16th DEC 2022 - Morning Daily News by Radio NUG


၂၀၂၂ ဒီဇင်ဘာလ ၁၆ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ NDAA မူကြမ်းကို အမေရိကန်အထက်လွှတ်တော်အတည်ပြုမှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရယာယီသမ္မတ ဒူဝါလရှီးလက ကျေးဇူးတင်ကြောင်းထုတ်ပြန်

📌 ၂။ လိုအပ်ချက်တွေ ရှိလာပါက နည်းဥပဒေများ၊ အမိန့်နှင့်  ညွှန်ကြားချက်များကို ဆက်လက်ထုတ်ပြန်ပြီး ပြည်သူ့အတွက် အကျိုးရှိအောင် လုပ်ဆောင်ဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား

📌 ၃။ CRPH ဥက္ကဌအပါအဝင် NUG ပြည်ထောင်စုဝန်ကြီးများမှ ပြည်သူလူထုနဲ့ အွန်လိုင်းတွေ့ဆုံပွဲကျင်းပမယ်

📌 ၄။ EU အနေနဲ့ အကြမ်းဖက်စစ်တပ်က ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုအားလုံးကို ရပ်တန့်အောင်ပြုလုပ်ပေးဖို့ လူ့အခွင့်ရေးရာဝန်ကြီးတိုက်တွန်း

📌 ၅။ အမေရိကန်နိုင်ငံရဲ့ ၂၀၂၃ ခုနှစ်အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေကြောင့် တော်လှန်ရေးအရှိန်ပိုရလာတော့မယ်လို့ ဒုဝန်ကြီးဂျာထွယ်ပန်ပြောကြား

📌 ၆။ စကစတပ်က စစ်ကြောင်းထွက်ပြီးအပြန် မပေါက်ကွဲသေးသော ၈၀ မမ လက်နက်ကြီးများကို Shwebo Justice Force ရဲဘော်များ တူးဖော်ရှင်းလင်း

📌 ၇။ ရေဦးမြို့နယ်မှာ အကြမ်းဖက် စစ်တပ်ကယနေ့မနက်သောင်းကျန်းပစ်ခတ်

📌 ၈။ မြ၀တီ-ကော့ကရိတ်အာရှလမ်းမပေါ်ရှိ စစ်ကောင်စီတပ်ရဲ့ တံတားကျိုးစစ်ဆေးရေးဂိတ်အနီးမှာ တိုက်ပွဲများဖြစ်ပွားရာ စကစတပ်ကအထိနာ၍ လေကြောင်းပစ်ကူနဲ့ပါပစ်ခတ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ NDAA မူကြမ်းကို အမေရိကန်အထက်လွှတ်တော်အတည်ပြုမှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရယာယီသမ္မတ ဒူဝါလရှီးလက ကျေးဇူးတင်ကြောင်းထုတ်ပြန်


Burma Act ပါဝင်တဲ့ အမေရိကန်အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ (NDAA) မူကြမ်းကို အမေရိကန်အထက်လွှတ်တော်အတည်ပြုမှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတဒူဝါလရှီးလက ဒီဇင်ဘာ ၁၆ ရက်နေ့က ကျေးဇူးတင်ကြောင်းထုတ်ပြန်လိုက်ပါတယ်။

ဒီဥပဒေမှုကြမ်းကို အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က မကြာခင်လက်မှတ်ရေးထိုးတော့မှာဖြစ်လို့ ဒီအရေးဟာ အကြမ်းဖက်စစ်ကောင်စီကိုဆန့်ကျင်နေတဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ CDM တွေအပါအဝင်  ဒီမိုကရေစီအရေး၊လူ့အခွင့်အရေးနဲ့ တရားမျှတမှုကို ကာကွယ်နေကြတဲ့ သူတွေအားလုံးအတွက် အားတက်စရာဖြစ်တယ်လို့ ယာယီ သမ္မတက ကြေညာချက်မှာ ဖော်ပြရေးသားထားပါတယ်။

ဒါ့အပြင် ဒီဥပဒေဟာ အကြမ်းဖက်စစ်ကောင်စီကို ထောက်ပံ့နေတဲ့ စီးပွားရေးသမားတွေနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ လုပ်ငန်းတွေကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေပိုပြီး ပြုလုပ်နိုင်မယ်လို့လည်း ယာယီ သမ္မတရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ဒါကြောင့် အခုလို ဒီဥပဒေအတည်ပြုဖြစ်လာနိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့ကြသူတွေအားလုံးနဲ့ အမေရိကန်လွှတ်တော်တွေကို ကျေးဇူးအထူးတင်ရှိတယ်လို့ လည်း ပြောဆိုထားပါတယ်။

အမေရိကန်နိုင်ငံရဲ့ ၂၀၂၃ ခုနှစ်အတွက် အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ (NDAA) မူကြမ်းမှာ Burma Act အနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေနဲ့ ဒီမိုကရေစီရေးလှုပ်ရှားတဲ့အဖွဲ့အစည်းတွေအကြား ဆက်သွယ်ရေးနဲ့ ထိန်းချုပ်ကွပ်ကဲရေးဆိုင်ရာကိစ္စတွေမှာ ပိုမိုအားကောင်းလာဖို့အတွက် နည်းပညာဆိုင်ရာအကူအညီတွေနဲ့ လက်နက်မဟုတ်တဲ့ အကူအညီတွေပေးအပ်ဖို့ထည့်သွင်းရေးဆွဲထားတာဖြစ်ပါတယ်။


========================


📌📌 ၂။ လိုအပ်ချက်တွေ ရှိလာပါက နည်းဥပဒေများ၊ အမိန့်နှင့်  ညွှန်ကြားချက်များကို ဆက်လက်ထုတ်ပြန်ပြီး ပြည်သူ့အတွက် အကျိုးရှိအောင် လုပ်ဆောင်ဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား


ရေးဆွဲချမှတ်ထားသော ဥပဒေများမှာ လိုအပ်ချက်များ ရှိလာပါက နည်းဥပဒေများ၊ အမိန့်နှင့်  ညွှန်ကြားချက်များကို ဆက်လက်ထုတ်ပြန်ပြီး ပြည်သူ့အတွက် အကျိုးရှိအောင် လုပ်ဆောင်ဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကဒီဇင်ဘာ ၁၅ ရက်နေ့  ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး ကျင်းပရာမှာ ပြောကြားလိုက်ပါတယ်။

"အစိုးရတစ်ရပ် အနေနဲ့ တိုင်းပြည်အကျိုး အတွက်ဆောင်ရွက်ရမှာ လိုအပ်သည့် ဥပဒေများကို ရေးဆွဲချမှတ်ပြီး အကောင်အထည် ဖော်ရန်နှင့် ကြပ်မတ်ကွပ်ကဲမှုများ ပြုလုပ်ရန် လိုအပ်ကြောင်း၊ ရေးဆွဲချမှတ်ထားသော ဥပဒေများမှာ လိုအပ်ချက်များ ရှိလာပါက နည်းဥပဒေများ၊ အမိန့်နှင့်  ညွှန်ကြားချက်များကို ဆက်လက်ထုတ်ပြန်ပြီး ပြည်သူ့အတွက် အကျိုးရှိ ထိရောက်စေဖို့ လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ ယခုတော်လှန်ရေးဖြစ်စဉ်အား မြန်မာနိုင်ငံအတွက် အနာဂတ်ကာလများမှာ အရှိန်အဟုန်နှင့် ပြောင်းလဲမှုကြီးဖြစ်ပေါ်တိုးတက်ဖို့ မိမိတို့အားလုံးအတွက် အခွင့်အလမ်း အဖြစ် သတ်မှတ်ကာ အစွမ်းကုန်ကြိုးစား ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း"ဆိုခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရဟာ အခွန်အကောက်ဥပဒေအပြင် ပြင်ဆင်ရေးဆွဲ ပြဌာန်းရန် လိုအပ်သော ဥပဒေများကိုလည်း ပြည်သူလူထု ဗဟိုပြုသော စနစ်နဲ့ချဥ်းကပ်သုံးသပ်ပြီး လုပ်ဆောင်လျက်ရှိပါတယ်။


========================


📌📌 ၃။ CRPH ဥက္ကဌအပါအဝင် NUG ပြည်ထောင်စုဝန်ကြီးများမှ ပြည်သူလူထုနဲ့ အွန်လိုင်းတွေ့ဆုံပွဲကျင်းပမယ်


ဒီဇင်ဘာ ၂၂ ကြာသပတေးနေ့မှာ CRPH ဥက္ကဌအပါအဝင် NUG ပြည်ထောင်စုဝန်ကြီးများမှ ပြည်သူလူထုနဲ့ အွန်လိုင်းတွေ့ဆုံပွဲကို ကျင်းပမှာဖြစ် တဲ့အတွက် လက်ရှိမှာ ပြည်သူလူထုများစာရင်းပေးသွင်းရန်အသိပေးကြေညာထားပါတယ်။

အဆိုပါတွေ့ဆုံပွဲသို့ CRPH ဥက္ကဌ ဦးအောင်ကြည်ညွန့်၊ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ NUG စီမံဘဏ္ဍာဝန်ကြီး ဦးတင်ထွန်းနိုင်တို့တက်ရောက်ကြမှာဖြစ်ပါတယ်။ ၄င်းတွေ့ဆုံပွဲတွင် ပြည်သူလူထုများသိလိုတဲ့အချက်များကို CRPH ဥက္ကဌနဲ့ ပြည်ထောင်စုဝန်ကြီးများက ပြန်လည်ဖြေကြားပေးမှာလည်းဖြစ်ပါတယ်။


========================


📌📌 ၄။ EU အနေနဲ့ အကြမ်းဖက်စစ်တပ်က ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုအားလုံးကို ရပ်တန့်အောင်ပြုလုပ်ပေးဖို့ လူ့အခွင့်ရေးရာဝန်ကြီးတိုက်တွန်း


EUအနေနဲ့ အကြမ်းဖက်စစ်တပ်က ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုအားလုံးကို ရပ်တန့်အောင်ပြုလုပ်ပေးဖို့ လူ့အခွင့်ရေးရာဝန်ကြီးဦးအောင်မျိုးမင်းကတိုက်တွန်းဆိုပါတယ်။ ဒီဇင်ဘာလအတွင်း Sky Video နှင့် အင်တာဗျူးမှာ လူ့အခွင့်ရေးရာဝန်ကြီးကပြောကြားခဲ့ပါတယ်။

“EU ကို ကျွန်တော်ပေးချင်တဲ့ Message ကတော့ အရမ်းရိုးရှင်းပါတယ်။ အကြမ်းဖက်စစ်တပ်က ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုအားလုံးကို ရပ်တန့်ဖို့နဲ့ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးကို လိုလားတောင့်တနေကြတဲ့ ပြည်သူတွေကို ထောက်ခံအားပေးဖို့အတွက် ပထမအချက်အနေနဲ့ တရားဝင်အစိုးရဖြစ်တဲ့ NUG ကို အသိအမှတ်ပြုဖို့နဲ့ သံတမန်ရေးအရပံ့ပိုးကူညီနိုင်ဖို့ NUG နဲ့ ဆက်သွယ်ဆောင်ရွက်ဖို့၊ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ၊ နည်းပညာကူညီပံ့ပိုးမှုတွေ ပြုလုပ်ပေးဖို့ဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။ ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီကို ဖိတ်ခေါ်တာတွေလည်းမလုပ်ဆောင်ဖို့လိုအပ်တယ်လို့ဝန်ကြီးကဆိုပါတယ်။


========================


📌📌 ၅။ အမေရိကန်နိုင်ငံရဲ့ ၂၀၂၃ ခုနှစ်အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေကြောင့် တော်လှန်ရေးအရှိန်ပိုရလာတော့မယ်လို့ ဒုဝန်ကြီးဂျာထွယ်ပန်ပြောကြား


ဒီဇင်ဘာ ၁၆ ရက်မှာ အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေနဲ့ပတ်သက်လို့ ဒုဝန်ကြီး ဂျာထွယ်ပန်ကအခုလိုသုံးသပ်ပြောကြားထားပါတယ်။ "တော်လှန်ရေးအရှိန်ပိုရလာတော့မှာဖြစ်တယ်။ ဆက်အားတင်းထားရအောင်"လို့ဆိုပါတယ်။ အမေရိကန်နိုင်ငံရဲ့ ၂၀၂၃ ခုနှစ်အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ (NDAA) မူကြမ်းကိုအမေရိကန်အထက်လွှတ်တော်ကထောက်ခံမဲ ၈၃ မဲနဲ့ယနေ့မှာအတည်ပြုလိုက်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ ၂၀၂၃ ခုနှစ်အတွက် အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ(NDAA)မူကြမ်းမှာ Burma Act ကိုထည့်သွင်းလိုက်ပြီး အဲ့ဒီအထဲမှာ မြန်မာနိုင်ငံမှာရှိတဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တွေနဲ့ ဒီမိုကရေစီရေးလှုပ်ရှားတဲ့အဖွဲ့အစည်းတွေအကြား ဆက်သွယ်ရေးနဲ့ ထိန်းချုပ်ကွပ်ကဲရေးဆိုင်ရာကိစ္စတွေမှာ ပိုမိုအားကောင်းလာဖို့အတွက် နည်းပညာဆိုင်ရာအကူအညီတွေပေးအပ်မယ့်အကြောင်းအရာများလည်းပါဝင်ပါတယ်။


========================


📌📌 ၆။ စကစတပ်က စစ်ကြောင်းထွက်ပြီးအပြန် မပေါက်ကွဲသေးသော ၈၀ မမ လက်နက်ကြီးများကို Shwebo Justice Force ရဲဘော်များ တူးဖော်ရှင်းလင်း


ဒီဇင်ဘာ ၁၆ ရက်မှာ Shwebo Justice Force ရဲဘော်များက အခုလိုအသိပေးဆိုပါတယ်။ "ကျေးရွာနေပြည်သူလူထု ဘေးကင်းလုံခြုံစေဖို့အတွက် ပထမဦးဆုံး ရင်းရတာ ကိုယ့်အသက်ပါ။ရွာထဲက စစ်ကြောင်းထွက်ပြီးအပြန် မပေါက်ကွဲသေးသော ၈၀ မမ လက်နက်ကြီးများကို Shwebo Justice Force ရဲဘော်များ တူးဖော်ရှင်းလင်းရေးဝင်ခဲ့ပါတယ်"လို့ဖော်ပြပါတယ်။ Shwebo Justice Forceအဖွဲ့ဟာ လက်လုပ်လက်နက်များ ထုတ်လုပ်နေတဲ့အပြင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ တော်လှန်ရေးအင်အားစုလည်းဖြစ်ပါတယ်။


========================


📌📌 ၇။ ရေဦးမြို့နယ်မှာ အကြမ်းဖက် စစ်တပ်ကယနေ့မနက်သောင်းကျန်းပစ်ခတ်


စစ်ကိုင်းတိုင်း ရေဦးမြို့နယ်မှာ အကြမ်းဖက် စစ်တပ်ကယနေ့မနက်သောင်းကျန်းပစ်ခတ်ခဲ့တယ်လို့သတင်းရရှိပါတယ်။ ဒီဇင်ဘာ ၁၆ ရက် မနက်ပိုင်း စကစတပ်များဟာ သံသည်ရွာအထွက် ရွှေကျီးမင်းဆီဆိုင်နားကနေ လက်နက်ကြီးဖြင့် ရေဦးအနောက်ခြမ်းရွာတွေဘက်ကို ဆက်တိုက်ရမ်းသန်းပစ်ခတ်နေတာလို့ ဒေသခံ သတင်းအရင်းအမြစ်များကအတည်ပြုဆိုပါတယ်။

"ယနေ့မနက်အစောပိုင်းက ရေဦးခြံကနေထွက်လာတဲ့ စကစတပ်အင်အားအပြည့်ပါ ကား ၁စီးဟာသံသည်ရွာအထွက် ရွှေကျီးမင်းဆီဆိုင်နားကနေ လက်နက်ကြီးဖြင့် ရေဦးအနောက်ခြမ်းရွာတွေဘက်ကို ဆက်တိုက်ပစ်ကာလက်နက်ကြီးနဲ့ထုပေးနေပါတယ်"လို့ဆိုပါတယ်။

လက်နက်ကြီးကျရောက်နိုင်တဲ့ကျေးရွာများ ဘေးလွတ်ကင်းရာ တိမ်းရှောင်နေပေးကြရန် သတိပေးနှိုးဆော်ထားပါတယ်။ ယမန်နေ့ညနေပိုင်းက သံသည်ရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စကစတပ်များဟာ  ယခုအချိန်အထိ သံသည်ရွာထဲမှာပဲ ဝပ်ကျင်းချထားတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၈။ မြ၀တီ-ကော့ကရိတ်အာရှလမ်းမပေါ်ရှိ စစ်ကောင်စီတပ်ရဲ့ တံတားကျိုးစစ်ဆေးရေးဂိတ်အနီးမှာ တိုက်ပွဲများဖြစ်ပွားရာ စကစတပ်ကအထိနာ၍ လေကြောင်းပစ်ကူနဲ့ပါပစ်ခတ်


ကရင်ပြည်နယ် မြ၀တီ-ကော့ကရိတ်အာရှလမ်းမပေါ်ရှိ စစ်ကောင်စီတပ်ရဲ့ တံတားကျိုးစစ်ဆေးရေးဂိတ်အနီးမှာ တိုက်ပွဲများဖြစ်ပွားရာ စကစတပ်ကအထိနာ၍ လေကြောင်းပစ်ကူနဲ့ပါပစ်ခတ်ခဲ့တယ်လို့သတင်းရရှိပါတယ်။ ဒီဇင်ဘာ ၁၆ ရက် မနက်ပိုင်းကစတင်ကာ တော်လှန်ရေး အင်အားစုရဲဘော်များနဲ့ စကစတပ်များ နှစ်ဖက် ပစ်ခတ်တိုက်ခိုက်နေကြတယ်လို့ ဒေသခံသတင်းအရင်းအမြစ်များကအတည်ပြုဆိုပါတယ်။

လတ်တလောမှာကော့ကရိတ် တံတားကျိုးစစ်ဆေးရေးဂိတ် ပိတ်ထားပြီးတော့ လမ်းပိုင်းမှာလည်း မော်တော်ကားနဲ့ ယာဥ်မျိုးစုံပိတ်မိနေကြတယ်လို့ သတင်းရရှိပါတယ်။စကစတပ်များ တိုက်ပွဲအတွင်း အထိအခိုက် အကျအရှုံးများကို အတည်ပြုစုံစမ်းနေဆဲ ဖြစ်ပြီးတော့ စစ်သုံးရဟတ်ယာဥ်ကနေ ပစ်ခတ်တိုက်ခိုက်မှုများလည်းရှိခဲ့ပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment