၂၀၂၂ စက်တင်ဘာလ ၂၁ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ စစ်အာဏာရှင် နဲ့ အာဏာရှင် အလုံးစုံ ချုပ်ငြိမ်း မှသာလျှင် ခွဲခြားမှုတွေကိုရပ်တန့်နိုင်ပြီး ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး နော်စူစင်နာလှလှစိုးပြောကြားလိုက်
📌 ၂။ EU Special Human Rights Representative နဲ့ တွေ့ဆုံခဲ့ပြီး ဒီပဲယင်းဖြစ်စဥ်ကို တင်ပြဆွေးနွေးခဲ့တယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးဆို
📌 ၃။ ဒီပဲယင်းနယ် လက်ယက်ကုန်းရွာမှာစစ်တပ်၏ တိုက်ခိုက်မှုကြောင့် ကလေးငယ် ၁၁ ဦးအပါအဝင် အနည်းဆုံး အရပ်သားပြည်သူ ၁၃ ဦးသေဆုံးခဲ့ရမှုအပေါ်ကုလသမဂ္ဂထွေထွေအတွင်းရေးမှူးချုပ်က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချ
📌 ၄။ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ မြေပြင်တော်လှန်ရေးအင်အားစုများကြားဆွေးနွေးညှိနှိုင်းမှုနဲ့ ချိတ်ဆက်လုပ်ကိုင်မှုအပိုင်း တွေမှာအားနည်းနေတယ်လို့ ဗိုလ်နဂါးထောက်ပြပြောဆို
📌 ၅။ CDF-Mindat ၏ ဝံပုလွေစစ်ကြောင်းမှ အကြမ်းဖက် စကစ ၏ မင်းတပ်မြို့အဝင်ဂိတ် တစ်ခုအား ယနေ့မနက်ဝင်ရောက်တိုက်ခိုက်
📌 ၆။ တန့်ဆည်မြို့နယ် ဂွေးကုန်းကျေးရွာကို စကစတပ်များက မီးရှို့ဖျက်ဆီး
📌 ၇။ လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့တွေနဲ့ အကူအညီတွေကို ဘေးကင်းစွာနဲ့ အတားအဆီးမရှိ ဖြတ်သန်းပို့ဆောင်နိုင်ရေးအတွက် တိုက်တွန်းစည်းရုံးတာတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ UN OCHA Myanmar ထုတ်ပြန်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ စစ်အာဏာရှင် နဲ့ အာဏာရှင် အလုံးစုံ ချုပ်ငြိမ်း မှသာလျှင် ခွဲခြားမှုတွေကိုရပ်တန့်နိုင်ပြီး ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး နော်စူစင်နာလှလှစိုးပြောကြားလိုက်
စက်တင်ဘာလ ၂၁ ရက်အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ တွင် ပြောကြားသော နှုတ်ခွန်းဆက် အမှာစကားမှာ အမျိုးသမီး၊ လူငယ် နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူစင်နာလှလှစိုးမှ အခုလိုထည့်သွင်းပြောကြားခဲ့ပါတယ်။
"ယနေ့ဟာ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ဖြစ်ပါတယ်။ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်ဆင်နွှဲကြသလို ကမ္ဘာ့ ကုလသမဂ္ဂ (၇၇) ကြိမ်မြောက် ညီလာခံ ကျင်းပနေတာနဲ့လဲ တိုက်ဆိုင်နေပါတယ်။ကျွန်မတို့ ကမ္ဘာကြီး၊ ကျွန်မတို့ နိုင်ငံ၊ ကျွန်မတို့ အသိုင်းအဝိုင်းဟာ လူမျိုးရေးခွဲခြားမူကြောင့် သမိုင်းတလျောက်မှာ များစွာ အထိနာကြွေမွ ခဲ့ရပါတယ်။ကျွန်မ တို့ရဲ့နိုင်ငံမှာစစ်အာဏာရှင်တွေ စိုးမိုးဖို့ ကြံစည် ကတည်းက ငြိမ်းချမ်းရေးဟာ ဝေဝါးနေခဲ့ရပါတယ်။စစ်အာဏာရှင် နဲ့ အာဏာရှင် အလုံးစုံ ချုပ်ငြိမ်း မှသာလျှင် ခွဲခြားမှုတွေကိုရပ်တန့်နိုင်ပြီး ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
စက်တင်ဘာလ ၂၁ ရက် ယခုနှစ်ငြိမ်းချမ်းရေးနေ့ရဲ့ ဆောင်ပုဒ်ကတော့ “လူမျိုးရေးခွဲခြားမူ ကိုရပ်တံ့ကာ ငြိမ်းချမ်းရေးကိုတည်ဆောက်ပါ” “End Racism, Build Peace” ဖြစ်ပါတယ်။
========================
📌📌 ၂။ EU Special Human Rights Representative နဲ့ တွေ့ဆုံခဲ့ပြီး ဒီပဲယင်းဖြစ်စဥ်ကို တင်ပြဆွေးနွေးခဲ့တယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးဆို
စက်တင်ဘာ ၂၁ ရက်နေ့တွင် လူမှုကွန်ရက်မှာ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းက အခုလိုအသိပေးဖော်ပြထားပါတယ်။
"EU Special Human Rights Representative Mr. Eamon Gilmore နဲ့ တွေ့ဆုံခဲ့ပြီး ပေါ်လစီပိုင်းဆိုင်ရာဆွေးနွေးမှုတွေအပြင် ဒီပဲယင်းက ကလေးငယ်တွေရဲ့အဖြစ်အပျက်တွေ သွေးစွန်းနေတဲ့ကျောင်းစာအုပ်တွေ ကိုယ်တိုင်နားထောင်ခဲ့ရတဲ့ ကျောင်းဆရာမနဲ့ မိဘတွေရဲ့ ငိုသံတွေကို ရင်နင့်စွာနဲ့ ပြောကြားခဲ့ပါတယ်။ဒါပေမဲ့ ကျနော်တာဝန်မကျေသေးပါဘူး"လို့ဆိုပါတယ်။
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်မှာ စက်တင်ဘာ၁၆ရက်နေ့က လက်ယက်ကုန်းရွာရှိ စာသင်ကျောင်းတစ်ခုမှာ ပညာသင်ကြားနေတဲ့ ကလေးငယ်များကို အကြမ်းဖက် စစ်တပ်က Mi35ရဟတ်ယာဥ်နှစ်စင်းနဲ့ပစ်ခတ်ခဲ့ရာ ကလေးငယ် ၆ ဦးသေဆုံးခဲ့ရပါတယ်။
========================
📌📌 ၃။ ဒီပဲယင်းနယ် လက်ယက်ကုန်းရွာမှာစစ်တပ်၏ တိုက်ခိုက်မှုကြောင့် ကလေးငယ် ၁၁ ဦးအပါအဝင် အနည်းဆုံး အရပ်သားပြည်သူ ၁၃ ဦးသေဆုံးခဲ့ရမှုအပေါ်ကုလသမဂ္ဂထွေထွေအတွင်းရေးမှူးချုပ်က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချ
စက်တင်ဘာလ ၂၀ ရက်နေ့မှာမြန်မာနိုင်ငံနှင့်စပ်လျဉ်း၍ အထွေထွေအတွင်းရေးမှူးချုပ် ပြောခွင့်ရပုဂ္ဂိုလ်က အခုလိုထုတ်ပြန်ခဲ့ပါတယ်။
"စစ်ကိုင်းတိုင်း၊ လက်ယက်ကုန်းကျေးရွာရှိ စာသင်ကျောင်းတစ်ကျောင်းကို မြန်မာစစ်တပ်၏ တိုက်ခိုက်မှုကြောင့် ကလေးငယ် ၁၁ ဦးအပါအဝင် အနည်းဆုံး အရပ်သားပြည်သူ ၁၃ ဦးသေဆုံးခဲ့ရမှုအပေါ် အထွေထွေအတွင်းရေးမှူးချုပ်က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချပါတယ်။ အထွေထွေအတွင်းရေးမှူးချုပ်အနေဖြင့် ထိခိုက်သေဆုံးခဲ့ရသူ မိသားစုများနှင့်ထပ်တူ လွန်စွာဝမ်းနည်းကြေကွဲရပါတယ်"လို့ဆိုပါတယ်။
လက်နက်ကိုင်ပဋိပက္ခအချိန်များတွင်ပင် ကျောင်းများသည် ကလေးငယ်များအတွက် အကာအကွယ်ပေးနိုင်ပြီး သင်ယူလေ့လာရန် ဘေးကင်းလုံခြုံသော နေရာများအဖြစ် ရှိနေရပါမှာဖြစ်တယ်လို့ဖော်ပြပါတယ်။
ဒါ့အပြင်စစ်ပွဲများအတွင်း ကျောင်းများနှင့် ဆေးရုံများအား အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေများနှင့် ဆန့်ကျင်ကာ တိုက်ခိုက်မှုများသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ပြစ်တင်ကန့်ကွက်ထားသည့် ကလေးသူငယ်များအပေါ် ကြီးလေးသောချိုးဖောက်မှုခြောက်ခုထဲတွင် တစ်ခုပါဝင်တယ်လို့လည်း သတိပေးဆိုထားပါတယ်။
အထွေထွေအတွင်းရေးမှူးချုပ်က နိုင်ငံတကာ လူသားချင်းစာနာထောက်ထားရေး ဥပဒေအရ လက်နက်ကိုင်တပ်ဖွဲ့များဟာကလေးသူငယ်များအပါအဝင် အရပ်သားပြည်သူများ၊ အရပ်ဖက်ဆိုင်ရာ အဆောက်အအုံများအား တိုက်ခိုက်ခြင်းမပြုရန် ထပ်လောင်းပြောဆိုခဲ့ကာ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံတကာ ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သူများအားလုံးအား တာဝန်ခံမှုရှိစေရန် ဆောင်ရွက်ရမယ်လို့ဆိုပါတယ်။
========================
📌📌 ၄။ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ မြေပြင်တော်လှန်ရေးအင်အားစုများကြားဆွေးနွေးညှိနှိုင်းမှုနဲ့ ချိတ်ဆက်လုပ်ကိုင်မှုအပိုင်း တွေမှာအားနည်းနေတယ်လို့ ဗိုလ်နဂါးထောက်ပြပြောဆို
NST က ကျင်းပတဲ့ တော်လှန်ရေးစကားဝိုင်းမှာ မြန်မာ့တော်ဝင်နဂါးတပ်တော်မှ ဗိုလ်နဂါးက အခုလို ထောက်ပြပြောဆိုခဲ့ပါတယ်။
"MOD နဲ့ကျွန်တော်တို့မြေပြင်အကြားမှာ အပြန်အလှန်ကျားကန်ဖို့ COC အကြောင်းသာပြောနေပေမယ့် ကျွန်တော်တို့ချင်းတွေ့ဆုံဆွေးနွေးတာတွေတောင် သိပ်မလုပ်နိုင်ဘူး။MOD နဲ့ ကျွန်တော်တို့မြေပြင်အကြားမှာ လုံးဝ အချိတ်အဆက်မရှိတာမဟုတ်ပေမယ့် ဆွေးနွေးညှိနှိုင်းမှုနဲ့ ချိတ်ဆက်လုပ်ကိုင်မှုအပိုင်း တွေမှာအားနည်းနေတယ်။ အဲ့ဒါကျွန်တော်တို့ ဘယ်လိုဖြေရှင်းလို့ရမလဲပေါ့"လို့ဆိုထားပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနဟာ လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့ပေါင်း ၃၀၀ နီးပါးကို မှတ်ပုံတင်အတည်ပြုပြီးဖြစ်ပါတယ်။ သို့သော် မြေပြင်မှာရှိတဲ့ ကာကွယ်ရေးတပ်ဖွဲ့အားလုံးလက်နက်တပ်ဆင်ပေးဖိူ့ကတော့ လတ်တလေယ မဖြစ်နိုင်သေးဘူးလို့လည်း ကာကွယ်ရေးဝန်ကြီးကဆိုထားပါတယ်။
========================
📌📌 ၅။ CDF-Mindat ၏ ဝံပုလွေစစ်ကြောင်းမှ အကြမ်းဖက် စကစ ၏ မင်းတပ်မြို့အဝင်ဂိတ် တစ်ခုအား ယနေ့မနက်ဝင်ရောက်တိုက်ခိုက်
စက်တင်ဘာလ ၂၁ ရက်နေ့ မြန်မာစံတော်ချိန် မနက် ၅:၃၀ အချိန်တွင် CDF-Mindat ၏ ဝံပုလွေစစ်ကြောင်းမှ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ခဲ့တာလို့ CDF-Mindatကအတည်ပြုဆိုပါတယ်။
"စက်တင်ဘာလ ၂၁ ရက်နေ့ မနက် ၅:၃၀ အချိန်တွင် CDF-Mindat ၏ ဝံပုလွေစစ်ကြောင်းမှ အကြမ်းဖက် စကစ ၏ မင်းတပ်မြို့အဝင်ဂိတ် တစ်ခုအား ဝင်ရောက်တိုက်ခိုက်မှု့ ပြုလုပ်ခဲ့ပါတယ်"လို့ ဆိုပါတယ်။ ထိုတိုက်ခိုက်မှု့ဟာ စကစ အကြမ်းဖက် တပ်မှ ဝါဒဖြန့်ချီရေးအဖြင့် ယနေ့ ကျင်းပပြုလုပ်မည့် စျေးရောင်းပွဲတော်အား ဆန့်ကျင် ကန့်ကွက်သည့်အနေဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။
ဝံပုလွေ စစ်ကြောင်း၏ တိုက်ခိုက်မှု့ကြောင့် စကစ အကြမ်းဖက် စကစတပ်များ ထိခိုက်ကျဆုံးမှု့ များနိုင်ကြောင်း CDF-Mindat ၏ ဗျူဟာမှူး တစ်ဦးထံမှ သတင်းပို့ ရရှိခဲ့တယ်လို့ဆိုပါတယ်။ မင်းတပ်မြို့ပေါ်ရှိ အများပြည်သူများအနေဖြင့် အကြမ်းဖက် စကစ ၏ ဝါဒဖြန့်ချီရေး စျေးရောင်းပွဲတော်သို့ ပူးပေါင်းဆောင်ရွက်မှု့ မပြုလုပ်ကြရန်နဲ့ မိမိတို့ နေအိမ်များတွင်သာ လုံလုံခြုံခြုံ နေထိုင်ကြရန် CDF-Mindat မှ တိုက်တွန်းနှိုးဆော်သတင်းထုတ်ပြန်ထားပါတယ်။
========================
📌📌 ၆။ တန့်ဆည်မြို့နယ် ဂွေးကုန်းကျေးရွာကို စကစတပ်များက မီးရှို့ဖျက်ဆီး
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ဂွေးကုန်းကျေးရွာကို စကစတပ်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်းကို စက်တင်ဘာ ၂၁ ရက်မှာ ဒေသခံ သတင်းအရင်းအမြစ်များကအတည်ပြုဆိုပါတယ်။
"တန့်ဆည်မြို့နယ် ဂွေးကုန်းကျေးရွာကို စကစတပ်စစ်ကြောင်းမှ မနေ့မနက်ကနေ ယနေ့ မနက်ထိပြည့်သူနေအိမ်များကို မီးရို့ဖျက်ဆီးနေတယ်"လို့ဆိုပါတယ်။
တန့်ဆည်မြို့နယ်အတွင်းမှာ စကစတပ်စစ်ကြောင်းများဟာ တပ်အင်အားခွဲကာ ကျေးရွာများသို့ မွှေနှောက်ဖျက်ဆီးလျက်ရှိပါတယ်။ လက်ရှိမှာ စစ်ကိုင်း၊မကွေးနဲ့ချင်းပြည်နယ်၊ကရင်နီဒေသအပါအဝင် တစ်နိုင်ငံလုံးရှိ ပြည်သူ့နေအိမ်များကို စကစတပ်က မီးရှို့ဖျက်ဆီးထားမှု အိမ်အလုံးရေ သုံးသောင်းကျော်ရှိပြီဖြစ်ပါတယ်။
========================
📌📌 ၇။ လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့တွေနဲ့ အကူအညီတွေကို ဘေးကင်းစွာနဲ့ အတားအဆီးမရှိ ဖြတ်သန်းပို့ဆောင်နိုင်ရေးအတွက် တိုက်တွန်းစည်းရုံးတာတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ UN OCHA Myanmar ထုတ်ပြန်
စက်တင်ဘာ ၂၁ ရက်မှာ ရခိုင်ပြည်နယ်အခြေအနေကို UN OCHA Myanmar ကအခုလိုဖော်ပြခဲ့ပါတယ်။
"ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော်တို့အကြား ဖြစ်ပွားနေတဲ့ တကျော့ပြန်တိုက်ပွဲတွေကြောင့် လုံခြုံရေးအခြေအနေတွေဟာ အကဲဆတ်နေပါတယ်။ မြို့နယ်အများအပြားမှာ ညမထွက်ရအမိန့်တွေ၊ ရှာဖွေစစ်ဆေးတာတွေနဲ့ ဖမ်းဆီးတာတွေအပါအဝင် အသွားအလာကန့်သတ်ချက်တွေနဲ့ လုံခြုံရေးအစီအမံတွေကို ချမှတ်ထားပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံနယ်စပ်မျဉ်းအနီး မောင်တောမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုအပါအဝင် တိုက်ပွဲတွေဖြစ်ပွားနေတယ်"လို့ဆိုပါတယ်။
ဒါ့အပြင်ရခိုင်ပြည်နယ်က မြို့နယ် (၆) မြို့နယ်အတွင်း အကူအညီပေးရေးလုပ်ငန်းတွေရပ်ဆိုင်းထားဖို့ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေကို စက်တင်ဘာလ ၁၅ ရက်နေ့မှာ တပ်ဖက်က ညွှန်ကြားထားပါတယ်"လို့ဆိုပါတယ်။
"လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့တွေနဲ့ အကူအညီတွေကို ဘေးကင်းစွာနဲ့ အတားအဆီးမရှိ ဖြတ်သန်းပို့ဆောင်နိုင်ရေးအတွက် တိုက်တွန်းစည်းရုံးတာတွေ ဆက်လက်လုပ်ဆောင်လျက်ရှိပါတယ်"လို့ဆိုပါတယ်။ လက်ရှိမှာ ရခိုင်ပြည်နယ်ရဲ့ စစ်ဘေးရှောင်များကို အကြမ်းဖက် စစ်တပ်ဟာ အစားအစာပြတ်လပ်အောင် လမ်းခရီးများပိတ်ဆို့ထားပြီး စစ်ဘေးရှောင် ခြောက်သောင်းကျော်ဟာ အကူအညီများလိုအပ်နေတယ်လို့ ရခိုင့်တပ်တော် AAကလည်းသတင်းထုတ်ပြန်ထားပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment