၂၀၂၂ စက်တင်ဘာလ ၂၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အမေရိကန်အစိုးရအနေနှင့် စစ်ကောင်စီအပေါ် ဆက်လက်တိုးမြှင့် လုပ်ဆောင်မယ့် စီးပွားရေးပိတ်ဆို့အရေးယူမှုနဲ့ပတ်သက်ပြီး ပစ်မှတ်ထားသင့်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ဆွေးနွေးခဲ့တယ်လို့ လူ့အခွင့်ရေးရာဝန်ကြီး အသိပေး
📌 ၂။ လာမယ့်နှစ်အတွင်းနွေဦးတော်လှန်ရေးအမြန်ဆုံးအောင်မြင်အောင် မဟာဗျူဟာချပြီး NUG လုပ်ဆောင်နေ
📌 ၃။ NUG ပညာရေးဝန်ကြီးဌာနရဲ့ကြားကာလပြည်သူ့ ပညာရေး ကျောင်းထူးချွန်ဆုပေးပွဲနဲ့ အတန်းပြီးဆုံးကြောင်း အခမ်းအနားကျင်းပ
📌 ၄။ ပြည်ပအလုပ်အကိုင်ဆိုင်ရာ စစ်တမ်းကောက်ယူခြင်းနဲ့ OERC ထုတ်ပေးခြင်း လုပ်ငန်းမှာ Online Survey Form (Application) နှင့် Card Design ရေးဆွဲခြင်းဆောင်ရွက်ပြီးစီးပြီလို့ အလုပ်သမားဒုဝန်ကြီးဆို
📌 ၅။ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သော ရာဇဝတ်မှုများကို အကြိမ်ကြိမ်ကျူးလွန်နေသော အကြမ်းဖက်စစ်ကောင်စီအား ဒီပဲယင်းမြို့နယ်ပညာရေးဘုတ်အဖွဲ့အပြင်းအထန် ရှုတ်ချ
📌 ၆။ အကွာအဝေး ကိုက် ၁၀၀၀ အထိ ပစ်ခတ်နိုင်တဲ့ Federal Revolution Force (F.R.F) အဖွဲ့၏ ၆၀မမ (60mm) လက်နက်ကြီးထုတ်လုပ်အောင်မြင်
📌 ၇။ မြောင်နယ် နဘက်ရွာကို စကစတပ်များ ဝင်ရောက်သောင်းကျန်းမီးရှို့
📌 ၈။ စစ်ကောင်စီအဖွဲ့က လက်နက်ကြီးများ ရမ်းသန်း ပစ်ခတ်မှုကြောင့် ဒီမော့ဆို အရှေ့ဘက်ခြမ်း ကျေးရွာမှ အမျိုးသမီးငယ် တစ်ဦး ထိမှန် သေဆုံး
📌 ၉။ တန့်ဆည်မြို့နယ်မှာ ၆ ရက်တာကာလအတွင်း ပြည်သူ့နေအိမ် များကို (၁၅) ကြိမ်တိတိ မီးရှို့ဖျက်ဆီးခဲ့ပြီးပြည်သူ (၁၀) ဦးကိုလည်း မီးရှို့သတ်ဖြတ်
📌 ၁၀။ စက်တင်ဘာ ၂၂ က မြန်မာမိုဒယ် ဟန်လေး ထိုင်းလေဆိပ် အဝင်မှာ တားဆီးခံရ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အမေရိကန်အစိုးရအနေနှင့် စစ်ကောင်စီအပေါ် ဆက်လက်တိုးမြှင့် လုပ်ဆောင်မယ့် စီးပွားရေးပိတ်ဆို့အရေးယူမှုနဲ့ပတ်သက်ပြီး ပစ်မှတ်ထားသင့်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ဆွေးနွေးခဲ့တယ်လို့ လူ့အခွင့်ရေးရာဝန်ကြီး အသိပေး
အမေရိကန်အစိုးရအနေနှင့် စစ်ကောင်စီအပေါ် ဆက်လက်တိုးမြှင့် လုပ်ဆောင်မယ့် စီးပွားရေးပိတ်ဆို့အရေးယူမှုနဲ့ပတ်သက်ပြီး ပစ်မှတ်ထားသင့်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ဆွေးနွေးခဲ့တယ်လို့ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းကဆိုပါတယ်။ စက်တင်ဘာ ၂၂ ရက်မှာ လူ့အခွင့်ရေးရာဝန်ကြီးကအသိပေးဖော်ပြပါတယ်။
" အကြမ်းဖက်စစ်ကောင်စီက ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲ အပေါ် အမြင်သဘောထားတွေ၊ အမေရိကန်အစိုးရအနေနှင့် စစ်ကောင်စီအပေါ် ဆက်လက်တိုးမြှင့် လုပ်ဆောင်မယ့် စီးပွားရေးပိတ်ဆို့အရေးယူမှုနဲ့ပတ်သက်ပြီး ပစ်မှတ်ထားသင့်တဲ့ စီးပွားရေးလုပ်ငန်းတွေ၊ တရားမျှတမှုဖော်ဆောင်နိုင်ရေးဆိုင်ရာယန္တယားတွေကို ထိရောက်စွာအသုံးပြုနိုင်မယ့် ရှေ့လုပ်ငန်းစဥ်တွေ၊ လူသားချင်းစာနာမှုအကူအညီ၊ နည်းပညာ၊ ဆက်သွယ်ရေး၊ အတတ်ပညာပိုင်း ဆိုင်ရာအကူအညီတွေ၊ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများနဲ့ ပြည်သူရင်ခွင်ခိုလှုံလာကြသည့်သူများအတွက် ကာကွယ်ကူညီမှုတွေနဲ့ အခြားထောက်ပံ့ကူညီမှုတွေ အကြောင်းတို့ကို ဆွေးနွေးခဲ့ကြပါတယ်"လို့ဆိုပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြံပေးပုဂ္ဂိုလ် Mr. Derek Chollet ဦးဆောင်တဲ့ တာဝန်ရှိသူများနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌဖြစ်သူ ဦးအောင်ကြည်ညွန့်၊ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၊ ဆက်သွယ်ရေးသတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၏ အကြံပေးပုဂ္ဂိုလ် ဦးအောင်ကျော်မိုးတို့ စက်တင်ဘာလ (၂၁ ) ရက်နေ့က နယူးယောက်မြိုမှာ တွေ့ဆုံခဲ့ကြပါတယ်။
========================
📌📌 ၂။ လာမယ့်နှစ်အတွင်းနွေဦးတော်လှန်ရေးအမြန်ဆုံးအောင်မြင်အောင် မဟာဗျူဟာချပြီး NUG လုပ်ဆောင်နေ
လာမယ့်နှစ်အတွင်းနွေဦးတော်လှန်ရေးအမြန်ဆုံးအောင်မြင်အောင် မဟာဗျူဟာချပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUGလုပ်ဆောင်နေတယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောကအတည်ပြုပါတယ်။ စက်တင်ဘာလအတွင်းမှာ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောကradio NUGကို ဖြေကြားခဲ့ပါတယ်။
"ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့က အခုလာမယ့် တစ်နှစ်တာ ကာလမှာ ခုခံတော်လှန်စစ်ကို အရှိန်အဟုန်ကို တစ်ဆင့်မြင့်ပြီးတော့ အရှိန်အဟုန်မြင့်မြင့်နဲ့ ပြည်သူတွေရဲ့ နွေဦးတော်လှန်ရေး အမြန်ဆုံးအောင်မြင်အောင် လုပ်ဆောင်ဖို့အတွက်မဟာဗျူချမှတ်ပြီး လုပ်ဆောင်နေပါတယ်"လို့ဆိုပါတယ်။ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်မှာ ပြည်သူ့ခုခံ တွန်းလှန်စစ်များစတင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ ကြေညာခဲ့ပါတယ်။ လက်ရှိမှာ ပြည်သူ့ခုခံတွန်းလှန်စစ်တစ်နှစ်တာကာလအတွင်း အကြမ်းဖက်စစ်တပ်က တပ်ဖွဲ့ဝင်နှစ်သောင်းကျော် ကျဆုံးခဲ့ပါတယ်။
========================
📌📌 ၃။ NUG ပညာရေးဝန်ကြီးဌာနရဲ့ကြားကာလပြည်သူ့ ပညာရေး ကျောင်းထူးချွန်ဆုပေးပွဲနဲ့ အတန်းပြီးဆုံးကြောင်း အခမ်းအနားကျင်းပ
NUG ပညာရေးဝန်ကြီးဌာနရဲ့ကြားကာလပြည်သူ့ ပညာရေး ကျောင်းထူးချွန်ဆုပေးပွဲနဲ့ အတန်းပြီးဆုံးကြောင်း အခမ်းအနားကို စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာကျင်းပခဲ့ပါတယ်။ စက်တင်ဘာ၂၂ ရက် မှာ ကျောင်းထူးချွန်ဆုပေးပွဲနဲ့ အတန်းပြီးဆုံးကြောင်း အခမ်းအနားကို ကျောင်းသား၊ကျောင်းသူများ ဆရာများနဲ့ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့တယ်လို့သတင်းရရှိပါတယ်။
၄င်းနောက် တစ်ဆက်တည်း အကြမ်းဖက်စစ်တပ်ရဲ့ ဒီပဲယင်းလက်ယက်ကုန်းကျေးရွာမှာ လေကြောင်းကနေ ကျောင်းသား ကလေးငယ်တွေကို သတ်ဖြတ်ခဲ့တဲ့အပေါ် ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ ကျောင်းသားလေးတွေက ‘ကကြီး ခခွေးပဲ ရေးတက်သေးတဲ့ သားတို့ သမီးတို့ သူငယ်ချင်းတွေကို သတ်ဖို့ လေယာဉ်ပစ် လက်နက် တကယ်လိုလို့လား’ ဆိုတဲ့စာသားများကို ကာဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
========================
📌📌 ၄။ ပြည်ပအလုပ်အကိုင်ဆိုင်ရာ စစ်တမ်းကောက်ယူခြင်းနဲ့ OERC ထုတ်ပေးခြင်း လုပ်ငန်းမှာ Online Survey Form (Application) နှင့် Card Design ရေးဆွဲခြင်းဆောင်ရွက်ပြီးစီးပြီလို့ အလုပ်သမားဒုဝန်ကြီးဆို
ပြည်ပအလုပ်အကိုင်ဆိုင်ရာ စစ်တမ်းကောက်ယူခြင်းနဲ့ OERC ထုတ်ပေးခြင်း လုပ်ငန်းမှာ Online Survey Form (Application) နှင့် Card Design ရေးဆွဲခြင်းဆောင်ရွက်ပြီးစီးပြီလို့ အလုပ်သမားဒုဝန်ကြီးဦးကျော်နီကဆိုပါတယ်။ စက်တင်ဘာလအတွင်းမှာ အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီက radio NUG ကိုဖြေကြားခဲ့ပါတယ်။
"ပြည်ပအလုပ်အကိုင်ဆိုင်ရာ စစ်တမ်းကောက်ယူခြင်း၊ OERC ထုတ်ပေးခြင်း လုပ်ငန်းစဉ်မှာလုပ်ငန်းစီမံချက် (Project) ရေးဆွဲတာမှာဆောင်ရွက်ပြီးဖြစ်ပါတယ်။ အစိုးရအဖွဲ့ကိုတင်တာ မူဝါဒ လမ်းညွှန်မှု ခံယူတာလည်းဆောင်ရွက်ပြီးဖြစ်ပါတယ်။ Online Survey Form (Application) နှင့် Card Design ရေးဆွဲပြီးပါပြီ"လို့ ဆိုပါတယ်။ လက်ရှိအခြေအနေတွင် လုပ်ငန်းစဉ် အဆင့် (၇)တွင် ရောက်ရှိနေပြီး Pilot Project အဖြစ် မလေးရှားနိုင်ငံ၌ စတင်နိုင်ရန် စီစဉ်လျက်ရှိတယ်လို့ သတင်းရရှိပါတယ်။
========================
📌📌 ၅။ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သော ရာဇဝတ်မှုများကို အကြိမ်ကြိမ်ကျူးလွန်နေသော အကြမ်းဖက်စစ်ကောင်စီအား ဒီပဲယင်းမြို့နယ်ပညာရေးဘုတ်အဖွဲ့အပြင်းအထန် ရှုတ်ချ
စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သော ရာဇဝတ်မှုများကို အကြိမ်ကြိမ်ကျူးလွန်နေသော အကြမ်းဖက်စစ်ကောင်စီအား ဒီပဲယင်းမြို့နယ်ပညာရေးဘုတ်အဖွဲ့အပြင်းအထန် ရှုတ်ချလိုက်ပါတယ်။ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာစာသင်ကျောင်းကို လေကြောင်းမှတိုက်ခိုက်ခံရမှုကြောင့် ကလေးသူငယ် အများအပြားနှင့် ပြည်သူများသေဆုံးမှု ထိခိုက်ဒဏ်ရာရရှိမှုများနှင့် ပတ်သက်၍ စက်တင်ဘာလ (၂၂) ရက်မှာထုတ်ပြန်ကြေညာခဲ့ပါတယ်။
စက်တင်ဘာလ (၁၆) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းကို အကြမ်းဖက်စစ်အုပ်စုက တိုက်ခိုက်ရေးစစ်ရဟတ်ယာဉ် (၂)စီး၊ ထောက်ပို့စစ်ရဟတ်ယာဉ် (၂)စီး တို့ကိုအသုံးပြု၍ လေကြောင်းမှပစ်ခတ်တိုက်ခိုက်ခြင်းများ၊ မြေပြင်သို့အကြမ်းဖက်စစ်ကောင်စီ တပ်သားများချထားပြီး လက်နက်ကြီး၊ လက်နက်ငယ်များအသုံးပြု၍ တိုက်ခိုက်ခြင်းများကို ရက်စက်စွာ ပြုလုပ်ခဲ့ကြပါတယ်။ ထောက်ပို့စစ်ရဟတ်ယာဉ် (၂)စီးသည် ဒုတိယအကြိမ်ထပ်မံ၍ အကြမ်းဖက် စစ်ကောင်စီတပ်သားများကို သယ်ပို့ချထားပြီး ပညာသင်ကြားနေသော ကလေးသူငယ် များ၊ ဆရာ/ဆရာမများနှင့် ပြည်သူမျာအား ရည်ရွယ်ချက်ရှိရှိ ပြင်းထန်စွာတိုက်ခိုက်ခဲ့ကြပါတယ်။
ထိုတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းထဲတွင် ပညာသင်ကြားနေသော ကလေးသူငယ် (၆)ဦး အပါအဝင် စုစုပေါင်းကလေးသူငယ် (၈)ဦး ကျဆုံးခဲ့ပြီး ပြင်းထန်ဒဏ်ရာရကျောင်းသား ကလေးသူငယ် (၇)ဦးနှင့် ဒဏ်ရာရ ဆရာ/ဆရာမ (၂)ဦး အပါအဝင် ဆရာ/ဆရာမ (၅)ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
ကျဆုံးကျောင်သားကလေးသူငယ် ရုပ်အလောင်းများကိုလည်း ယူဆောင်သွားကြသည်။ ပြည်သူ (၅)ဦး ကျဆုံးပြီး ဒဏ်ရာရပြည်သူ (၉)ဦးနှင့် ဒဏ်ရာရကျောင်းသား ကလေးသူငယ် (၁၈)ဦး ရှိပါတယ်။ ကလေးသူငယ်ရုပ်အလောင်းများ၊ အပြင်းအထန်ဒဏ်ရာရ ကလေးသူငယ် (၇)ဦး၊ ဆရာ/ဆရာမ (၅)ဦး၊ ကားနှစ်စီးနှင့် ကားမောင်းသူ (၂)ဦး အပါအဝင် ပြည်သူ (၃)ဦး၊ စုစုပေါင်း (၁၉)ဦး တို့ကို ရေဦးမြို့သို့ ဖမ်းဆီးပို့ဆောင်ခဲ့သည်ဟု သိရပါတယ်။ စာသင်ကျောင်းကို ဦးတည်တိုက်ခိုက်ခြင်း၊ ကလေးသူငယ်များအပေါ် ပစ်မှတ်ထားတိုက်ခိုက် သတ်ဖြတ်ခြင်းတို့သည် လူမဆန်ဆိုးရွားလှသည့် ကြမ်းကြုတ်မှုများပင်ဖြစ်ပါတယ်။
စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သော ရာဇဝတ်မှုများကို အကြိမ်ကြိမ်ကျူးလွန်နေသော အကြမ်းဖက်စစ်ကောင်စီအား ကျွန်ုပ်တို့မြို့နယ်ပညာရေးဘုတ်အဖွဲ့အနေဖြင့် အပြင်းအထန် ရှုတ်ချပါတယ်။ ကလေးသူငယ်များ၊ ဆရာ/ဆရာမများနှင့် ပြည်သူများကို မည်သည့်အန္တရာယ်မှ ကျရောက်စေခြင်းမရှိစေပဲ အမြန်ဆုံးပြန်လွတ်ပေးရန် လိုအပ်ပါတယ်။
ထိုသို့သော လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အကြမ်းဖက်လုပ်ရပ်များ၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သော ရာဇဝတ်မှုများကို နေရာဒေသအနှံ့အပြားတွင် ကြိမ်ဖန် များစွာ ကျူးလွန်နေသည့် အကြမ်းဖက်စစ်ကောင်စီအုပ်စု၏ စစ်အာဏာရှင်ယန္တရား ပျက်သုန်းသွား သည့်တိုင်အောင် ပြည်တွင်းပြည်ပတော်လှန်ရေးအင်အားစုများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူပေါင်း၍ ကျူးလွန်သူစစ်ကောင်စီအား အရေးယူဆောင်ရွက်နိုင်ရေး၊ တရားစီရင်နိုင်ရေးတို့အတွက် ကြိုးစားဆောင်ရွက် သွားမယ်လို့ဖော်ပြပါတယ်။
========================
📌📌 ၆။ အကွာအဝေး ကိုက် ၁၀၀၀ အထိ ပစ်ခတ်နိုင်တဲ့ Federal Revolution Force (F.R.F) အဖွဲ့၏ ၆၀မမ (60mm) လက်နက်ကြီးထုတ်လုပ်အောင်မြင်
အကွာအဝေး ကိုက် ၁၀၀၀ အထိ ပစ်ခတ်နိုင်တဲ့ Federal Revolution Force (F.R.F) အဖွဲ့၏ ၆၀မမ(60mm) လက်နက်ကြီးထုတ်လုပ်အောင်မြင်ခဲ့ပါတယ်။ စက်တင်ဘာလအတွင်းမှာ Federal Revolution Force (F.R.F)ကအသိပေးဆိုပါတယ်။
"Federal Revolution Force (F.R.F) အဖွဲ့၏ ၆၀မမ(60mm) လက်နက်ကြီးအားအောင်မြင်စွာထုတ်လုပ်နိုင်ခဲ့ပါပြီ။အကွာအဝေး ကိုက် ၁၀၀၀ အထိ ပစ်ခတ်နိုင်ပါတယ်"လို့ဖော်ပြပါတယ်။ ၆၀မမ(60mm)တာဝေးပစ်လက်နက်ကြီးနှင့်အတူ ရှေ့ထရှေ့ထွက်မိုင်း၊လက်ပစ်မိုင်းတို့ကိုလည်းအောင်မြင်စွာထုတ်လုပ်နိုင်ခဲ့ပါတယ်။ ထုတ်လုပ်ရေးပိုင်းမှာလိုအပ်ချက်တွေကြောင့် အခက်ခဲတချို့ရှိခဲ့ပြီး အချိန်ကြန့်ကြာခဲ့ရပြီး အဓိကလိုအပ်ချက်က budget ပိုင်းလုံလောက်မှုမရှိသေးဘူးလို့သတင်းရရှိပါတယ်။
========================
📌📌 ၇။ မြောင်နယ် နဘက်ရွာကို စကစတပ်များ ဝင်ရောက်သောင်းကျန်းမီးရှို့
စစ်ကိုင်းတိုင်း မြောင်နယ် နဘက်ရွာကို စကစတပ်များ ဝင်ရောက်သောင်းကျန်းမီးရှို့ခဲ့ပါတယ်။ စက်တင်ဘာ ၂၂ ရက်နံနက် ၂ လောက်မှာ မြောင်မြို့နယ်မြို့စခန်းမှ ထွက်လာပြီး ၅နာရီခွဲတွင် နဘက်သို့ လက်နက်ကြီးငယ်ဖြင့်ပစ်ခတ်ဝင်ရောက်လာတာလို့ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ကအတည်ပြုပါတယ်။
"မြောင်မြို့စခန်းမှ စခများ နံနက် ၂ လောက်မှ ထွက်လာပြီး ၅ နာရီခွဲတွင် နဘက်သို့ လက်နက်ကြီးငယ်ဖြင့်ပစ်ခတ်ဝင်ရောက်လာကြပါတယ်"လို့ဆိုပါတယ်။ လက်ရှိအချိန်တွင် နဘက်၊ဆွဲလဲအို၊ဖွားစောအပါအဝင် လမ်းတစ်လျောက်မှကျေးရွာများမှပြည်သူများမှာ ချက်ခြင်းထွက်ပြေးနေကြရပြီး နဘက်အရှေ့ဘက် အင်းစောင်းတွင် ပြည်သူတစ်ဦးပစ်သတ်ခံထားရပြီး နဘက်ရွာတွင် မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
========================
📌📌 ၈။ စစ်ကောင်စီအဖွဲ့က လက်နက်ကြီးများ ရမ်းသန်း ပစ်ခတ်မှုကြောင့် ဒီမော့ဆို အရှေ့ဘက်ခြမ်း ကျေးရွာမှ အမျိုးသမီးငယ် တစ်ဦး ထိမှန် သေဆုံး
စစ်ကောင်စီအဖွဲ့က လက်နက်ကြီးများ ရမ်းသန်း ပစ်ခတ်မှုကြောင့် ဒီမော့ဆို အရှေ့ဘက်ခြမ်း ကျေးရွာမှ အမျိုးသမီးငယ် တစ်ဦး ထိမှန် သေဆုံးခဲ့ပါတယ်။ စက်တင်ဘာ၂၂ ရက်မှာ nwayoogurulaymyar ကအသိပေးဖော်ပြပါတယ်။
"စစ်ကောင်စီအဖွဲ့က လက်နက်ကြီးများ ရမ်းသန်း ပစ်ခတ်မှုကြောင့် ဒီမော့ဆို အရှေ့ဘက်ခြမ်း ကျေးရွာမှ အမျိုးသမီးငယ် တစ်ဦး ထိမှန် သေဆုံးခဲ့ပါတယ်"လို့ဆိုပါတယ်။
အကြမ်းဖက် စစ်တပ်ဟာ အဆင်ခြင်မဲ့ရမ်းသန်းပစ်ခတ်မှုများကြောင့် နယ်မြို့များမှာလက်နက်ကြီးထိမှန်သေဆုံးတဲ့အရပ်သားဦးရေဟာမြင့်တက်လာပါတယ်။ စစ်အာဏာသိမ်းပြီးနောက်နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၃၁၁) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။
========================
📌📌 ၉။ တန့်ဆည်မြို့နယ်မှာ ၆ ရက်တာကာလအတွင်း ပြည်သူ့နေအိမ် များကို (၁၅) ကြိမ်တိတိ မီးရှို့ဖျက်ဆီးခဲ့ပြီးပြည်သူ (၁၀) ဦးကိုလည်း မီးရှို့သတ်ဖြတ်
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်မှာ ၆ ရက်တာကာလအတွင်း ပြည်သူ့နေအိမ် များကို (၁၅) ကြိမ်တိတိ မီးရှို့ဖျက်ဆီးခဲ့ပြီးပြည်သူ (၁၀) ဦးကိုလည်း မီးရှို့သတ်ဖြတ်ခဲ့တယ်လို့သတင်းရရှိပါတယ်။ စက်တင်ဘာ ၂၂ ရက်မှာ တန့်ဆည်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကအတည်ပြုဆိုထားပါတယ်။
"၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်နေ့မှ (၂၂) ရက်နေ့ အထိ (၆) ရက်တာကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက အုပ္ဖိုအိုင်ရွာ၊ ရေဦးကုန်းရွာ၊ အောင်ချမ်းသာရွာ၊ ဘေရင်း/ရွာသစ်ရွာ၊ အင်းပတ်ရွာ၊ အိုးသည်ကုန်းရွာ၊ ဂွေးကုန်းရွာ၊ နဘက်ငယ်ရွာ၊ တောင်တောရွာ၊ ပေကုန်းရွာ၊ သက္ကယ်တန်းရွာများမှ ဒေသခံပြည်သူ့နေအိမ် များအား (၁၅) ကြိမ်တိတိ မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ (၁၀) ဦးအားလည်း မီးရှို့သတ်ဖြတ်ခဲ့တယ်"လို့ဖော်ပြပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များဟာ တန့်ဆည်မြို့နယ်အား ယခင်ကထက် စစ်ရာဇ၀တ်မှုများ ကျူးလွန်ကာ ကျေးရွာများအား အင်အားအလုံးအရင်းဖြင့် ၀င်ရောက်စီးနင်းနေသောကြောင့် ကျေးရွာပေါင်း (၃၀) မှ စစ်ဘေးရှောင်ပြည်သူ (၁၇၀၀၀) ခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။ လတ်တလောမှာ စစ်ကောင်စီစစ်ကြောင်းများ၏အဝေးတွင် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် နေထိုင်ကြပါရန်တန့်ဆည်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကအသိပေးနှိုးဆော်ထားပါတယ်။
========================
📌📌 ၁၀။ စက်တင်ဘာ ၂၂ က မြန်မာမိုဒယ် ဟန်လေး ထိုင်းလေဆိပ် အဝင်မှာ တားဆီးခံရ
မြန်မာမိုဒယ်အမျိုးသမီး ဟန်လေးကို ထိုင်းနိုင်ငံတကာလေဆိပ်သို့ အဝင်မှာ ထိုင်းအာဏာပိုင်တွေက တားမြစ်လိုက်ပါတယ်။ ၂၀၂၁ က နိုင်ငံတကာမိုဒယ်ပွဲတော်မှာ မြန်မာ့နွေဦးတော်လှန်ရေးအကြောင်း ဆန္ဒထုတ်ဖော်ခဲ့လို့ အများက စိတ်ဝင်စားခဲ့ကြပါတယ်။ ယခုအချိန်မှာ လေဆိပ်တွင်းမှာ ရှိနေပြီး ထိုင်းနိုင်ငံကထွက်မယ့် လေယျာဉ်တစီးစီးပေါ် ပြန်တင်ပေးလိမ့်မယ်လို့ ဆိုပါတယ်။ ဟန်လေးအမည်ကို နိုင်ငံတကာရဲတပ်ဖွဲ့၏ အလိုရှိသူအမည်စာရင်းထဲ ပါနေလို့ဆိုပြီး ထိုင်းအာဏာပိုင်ဘက်က ပြောတယ်လို့ ဟန်လေး၏ မန်နေဂျာကပြောကြောင်း ရိုက်တာသတင်းမှာ ရေးထားပါတယ်။
ဟန်လေးက လက်ရှိမှာ ထိုင်းနိုင်ငံမှာ ခိုလှုံနေပြီး ယခုဗီယက်နမ်ကို ခေတ္တထွက်ပြီး ထိုင်းပြန်အဝင်မှာ တားမြစ်ခံရတာဖြစ်ပါတယ်။ ဟန်လေးကတော့ ထိုင်းမှာပဲ နေထိုင်လိုတယ်လို့ ပြောကြောင်း သတင်းမှာ ရေးထားပါတယ်။ လက်ရှိမှာ မြန်မာစစ်ကောင်စီက ထိုင်းအာဏာပိုင်တွေ အင်တာပိုလ်လို့ခေါ်တဲ့ နိုင်ငံတကာရဲတပ်ဖွဲ့တွေဆီကို သူတို့အမည်ပျက်စာရင်းတွေ ပေးပို့ဖမ်းဆီးခိုင်းထားပုံ ရကြောင်း အကဲခတ်တွေက မှတ်ချက်ပေးပါတယ်။ အခြား မြန်မာ့အရေးလှုပ်ရှားသူတွေ တိတ်တဆိတ်ဖမ်းဆီးခံထားရသလားဆိုတာ စောင့်ကြည့် စုံစမ်းကြရပါမယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment