၂၀၂၂ စက်တင်ဘာလ ၁၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ စစ်ရေးနဲ့ပတ်သက်လို့ PDF များ ဆိုရှယ်မီဒီယာ မသုံးဖို့ကာကွယ်ရေးဝန်ကြီးဆို
📌 ၂။ ၂၀၁၇ ခုနှစ်ကဖြစ်ရပ်ကို NUG ယာယီသမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောက ရိုဟင်ဂျာတွေအပေါ် ဝန်ချတောင်းပန်
📌 ၃။ NUG Bond For Karenni ငွေတိုက်စာချုပ်ရောင်းချမှုအစီအစဉ် မိတ်ဆက်ပွဲ သရုပ်ဆောင်ချစ်သုဝေနဲ့ ကိုမင်းကိုနိုင်တို့တက်ရောက်မယ်
📌 ၄။ ဒရုန်းနဲ့တော်လှန်ဝမ်းမီလီယံ ပြည့်ဖို့ (၇၀) ရာခိုင်နှုန်းလိုအပ်နေသေးတယ်လို့ဆို
📌 ၅။ ဩစတေးလျ NUG ကိုယ်စားလှယ်ရုံးအတွက် ဝန်ထမ်းခေါ်ယူနေခြင်းမရှိသေးသော်လည်း လိုအပ်ပါက လုပ်ထုံးလုပ်နည်းအရ တရားဝင်ကြေညာမယ်လို့ လူ့အခွင့်ရေးရာ ဒုဝန်ကြီးဆို
📌 ၆။ အကြမ်းဖက် စစ်တပ်က ပြည်နယ်နှင့်တိုင်း (၁၃) ခုတို့မှာ စာသင်ကျောင်းများကို တိုက်ခိုက်ခြင်းအကြိမ် (၁၉၀) ကျော်ရှိခဲ့
📌 ၇။ ကောလင်းမြို့နယ်၊ ဇီးကုန်းကျေးရွာကို အကြမ်းဖက်စစ်အုပ်စု၏တပ် စစ်ကြောင်းထိုး၍ ရောက်ရှိလာခဲ့ပြီး CDM ကျောင်းဆရာနဲ့အရပ်သားတစ်ဦးကို သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ စစ်ရေးနဲ့ပတ်သက်လို့ PDF များ ဆိုရှယ်မီဒီယာ မသုံးဖို့ကာကွယ်ရေးဝန်ကြီးဆို
စစ်ရေးနဲ့ပတ်သက်လို့ PDF များ ဆိုရှယ်မီဒီယာ မသုံးဖို့ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ကဆိုလိုက်ပါတယ်။ စက်တင်ဘာ ၁၄ ရက် ရေဒီယိုမိန့်ခွန်းမှာ PDF များကို ကာကွယ်ရေးဝန်ကြီးကပြောပါတယ်။
"အရပ်သားဘဝမှာ မင်းဘာလဲ၊ ငါဘာလဲ လုပ်လို့ရပေမယ့် စစ်သားတစ်ယောက်အနေနဲ့ အဆင့်ဆင့်အမိန့်နာခံတတ်မှုဟာ အသက်တမျှ အရေးကြီးတယ်။ ဒါကိုပဲ Chain of Command တည်ဆောက်မှုလို့ ငါတို့ပြောကြတာ ဖြစ်တယ်။ မိမိအင်အား၊ မိမိလက်နက်၊ မိမိတည်နေရာ၊ မိမိစီမံချက်ဆိုတာ စစ်ရေးမှာ လျှို့ဝှက်အပ်တဲ့ အရာတွေ ဖြစ်တယ်။ ဆိုရှယ်မီဒီယာခေတ်မှာ သတင်းလုံခြုံရေးစည်း ကျိုးပေါက်မှုကို မကြာခဏတွေ့နေရတယ်။ အရပ်သားတစ်ယောက်လို ဆိုရှယ်မီဒီယာကို လွတ်လွတ်လပ်လပ်သုံးဖို့ မသင့်တော်ဘူးဆိုတာ ရဲဘော်တို့ သတိပြုစေလိုတယ်"လို့ဆိုပါတယ်။ လက်ရှိမှာ PDF တပ်ရင်းတပ်ဖွဲ့ပေါင်း သုံးရာကျော်ရှိပြီဖြစ်ကာMODက မှတ်ပုံတင်ထားတဲ့ အဖွဲ့ပေါင်း ၂၅၀ ရှိပြီဖြစ်ပါတယ်။
========================
📌📌 ၂။ ၂၀၁၇ ခုနှစ်ကဖြစ်ရပ်ကို NUG ယာယီသမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောက ရိုဟင်ဂျာတွေအပေါ် ဝန်ချတောင်းပန်
၂၀၁၇ ခုနှစ်ကဖြစ်ရပ်ကို NUG ယာယီသမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောက ရိုဟင်ဂျာတွေအပေါ် ဝန်ချတောင်းပန်လိုက်ပါတယ်။ စက်တင်ဘာ ၁၄ ရက်နေ့မှာ တရားဝင်စာနဲ့ NUG ယာယီသမ္မတရုံးက စာထုတ်တောင်းပန်ခဲ့တာဖြစ်ပါတယ်။
"ယခင်က ကျနော်ပြောဆိုခဲ့သော အရာများသည် သင်တို့ကို ထိခိုက်နစ်နာစေခဲ့သည့်အတွက် တစ်နိုင်ငဲတည်းသူ တစ်နိုင်ငံတည်းသား ရိုဟင်ဂျာများကို ကျနော့အနေဖြင့် အရိုးသားဆုံး စိတ်ရင်းအမှန်ဖြင့် တောင်းပန်အပ်ပါတယ်"လို့ဆိုထားပါတယ်။
၂၀၁၇ ခုနှစ်၊ အောက်တိုဘာ ၂ ရက်တုန်းက သူဟာ ကနေဒါ လွှတ်တော်ရဲ့ လူ့အခွင့်အရေး ကော်မတီကြားနာမှုမှာ သက်သေတစ်ဦးအနေနဲ့ပါဝင်ထွက်ဆိုခဲ့ကြောင်း NUG အစိုးရအဖွဲ့ရဲ့ ယာယီ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူဦးကျော်ဇောကဆိုပါတယ်။
စစ်အာဏာရှင် စနစ်နဲ့ စစ်တပ်က ဆက်တိုက် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို ကာလရှည်ကြာ ဆန့်ကျင်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ အာဏာသိမ်းမှု ဖြစ်ခဲ့ချိန် ကတည်းက နိုင်ငံရေး တက်ကြွ လှုပ်ရှားမှုတွေမှာ ပူးပေါင်းပြီး နွေဦး တော်လှန်ရေးကို ကူညီအားပေးခဲ့ကြောင်း၊ NUG အစိုးရ အဖွဲ့ ပေါ်ပေါက်လာချိန်မှာလည်း ဆန္ဒအလျောက် စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ကူညီခဲ့တယ်လို့ဆိုပါတယ်။
လွတ်လပ်မှု၊ ညီညွတ်မျှတမှု၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်မှု၊ တရားမျှတမှုတွေကို ခံစားသက်ဝင်နိုင်မယ့် ငြိမ်းချမ်းတဲ့ မြန်မာနိုင်ငံတော်သစ် တည်ဆောက်သွားဖို့ရိုဟင်ဂျာ ညီအစ်ကို မောင်နှမတွေနဲ့အတူ ရှေ့ဆက် လက်တွဲဆောင်ရွက်သွားဖို့မျှော်လင့်မိတယ်လို့လည်းဖော်ပြထားပါတယ်။
========================
📌📌 ၃။ NUG Bond For Karenni ငွေတိုက်စာချုပ်ရောင်းချမှုအစီအစဉ် မိတ်ဆက်ပွဲ သရုပ်ဆောင်ချစ်သုဝေနဲ့ ကိုမင်းကိုနိုင်တို့တက်ရောက်မယ်
NUG Bond For Karenni ငွေတိုက်စာချုပ်ရောင်းချမှုအစီအစဉ် မိတ်ဆက်ပွဲ သရုပ်ဆောင်ချစ်သုဝေနဲ့ ကိုမင်းကိုနိုင်တို့တက်ရောက်မှာဖြစ်ပါတယ်။ စက်တင်ဘာလ ၁၇ ရက်နေ့မှာ NUG Bond For Karenni ငွေတိုက်စာချုပ်ရောင်းချမှုအစီအစဉ် မိတ်ဆက်သွားမှာဖြစ်ပါတယ်။
NUG Bond For Karenni ငွေတိုက်စာချုပ်ရောင်းချမှုအစီအစဉ် မိတ်ဆက်ခြင်းကို လာမယ့် စက်တင်ဘာလ (၁၇) ရက်နေ့ စနေနေ့၊ ထိုင်းစံတော်ချိန် မနက် ၉ နာရီမှာ Kantarawaddy Times Media Page မှ ထုတ်လွှင့်တင်ဆက်သွားမှာဖြစ်ပါတယ်။ ကရင်နီဆယ်လီ ပန်ကိတ်ဒါဒါ၊ အဆိုတော်ရုပ်ရှင်မင်းသမီး ချစ်သုဝေ၊ လူထုခေါင်းဆောင် မင်းကိုနိုင် နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဥက္ကဌ ခူဦးရယ်တို့မှ ဆီဖြစ်မယ့် နှမ်းတစ်စေ့ဖြစ်ဖို့ NUG Karenni Bond ကို ဝယ်ကြစို့ အစီအစဉ်ကို ပါဝင်အားဖြည့်ထားပါတယ်။
========================
📌📌 ၄။ ဒရုန်းနဲ့တော်လှန်ဝမ်းမီလီယံ ပြည့်ဖို့ (၇၀) ရာခိုင်နှုန်းလိုအပ်နေသေးတယ်လို့ဆို
ဒရုန်းနဲ့တော်လှန်ဝမ်းမီလီယံ ပြည့်ဖို့ (၇၀) ရာခိုင်နှုန်းလိုအပ်နေသေးတယ်လို့ဆိုပါတယ်။ စက်တင်ဘာ ၁၄ ရက်နေ့မှာ Project Skywalk ကအသိပေးဆိုပါတယ်။
"ဒရုန်းနဲ့တော်လှန်ဝမ်းမီလီယံ ပြည့်ဖို့ (၇၀) ရာခိုင်နှုန်းလိုအပ်နေပါသေးတယ်ခဗျာ။ လက်ရှိအချိန်ထိ Project Skywalk ရည်မှန်းငွေပမာဏရဲ့ (၃၀) ရာခိုင်နှုန်း - အမေရိကန်ဒေါ်လာ (၃) သိန်း အထိ ရရှိထားပြီ ဖြစ်ပါတယ်။ ခက်ခဲပင်ပန်းနေကြတာမှန်ပေမယ့် စစ်ကောင်စီတပ်ကို နေ့ရော၊ညပါ စိုးရွံ့စေတဲ့ ဒရုန်းတပ်ဖွဲ့တွေ အင်အားပြည့်ဖို့အရေး မနက်ဖြန် Project နောက်ဆုံးနေ့ရောက်ပြီမို့ တတ်နိုင်သမျှ အားဖြည့်ပါဝင်ပေးကြပါဦးဗျို့"လို့ဆိုထားပါတယ်။
"Project Skywalk" ဆိုတာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဒုဝန်ကြီး နိုင်ကောင်းရွတ် ဦးဆောင်ပြီး ဘဏ္ဍာရေးဌာနနဲ့ ပြည်သူ့ဆက်ဆံရေးအဖွဲ့တို့ ဦးစီးလုပ်ဆောင်တဲ့ ဘဏ္ဍာငွေရှာဖွေရေး အစီစဥ်တစ်ရပ် ဖြစ်ပါတယ်။
မြေပြင်က တိုက်ပွဲဝင်နေတဲ့ Drone Squad တွေအတွက် မဟာဗျူဟာကျတဲ့ ပစ္စည်းတွေကို အတိုင်းအတာတစ်ခုအထိ ထိထိရောက်ရောက် တပ်ဆင်နိုင်ဖို့ သြဂုတ် ၃၀ ကနေ စက်တင်ဘာလ ၁၅ ရက်နေ့အထိ Campaign ကာလ ၂ ပတ်တာအတွင်း "Project Skywalk" ကနေ ဘဏ္ဍာငွေပေါင်း အမေရိကန်ဒေါ်လာ ( ၁ ) သန်းအထိ ရှာဖွေပံ့ပိုးပေးနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။
========================
📌📌 ၅။ ဩစတေးလျ NUG ကိုယ်စားလှယ်ရုံးအတွက် ဝန်ထမ်းခေါ်ယူနေခြင်းမရှိသေးသော်လည်း လိုအပ်ပါက လုပ်ထုံးလုပ်နည်းအရ တရားဝင်ကြေညာမယ်လို့ လူ့အခွင့်ရေးရာ ဒုဝန်ကြီးဆို
ဩစတေးလျ NUG ကိုယ်စားလှယ်ရုံးအတွက် ဝန်ထမ်းခေါ်ယူနေခြင်းမရှိသေးသော်လည်း လိုအပ်ပါက လုပ်ထုံးလုပ်နည်းအရ တရားဝင်ကြေညာမယ်လို့ လူ့အခွင့်ရေးရာ ဒုဝန်ကြီးခွန်းဗဟန်းထန်ကဆိုပါတယ်။ စက်တင်ဘာလအတွင်း လူမှုကွန်ရက်မှာလူ့အခွင့်ရေးရာ ဒုဝန်ကြီးကရေးသားပြောပါတယ်။
"ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူများခင်ဗျ။ ကျနော် အနေနဲ့ မိဘပြည်သူများကို အသိပေး သတိပေးစရာတစ်ခုရှိပါတယ်။ လတစ်လောမှာ ကယန်းဒေသက ညီငယ် ညီမငယ်တစ်ချို့က မေးလာတာရှိပါတယ်။ ဩစတေးလျမှာ NUG ရုံးဖွင့်ထားတာမကြာသေးဘူးဆိုတော့ ရုံးအတွက်အလုပ်ခေါ်တယ်ပြောလို့ ဖောင်ဖြည့်ပြီးလျှောက်ထားပြီလို့ ပြောလာပါတယ်။ တစ်ချို့ကလည်း လျှောက်ချင်ပါတယ် ဆိုပြီး မေးလာတာရှိပါတယ်။ကြားကြားချင်းမှာပဲ ကျနော် အင်မတန်မှ အံ့ဩသွားသလို ဝမ်းလည်းနည်းမိတယ်။ အကယ်၍များ အလုပ်ခေါ်တာများရှိရင်လည်း လုပ်ထုံးလုပ်နည်းအရ တရားဝင်ပေ့ကနေ ကြေငြာပြီး ခေါ်ပါလိမ့်မယ်။
လက်ရှိမှာတော့ မဟုတ်ပါဘူးလို့ အားလုံးကို အသိပေးပြောပြချင်ပါတယ်"လို့ဆိုပါတယ်။
========================
📌📌 ၆။ အကြမ်းဖက် စစ်တပ်က ပြည်နယ်နှင့်တိုင်း (၁၃) ခုတို့မှာ စာသင်ကျောင်းများကို တိုက်ခိုက်ခြင်းအကြိမ် (၁၉၀) ကျော်ရှိခဲ့
အကြမ်းဖက် စစ်တပ်က ပြည်နယ်နှင့်တိုင်း (၁၃) ခုတို့မှာ စာသင်ကျောင်းများကို တိုက်ခိုက်ခြင်းအကြိမ် (၁၉၀) ကျော်ရှိခဲ့ပါတယ်။ စက်တင်ဘာလ (၁၃)ရက်နေ့မြန်မာနိုင်ငံတွင် ပညာရေးအပေါ် တိုက်ခိုက်မှုနှင့် စစ်ရေးအရ အသုံးပြုမှု၏ သက်ရောက်မှုများ” အစီရင်ခံစာပါအချက်များနှင့် ၎င်းနှင့်စပ်လျဥ်း၍ Save the Children ထုတ်ပြန်ချက်တို့အပေါ် ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်။
Global Coalition to Protect Education from Attack (GCPEA) မှ ပြုစုသော “မြန်မာနိုင်ငံတွင် ပညာရေးအပေါ် တိုက်ခိုက်မှုနှင့် စစ်ရေးအရ အသုံးပြုမှု၏ သက်ရောက်မှုများ (The Impacts of Attacks on Education and Military Use in Myanmar)” အစီရင်ခံစာ ထုတ်ပြန်မှုနှင့် ပတ်သက်သည့် သတင်းထုတ်ပြန်ချက်တစ်စောင်ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် Save the Children အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
ထိုအစီရင်ခံစာထဲတွင် ၂၀၂၁ ခုနှစ်အတွင်း ပြည်နယ်နှင့်တိုင်း (၁၃) ခုတို့တွင် စာသင်ကျောင်းများကို တိုက်ခိုက်ခြင်းအကြိမ် (၁၉၀) ကျော်ရှိခဲ့ပြီး အကြမ်းဖက်စစ်အုပ်စုနှင့် လက်နက်ကိုင်တပ်ဖွဲ့များသည် စာသင် ကျောင်းများတွင် တပ်စွဲထားခြင်း၊ အချုပ်ခန်းအဖြစ်အသုံးပြုခြင်း၊ လက်နက်များ သိုလှောင်သိမ်းခြင်းနှင့် တိုက်ခိုက်ခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
ထို့ပြင် စစ်ပွဲတွင် ပါဝင်တိုက်ခိုက်နေသော လက်နက်ကိုင်အဖွဲ့များအနေဖြင့် တက္ကသိုလ်များနှင့် စာသင်ကျောင်းများကို စစ်ရေးအတွက်အသုံးချခြင်းမှ ရှောင်ကြဥ်ကြရန် တိုက်တွန်းထားပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရသည် ပြည်သူများ၏ ပညာရေးဆိုင်ရာ အခွင့်အရေး (Right to Education) ကို ဖြည့်ဆည်းပေးရန် ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက်ချထားပါတယ်။
ထိုသို့သော ပိုင်းဖြတ်မှုကို စစ်သည်တော် ကျင့်ဝတ်များတွင်သော်လည်းကောင်း၊ ကြားကာလပညာရေးအစီအမံများတွင်သော်လည်းကောင်း၊ စစ်သည်တော် ကျင့်ဝတ်များကို တင်းကျပ်စွာ လေးစားလိုက်နာကြရန်အတွက် ထုတ်ပြန်ချက်များတွင် လည်းကောင်း တွေ့ရှိနိုင်ပါတယ်လို့ဆိုထားပါတယ်။
========================
📌📌 ၇။ ကောလင်းမြို့နယ်၊ ဇီးကုန်းကျေးရွာကို အကြမ်းဖက်စစ်အုပ်စု၏တပ် စစ်ကြောင်းထိုး၍ ရောက်ရှိလာခဲ့ပြီး CDM ကျောင်းဆရာနဲ့အရပ်သားတစ်ဦးကို သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်
ကောလင်းမြို့နယ်၊ ဇီးကုန်းကျေးရွာကို အကြမ်းဖက်စစ်အုပ်စု၏တပ် စစ်ကြောင်းထိုး၍ ရောက်ရှိလာခဲ့ပြီး CDM ကျောင်းဆရာနဲ့အရပ်သားတစ်ဦးကို သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။ စက်တင်ဘာလ ၁၂ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ဇီးကုန်းကျေးရွာကို အကြမ်းဖက်စစ်အုပ်စု၏တပ် စစ်ကြောင်းထိုး၍ ရောက်ရှိလာခဲ့ပြီး ဒေသခံ အမျိုးသား နှစ်ဦးကို ဖမ်းဆီးပြီးနောက် ပစ်သတ်ခဲ့တယ်လို့ AAPP ကဖော်ပြပါတယ်။
အဆိုပါအမျိုးသား နှစ်ဦးမှာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားသည့် ကျောင်းဆရာ ကိုချမ်းသာနှင့် အရပ်သား ကိုသိန်းဇော် တို့ဖြစ်ကြောင်း သတင်းရရှိပါတယ်။ စစ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၂၇၆) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment