28th OCT 2022 - Morning Daily News by Radio NUG


၂၀၂၂ အောက်တိုဘာလ ၂၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ကို ကျယ်ပြန့်သထက် ကျယ်ပြန့်အောင် ချဲ့ထွင်ကြဖို့ အားလုံးဝိုင်းဝန်းကြိုးစားကြရမယ်လို့ ယာယီ သမ္မတ ဒူဝါလရှီးလကပြောကြား

📌 ၂။ လေကြောင်းရန်ကာကွယ်ရေးဝန်ကြီးဌာနများ ပူးပေါင်း ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

📌 ၃။ ကာကွယ်ရေးဝန်ကြီးနဲ့ ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော် (BPLA)တို့တွေ့ဆုံပြီး စစ်ရေးအရ ပူးပေါင်းဆောင်ရွက်သွားကြရန်သဘောတူ

📌 ၄။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို အောက်တိုဘာ ၂၇ ရက်မှာ ကျင်းပခဲ့ပါတယ်။  အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ 

📌 ၅။ အမျိုးသား ညီညွတ်ရေး အစိုးရ၏ ချက်သမ္မတ နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးလင်းသန့်နဲ့ဂျာမဏီ နိုင်ငံခြားရေးဝန်ကြီးဌာနကအပါအဝင်အမတ်များကိုတွေ့ဆုံ

📌 ၆။ ဒီပဲယင်းမြို့နယ် ကျေးရွာများရှိမီးဘေးသင့် ပြည်သူများကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ လူသားချင်းစာနာမှုအကူအညီ အဖြစ်ငွေကျပ်(၃၅) သိန်းဒုတိယအကြိမ်ကူညီ

📌 ၇။ ဆက်လက်ပြီး ယမန်နေ့ညကမသောက်မိသော မိုးခါးရေနယူးယောက်မြို့ပွဲစဉ်မှာ စုစုပေါင်း ရရှိရန်ပုံငွေကို (လေးသိန်း ခြောက်ဆယ့် ခြောက် ဒေါ်လာ) လို့ မှားယွင်းတင်ပြခဲ့မှုအပေါ် ပြင်ဆင်ချက်

📌 ၈။ ဂန့်ဂေါမြို့ ခလရ ၅၀ မှထွက်လာသောအကြမ်းဖက် စစ်တပ်စစ်ကြောင်း နဲ့ဂန့်ဂေါကာကွယ်ရေးတပ်တို့ထိတွေ့တိုက်ပွဲမှာ စကစတပ်ဘက်က အယောက်၂၀ ကျော် ထိခိုက်ဒဏ်ရာ

📌 ၉။ ငါန်းဇွန်မြို့နယ်၊မြေးတိုင်းကျေးရွာတောင်ဘက် နှစ်လုံးထီနဲ့အရက်ဆိုင်ကို လိုင်းကြေးလာကောက်တဲ့ စကစတပ်ဖွဲ့များ ပဒေသာမိုင်းမိ၍ သုံးဦးသေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ကို ကျယ်ပြန့်သထက် ကျယ်ပြန့်အောင် ချဲ့ထွင်ကြဖို့ အားလုံးဝိုင်းဝန်းကြိုးစားကြရမယ်လို့ ယာယီ သမ္မတ ဒူဝါလရှီးလကပြောကြား


လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ကို ကျယ်ပြန့်သထက် ကျယ်ပြန့်အောင် ချဲ့ထွင်ကြဖို့ အားလုံးဝိုင်းဝန်းကြိုးစားကြရမယ်လို့ယာယီ သမ္မတ ဒူဝါလရှီးလက အောက်တိုဘာ၂၇ ရက် ကျင်းပတဲ့အသွင်ကူးပြောင်းရေးကာလနှင့် ဘာသာရေးလွတ်လပ်ခွင့် စကားဝိုင်းဆွေးနွေးပွဲမှာ ပြောကြားလိုက်ပါတယ်။


"လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့်ဟာ အခြေခံလူ့အခွင့်အရေးဖြစ်သလို ဒီမိုကရေစီရဲ့ အခြေခံ စံတန်ဖိုးလည်းဖြစ်ပါတယ်။ဒီမိုကရေစီရဲ့ စံတန်ဖိုးတွေကိုနားလည်လက်ခံပြီး လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့်ကို ကျယ်ပြန့်သထက် ကျယ်ပြန့်အောင် ချဲ့ထွင်ကြဖို့ ကျနော်တို့အားလုံး ဝိုင်းဝန်းကြိုးစားရပါလိမ့်မယ်"လို့ဆိုပါတယ်။


ဒါ့အပြင် မြန်မာနိုင်ငံမှာ နိုင်ငံသားအားလုံးဟာ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့်ရှိတယ်လို့ ယာယီ သမ္မတ ကထပ်လောင်းဆိုပါတယ်။ လက်ရှိမှာ စစ်အာဏာရှင် တစ်စုဟာ ဘာသာရေးကို လက်နက်သဖွယ်အသုံးပြု၍ ဘာသာတစ်ခုနဲ့တစ်ခုကြားမုန်းတီး သွေးကွဲစေရန် လုပ်ဆောင်လျက်ရှိပါတယ်။


========================


📌📌 ၂။ လေကြောင်းရန်ကာကွယ်ရေးဝန်ကြီးဌာနများ ပူးပေါင်း ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


လေကြောင်းရန်ကာကွယ်ရေးဝန်ကြီးဌာနများ ပူးပေါင်း ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အောက်တိုဘာ ၂၇ ရက်ကျင်းပတဲ့ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။


"အကြမ်းဖက်စစ်ကောင်စီ၏ အတိုင်းအဆမရှိ ရမ်းကားလာသည့်အတွက် စာသင်ကျောင်းများ၊ဆေးရုံများအပါအဝင် ပြည်သူလူထုအားလုံး၏ အသက်အိုးအိမ်စည်းစိမ်များ ခြိမ်းခြောက်ခံရသည့်အတွက် များစွာ စိတ်မကောင်းဖြစ်မိပါကြောင်း၊ လေကြောင်းရန်ကိစ္စဖြစ်သည့်အတွက် ကာကွယ်ရေးဝန်ကြီးဌာနမှ အဓိက သက်ဆိုင်ပြီး ကျန်ဝန်ကြီးဌာနများအနေဖြင့်လည်း ပူးပေါင်း ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များဖြစ်သည့်အတွက် မိမိနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများအကြား သေချာစွာ ဆွေးနွေးခဲ့ကြပါကြောင်း၊ ယခုအစည်းအဝေးတွင် အဓိကပြောကြားလိုသည်မှာ ခရိုင်ကွပ်ကဲရေးများနှင့်ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ အကြားတွေ့ဆုံနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများက စီမံဆောင်ရွက်ပေးစေလိုပါကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုအားကောင်းလျှင် မြေပြင်အခက်အခဲများပြေလည်ပြီး တော်လှန်ရေးလည်း ပိုမိုအားကောင်းလာမည်ဖြစ်ပါကြောင်း"ဝန်ကြီးချုပ်ကဆိုပါတယ်။


တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၃၃/၂၀၂၂) တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်များ၊ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး ဝန်ကြီးဌာနအလိုက် ဆောင်ရွက်ထားရှိသည့်ကိစ္စရပ်များအပေါ်  တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။


အစည်းအဝေးသို့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ဦးဆောင်၍ ဒုတိယဥက္ကဌ() ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်အပါအဝင် ဗဟိုကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ ကာကွယ်ရေးဝန်ကြီးနဲ့ ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော် (BPLA)တို့တွေ့ဆုံပြီး စစ်ရေးအရ ပူးပေါင်းဆောင်ရွက်သွားကြရန်သဘောတူ


ကာကွယ်ရေးဝန်ကြီးနဲ့ ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော် (BPLA)တို့တွေ့ဆုံပြီး စစ်ရေးအရ ပူးပေါင်းဆောင်ရွက်သွားကြရန်သဘောတူခဲ့ကြပါတယ်။ အောက်တိုဘာ ၂၇ ရက်နေ့မှာ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ဖော်ပြပါတယ်။ အောက်တိုဘာလ (၂၆) ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် အတွင်းဝန် ဦးနိုင်ထူးအောင်တို့နှင့် ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော် (BPLA) မှ တာဝန်ရှိသူများဖြစ်သည့် ကွပ်ကဲရေးမှူး မောင်ဆောင်းခ၊ စခန်းမှူး ရိုးအံ့မင်းတို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်လို့ဆိုပါတယ်။ အဆိုပါတွေ့ဆုံမှုတွင် လက်ရှိတော်လှန်ရေးကာလအတွင်း ဆောင်ရွက်နေသည့် ကိစ္စရပ်များ၊ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) အခန်းကဏ္ဍနှင့်အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာ စဥ်းစားချက်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့ဖော်ပြပါတယ်။


ကာကွယ်ရေးဝန်ကြီးဌာန (MOD) ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော် (BPLA) တို့ကြား သက်ဆိုင်ရာဒေသများတွင် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် နိုင်ငံရေးအရ အပြန်အလှန်လေးစားမှု၊ အသိအမှတ်ပြုမှုတို့ဖြင့် အတူတကွ လက်တွဲဆောင်ရွက်သွားကြရန် သဘောတူညီခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၄။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို အောက်တိုဘာ ၂၇ ရက်မှာ ကျင်းပခဲ့ပါတယ်။  အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ 


မြန်မာ့အရေးဆွေးနွေးမှုများနဲ့ပတ်သက်လို့  NUG နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးက သဘောထားနဲ့ သုံးသပ်ချက်ကို Radio NUG ကို အခုလိုပြောကြားခဲ့ပါတယ်။ ဦးမိုးဇော်ဦး ( ဒု ဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ) " ပြီးခဲ့တဲ့ ၂၇ ရက်နေ့က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ပြုလုပ်သွားတယ်ပေါ့လေ။ အဲ့ဒီအစည်းအဝေးမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီးတော့ အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ သိရတယ်။ 


အဲ့တော့ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တက်ခွင့်ရဖို့အတွက်ကို တောင်းဆိုခဲ့တာတွေ ရှိတယ်။ သို့သော် လည်းပဲ မြန်မာရေးနဲ့ပတ်သက်ရင် နိုင်ငံရေးအရ ကိုယ်စားပြုမှုကို ဘယ်သူ့ကိုမှ ဖိတ်ကြားခြင်းမရှိဘူးဆိုပြီး သိရတယ်ပေါ့လေ။  ဒီအစည်းအဝေးက ထုတ်ပြန်ကြေညာချက်တွေကို ပြန်ပြီးကြည့်တဲ့အခါကျတော့ ဒီအစည်းအဝေးမှာ မနှစ်က အာဆီယံခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ထားတဲ့မြန်မာ့အရေးနဲ့ပတ်သက်ပြီး  အချက် ချက်ပါတဲ့ ဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်တဲ့အခါမှာ ပိုပြီးတော့ တိကျပြီးတော့ ပိုပြီးတော့ အကျိုးရှိမယ် ထိရောက်မယ် နောက်တစ်ခါ အချိန်ကန့်သတ်ချက်လည်းရှိတဲ့ လက်တွေ့အကောင်အထည်ဖော်ဖို့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးကြတယ်လို့ သိရတယ်။ ဒီဆွေးနွေးချက်တွေဟာ ကြိုတင်သဘောတူညီချက် ရယူပြီးထားတဲ့အခါကျရင် ရှေ့လမှာ ပြုလုပ်မယ့် ဒီအာဆီယံရဲ့ထိပ်သီးဆွေးနွေးပွဲပေါ့  အတည်ပြုချက် ရယူသွားမယ်လို့ သိရတယ်။


ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သဘောထားကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမတိုင်ခင်မှာ ပေးပို့ခဲ့တာတွေ ရှိတယ်။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတချို့နဲ့လည်း ကျွန်တော်တို့နဲ့ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့အဆင်ပြေတဲ့ တချို့နဲ့တဆင့်လည်း သတင်းစကားတွေ ပေးပို့ခဲ့တာတွေလည်း ရှိပါတယ်။ အဲတော့ အာဆီယံနဲ့ပတ်သက်တဲ့ကိစ္စဆိုရင်တော့ အမြဲတမ်းလည်း မျက်ခြေမပျက် စောင့်ကြည့်လေ့လာပြီးတော့ ကျွန်တော်တို့ မိတ်ဆွေနိုင်ငံတွေကတဆင့်ဖြစ်ဖြစ် တခြားသော ကျွန်တော်တို့ ချဉ်းကပ်လို့ရတဲ့ အစုအဖွဲ့တွေအားလုံးကတဆင့် ကြိုးစားပြီးတော့ ဆောင်ရွက်လျက်ရှိပါတယ်ဆိုတာကို ပြောချင်ပါတယ်ခင်ဗျာ၊"


========================


📌📌 ၅။ အမျိုးသား ညီညွတ်ရေး အစိုးရ၏ ချက်သမ္မတ နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးလင်းသန့်နဲ့ဂျာမဏီ နိုင်ငံခြားရေးဝန်ကြီးဌာနကအပါအဝင်အမတ်များကိုတွေ့ဆုံ


အမျိုးသား ညီညွတ်ရေး အစိုးရ၏ ချက်သမ္မတ နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးလင်းသန့်နဲ့ဂျာမဏီ နိုင်ငံခြားရေးဝန်ကြီးဌာနကအပါအဝင်အမတ်များကိုတွေ့ဆုံခဲ့တယ်လို့ အောက်တိုဘာ ၂၇ ရက်မှာ အမျိုးသား ညီညွတ်ရေး အစိုးရ၏ ချက်သမ္မတ နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။


အမျိုးသား ညီညွတ်ရေး အစိုးရ၏ ချက်သမ္မတ နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးလင်းသန့်သည် ဂျာမဏီ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဂျာမန်ပါလီမန် ဒု-ဥက္ကဌဟောင်း အပါအဝင် ဂျာမဏီပါလီမန်မှ အာဆီယမ်ရေးရာ ပါလီမန်အမတ်များ၊ ဂျာမဏီနိုင်ငံမှ Think Tanks များနှင့် ဂျာမဏီနိုင်ငံ ဘာလင်မြို့တွင် တွေ့ဆုံခဲ့ပါတယ်။


ဂျာမဏီနိုင်ငံမှ တာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် အမျိုးသားညီညွတ်ရေး အစိုးရ၏ ချက်နိုင်ငံ ဆိုင်ရာ ကိုယ်စားလှယ် ဦးလင်းသန့်နဲ့အတူ ထိုင်းနိုင်ငံတွင် တည်ထောင်ဖွင့်လှစ်ထားသည့် The School of Governance and Public Administration ကျောင်းတည်ထောင်သူ စောကပိအပါအဝင် မြန်မာလူငယ်တချို့လည်း အပါအဝင်ဖြစ်ပါတယ်။


တွေ့ဆုံဆွေးနွေးမှုများတွင် မြန်မာနိုင်ငံ၏ လတ်တလော အခြေအနေများ၊ ဂျာမဏီနိုင်ငံ၏ မြန်မာနိုင်ငံ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ရုန်းကန်လှုပ်ရှားမှုများနှင့်ပတ်သက်၍ မြန်မာပြည်သူများနှင့် အတူ ရပ်တည်ချက်၊ အာဏာသိမ်းစစ်ကောင်စီအား ဂျာမဏီဘက်က ဥရောပ သမဂ္ဂနှင့်အတူ ရပ်တည်ကာ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများ၊ လူသားချင်းစာနာထောက်ထားခြင်းဆိုင်ရာ အကူအညီပေးရေး အခြေအနေများ၊ ဖက်ဒရယ်ဒီမိုကရေစီဆိုင်ရာ လူသားအရင်းအမြစ် စွမ်းရည်မြင့်မားစေရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်ကိစ္စများအတွက် ဂျာမဏီဖက်ဒရယ် အစိုးရနှင့် အမျိုးသား ညီညွတ်ရေးအစိုးရ၊ မဟာမိတ်အင်အားစုများအကြား ပိုမိုပူးပေါင်းလုပ်ဆောင်ရေး ကိစ္စများ ဆွေးနွေးခဲ့ကြပါတယ်။


ခရီးစဉ်အတွင်း မြန်မာကိုယ်စားလှယ် အဖွဲ့သည် ဂျာမန်ပါလီမန်အား အလည်အပတ်သွားရောက်ခဲ့ပြီး ပါလီမန်ဆွေးနွေးပွဲ တရပ်ကိုလည်း တက်ရောက် လေ့လာခဲ့ကြပါတယ်။ ထို့အပြင် ဂျာမဏီ အခြေစိုက် မြန်မာ့အရေးလှုပ်ရှားနေကြသော အသင်းအဖွဲ့များနှင့်လည်း တွေ့ဆုံခဲ့ပြီး ပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။


========================


📌📌 ၆။ ဒီပဲယင်းမြို့နယ် ကျေးရွာများရှိမီးဘေးသင့် ပြည်သူများကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ လူသားချင်းစာနာမှုအကူအညီ အဖြစ်ငွေကျပ်(၃၅) သိန်းဒုတိယအကြိမ်ကူညီ


စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ကျေးရွာများရှိမီးဘေးသင့် ပြည်သူများကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မှ ဒုတိယအကြိမ် လူသားချင်းစာနာမှုအကူအညီ အဖြစ်ငွေကျပ်(၃၅) သိန်းကူညီခဲ့တယ်လို့ အောက်တိုဘာ ၂၇ ရက်မှာ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့ကအသိပေးဆိုပါတယ်။


"အကြမ်းဖက်စစ်ကောင်စီ၏အကြမ်းဖက်ဝင်ရောက် မီးရှို့ဖျက်ဆီးခံရတဲ့ ဒီပဲယင်းမြို့နယ် ကျေးရွာများကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မှ လူသားချင်းစာနာမှုအကူအညီ (၃၅) သိန်းပေးအပ်ကူညီကြောင်း လက်ခံရရှိသည့် ဒေသခံကျေးရွာများထံမှ တဆင့်သတင်းရရှိပါတယ်"လို့ဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယခုထောက်ပံ့မှုဟာဒုတိယအကြိမ် ထောက်ပံ့ကူညီမှုဖြစ်ပြီးပထမအကြိမ် မီးဘေးသင့်ပြည်သူများအတွက် (၃၂) သိန်း ထောက်ပံ့ကူညီမှုကိုရရှိခဲ့သလို ပထမအကြိမ်စာရင်းတင်ပြထားသည့် မီးဘေးသင့်ပြည်သူများကို မျှဝေ ပေးအပ်ကူညီရာမှာ တစ်အိမ်ထောင်စုလျှင် (၉၀၀၀) ကျပ်စီရရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၇။ ဆက်လက်ပြီး ယမန်နေ့ညကမသောက်မိသော မိုးခါးရေနယူးယောက်မြို့ပွဲစဉ်မှာ စုစုပေါင်း ရရှိရန်ပုံငွေကို (လေးသိန်း ခြောက်ဆယ့် ခြောက် ဒေါ်လာ) လို့ မှားယွင်းတင်ပြခဲ့မှုအပေါ် ပြင်ဆင်ချက်


မသောက်မိသော မိုးခါးရေဇာတ်လမ်းတိုရုပ်ရှင်ကားကို နယူးယောက်မြို့ပြသခဲ့ရာ စုစုပေါင်းရန်ပုံငွေရရှိမှုမှာ နိုင်ငံတကာတွင် ထိပ်ဆုံးသို့ ရောက်ရှိနေတယ်လို့ သတင်းရရှိပါတယ်။ "လူအများ သက်သက်သာသာ ကြည့်ရှုနိုင်ရန် ရည်ရွယ်ပြီး လက်မှတ်များရောင်းချခဲ့ရာ ရုပ်ရှင်ပွဲစဉ် ပွဲပြသခဲ့ပြီး၊ ပွဲကြည့်သူ ၅၀၀ နီးပါးလာရောက်အားပေးခဲ့ကြပါတယ်။ 


ရုပ်ရှင်ကို ကမ္ဘာတစ်ဝှမ်း ၁၂ နိုင်ငံ၊ ၁၅ မြို့ မှာပြသခဲ့ပြီး၊ လက်ရှိမှာတော့ နယူးယောက်မြို့ဟာ ရန်ပုံငွေအရ ထိပ်ဆုံးတွင်ရောက်ရှိနေကြောင်း ဝမ်းသာစရာ အသိပေးလိုက်ပါတယ်"လို့ H2B နဲ့ SMS အဖွဲ့ကဖော်ပြအသိပေးပါတယ်။ ပွဲကြည့်ပရိသတ်တို့ရဲ့ စေတနာထက်သန်မှုနဲ့ ရန်ပုံငွေ $၄၀,၀၆၆ (လေးသောင်း ခြောက်ဆယ့် ခြောက် ဒေါ်လာ) ကို မမျှော်လင့်ပဲ ရှာဖွေနိုင်ခဲ့ပါတယ်။ ပွဲအတွက် အသုံးစရိတ်များ လျော့ပြီးနောက် ကျန်ရှိငွေ $ ၃၃,၅၁၁.၀၃ (ဒေါ်လာ သုံးသောင်း သုံးထောင့် ငါးရာကျော်) ကို အမိမြန်မာပြည်အတွင်း လိုအပ်နေသော နေရာများသို့ ပေးပို့လှူဒါန်းသွားပါမယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၈။ ဂန့်ဂေါမြို့ ခလရ ၅၀ မှထွက်လာသောအကြမ်းဖက် စစ်တပ်စစ်ကြောင်း နဲ့ဂန့်ဂေါကာကွယ်ရေးတပ်တို့ထိတွေ့တိုက်ပွဲမှာ စကစတပ်ဘက်က အယောက်၂၀ ကျော် ထိခိုက်ဒဏ်ရာ


မကွေးတိုင်းဂန့်ဂေါမြို့ ခလရ ၅၀ မှထွက်လာသောအကြမ်းဖက် စစ်တပ်စစ်ကြောင်း နဲ့ဂန့်ဂေါကာကွယ်ရေးတပ်တို့ထိတွေ့တိုက်ပွဲမှာ စကစတပ်ဘက်က အယောက်၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အောက်တိုဘာ၂၇ ရက်ညပိုင်းမှာ စစ်ရေးသတင်းကို PDF-GANGAW-တောင်ပိုင်း ပြည်သူ့ကာကွယ်ကွယ်ရေးတပ်ဖွဲ့ကဖော်ပြအသိပေးပါတယ်။


"အောက်တိုဘာ၂၆ ရက်နေ့ဂန့်ဂေါမြို့ ခလရ ၅၀ မှထွက်လာသော စကစ အင်အား (၆၀)ခန့် နဲ့ ဂန့်ဂေါခရိုင်အမှတ်  တပ်ရင်း အမှတ် ၁၁ တပ်ရင်း KKG တပ်ရင်း မဟာမိတ်ပူးပေါင်းတို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်"လို့ဆိုပါတယ်။ အဆိုပါထိတွေ့တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၆)ကောင် ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့တယ်လို့သတင်းရရှိပါတယ်။ ပူးပေါင်းအဖွဲ့များမှ ထိခိုက်မှုမရှိဘဲအန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ PDF-GANGAW-တောင်ပိုင်းကဆိုပါတယ်။


========================


📌📌 ၉။ ငါန်းဇွန်မြို့နယ်၊မြေးတိုင်းကျေးရွာတောင်ဘက် နှစ်လုံးထီနဲ့အရက်ဆိုင်ကို လိုင်းကြေးလာကောက်တဲ့ စကစတပ်ဖွဲ့များ ပဒေသာမိုင်းမိ၍ သုံးဦးသေဆုံး


ငါန်းဇွန်မြို့နယ်၊မြေးတိုင်းကျေးရွာတောင်ဘက် နှစ်လုံးထီနဲ့အရက်ဆိုင်ကို လိုင်းကြေးလာကောက်တဲ့ စကစတပ်ဖွဲ့များ ပဒေသာမိုင်းမိ၍ သုံးဦးသေဆုံးခဲ့ပါတယ်။ အောက်တိုဘာ၂၇ ရက်မွန်းတည့် ၁၂ နာရီအချိန် ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)-မြင်းခြံခရိုင်တပ်ရင်း- ကအတည်ပြုဆိုပါတယ်။


အောက်တိုဘာ၂၇ ရက် မွန်းတည့် ၁၂ နာရီချိန်က ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)-မြင်းခြံခရိုင်တပ်ရင်း- ဟာ ငါန်းဇွန်မြို့နယ်၊မြေးတိုင်းကျေးရွာတောင်ဘက်တွင် 2D , 3D‌ ၊အရက်ဆိုင် လိုင်းကြေးလာကောက်တဲ့ စကစတပ်တွေကို ပဒေသာမိုင်း လုံးဖြင့် တိုက်ခိုက်ခဲ့ပါတယ်"လို့ ဆိုပါတယ်။ တိုက်ခိုက်မှုမှာ စကစတပ်သား သုံးဦးသေဆုံးကာ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ထိခိုက်ခဲ့တဲ့တစ်ဦးမှာလည်းခဏသာပြန်ပစ်နိုင်ခဲ့ပြီး လဲကျသွားခဲ့တယ်လို့ဆိုပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUGသတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment