၂၀၂၂ နိုဝင်ဘာလ ၅ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ စစ်အာဏာရှင်ရဲ့ ရွေးကောက်ပွဲကို အာဆီယံကပယ်ချဖို့ NUG လူ့အခွင့်ရေးရာဝန်ကြီးပြောကြား
📌 ၂။ စစ်ဘေးရှောင်များအတွက် The Great Exodus ဖျော်ဖြေပွဲမှ ရရှိသော ငွေကြေးများကို အနွေးထည်၊ စောင်တွေနဲ့ နေ့စဉ်သုံးပစ္စည်းတွေ ခရစ္စမတ်လက်ဆောင် အဖြစ် ပေးပို့မယ်
📌 ၃။ မလေးရှားရောက် မြန်မာနိုင်ငံသား အလုပ်သမားများအတွက် OERC ကတ်ထုတ်ပေးရေး မလေးရှားနိုင်ငံရေး တည်ငြိမ်မှ ဆက်လက်အကောင် အထည်ဖော်မယ်လို့ အလုပ်သမားဒုဝန်ကြီးအသိပေး
📌 ၄။ ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ဒေသ ကျေးရွာများသို့ စကစတပ်များ လက်နက်ကြီးမျာသယ်ဆောင်၍ ဖြတ်သန်း
📌 ၅။ အကြမ်းဖက် စစ်ကောင်စီဟာ ဘုန်းကြီးအချို့ကို အသုံးချ၍ ဘာသာရေးနဲ့ NUG အစိုးရအပါအဝင် PDF များကို ပုံဖျက်ရန် စနစ်တကျ စီစဥ်နေ
📌 ၆။ ကရင်နီတော်လှန်ရေးအင်အားစုများရဲ့ စစ်ဖက်ဆိုင်ရာကိစ္စရပ်များအတွက် သီးသန့်အသုံးပြုဖို့ အတွက် အထူးငွေတိုက်စာချုပ် များရောင်းချပေးနေ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ စစ်အာဏာရှင်ရဲ့ ရွေးကောက်ပွဲကို အာဆီယံကပယ်ချဖို့ NUG လူ့အခွင့်ရေးရာဝန်ကြီးပြောကြား
စစ်အာဏာရှင်ရဲ့ ရွေးကောက်ပွဲကိုအာဆီယံကပယ်ချဖို့ NUG လူ့အခွင့်ရေးရာဝန်ကြီးဦးအောင်မျိုးမင်းက နိုဝင်ဘာလ ၄ ရက်နေ့ကျင်းပတဲ့ အာဆီယံအရပ်ဘက်အဖွဲ့အစည်းများညီလာခံမှာ လူ့အခွင့်ရေးရာဝန်ကြီးက ဆိုခဲ့တာဖြစ်ပါတယ်။
"အာဆီယံအနေဖြင့် စစ်အာဏာရှင်တို့ကြေညာထားသော ရွေးကောက်ပွဲကို တရားမဝင် ကြောင်း ကြေညာ၍ လူသိရှင်ကြားပယ်ချရန်၊ မြန်မာနိုင်ငံ၏ ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေကို ဖော်ဆောင်မည့် လုပ်ငန်း စဉ်ကို မြှင့်တင်ရန်"တို့ပြောကြားခဲ့ပါတယ်။ အကြမ်းဖက် စစ်အုပ်စုဟာ ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲ ကို မဖြစ်မနေကျင်းပကာ နိုင်ငံရေးထွက်ပေါက်အတွက် ရည်ရွယ်ပြင်ဆင်လျက်ရှိပါတယ်။
========================
📌📌 ၂။ စစ်ဘေးရှောင်များအတွက် The Great Exodus ဖျော်ဖြေပွဲမှ ရရှိသော ငွေကြေးများကို အနွေးထည်၊ စောင်တွေနဲ့ နေ့စဉ်သုံးပစ္စည်းတွေ ခရစ္စမတ်လက်ဆောင် အဖြစ် ပေးပို့မယ်
စစ်ဘေးရှောင်များအတွက် The Great Exodus ဖျော်ဖြေပွဲမှ ရရှိသော ငွေကြေးများကို အနွေးထည်၊ စောင်တွေနဲ့ နေ့စဉ်သုံးပစ္စည်းတွေ ခရစ္စမတ်လက်ဆောင် အဖြစ် ပေးပို့မယ်လို့ နိုဝင်ဘာလ ၄ ရက်နေ့မှာ ဒုဝန်ကြီး အိသဉ္ဇာမောင်ကလူမှုကွန်ရက်မှာအသိပေးဖော်ပြထားပါတယ်။
"ဆိုးညစ်ယုတ်မာတဲ့လူတစ်စုကြောင့် စစ်ဘေးရှောင် ပြည်သူတွေဟာ အိမ်နဲ့အဝေးမှာ ရာသီဥတုဒဏ်ကို ရင်ဆိုင်နေရပါတယ်။ ဒီလိုအချိန်မှာ စစ်ဘေးရှောင် စခန်းတွေမှာရှိတဲ့ ကျမတို့ရဲ့သွေးသားညီနောင်တွေ တတ်နိုင်သမျှနွေးထွေးစေဖို့ ဒီ ခရစ္စမတ်ရဲ့ပေးကမ်းခြင်း ကာလမှာ ကျမတို့ပေးနိုင်တဲ့ မေတ္တာတွေမျှကြရအောင်။ဆောင်းရာသီမှာ စစ်ဘေးရှောင်တွေ အဓိကလိုအပ်နေတဲ့အနွေးထည်၊ စောင်တွေနဲ့ နေ့စဉ်သုံးပစ္စည်းတွေကို လိုအပ်တဲ့နေရာတွေဆီ ခရစ္စမတ်လက်ဆောင် အဖြစ် ပေးပို့နိုင်ဖို့ ရန်ပုံငွေဖျော်ဖြေပွဲတစ်ခု စီစဉ်ထားပါတယ်။ အိမ်နဲ့ဝေးနေသူတွေအားလုံးအတူတူ အိမ်ကိုပြန်ကြမယ့်ရည်ရွယ်ချက်နဲ့ ဖျော်ဖြေပွဲနာမည်ကို The Great Exodus လို့ပေးထားပါတယ်"လို့ဆိုပါတယ်။
ဒီ Online Liveshow လက်မှတ်ဝယ်ယူပြီး ကြည့်ရှုအားပေးရင်းနဲ့ စစ်ဘေးရှောင်တို့ကိုအကူအညီပေးနိုင်မှာဖြစ်ပါတယ်။
========================
📌📌 ၃။ မလေးရှားရောက် မြန်မာနိုင်ငံသား အလုပ်သမားများအတွက် OERC ကတ်ထုတ်ပေးရေး မလေးရှားနိုင်ငံရေး တည်ငြိမ်မှ ဆက်လက်အကောင် အထည်ဖော်မယ်လို့ အလုပ်သမားဒုဝန်ကြီးအသိပေး
မလေးရှားရောက် မြန်မာနိုင်ငံသား အလုပ်သမားများအတွက် OERC ကတ်ထုတ်ပေးရေးကို မလေးရှားနိုင်ငံရေး တည်ငြိမ်မှ ဆက်လက်အကောင် အထည်ဖော်မယ်လို့ နိုဝင်ဘာလအတွင်း အလုပ်သမားဝန်ကြီးဌာနက နွေဦးလုပ်သားသတင်းလွှာမှာ အလုပ်သမားဒုဝန်ကြီးဦးကျော်နီကဆိုထားပါတယ်။
"OERC ကတ်ကို မလေးရှားနိုင်ငံမှာ ကနဦးစတင်ဆောင်ရွက်ဖို့ စီစဥ်ထားပါတယ်။ဒီလို ဆောင်ရွက်တဲ့အခါမှာ မလေးရှား အစိုးရရဲ့ သဘောတူညီချက်ရရှိဖို့ အတွက်ကိုလည်းဆောင်ရွက်နေပါတယ်။ သို့သော်လည်း မလေးရှားနိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲကြောင့်မမျှော်လင့်ဘဲ ကြာမြင့်သွားပါတယ်။မလေးရှားနိုင်ငံရေး အခြေအနေ တည်ငြိမ်သွားမှသာလျှင် ဆက်လက်အကောင်အထည်ဖော်လို့ရမယ့်အနေအထားဖြစ်ပါတယ်"လို့ဆိုပါတယ်။
အဆိုပါ OERC ကတ်ကို NUG အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပေးရန် ကြိုးစားရခြင်း အဓိကရည်ရွယ်ချက်မှာ ပြည်ပရောက် အလုပ်သမား မှတ်ပုံတင်ကတ်များထုတ်ပေးနိုင်ဖို့နဲ့ သက်ဆိုင်ရာ နိုင်ငံကအသိအမှတ်ပြုပေးဖို့ရည်ရွယ်တာ်လို့သိရပါတယ်။
========================
📌📌 ၄။ ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ဒေသ ကျေးရွာများသို့ စကစတပ်များ လက်နက်ကြီးမျာသယ်ဆောင်၍ ဖြတ်သန်း
ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ ဒေသ ကျေးရွာများသို့ ယနေ့မနက် စကစတပ်များ လက်နက်ကြီးများသယ်ဆောင်၍ ဖြတ်သန်းခဲ့တယ်လို့သတင်းရရှိပါတယ်။ နိုဝင်ဘာ ၅ ရက် မနက်ပိုင်းမှာကိုးတောင်ဘို့မှ စကစတပ်များဟာ ဆိုင်ကယ်လေးစီးနဲ့လက်နက်ကြီးများသယ်လာတယ်လို့ ကိုးတောင်ဘို့တော်လှန်ရေးအက်အားစုကအတည်ပြုဆိုပါတယ်။
"ကိုးတောင်ဘို့မှ အကြမ်းဖက်စကစတပ်များ ရေရှင်ကျောင်းနားရောက်နေ ဆိုင်ကယ်လေးစီးနဲ့လက်နယ်ကြီးတွေသယ်လာပါတယ်။ အနီးနားကျေးရွာပြည်သူများ သတိပြုကြရန်ဖြစ်ပါတယ်"လို့ဆိုပါတယ်။ နိုဝင်ဘာ ၃ ရက်နေ့ကလည်း ကန့်ဘလူ ဇီးကနားကျေးရွာကို လက်နက်ကြီးများနဲ့ စကစတပ်များရမ်းသန်းပစ်ခတ်၍ ကလေးငယ်တစ်ဦးသေဆုံးခဲ့ပါတယ်။
========================
📌📌 ၅။ အကြမ်းဖက် စစ်ကောင်စီဟာ ဘုန်းကြီးအချို့ကို အသုံးချ၍ ဘာသာရေးနဲ့ NUG အစိုးရအပါအဝင် PDF များကို ပုံဖျက်ရန် စနစ်တကျ စီစဥ်နေ
အကြမ်းဖက် စစ်ကောင်စီဟာ ဘုန်းကြီးအချို့ကို အသုံးချ၍ ဘာသာရေးနဲ့ NUG အစိုးရအပါအဝင် PDF များကို ပုံဖျက်ရန် စနစ်တကျ စီစဥ်နေတယ်လို့ နိုဝင်ဘာ ၅ ရက်နေ့မှာ စစ်ကောင်စီရဲ့ သာသနာရေး အသိုင်းအဝိုင်းကနေ သတင်းရရှိပါတယ်။
"အခု ဘုန်းကြီးတွေရယ် အရပ်သားတွေရယ်ပေါင်းပြီး စစ်ကောင်စီထောက်ခံပွဲတွေ ကျင်းပဖို့ စီစဥ်နေတယ်။ပြောရရင်တော့ အကြမ်းမဖက်တဲ့ လှုပ်ရှားထောက်ခံမှုပေါ့။ လုံခြုံရေးပေးဖို့ကို ညှိနှိုင်းနေကြတယ်"လို့ဆိုပါတယ်။
အဆိုပါ အမျိုးသားရေး လှုပ်ရှားမှုများနဲ့ တရားပွဲများကို မြို့ကြီးများကို ဦးတည်၍ ဝါဒ ဖြန့်ရန် စီစဥ်ထားကြောင်းလည်းသတင်းရရှိပါတယ်။ လက်ရှိမှာ တစ်နိုင်ငံလုံးရှိ အရပ်သား နေအိမ်ပေါင်း ၃၆၀၀၀ ကျော်ကို စကစတပ်များက မီးရှို့ဖျက်ဆီးထားကာ အရပ်သား ၂၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပါတယ်။
========================
📌📌 ၆။ ကရင်နီတော်လှန်ရေးအင်အားစုများရဲ့ စစ်ဖက်ဆိုင်ရာကိစ္စရပ်များအတွက် သီးသန့်အသုံးပြုဖို့ အတွက် အထူးငွေတိုက်စာချုပ် များရောင်းချပေးနေ
ကရင်နီတော်လှန်ရေးအင်အားစုများရဲ့ စစ်ဖက်ဆိုင်ရာကိစ္စရပ်များအတွက် သီးသန့်အသုံးပြုဖို့ အတွက် အထူးငွေတိုက်စာချုပ် များရောင်းချပေးနေတယ်လို့ နိုဝင်ဘာလအတွင်းမှာ ယူနိုက်တက်ဘွန်းက အသိပေးဆိုပါတယ်။
"စစ်ကောင်စီကို အိပ်ရေးပျက်ညတွေဖန်တီးပေးနေတဲ့ ကရင်နီပြည်နယ်အတွက် NUG Bond for Karenni ကို ဝယ်ယူပြီး ကူညီပေးလို့ရနေပါပြီ။ ပထဝီမြေမျက်နှာသွင်ပြင်အရ ကရင်နီပြည်နယ်ဟာ စစ်ကောင်စီ ထိပ်တန်းခေါင်းဆောင်တွေ ခြေကုပ်နေရာယူထားတဲ့ နေပြည်တော်နဲ့ အနီးစပ်ဆုံးနေရာမှာတည်ရှိနေပြီး ၎င်းဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲကြီးငယ် မှန်သမျှဟာ နေပြည်တော်က စစ်ခေါင်းဆောင်တွေကို ညဖက်မှာ ကောင်းကောင်း အိပ်မရအောင် အနီးကပ်ခြိမ်းခြောက်နေတာပဲ ဖြစ်ပါတယ်"လို့ ဆိုပါတယ်။
NUG အစိုးရအနေနဲ့ NUG Bond for Karenni ကို ရောင်းချပေးနိုင်ဖို့အတွက် စီစဉ်ပေးခဲ့ပြီး Bond for Karenni ရောင်းချလို့ ရရှိလာတဲ့ ငွေကြေးအားလုံးကို ကရင်နီတော်လှန်ရေးအင်အားစုများရဲ့ စစ်ဖက်ဆိုင်ရာကိစ္စရပ်များအတွက် သီးသန့်အသုံးပြုသွားစေမှာဖြစ်ကာ တော်လှန်ရေးပြီးဆုံးသွားချိန်မှာတော့ အဆိုပါ Bond ရောင်းရငွေများကို NUG အစိုးရကနေ တာဝန်ယူပြီး ပြန်လည်ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment