၂၀၂၂ စက်တင်ဘာလ ၁၈ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ဒီပဲယင်းမြို့နယ်က စာသင်ကျောင်းကို တိုက်ခိုက်မှုဖြစ်စဥ်မှာ ဖမ်းဆီးထားတဲ့ ကလေးသူငယ်များနှင့် ဆရာ/ဆရာမများကို မည်သည့်အန္တရာယ်မှ ကျရောက်စေခြင်းမရှိပဲ အမြန်ဆုံးပြန်လွှတ်ရန် NUG အစိုးရ၏ဝန်ကြီးဌာန သုံးခု ထုတ်ပြန်
📌 ၂။ အကြမ်းဖက် စစ်တပ်က ကျူးလွန်သမျှ ပြည်သူ့တရားစီရင်မှုမှာ ရင်ဆိုင်ကြဖို့အသင့်ပြင်ထားလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးသတိပေးပြောကြား
📌 ၃။ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း ကုလသမဂ္ဂတွင် ဆက်လက်တည်ရှိရေးအတွက် UN CREDENTIALS CAMPAIGN အဖြစ် နယူးယောက်မြို့မှာ ချီတက်ဆန္ဒပြ
📌 ၄။ အာဏာရှင်စနစ်တော်လှန်ရေးနှင့် ပြည်သူ့ကာကွယ်ရေးကွန်ရက် - DRPDN မှစစ်သုံးအနွေးထည် အထည် (၅၀၀) အထိလိုအပ်
📌 ၅။ Click2 donateက Telegram Link တွေပါ နေ့စဉ် လူတစ်သိန်းလောက်ကလစ်ပေးရန် လူထုကိုတိုက်တွန်း
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌 ၁။ ဒီပဲယင်းမြို့နယ်က စာသင်ကျောင်းကို တိုက်ခိုက်မှုဖြစ်စဥ်မှာ ဖမ်းဆီးထားတဲ့ ကလေးသူငယ်များနှင့် ဆရာ/ဆရာမများကို မည်သည့်အန္တရာယ်မှ ကျရောက်စေခြင်းမရှိပဲ အမြန်ဆုံးပြန်လွှတ်ရန် NUG အစိုးရ၏ဝန်ကြီးဌာန သုံးခု ထုတ်ပြန်
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာတွင် ဒေသခံများ ဖွင့်လှစ်ထားသော ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတစ်ကျောင်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ပညာသင်ကြားနေသည့် ကလေးသူငယ် ၆ ဦး သေဆုံးခဲ့ပြီး၊ ကလေးသူငယ်အများအပြား အပြင်းအထန် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်ပြီးနောက်တွင် အကြမ်းဖက်စစ်အုပ်စု၏ မြေပြင်တပ်ဖွဲ့ဝင်များသည် ထိခိုက်ဒဏ်ရာရခဲ့ကြသည့် ကလေးသူငယ်များအပါအဝင် ကျောင်းတွင်ပိတ်မိနေသော ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမ ၂၀ ဦးခန့်ကို ဖမ်းဆီး၍ ရေဦးမြို့နယ်သို့ ပို့ဆောင်ခဲ့သည်ဟု သိရှိရပါတယ်။
စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် လူမဆန်သည့်၊ ကြမ်းကြုတ်သည့် စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနများမှ အပြင်းအထန် ရှုတ်ချသည်။ ဖမ်းဆီးထားသည့် ကလေးသူငယ်များနှင့် ဆရာ/ဆရာမများကို မည်သည့်အန္တရာယ်မှ ကျရောက်စေခြင်းမရှိပဲ အမြန်ဆုံးပြန်လွှတ်ရန် လိုအပ်တယ်လို့ဖော်ပြထားပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရသည် ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အသေးစိတ်မှတ်တမ်းတင်လျက် တရားမျှတမှုကို နည်းလမ်းအမျိုးမျိုးဖြင့် ဖော်ဆောင်နိုင်ရန် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။
နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့်လည်း ကလေးသူငယ်များ၏ ပညာရေးအခွင့်အရေး (Right to Education) ကို ဆိုးရွားစွာ ချိုးဖောက်ရမှု၊ စာသင်ကျောင်းများကို ရက်စက်ကြမ်းကြုတ်စွာ ပစ်မှတ်ထား တိုက်ခိုက်သည့် စစ်ရာဇဝတ်မှုများအတွက် တရားမျှတမှု ဖော်ဆောင်ရေးတွင် အားဖြည့်ပံ့ပိုးရန် တာဝန်ရှိတယ်လို့ပညာရေးဝန်ကြီးဌာန၊အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊လူ့အခွင့်အရေးဝန်ကြီးဌာနတို့ကထုတ်ပြန်လိုက်ပါတယ်။
========================
📌 ၂။ အကြမ်းဖက် စစ်တပ်က ကျူးလွန်သမျှ ပြည်သူ့တရားစီရင်မှုမှာ ရင်ဆိုင်ကြဖို့အသင့်ပြင်ထားလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးသတိပေးပြောကြား
စက်တင်ဘာ ၁၈ ရက် လူမှုကွန်ရက်မှာ ပညာရေးနဲ့ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးကအခုလို ရေးသားခဲ့ပါတယ်။
"ကလေးသူငယ်များကို သတ်ဖြတ်သူ၊ စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်သူ၊စစ်ရာဇဝတ်မှုကို ကျူးလွန်သူ၊ လူသားမျိုးနွယ်အပေါ်တွင် ရာဇဝတ်မှုကျူးလွန်သူ၊လူမျိုးတုန်းသတ်ဖြတ်သူ အကြမ်းဖက် စစ်တပ်နဲ့ စစ်အာဏာရှင်များ မင်းတို့ကို ဒို့ဗမာပြည်သူတွေ ဘာအကြောင်းနဲ့မှ ခွင့်လွှတ်မှာမဟုတ်ဘူး။မင်းတို့ကျူးလွန်မှုအတွက် ပြည်သူ့တရားစီရင်မှုမှာ ရင်ဆိုင်ဖို့အသင့်ပြင်ထားပါ"လို့ဆိုပါတယ်။
လက်ရှိမှာ စစ်ကောင်စီဟာ ICJတရားရုံးမှာလည်း တရားစွဲဆိုခံထားရမှုကိုဖြေရှင်းနေရပြီး နိုင်ငံတကာ ရာဇဝတ်ခုံရုံးမှာလည်း တရားစွဲမှု မြောက်ရေးကို NUGအစိုးရက ပြင်ဆင်ဆောင်ရွက်နေပါတယ်။
========================
📌 ၃။ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း ကုလသမဂ္ဂတွင် ဆက်လက်တည်ရှိရေးအတွက် UN CREDENTIALS CAMPAIGN အဖြစ် နယူးယောက်မြို့မှာ ချီတက်ဆန္ဒပြ
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တော်ရှိ Flatiron Plaza (East 23rd St. & 5th Ave) တွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂတွင်ဆက်လက်တည်ရှိရေးအတွက် UN CREDENTIALS CAMPAIGN ထောက်ခံရေး ဆန္ဒဖေါ်ထုတ်ပွဲအခမ်းနားကို ကျင်းပခဲ့ပါတယ်။
အဆိုပါအခမ်းနားတွင် မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း၊ NUG Washington DC မှ ချင်းတိုင်းရင်းသားကိုယ်စားလှယ် ကိုDong Khup မြန်မာ အမေရိကန်ဖိုရမ်မှ ကိုမျိုးရန်နောင်သိန်း Generation Y Washington DC မှ မမီးမီးဘာဝယ်လ် တို့ မှအမှာစကားပြောကြားခြင်း တာဝန်ရှိသူတို့မှ UN CREDENTIALS CAMPAIGN အကြောင်းရှင်းလင်းတင်ပြခြင်း တက်ရောက်လာသော အဖွဲ့အစည်းအသီးသီးရှိကိုယ်စားလှယ်တို့မှ တော်လှန်ရေးနှင့်ဆိုင်သော သဘောထားရပ်တည်ချက်တင်ပြဆွေးနွေးခြင်း တို့ကိုပြုလုပ်ခဲ့ကြပါတယ်။
ကုလသမဂ္ဂတွင် ဦးကျော်မိုးထွန်းဆက်လက်တည်ရှိရေးအပြင်၊ တရားဥပဒေမဲ့စွာ ပြောင်ပြောင်တင်းတင်းလုပ်ဆောင်နေသော စစ်အကြမ်းဖက်အုပ်စုအား နိုင်ငံတကာမှ ပယ်ကျဉ်ကာ၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းစေရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းမှ ဝိုင်းဝန်ကူညီ ပေးကြရန်ကိုလည်း၊ တောင်းဆိုခဲ့ကြပါတယ်။
Flatiron Plaza (East 23rd St. & 5th Ave) မှUN ရုံးချုပ်ရှေ့အထိ ၂မိုင်ခန့်ခရီးကို နယူးယောက်မြို့လယ်ကိုဖြတ်သန်းကာ အမေရိကန်ပြည်ထောင်စု တဝှမ်းရှိ မြန်မာပြည်ဖွားတိုင်းရင်းသားပေါင်စုံမှ ကြွေးကြော်သံများဟစ်ကြွေးကာ ချီတက်ခဲ့ကြပါတယ်။
========================
📌 ၄။ အာဏာရှင်စနစ်တော်လှန်ရေးနှင့် ပြည်သူ့ကာကွယ်ရေးကွန်ရက် - DRPDN မှစစ်သုံးအနွေးထည် အထည် (၅၀၀) အထိလိုအပ်
အာဏာရှင်စနစ်တော်လှန်ရေးနှင့် ပြည်သူ့ကာကွယ်ရေးကွန်ရက် - DRPDN မှစစ်သုံးအနွေးထည် အထည် (၅၀၀) အထိလိုအပ်နေတယ်လို့သတင်းရရှိပါတယ်။ စက်တင်ဘာ ၁၈ ရက်မှာ အာဏာရှင်စနစ်တော်လှန်ရေးနှင့် ပြည်သူ့ကာကွယ်ရေးကွန်ရက် - DRPDN မှအသိပေးဆိုပါတယ်။
"အာဏာရှင်စနစ်အမြစ်ဖြတ်တော်လှန်ရေးအတွက် ရှေ့တန်းရောက်ရဲဘော်များ နှင့် နောက်တန်း ရဲဘော်၊ ရဲမေများအတွက်စစ်ဘက်ဆိုင်ရာသုံးအနွေး ထည်များကို ပြည်သူများ လှူဒါန်းထောက်ပံ့နေခဲ့သည်မှာ အထည် (၁၄၀) ရှိခဲ့ပြီဖြစ်ပါတယ်။ DRPDN အနေနှင့် ရဲဘော်၊ ရဲမေ များ အတွက် စစ်သုံးအနွေးထည် အထည် (၅၀၀) အထိ ပံ့ပိုးနိုင်ရန် မျှော်မှန်းထားပါတယ်"လို့ ဆိုပါတယ်။ ရဲဘော်၊ ရဲမေများ ရာသီဥတုအအေးဒဏ်ခံနိုင်ခံရန်နှင့် မှတ်၊ ခြင်၊ ယင်ကိုက်ခြင်းမှ ကင်းဝေးရန် အတွက် မျှော်မှန်းပမာဏပြည့်မီရန် ဆက်လက်ထောက်ပံ့ပေးကြပါဦးလို့ နှိုးဆော်လိုက်ရပါတယ်လို့ဆိုထားပါတယ်။
========================
📌 ၅။ Click2 donateက Telegram Link တွေပါ နေ့စဉ် လူတစ်သိန်းလောက်ကလစ်ပေးရန် လူထုကိုတိုက်တွန်း
Click2 donateက Telegram Link တွေပါ နေ့စဉ် လူတစ်သိန်းလောက်ကလစ်ပေးရန် စက်တင်ဘာ ၁၈ ရက်နေ့မှာ Click2 donate ကလူထုကို တိုက်တွန်းလိုက်ပါတယ်။
"နေ့စဉ် လူတစ်သိန်းလောက်က အချိန်လေး ဆယ်မိနစ်ဆယ်ငါးမိနစ်လောက်ပေးပြီးTelegra မှာ လင့်လေးတွေကလစ်ပေးပါခင်ဗျာ။c2d app, lattsaung app, aungpwe ios Application တွေမှာ စာလေးတွေဖတ် လင့်လေးတွေနှိပ်ပေးပါ။အရမ်းအရမ်းကိုလွယ်လွန်းအားကြီးပါတယ်။ ငါးနှစ်သားလေးကနေစလို့ အဘိုးအဘွားအရွယ်တွေတောင် လုပ်လို့ရပါတယ်"လို့ဆိုထားပါတယ်။
Weclick, weclick4mm နဲ့ Raung Ni ရဲ့ Youtube ချန်နယ်မှာ ဗီဒိယိုလေးတွေကို မိုဘိုင်းဒေတာသမားတွေကတနေ့တခေါက် ဝိုင်ဖိုင်သမားတွေက တနေ့ငါးခေါက်အထိကြည့်လို့ရတယ်လို့ဆိုပါတယ်။ Click2 donate ဟာ JULY လအတွက်ရငွေတွေကို ဩဂုတ်လ ၂၁ မှာ စရပြီး တော်လှန်ရေးအဖွဲ့ပေါင်း ၃၃ ဖွဲ့ကို စုစုပေါင်း (သိန်းပေါင်း ၂၄၀၀) ကျော် ပေးပို့နိုင်ခဲ့ပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment