၂၀၂၂ အောက်တိုဘာလ ၂၇ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အာဏာရှင်ကို အမြစ်ဖြတ် အဆုံးသတ်နိဂုံးချုပ်စေရင်သူတို့ရဲ့ အစဉ်အလာ ယုံကြည်ချက်တွေကိုဖျက်ဆီးပစ်ရမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ဆို
📌 ၂။ မီးပိတ်သပိတ်မှာ ပြည်သူလူထုအားလုံးပါဝင်ကြရန် လူ့အခွင့်ရေးရာဝန်ကြီးတိုက်တွန်း
📌 ၃။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေးအစိုးရနှင့် သြစတြေးလျ နိုင်ငံဆိုင်ရာကိုယ်စားလှယ်တို့ တစ်ကမ္ဘာလုံးဆိုင်ရာတရားစီရင်ပိုင် ခွင့် (Universal Jurisdiction) ကိစ္စရပ်အတွက် တွေ့ဆုံဆွေးနွေး
📌 ၄။ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှု စက်ဝိုင်းကို ရပ်တန့်ရမည့်အချိန်သို့ ကျရောက်နေပြီလို့ ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား
📌 ၅။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊မကွေးတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး
📌 ၆။ ကချင်ပြည်နယ် ဖားကန့် အနန့်ပါမှာ ကျဆုံးခဲ့ရတဲ့ ပြည်သူတွေအတွက် ဗြိတိန်ရောက် မြန်မာရာနဲ့ချီ ဆန္ဒပြ
📌 ၇။ မြိုင်မြို့နယ်တောင်ပိုင်း ဆယ်ပြားရွာကို အကြမ်းဖက် ဖက်စစ်တပ်က ယနေ့မနက်ဝင်ရောက်သောင်းကျန်း
📌 ၈။ ပုလဲမြို့နယ် နွယ်အင်းရွာ အနီးနှင့် ဖလန်ပင် ၊ ယောအိုင်းမ ရွာ ပတ်ပတ်လည်ကိုလေကြောင်းကနေ ယနေ့မနက်ပစ်ခတ်တိုက်ခိုက်
📌 ၉။ “မသောက်မိသော မိုးခါးရေ” နယူးယောက်မြို့ စုစုပေါင်း ရန်ပုံငွေနိုင်ငံတကာမှာ ထိပ်ဆုံးတွင်ရောက်ရှိနေ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အာဏာရှင်ကို အမြစ်ဖြတ် အဆုံးသတ်နိဂုံးချုပ်စေရင်သူတို့ရဲ့ အစဉ်အလာ ယုံကြည်ချက်တွေကိုဖျက်ဆီးပစ်ရမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ဆို
အောက်တိုဘာ ၂၇ ရက်မှာ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က လူမှုကွန်ရက်မှာအခုလို ရေးသားပြောကြားခဲ့ပါတယ်။
"မင်းအောင်လှိုင်မှ မဟုတ်။ ကမ္ဘာ့သမိုင်းမှာ ဖြစ်ထွန်းပေါ်ပေါက်ခဲ့သော အာဏာရှင်များနှင့် နောင်ဖြစ်ထွန်းပေါ်ပေါက်လာလတ္တံသော အာဏာရှင်များရဲ့ အစဉ်အလာ သိစိတ်နဲ့၊ သာဓကများအရ သူတို့စိတ်မှာ ခိုင်မာစွာ စွဲထင်ယုံကြည်ထားတဲ့ အချက်တွေရှိတယ်။
အာဏာရှင်ကို အမြစ်ဖြတ် အဆုံးသတ်နိဂုံးချုပ်စေရင်သူတို့ရဲ့ အစဉ်အလာ ယုံကြည်ချက်ကို ရိုက်ချိုးဖျက်ဆီးမှ ရမယ်..။ ကျနော်တို့ရဲ့ စုစည်းညီညွတ်မှုဟာ ခဏတာမဟုတ်ဘဲ ထာဝရဆိုတာ သက်သေပြုရမယ်"လို့ ဆိုပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် လူပေါင်းနှစ်ထောင်ကျော်ကို သတ်ဖြတ်ကာ လူပေါင်းတစ်သောင်းကျော်ကို အကြမ်းဖက် စစ်အုပ်စုက ဖမ်းဆီးချုပ်နှောင်ထားပါတယ်။
========================
📌📌 ၂။ မီးပိတ်သပိတ်မှာ ပြည်သူလူထုအားလုံးပါဝင်ကြရန် လူ့အခွင့်ရေးရာဝန်ကြီးတိုက်တွန်း
မီးပိတ်သပိတ်မှာ ပြည်သူလူထုအားလုံးပါဝင်ကြရန် လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းက အောက်တိုဘာ၂၇ ရက်နေ့မှာ လူမှုကွန်ရက်မှတစ်ဆင့် တိုက်တွန်းပြောဆိုလိုက်ပါတယ်။
"တမြို့လုံး၊ တတိုင်းပြည်လုံး၊ တအိမ်လုံးက အမှောင်ချသွားရအောင် မီးပိတ်၊ မီးမှိတ်၊ တိတ်ဆိတ်ကြ။အောက်တိုဘာလ ၂၈ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်မှစ၍ ၁၀ မိနစ် တိတိ မီးပိတ်၊ မီးမှိတ် အမှောင်ချခြင်းလှုပ်ရှားမှုကို ပြုလုပ်ကြမှာဖြစ်တယ်။ မိတ်ဆွေများကို သတင်းစကားပေးပါ၊ ပါဝင်ပါ၊ ဝမ်းနည်းကြောင်း ပြသပါ၊ ဆုတောင်းပါ၊ အာဏာရှင်တို့ အရှိုက်ကို ထိုးနှိုက်ပါ"လို့ ဆိုထားပါတယ်။ ကချင်ပြည်နယ် ဖားကန့် အနန့်ပါကို အကြမ်းဖက် စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုကျူးလွန်သတ်ဖြတ်ခဲ့ရာမှာ ပြည်သူလူထုနဲ့တကွ ကချင်တိုင်းရင်းသား အနုပညာရှင်များသေဆုံးခဲ့ရပါတယ်။
========================
📌📌 ၃။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေးအစိုးရနှင့် သြစတြေးလျ နိုင်ငံဆိုင်ရာကိုယ်စားလှယ်တို့ တစ်ကမ္ဘာလုံးဆိုင်ရာတရားစီရင်ပိုင် ခွင့် (Universal Jurisdiction) ကိစ္စရပ်အတွက် တွေ့ဆုံဆွေးနွေး
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက တစ်ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် (Universal Jurisdiction) ကိစ္စရပ်နှင့်စပ်လျဥ်း၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ သြစတြေးလျ နိုင်ငံဆိုင်ရာကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေအား ဖိတ်ကြားကာ အောက်တိုဘာ ၂၆ ရက်၊ညနေ ၃ နာရီမှာ ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
တွေ့ဆုံပွဲမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အတွင်းရေးမှူး ဦးထွန်းမြင့်က အဖွင့်အမှာစကား ပြောကြားပြီးနောက် ဒေါက်တာထွန်းအောင်ရွှေက တစ်ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်နှင့်စပ်လျဥ်း၍ ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းဆွေးနွေး ရာတွင် အကြမ်းဖက်စစ်ကောင်စီ ကျူးလွန်ခဲ့သော ပြစ်မှုဆိုင်ရာကိစ္စရပ်များအား အချက်အလက် ပြည့်စုံစွာသုတေသန ပြုမှတ်တမ်းတင်စုစည်းထားရှိမှုနှင့်အတူ လုပ်ငန်းနယ်ပယ်အလိုက် ပူးပေါင်း ဆောင်ရွက်မည့်အစိုးရများ၊ လွှတ်တော်များ၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ချိတ် ဆက်လုပ်ဆောင်နေမှု၊ လုပ်ငန်းစဥ်အကောင်အထည်ဖော်ဆောင်နိုင်မှုနှင့် ကြုံတွေ့လာနိုင်သော အခက်အခဲများကို ရှင်းလင်းပြောကြားခဲ့ပါတယ်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အတွင်းရေးမှူး ဦးထွန်းမြင့်နှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် အမျိုးသားညီညွတ်ရေး အစိုးရ၊ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေတို့ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၄။ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှု စက်ဝိုင်းကို ရပ်တန့်ရမည့်အချိန်သို့ ကျရောက်နေပြီလို့ ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား
(၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ တတိယကော်မတီတွင် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးဘာသာရပ်အောက်၌ ကျင်းပပြုလုပ်သော မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူနှင့် အပြန်အလှန်ဆွေးနွေးမှုအစီအစဉ်မှာ သံအမတ်ကြီးဦးကျော်မိုးထွန်းက အခုလိုပြောကြားလိုက်ပါတယ်။
"စစ်တပ်အား ၎င်းတို့မှ နိုင်ငံတကာဥပဒေများကို ချိုးဖောက်လျက် ကျူးလွန်ထားသည့် ရာဇဝတ်ဝတ်များအတွက် ဒဏ်ခတ်မခံရသည့် အစဉ်အလာကို ဆက်လက်အကျိုး ခံစားခွင့် ရရှိနိုင်တော့မည် မဟုတ်ကြောင်းကို သက်သေပြရမည်ဖြစ်ကြောင်း၊ ထို့အတွက် ICC ၏ တရားစီရင်ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံအနေဖြင့် လိုက်နာမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ICC သို့ တရားဝင်အကြောင်းကြား ထားပြီးဖြစ်ကြောင်း၊ အလားတူပင် မိမိတို့အနေဖြင့် IIMM နှင့် Universal Jurisdiction တို့ကို အသုံးပြု၍ တာဝန်ခံမှုရှိစေရေးအတွက် ကြိုးပမ်းနေသည့် ယန္တရားများတွင် အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုအချိန်သည် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှု စက်ဝိုင်းကို ရပ်တန့်ရမည့်အချိန်သို့ ကျရောက်နေပြီဖြစ်ကြောင်း"သံအမတ်ကြီးကဆိုပါတယ်။
(၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီတွင် လူ့အခွင့်အရေး မြှင့်တင်ကာကွယ်ရေး ဘာသာရပ်အောက်၌ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာကို တင်သွင်းသူ မှာMr. Thomas Andrewဖြစ်ပါတယ်။
========================
📌📌 ၅။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊မကွေးတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး
ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊မကွေးတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့်အောက်တိုဘာ ၂၆ ရက်မနက် ၁၀ နာရီမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးမှာ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၏ တာဝန်ရှိသူတစ်ဦးမှ ခရိုင်ပြည်သူ့အုပ်ချုပ်ရေးလက်စွဲမူဝါဒများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ၊ တက်ရောက်လာသော ပအဖ အဖွဲ့ဝင်များက မြေပြင်အုပ်ချုပ်ရေး ဆောင်ရွက်နေမှုများ၊ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် လိုအပ်ချက်များ စသည်တို့ကို ရှင်းလင်းတင်ပြပြီး မူဝါဒပိုင်းဆိုင်ရာ သိရှိလိုသည်များအား မေးမြန်းကြခဲ့ကြပါတယ်။
ထို့နောက်ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန တွဲဖက်အမြဲတမ်းအတွင်းဝန်မှ အကြမ်းဖက်စစ်ကောင်စီ၏ အလုံးစုံရက်စက် ယုတ်မာလာမှုအပေါ် ပိုမိုပြီး ကြံ့ကြံ့ခိုင်၍ လုပ်ငန်းများအား လုံခြုံရေး သတိ၊ အသိဖြင့်ဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း၊ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပအဖ၊ ပကဖ၊ ပလဖ များမှ ညှိနှိုင်းပေါင်းစပ် ညှိနှိုင်းဆောင်ရွက်မှသာ လုပ်ငန်းများတိုးတက်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါတယ်။အစည်းအဝေးသို့ တွဲဖက်အမြဲတမ်းအတွင်းဝန်၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် စစ်ကိုင်းတိုင်း၊မကွေးတိုင်းမှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၆။ ကချင်ပြည်နယ် ဖားကန့် အနန့်ပါမှာ ကျဆုံးခဲ့ရတဲ့ ပြည်သူတွေအတွက် ဗြိတိန်ရောက် မြန်မာရာနဲ့ချီ ဆန္ဒပြ
ကချင်ပြည်နယ်၊ ဖားကန်မြို့နယ်၊ အနန့်ပါမှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျဆုံးသွားရ တဲ့ ပြည်သူတွေအတွက် ဗြိတိန်ရောက် မြန်မာတွေက ဆန္ဒပြလှုပ်ရှားမှုကို အောက်တိုဘာလ ၂၆ ရက်နေ့ကပြုလုပ်ခဲ့ကြပါတယ်။
ဆန္ဒပြ မြန်မာနိုင်ငံသားတွေက အကြမ်းဖက် စစ်ကောင်စီရဲ့ သံရုံးနဲ့ ရုရှားသံရုံးရှေ့တွေမှာ ကချင်အလံတွေကိုင်ဆွဲပြီး တော့ဆန္ဒပြခဲ့ကြပါတယ်။ ဒါ့အပြင် ကချင်ပြည်သူတွေနဲ့အတူ ဗြိတိန်နိုင်ငံရောက် မြန်မာတွေကလည်း ရပ်တည်တယ်ဆိုတဲ့ ဟစ်ကြွေးမှုတွေနဲ့ ဆန္ဒပြခဲ့ကြပါတယ်။
========================
📌📌 ၇။ မြိုင်မြို့နယ်တောင်ပိုင်း ဆယ်ပြားရွာကို အကြမ်းဖက် ဖက်စစ်တပ်က ယနေ့မနက်ဝင်ရောက်သောင်းကျန်း
အောက်တိုဘာ ၂၇ ရက် မနက်ပိုင်းမှာ စကစတပ်များဟာ မြိုင်မြို့နယ်တောင်ပိုင်း ဆယ်ပြားရွာကို ဝင်ရောက် နေတယ်လို့ ဒေသခံများကအတည်ပြုပါတယ်။
"မနေ့ညက မြိုင်မြို့နယ်တောင်ပိုင်း နှမ်းဆီကန်ရွာမှာ ညအိပ်တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာယနေ့မနက် 8:00 ခန့်မှာ မြိုင်မြို့နယ်တောင်ပိုင်း ဆယ်ပြားရွာကို ဝင်ရောက် နေပါတယ်"လို့ ဆိုပါတယ်။ မကွေးတိုင်း မြိုင်မြို့နယ်ကို စကစတပ်များဟာ ယခုရက်ပိုင်းအတွင်း စစ်ကြောင်းထိုး၍ ရွာများကိုဖျက်ဆီးမီးရှို့မှုများရှိနေပါတယ်။
========================
📌📌 ၈။ ပုလဲမြို့နယ် နွယ်အင်းရွာ အနီးနှင့် ဖလန်ပင် ၊ ယောအိုင်းမ ရွာ ပတ်ပတ်လည်ကိုလေကြောင်းကနေ ယနေ့မနက်ပစ်ခတ်တိုက်ခိုက်
စစ်ကိုင်းတိုင်း ပုလဲမြို့နယ် နွယ်အင်းရွာ အနီးနှင့် ဖလန်ပင် ၊ ယောအိုင်းမ ရွာ ပတ်ပတ်လည်ကိုလေကြောင်းကနေ ယနေ့မနက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပုလဲတပ်ရင်း (1) ကအတည်ပြုဆိုပါတယ်။
"အောက်တိုဘာ ၂၇ မနက် ၁၀ :၄၅ မိနစ်ခန့်အချိန် ပုလဲမြို့နယ် နွယ်အင်းရွာ အနီးနှင့် ဖလန်ပင် ၊ ယောအိုင်းမ ရွာ ပတ်ပတ်လည်ကို fighter ၁ စီးဖြင့် ရမ်းသမ်းပစ်ခတ်ပါတယ်။ နောက်ထပ် fighter ၁ စီးထပ်တက်လာပါတယ်။အနီးနားရှိ ကျေးရွာများမှ ပြည်သူများနှင့်တော်လှန်ရေးအင်အားစုများ အထူးဂရုစိုက်ရှောင်ရှားကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်"လို့ဆိုပါတယ်။
အောက်တိုဘာ ၂၅ ရက် ညနေ ၃ နာရီဝန်းကျင်ခန့်ချိန်ကလည်း နမခ မှ ရဟတ်ယာဥ် ၃ စီး ( ၂ စီး ၂ ခေါက်ပြန်ကာ) ဖြင့် ပုလဲမြို့နယ် ပအဖ/ပကဖ ရုံးနှင့် ပုလဲတပ်ရင်း (၁) ရဲ့ တပ်ခွဲ တစ်ခုကို ဝင်ရောက်စီးနင်တိုက်ခိုက်ခံခဲ့ရပါတယ်။
========================
📌📌 ၉။ “မသောက်မိသော မိုးခါးရေ” နယူးယောက်မြို့ စုစုပေါင်း ရန်ပုံငွေနိုင်ငံတကာမှာ ထိပ်ဆုံးတွင်ရောက်ရှိနေ
“မသောက်မိသော မိုးခါးရေ”ဇာတ်လမ်းတိုရုပ်ရှင်ကားကို နယူးယောက်မြို့ပြသခဲ့ရာ စုစုပေါင်းရန်ပုံငွေရရှိမှုမှာနိုင်ငံတကာတွင် ထိပ်ဆုံးသို့ရောက်ရှိနေတယ်လို့သတင်းရရှိပါတယ်။
"လူအများ သက်သက်သာသာ ကြည့်ရှုနိုင်ရန် ရည်ရွယ်ပြီး လက်မှတ်များရောင်းချခဲ့ရာ ရုပ်ရှင်ပွဲစဉ် ၆ ပွဲပြသခဲ့ပြီး၊ ပွဲကြည့်သူ ၅၀၀ နီးပါးလာရောက်အားပေးခဲ့ကြပါတယ်။ ရုပ်ရှင်ကို ကမ္ဘာတစ်ဝှမ်း ၁၂ နိုင်ငံ၊ ၁၅ မြို့ မှာပြသခဲ့ပြီး၊ လက်ရှိမှာတော့ နယူးယောက်မြို့ဟာ ရန်ပုံငွေအရ ထိပ်ဆုံးတွင်ရောက်ရှိနေကြောင်း ဝမ်းသာစရာ အသိပေးလိုက်ပါတယ်"လို့ H2B နဲ့ SMS အဖွဲ့ကဖော်ပြအသိပေးပါတယ်။
ပွဲကြည့်ပရိသတ်တို့ရဲ့ စေတနာထက်သန်မှုနဲ့ ရန်ပုံငွေ $၄၀,၀၆၆ ကို မမျှော်လင့်ပဲ ရှာဖွေနိုင်ခဲ့ပါတယ်။ ပွဲအတွက် အသုံးစရိတ်များ လျော့ပြီးနောက် ကျန်ရှိငွေ $ ၃၃,၅၁၁.၀၃ ကို အမိမြန်မာပြည်အတွင်း လိုအပ်နေသော နေရာများသို့ ပေးပို့လှူဒါန်းသွားပါမယ်လို့သတင်းရရှိပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment