၂၀၂၂ စက်တင်ဘာလ ၁၄ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ သယံဇာတစီမံခန့်ခွဲမှုကိစ္စက သေချာစီမံနိုင်ပါက ဘဏ္ဍာငွေရကာ စစ်ကောင်စီရဲ့ ဝင်ငွေရလမ်းကိုလည်းတားဆီးနိုင်မယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆို
📌 ၂။ စစ်ကောင်စီတပ်ဟာ အချိန်မရွေးပြိုကွဲသွားနိုင်တယ်လို့ ကာကွယ်ရေးဝန်ကြီးဦးရည်မွန် အသိပေးပြောကြား
📌 ၃။ Federal Wings အဖွဲ့အတွက် ထောက်ပံ့ငွေ စုစုပေါင်း (၈၄၀၀) US$ ကို 1 Brick 1 Sand - Charlotte NC မိသားစုများက လှူဒါန်းရာ NUG MOCIT ဝန်ကြီး ဦးထင်လင်းအောင် မှ လက်ခံရယူ
📌 ၄။ မုံရွာမြို့နယ် နဂါးတွင်းကျေးရွာကို အကြမ်းဖက် စစ်တပ်က သေနတ်များပစ်ဖောက်ကာ ဝင်ရောက် သောင်းကျန်းဖျက်ဆီး
📌 ၅။ ကျောက်ထုရဲစခန်းမှ ကင်းပတ်လာသောရဲနဲ့ စစ်သားနှစ်ဦး ကျောက်ထု PDF (YRPA) မှ ခြုံခိုစောင့်ကြို၍ လက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ရာ ပွဲချင်းပြီးသေဆုံး
📌 ၆။ Infinite Revolution Force IRF / GTF ခွဲ (၁) မှ လက်လုပ် မောင်းပြန်ထုတ်လုပ်အောင်မြင်
📌 ၇။ ပေါက်မြို့၊ အောင်တံခွန်ရပ်ကွက်တွင် အရပ်သား နှစ်ဦးကို PDF သင်တန်းဆင်းများလို့စွပ်စွဲကာ အကြမ်းဖက် စစ်တပ်ကဖမ်းဆီး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ သယံဇာတစီမံခန့်ခွဲမှုကိစ္စက သေချာစီမံနိုင်ပါက ဘဏ္ဍာငွေရကာ စစ်ကောင်စီရဲ့ ဝင်ငွေရလမ်းကိုလည်းတားဆီးနိုင်မယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆို
သယံဇာတစီမံခန့်ခွဲမှုကိစ္စက သေချာစီမံနိုင်ပါက ဘဏ္ဍာငွေရကာ စစ်ကောင်စီရဲ့ ဝင်ငွေရလမ်းကိုလည်းတားဆီးနိုင်မယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက စက်တင်ဘာ ၁၄ ရက်နေ့ အစိုးရအဖွဲ့အစည်းအဝေးမှာပြောကြားခဲ့ပါတယ်။
"သယံဇာတစီမံခန့်ခွဲမှုကိစ္စက သေချာစီမံနိုင်ရင် တစ်ချက်ခုတ် နှစ် ချက်ပြတ် ဖြစ်ပါတယ်။ ကျွန်တော်တို့လည်း ဘဏ္ဍာငွေရမယ်။ သူတို့ဝင်ငွေရလမ်းကို လည်းတားဆီးနိုင်မယ်။ ဒါ့ကြောင့် ဝိုင်းဝန်းအားစိုက်စေချင်ပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနဘက်က ကော်မတီအစည်းအဝေးမှာ တင်ပြလာတဲ့ အခွန်ကောက်ခံခြင်းဆိုင်ရာကိစ္စတွေဟာ တော်လှန်ရေးအတွက် အလွန်အားရ စရာတွေဖြစ်ပြီးတော့ မြို့နယ်ချင်း အချိတ်အဆက်မိမိနဲ့သာ ဆောင် ရွက်နိုင်မယ်၊ ဝန်ကြီးဌာနတွေရဲ့ ပံ့ပိုးကူညီမှုတွေ ပိုမိုရရှိမယ်ဆိုရင် မြေပြင်မှာ စီမံဆောင်ရွက်နေကြရတဲ့ အဖွဲ့အစည်းတွေအတွက်ပိုမို အဆင်ပြေလာမယ်လို့ ဝန်ကြီးချုပ်ကထပ်လောင်းဆိုပါတယ်။
========================
📌📌 ၂။ စစ်ကောင်စီတပ်ဟာ အချိန်မရွေးပြိုကွဲသွားနိုင်တယ်လို့ ကာကွယ်ရေးဝန်ကြီးဦးရည်မွန် အသိပေးပြောကြား
စက်တင်ဘာ ၁၄ ရက် PDF များသို့ ပြောဆိုတဲ့ ရေဒီယိုမိန့်ခွန်းမှာ ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်ကပြောကြားခဲ့တာကတော့-----
"နေ့စဥ်နဲ့အမျှ အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်လုယက်၊ မီးရှို့နေရတဲ့အပေါ် လိပ်ပြာမလုံတဲ့ စစ်သား၊ ရဲသားတွေလည်း အများအပြားရှိနေတယ်။ ကိုယ်ပိုင်အသိဥာဏ်နဲ့လွတ်လွတ်လပ်လပ် စဥ်းစားဆုံးဖြတ်နိုင်သူတွေဟာ ပြည်သူ့ရင်ခွင် ခိုလှုံနေကြပြီ။ ပုံစံအမျိုးမျိုးနဲ့စစ်ကောင်စီကို စွန့်ခွာနေကြသူတွေလည်း များသထက် များလာပြီ။ ပြည်သူ့ပြောက်ကျားစစ်မှာ ရန်သူ့အင်အားဟာ တစ်နေ့ပြီး တစ်နေ့ ပြုန်းတီးလာနေတယ်။ ဒီ့ထက်ပိုပြီး အထိနာလာရင် စစ်ကောင်စီတပ်ဟာ အချိန်မရွေးပြိုကွဲသွားနိုင်တယ်ဆိုတာလည်း ငါတို့ သတိပြုကြရမယ်"လို့ဝန်ကြီးကဆိုပါတယ်။
ပြည်သူ့ခုခံတွန်းလှန်စစ်ကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရကကြေညာခဲ့ပါတယ်။ လက်ရှိမှာ စကစတပ်များဟာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ် နှင့် ကရင်နီဒေသတို့မှာအထိနာ လျက်ရှိပါတယ်။
========================
📌📌 ၃။ Federal Wings အဖွဲ့အတွက် ထောက်ပံ့ငွေ စုစုပေါင်း (၈၄၀၀) US$ ကို 1 Brick 1 Sand - Charlotte NC မိသားစုများက လှူဒါန်းရာ NUG MOCIT ဝန်ကြီး ဦးထင်လင်းအောင် မှ လက်ခံရယူ
Federal Wings အဖွဲ့အတွက် ထောက်ပံ့ငွေ စုစုပေါင်း (၈၄၀၀) US$ ကို 1 Brick 1 Sand - Charlotte NC မိသားစုများကလှူဒါန်းရာ NUG MOCIT ဝန်ကြီး ဦးထင်လင်းအောင် မှ လက်ခံရယူခဲ့ကြောင်းကို စက်တင်ဘာ ၁၄ ရက်မှာ Federal Wings ဒရုန်းတပ်ဖွဲ့ကအသိပေးဆိုပါတယ်။
“အတောင်ပံတွေကို လွှင့်လို့ရယ် ဝေဟင်မှာကွယ် စိုးမိုးမယ် 1 Brick 1 Sand - Charlotte NCte NC မိသားစုများရဲ့ Federal Wings အဖွဲ့အတွက် ထောက်ပံ့ငွေ စုစုပေါင်း (၈၄၀၀) US$ ကို NUG MOCIT ဝန်ကြီးဖြစ်တဲ့ ဦးထင်လင်းအောင် မှ လက်ခံရယူပေးခဲ့ပါတယ်။ အုတ်တချပ် သဲတပွင့် စီကို အစဉ်အမြဲ ကျေးဇူးတင်ရှိပါတယ်"လို့ ဆိုထားပါတယ်။
July နဲ့ August လအတွက် မိသားစုများရဲ့ ထောက်ပံ့ငွေ စုစုပေါင်း ၈၄၀၀ ကို ဝေဟင်ကနေ ပြီးတော့ ဖက်ဆစ်စစ်တပ်ကို ပြတ်ပြတ်သားသား ချေမှုန်းနေတဲ့ Drone လ projects တွေထဲကတခုဖြစ်တဲ့ Federal Wings အဖွဲ့အတွက် NUG MOCIT ဝန်ကြီးဖြစ်တဲ့ ဦးထင်လင်းအောင် ကိုသွားရောက်ပေးအပ်ခဲ့ပါတယ်လို့ 1 Brick 1 Sand - Charlotte NCte NC ကဖော်ပြပါတယ်။
========================
📌📌 ၄။ မုံရွာမြို့နယ် နဂါးတွင်းကျေးရွာကို အကြမ်းဖက် စစ်တပ်က သေနတ်များပစ်ဖောက်ကာ ဝင်ရောက် သောင်းကျန်းဖျက်ဆီး
စစ်ကိုင်းတိုင်း မုံရွာမြို့နယ် နဂါးတွင်းကျေးရွာကို အကြမ်းဖက် စစ်တပ်က သေနတ်များပစ်ဖောက်ကာ ဝင်ရောက် သောင်းကျန်းဖျက်ဆီးခဲ့တယ်လို့သတင်းရရှိပါတယ်။
စက်တင်ဘာလ ၁၄ ရက်နေ့ မနက်ပိုင်း ၆ နာရီ ၃၀ မိနစ်ခန့်မှာ ချင်းတွင်းမြစ်အရှေ့ဘက်ကမ်း တောဘက်မှ စတင်၍ စစ်ကောင်စီအင်အား ၁၅၀ ခန့်ဖြင့် နဂါးတွင်းကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ကာ ဝင်ရောက်ခဲ့ပါတယ်။ ပြည်သူ့နေအိမ်တစ်လုံး လက်နက်ကြီး ထိမှန်ပြီး၊ ယာတောထဲရှိ တောင်သူတဲများကို မီးရှို့ဖျက်ဆီးသွားခဲ့ပါတယ်"လို့ဆိုပါတယ်။
မုံရွာမြို့အရှေ့တောင်ပိုင်း မုံရွာ-အမြင့်လမ်းနယ်တွင် စက်တင်ဘာလ ၁၃ ရက်နေ့မနက်ပိုင်းမှစတင်ပြီး စစ်ကောင်စီအင်အား ၂၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးကာ ရွာများကိုဝင်ရောက်သောင်းကျန်းနေတာဖြစ်ပါတယ်။
========================
📌📌 ၅။ ကျောက်ထုရဲစခန်းမှ ကင်းပတ်လာသောရဲနဲ့ စစ်သားနှစ်ဦး ကျောက်ထု PDF (YRPA) မှ ခြုံခိုစောင့်ကြို၍ လက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ရာ ပွဲချင်းပြီးသေဆုံး
စက်တင်ဘာ ၁၄ ရက် မနက် ၇ နာရီခွဲ ခန့်အချိန် ကျောက်ထုရဲစခန်းမှ ဆိုင်ကယ်တစ်စီးဖြင့် ကျောက်ထုမြို့ ဂုံဘိုရပ်ကွက်ဘက်သို့ ကင်းပတ်ထွက်လာစဥ် ပစ်ခတ်ခဲ့တယ်လို့ဖော်ပြပါတယ်။
"ယနေ့ မနက် ၇ နာရီခွဲ ခန့်အချိန် ကျောက်ထုရဲစခန်းမှ ဆိုင်ကယ်တစ်စီးဖြင့် ကျောက်ထုမြို့ ဂုံဘိုရပ်ကွက်ဘက်သို့ ကင်းပတ်ထွက်လာသော စစ်ခွေးရဲခွေးနှစ်ကောင်အား ကျောက်ထုရဲစခန်းနှင့် ဂုံဘိုရပ်ကွက်ကြားအရောက် ကျောက်ထု PDF(YRPA) မှ ခြုံခိုစောင့်ကြို၍ လက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။ ပစ်ခတ်မှုကြောင့် နေရာတင် ၄င်းနှစ်ဦးသေဆုံးကာ ရဲဘော်များ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ပါတယ်။
========================
📌📌 ၆။ Infinite Revolution Force IRF / GTF ခွဲ (၁) မှ လက်လုပ် မောင်းပြန်ထုတ်လုပ်အောင်မြင်
Infinite Revolution Force IRF / GTF ခွဲ (၁)မှ လက်လုပ် မောင်းပြန်ထုတ်လုပ်အောင်မြင်ခဲ့ ကြောင်းကို စက်တင်ဘာ ၁၄ ရက်မှာ လက်လုပ်မောင်းပြန်ဖြင့်စမ်းသပ် ပစ်ခတ်ပြသခဲ့ပါတယ်။
"ကျွန်တော်တို့ Infinite Revolution Force IRF / GTF ခွဲ (၁)မှ ထုတ်လုပ်အောင်မြင်ထားသော Auto,semi-auto ပစ်လို့ရသော လက်လုပ် မောင်းပြန် လေးပါ။ ကျွန်တော်တို့ ဆက်လက်ထုတ်လုပ်ရန်အတွက်ထုတ်လုပ်မှုကုန်ကျစရိတ်မတက်နိုင်တော့လို့ ရပ်နားရမလိုဖြစ်နေပါတယ်ဗျ"လို့လည်းဆိုထားပါတယ်။ Infinite Revolution Force IRF / GTF ခွဲ (၁)ဟာ စစ်အာဏာရှင်စနစ်ကို ခုခံတွန်းလှန်နေတဲ့တော်လှန်ရေးအင်အားစုလည်းဖြစ်ပါတယ်။
========================
📌📌 ၇။ ပေါက်မြို့၊ အောင်တံခွန်ရပ်ကွက်တွင် အရပ်သား နှစ်ဦးကို PDF သင်တန်းဆင်းများလို့စွပ်စွဲကာ အကြမ်းဖက် စစ်တပ်ကဖမ်းဆီး
မကွေးတိုင်း၊ ပေါက်မြို့၊ အောင်တံခွန်ရပ်ကွက်တွင် အရပ်သား နှစ်ဦးဖြစ်သည့် ကိုကျော်ရဲထွေးနှင့် မမေဇင်ထွေး (ခ) ဝိုင်းချစ်တို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ သင်တန်းဆင်းဟုစွပ်စွဲပြီး စစ်သားများနှင့် ပူးပေါင်းအဖွဲ့များမှ စက်တင်ဘာလ ၁၁ ရက်နေ့ နေ့လယ်ပိုင်းက ဖမ်းဆီးသွားတယ်လို့ AAPP ကဖော်ပြပါတယ်။
ထို့နောက် ၎င်းတို့နှစ်ဦးကို ပေါက်မြို့မရဲစခန်းကို ခေါ်ဆောင်သွားခဲ့ကြောင်း သတင်းရရှိပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၂၃၇၂) ဦးရှိပြီး ၎င်းတို့အနက်မှ (၁၄၆၃) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment