာ ပြည့်သူ့ဘဏ္ဍာကို စနစ်တကျ ခိုးယူနိုင်တဲ့ ဌာနလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ကပြောပါတယ်။ သြဂုတ်လ ၁၆ ရက် လူမှုကွန်ရက်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ကရေးသားပြောပါတယ်။
"၂၀၂၁ ဇွန်လ ကတည်းက စလုပ်တာကို တနှစ်ကျော်မှ အကောင်အထည်ဖော်တဲ့သဘော။ ခုတော့ စက်ဆီ စားဆီ တန်းစီ နေရပြီ ဆိုတော့ တခြားလူသုံးကုန် အားလုံးလဲ မကြာမှီ လာမည်။ သမဝါယမ ခေတ်မှာ အသက် ၁၂, ၁၃ လောက်ကတည်းက ရေနံဆီ တပုလင်းရဖို့ တန်းစီ ဖူးတာ ကောင်းကောင်းမှတ်မိတယ်။သမဝါယမ ကို အကြိုက်တွေ့တဲ့ လူတန်းစားကတော့ အာဏာရှိသူများ၊ အဲ့ဒီ ဝန်ကြီးဌာန က အရာရှိများပါပဲ။ သမခေတ်အလွန်မှာ သမမြေနေရာအစ ရောင်းစားခဲ့ကြတာ အဲ့ဒီ လူတွေပဲ။ တကယ်တော့ သမဝါယမ ဆိုတာ ပြည့်သူ့ ဘဏ္ဍာ ကို စနစ်တကျ ခိုးယူနိုင်တဲ့ ဌာန ပါ"လို့ ဝန်ကြီးကဆိုပါတယ်။ ၂၀၂၁ ခုနှစ် ဇွန်လမှာ စကစက သမဝါယမ ဝန်ကြီးဌာနကို ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။
========================
📌📌 ၄။ စစ်ကျွန်မခံပဲ NUG ရဲ့ဘဏ္ဍာရေးစနစ်ထဲ ပြည်သူလူထုဝင်ရောက်ပူးပေါင်းကြဖို့ NUG ဘဏ္ဍာရေးဌာနကရှင်းလင်းတဲ့ သတင်းစကားတွေပေးရမယ်လို့ ဦးမင်းကိုနိုင်ထောက်ပြပြောဆို
စစ်ကျွန်မခံပဲ NUG ရဲ့ဘဏ္ဍာရေးစနစ်ထဲ ပြည်သူလူထုဝင်ရောက်ပူးပေါင်းကြဖို့ NUG ဘဏ္ဍာရေးဌာနကရှင်းလင်းတဲ့ သတင်းစကားတွေပေးရမယ်လို့ ဦးမင်းကိုနိုင်ထောက်ပြပြောဆိုလိုက်ပါတယ်။ သြဂုတ်လ ၁၆ ရက် လူမှုကွန်ရက်မှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်ကရေးသားပြောပါတယ်။
"ခုလည်း NUG ဘဏ္ဍာရေးကအစွမ်းပြရပါလိမ့်မယ်။ ပြည်သူကလည်း တို့လူဘယ်လို အလဲထိုးမလဲအားပေးနေကြပါပြီ။ NUG pay စံနစ်ဟာ စမ်းသပ်အောင်မြင်ခဲ့ပါပြီ။ တိုးချဲ့ဖို့သာကျန်တာပါ။စစ်ကျွန်မခံပဲ NUG ရဲ့ဘဏ္ဍာရေးစနစ်ထဲဝင်ရောက်ပူးပေါင်းကြမယ်ဆိုရင်ကော။ဒါ NUG ဘဏ္ဍာရေးဌာနကရှင်းလင်းတဲ့ သတင်းစကားတွေပေးရပါတော့မယ်။NUG Payစနစ်ထဲကိုဘယ်လိုဝင်မလဲ။NUG ဟာဘဏ်လုပ်ငန်းတွေကိုဘယ်လိုတိုးချဲ့မလဲ။ဥပမာဆိုရင် အချို့သော မဟာမိတ်အင်အားစုတွေမှာဘဏ်စနစ်တွေရှိပြီးသားပါ။ပူပေါင်းကြမလား။မြန်မာကျပ်ငွေပိုက်ဘောမိနေတဲ့ ပြည်သူတွေကို NUG ကဘာရွေးချယ်စရာတွေပေးရမှာလဲ" လို့ ၄င်းကဆိုပါတယ်။ ထောက်ပို့တပ်သားစနစ်ရှိသလို၊ Bond ဝယ်တာမျိုး၊ EOD တွေဝယ်တာမျိုးအပါဝင် ပြည်သူလိုက်နိုင်တဲ့အစီအမံတွေ အာမခံချက်တွေနဲ့ပြနိုင်ရင်တော့ ချိန်ခါသင့်ပါလို့ ဦးမင်းကိုနိုင်ကထပ်လောင်းပြောပါတယ်။
========================
📌📌 ၅။ မြန်မာနိုင်ငံမှာရှိနေတဲ့ လူချမ်းသာများအနေနဲ့ ပြည်သူ့တော်လှန်ရေးမှာ ရှိသမျှဘဏ္ဍာ ငွေထည့်ဝင်ကြဖို့ NUG ချက်နိုင်ငံကိုယ်စားလှယ် ဦးလင်းသန့်ပြောကြား
မြန်မာနိုင်ငံမှာရှိနေတဲ့ လူချမ်းသာများအနေနဲ့ ပြည်သူ့တော်လှန်ရေးမှာ ရှိသမျှဘဏ္ဍာ ငွေထည့်ဝင်ကြဖို့ NUG ချက်နိုင်ငံကိုယ်စားလှယ် ဦးလင်းသန့်ပြောကြားလိုက်ပါတယ်။ သြဂုတ်လ ၁၆ ရက် လူမှုကွန်ရက်မှာ ချက်နိုင်ငံကိုယ်စားလှယ်ဦးလင်းသန့်ကရေးသားပြောကြားပါတယ်။
"နေပြည်တော် အကြမ်းဖက်ခေါင်းဆောင် ဗိုလ်မင်းအောင်လှိုင်ဟာ သူ့အာဏာတည်မြဲဖို့၊ချမ်းသာဖို့ဘယ်သူ့ဆီကမဆို အကုန် လိုချင်တာယူမယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်ထားပြီးသားပါ။ ဒါကြောင့် ဒေါ်လာစျေးတွေ မတန်တဆတက်တယ်။ လောင်စာဆီပြတ်လတ်မှု ကြုံတွေ့နေရပြီ။ ရွှေစျေး မတန်တဆ တက်တယ်။ စားသုံးကုန်စျေးနှုန်းက ကြောက်ခမန်းလိလိ ထိုးတက်သွားပြီ။ ဒီတော့ လက်ထဲ ရှိတဲ့ ပိုင်ဆိုင်မှုဟာ ခဏချင်းမှာ အကြီးအကျယ်ဆုံးရှုံးနေတာကိုတောင် ကျောချလို့ ဓားပြမှန်းမသိသေးရင်တော့ အသက်ပါ ဆုံးဖို့ရှိပါတယ်။ ဒီတော့လူချမ်းသာကြီးများအနေနဲ့ ရှိတဲ့ ဘဏ္ဍာငွေတွေနဲ့ ပြည်သူ့တော်လှန်ရေးမှာ ထည့်ဝင်ကြ၊ ဘွန်းဝယ်စုကြ၊. EOD Shares ဝယ်စုကြ။ ဒါဟာ တခုတည်းသော သင်တို့ ပိုင်ဆိုင်မှုကို အာမခံနိုင်တဲ့ တခုတည်းသော ထွက်ပေါက်ဖြစ်တယ်"လို့ဆိုပါတယ်။ လက်ရှိမှာ စစ်ကောင်စီဟာ ဇေကမ္ဘာ ဦးခင်ရွှေနဲ့ သူဌေးကြီး ဦးချစ်ခိုင်တို့ကိုလည်းအကြောင်းအမျိုးမျိုးပြကာဖမ်းဆီးချုပ်နှောင်ထားပါတယ်။
========================
📌📌 ၆။ တစ်လအတွင်းအာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ၏ဘက်မှသေဆုံးသူ- ၂၁၅၁ ဦး အထိရှိလာ
တစ်လအတွင်းအာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ၏ဘက်မှသေဆုံးသူ- ၂၁၅၁ ဦး အထိရှိလာပါတယ်။ သြဂုတ်လအတွင်းမှာ ပြည်ထဲရေးဝန်ကြီးဌာနမှပြည်သူ့ခုခံတော်လှန်စစ်မှ စစ်ရေးသတင်းအချက်အလက်များကိုဖော်ပြပါတယ်။
"အမျိုးသားညီညွတ်ရေးအစိုးရ၏ အရေးပေါ်အခြေအနေ ကြေညာချက်ထုတ်ပြန်ပြီးကာလ (၇.၇.၂၀၂၂) မှ (၆.၈.၂၀၂၂) ထိ ဧကာဒဿမ ၁ လတာအတွင်းအာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ၏ဘက်မှသေဆုံးသူ- ၂၁၅၁ ဦး အထိကျဆုံးခဲ့ပြီးထိခိုက်သူ - ၆၈၃ ဦး အထိရှိခဲ့တယ်"လို့ဖော်ပြပါတယ်။ လက်ရှိမှာပြည်သူ့ရင်ခွင် ခိုလှုံရေးအစီအစဉ်ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အထက်ပါအရေးပေါ်ကြေညာချက်ထုတ်ပြန်ပြီးနောက်ပိုင်း ပြည်သူဘက်သို့ ရဲရဲဝံ့ဝံ့ ရပ်တည်လာကြတဲ့စစ်သား CDM နှင့် ရဲ CDM များလည်း နေ့စဉ်များပြားလာနေတယ်လို့လည်း သတင်းရရှိပါတယ်။
========================
📌📌 ၇။ ခင်ဦးမြို့နယ် ဝန်းကြီးကျေးရွာမှ ရွှေတောအလုပ်လုပ်သွားမယ့် အပြစ်မဲ့ပြည်သူ ၇ ယောက်ကို ရွှေဘိုလေ့ကျင့်ရေး (၈) မှာ တစ်ညတာ စစ်မေးခြင်းပြုလုပ်ခဲ့ပြီးသတ်ဖြတ်
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ဝန်းကြီးကျေးရွာမှ ရွှေတောအလုပ်လုပ်သွားမယ့် အပြစ်မဲ့ပြည်သူ ၇ ယောက်ကို ရွှေဘိုလေ့ကျင့်ရေး(၈)မှာ တစ်ညတာ စစ်မေးခြင်းပြုလုပ်ခဲ့ပြီးသတ်ဖြတ်ခဲ့ပါတယ်။ သြဂုတ်လ ၁၆ ရက်နေ့မှာ ဒေသသတင်းအရင်းအမြစ်ကတဆင့်သတင်းရရှိပါတယ်။ ခင်ဦးမြို့နယ် ဝန်းကြီးကျေးရွာမှ ရွှေတောအလုပ်လုပ်သွားမယ့် အပြစ်မဲ့ပြည်သူ၇ယောက်ဟာ သြဂုတ်လ၁၄ရက်နေ့ မနက်ပိုင်းမှာ ရွှေဘိုကားကွင်းကို သွားခဲ့ရာ အမှတ်၂ရပ်ကွက်မှာ အကြမ်းဖမ်းစကစက ဖမ်းဆီးခံခဲ့ရပြီး ရွှေဘိုလေ့ကျင့်ရေး(၈)မှာ တစ်ညတာ စစ်မေးခြင်းပြုလုပ်ခဲ့တယ်လို့သတင်းရရှိပါတယ်။
သြဂုတ်လ ၁၅ ရက်နေ့မှာ ခင်ဦးမြို့နယ် ရွာသာကျေးရွာဇရပ်အနီး ပစ်သတ်၍ ရုပ်အလောင်းများကို စွန့်ပစ်ထားခဲ့ပါတယ်။ အကြမ်းဖက်စကစမှ အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်ခဲ့သော အပြစ်မဲ့ပြည်သူ၇ဦးမှာ- ကျော်သူဟိန်း အသက် ၁၉ နှစ်၊ကိုဇော်ဟိန်း အသက် ၁၅ နှစ်၊ ကို မင်းကို အသက် ၂၀ နှစ်၊ ကိုမင်းညီ အသက် ၁၄ နှစ်၊ ကိုဖြိုးငွေစိုး အသက် ၁၉ နှစ်၊ ကိုနိုင်းနိုင်း အသက် ၂၂ နှစ် နှင့် ကိုသူရထွန်း အသက် ၂၁ နှစ်တို့ ဖြစ်ပါတယ်။
========================
📌📌 ၈။ စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့နယ် နဘားလမ်းဆုံအနီးရှိ စကစထံ ဝင်ငွေစီးဆင်းနေတဲ့နဘားတန်ပိုဂိတ်အား KIA၊ PDF ပူးပေါင်း တပ်ဖွဲ့များမှ ဖျက်ဆီး
စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့နယ် နဘားလမ်းဆုံအနီးရှိ စကစထံ ဝင်ငွေစီးဆင်းနေတဲ့နဘားတန်ပိုဂိတ်အား KIA၊ PDF ပူးပေါင်း တပ်ဖွဲ့များမှ ဖျက်ဆီးခဲ့ပါတယ်။ ဩဂုတ်လ ၁၆ ရက်စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့နယ် နဘားလမ်းဆုံအနီးရှိ စစ်ကောင်စီထံသို့ ဝင်ငွေစီးဆင်းနေတဲ့တန်ပိုဂိတ်ကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့အင်းတော် တော်လှန်ရေးအင်အားစုကဆိုပါတယ်။
"စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့နယ် နဘားလမ်းဆုံအနီးရှိ စစ်ကောင်စီထံသို့ ဝင်ငွေစီးဆင်းနေသည့် စစ်ကောင်စီလက်အောက်ခံ ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင်တဲ့ နဘားတန်ပိုဂိတ်အား KIA၊ PDF ပူးပေါင်း တပ်ဖွဲ့များမှမနက် ၁၀ နာရီအချိန်တွင် ဝင်ရောက်ဖျက်ဆီးခဲ့ပါတယ်"လို့ ဖော်ပြပါတယ်။ ဝင်ရောက်ဖျက်ဆီးနေစဥ်အတွင်းမှာပဲ အင်းတော်မြို့ ရိက္ခာကုန်းဘက်ရှိ စစ်ကောင်စီတပ်ဘက်မှ နဘားရွာဘက်သို့ လက်နက်ကြီးဖြင့် ရမ်းတမ်းပစ်ခတ်ခဲ့ပြီး နဘားရွာအနီးတွင် ကျရောက်ပေါက်ကွဲခဲ့တယ်လို့လည်း သိရကာလူတွေအထိခိုက်မရှိခဲ့ဘူးလို့သတင်းရရှိပါတယ်။ ဖမ်းဆီးထားတဲ့ ဝန်ထမ်း ၄ ယောက်ကိုလည်း စစ်ဆေးမေးမြန်းကာ ပြန်လည်လွှတ်ပေးမှာဖြစ်ကြောင်းလည်း သိရပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment