၂၀၂၂ ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ဒီဇင်ဘာလအတွင်းမှာနိုင်ငံတကာက တိုးမြှင့်လုပ်ဆောင်လာတဲ့ အားရစရာသတင်းများကို လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးထုတ်ဖော်လိုက်တဲ့သတင်း
📌 ၂။ အကြမ်းဖက်စစ်တပ်ရဲ့ စီးပွားဘက် PTT ရေနံကုမ္ပဏီကနေ နော်ဝေနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုတွေ ရပ်တန့်ဖို့ရှိတဲ့သတင်း
📌 ၃။ စစ်ကောင်စီကို လိုင်းကြေးပေး မူးယစ်ဆေးဝါးရောင်းနေသည့် လူနှစ်ဦးကို PRDF ဖမ်းဆီးလိုက်တဲ့သတင်း
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ဒီဇင်ဘာလအတွင်းမှာနိုင်ငံတကာက တိုးမြှင့်လုပ်ဆောင်လာတဲ့ အားရစရာသတင်းများကို လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးထုတ်ဖော်လိုက်တဲ့သတင်း
လုံလောက်ပြီလားဆိုရင်တော့ မလုံလောက်သေးပါဘူး။ ဒါပေမဲ့ ဘာမှမရွေ့တာလဲ မဟုတ်သေးပါဘူး။ ဆက်တိုးအောင် အခုထက်ပိုကြိုးစားကြရအုန်းမှာပါ။ လူတိုင်းအားလုံးကြိုးစားကြရမှာပါ။ လိပ်ပြာလုံချင်ပါတယ်လို့ အစချီပြီး အန်ယူဂျီအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ပြည်သူသို့ သတင်းစကားပါးတဲ့အနနဲ့ ဖော်ပြရေးသားထားပါတယ်။ ဖော်ပြရာတွင် နိုင်ငံတကာဘက် မှ "အကြမ်းဖက်စစ်အုပ်စုအပေါ် တုံ့ပြန်အရေးယူဆောင်ရွက်မှုများ" ဟု ရေးသားထားပြီး ဒီဇင်ဘာလ ၇ ရက်မှ ဒီဇင်ဘာလ ၁၅ ရက်အထိ နိုင်ငံတကာဘက်မှ တုံ့ပြန်ဆောင်ရွက်မှုတွေကို စာရင်းပြုစုရေးသားထားတာပါ။ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာတွင်ပြုလုပ်မယ့် GPEDC ထိပ်သီးညီလာခံကို စစ်ကောင်စီအားမဖိတ်ကြားကြောင်း ဆွစ်ဇာလန်နိုင်ငံသံရုံးက ဒီဇင်ဘာလ ၇ ရက်နေ့တွင် ကြေငြာခဲ့သည်ဟု အစချီဖော်ပြ
ထားတာတွေ့ရပါတယ်။
ဆက်လက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရသာလျှင် ပြည့်သူ့အစိုးရဖြစ်ကြောင်း ဒီဇင်ဘာလ ၈ ရက်နေ့တွင် ဥရောပပါလီမန်ကကြေငြာခဲ့ပြီး လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းကို ပါလီမန်တွင်တက်ရောက်ရန်ဖိတ်ကြားခဲ့ကြောင်း ဆက်လက် ဖော် ပြထားပါတယ်။ ဒီဇင်ဘာလ ၉ ရက်နေ့တွင် စစ်ကောင်စီရဲ့ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးလက်အောက်ခံ တပ်မ ၃၃ နှင့် ၉၉ တို့အား ပိတ်ဆို့အရးယူကြောင်း ဗြိတိန်အစိုးရက ထုတ်ပြန်ကြေငြာခဲ့ကြောင်းဒီဇင်ဘာလ ၁၂ ရက်နေ့မှာတော့ ပြင်သစ််နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူနဲ့တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံကို ကူညီရန်အချက်များကို လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးအနေနဲ့ ဆွေးနွေးနိုင်ခဲ့ကြောင်းဖော်ပြထားပါတယ်။ ဆက်လက်ပြီး ဖော် ပြရာမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ပီဒီအက်တပ်ဖွဲ့များကို အကူအညီပေးနိုင်မည့် NDAA ကို အမေရိကန်အထက်လွှတ်တော်က အတည်ပြုနိုင်ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၁၆ မှာတော့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် တနှစ်ဆက်ထားဖို့ အထွေထွေညီလာခံက သဘောတူညီနိုင်ခဲ့ကြောင်း ဒီဇင်ဘာလ ၁၆ ရက်မှာတော့ နိုင်ငံခြားရေးဝန်ကြီးဒေါ် ဇင်မာအောင်သည် ဥရောပသမဂ္ဂ နိုင်ငံခြားရေးဌာန အထွေထွေ အတွင်းရေးမှူးနှင့်တွေ့ဆုံပြီး မြန်မာ့အရေးကို တွေ့ဆုံဆွေးနွေးနိုင်ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၉ ရက််နေ့မှာလည်း ကနေဒါနိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှ လူပုဂ္ဂိုလ် ၁၂ ဦးနှင့် အဖွဲ့အစည်း ၃ ခုကို လူ့အခွင့်အရေးချိုးဖောက်မှုအတွက် ပိတ်ဆို့အရေးယူစာရင်းထုတ်ပြန်ခဲ့ကြောင်း ပါရှိပါတယ်။
ဒါ့အပြင် ဒီဇင်ဘာလ ၁၀ ရက်နေ့က ပြင်သစ်နိုင်ငံလူ့အခွင့်အရေးမြို့တော်ဝန်က ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းအား လူ့အခွင့်အရေးနေ့တွင် မိန့်ခွန်းပြောရန် ဖိတ်ကြားတာခံခဲ့ရကြောင်း ဒီဇင်ဘာလ ၁၂ ရက်နေ့တွင်လည်း ပြင်သစ်နိုင်ငံမှ လူ့အခွင့်အရေး သံတမန်နဲ့ တွေ့ဆုံပြီး စစ်ရာဇဝတ်ကောင်များကို အရေးယူရန်ကိစ္စနဲ့ပက်သက်ပီး ဆွေးနွေးနို်ငခဲ့တယ်လို့ ဒီဇင်ဘာလ ၁ ရက်မှ ၁၅ ရက်နေ့ထိအတွင်း နိုင်ငံတကာရဲ့ မြန်မာ့အရေးအပေါ် တိုးမြှင့်လုပ်ဆောင်နိုင်မှု အခြေအနေတွေကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက စုစည်းဖော် ပြထားတာ တွေ့ရှိရပါတယ်။
========================
📌📌 ၂။ အကြမ်းဖက်စစ်တပ်ရဲ့ စီးပွားဘက် PTT ရေနံကုမ္ပဏီကနေ နော်ဝေနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုတွေ ရပ်တန့်ဖို့ရှိတဲ့သတင်း
အာဏာသိမ်းစစ်အုပ်စုထိန်းချုပ်ထားတဲ့ စစ်တပ်ပိုင်လုပ်ငန်းတွေမှာ ပူးပေါင်းလုပ်ကိုင်နေတာတွေဟာ မြန်မာနိုင်ငံမှာလူ့အခွင့်အရေးတွေချိုးဖောက်ဖို့နဲ့ မတရားသတ်ဖြတ်မှုတွေကို လုပ်နိုင်ဖို့ ငွေရလမ်းဖြစ်စေတယ်လို့ယူဆတာကြောင့် နော် ဝေနိုင်ငံဟာ သူ့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကို PTT ကနေ နှုတ်ထွက်ဖို့ အလားအလာရှိကြောင်းသိရပါတယ်။ ဒါ့ အပြင် နော်ဝေနိုင်ငံဟာနောက်ထပ် ၄င်းရဲ့ ရင်းနှီးမြှုပ်နှံမှုတွေဖြစ်တဲ့ လက်လီလုပ်ငန်း (OR)၊ အစ္စရေး လုံခြုံရေးဆော့ဝဲလ်ကုမ္ပဏီ (Cognyte Software Ltd) ကနေလည်း ရင်းနှီးမြှုပ်နှံမှု နုတ်ထွက်မယ့် အကြောင်းနော်ဝေနိုင်ငံပိုင် အနာဂတ်ရန်ပုံငွေ(Norway Sovereign Wealth Fund) မှာ ထည့်သွင်းကြေငြာခဲ့ပါတယ်။ အဆိုပါကြေငြာချက်ကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကြေညာခဲ့တာဖြစ်ပြီး ''ဒီကုမ္ပဏီတွေဟာ စစ်ပွဲ ဒါမှမဟုတ် ပဋိပက္ခမှာ လူတစ်ဦးချင်းတစ်ယောက်ချင်းစီရဲ့ အခွင့်အရေးတွေကို ပြင်းပြင်းထန်ထန်ချိုးဖောက်ခံရမှုမှာ သွယ်ဝိုက်တဲ့နည်းလမ်းနဲ့ပါဝင် ပတ်သတ်မှုရှိနေစေတဲ့ လက်မခံနိုင်စရာအခြေအနေရှိနေတယ်'' လို့ ရန်ပုံငွေအဖွဲ့ရဲ့ ကျင့်ဝတ်ဆိုင်ရာကောင်စီက ထုတ်ဖော် ပြောဆိုပါတယ်။
စစ်အုပ်စုနှင့်ပူးပေါင်းပြီး အကြမ်းဖက်စစ်ရာဇဝတ်မှုတွေကို အားပေးနေတာတွေကြောင့် မဖြစ်မနေသပိတ်မှောက်ရမယ့် စီးပွားရေးလုပ်ငန်းတခုအဖြစ် PTT ကုမ္ပဏီနှင့်၄င်းတို့ထုတ်ကုန်များကို သွေးစွန်းငွေအဖြစ် သပိတ်မှောက်ကြရန် လူ့အခွင့်အရေးလှုပ်ရှားဆောင်ရွက်နေတဲ့ အဖွဲ့အစည်းအသီးသီးက နှိုးဆော် သတိပေးထားပါတယ်။
========================
📌📌 ၃။ စစ်ကောင်စီကို လိုင်းကြေးပေး မူးယစ်ဆေးဝါးရောင်းနေသည့် လူနှစ်ဦးကို PRDF ဖမ်းဆီးလိုက်တဲ့သတင်း
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ လက္ကူးကျေးရွာအတွင်း စစ်ကောင်စီကို လိုင်းကြေးပေးကာ မူးယစ်ဆေးဝါးရောင်းနေသည့် လူနှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF) က သတင်းဖော်ပြပါတယ်။ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF) အနေဖြင့် အထက်ပါ ဖမ်းဆီးမှုကို ယမန်နေ့ည ၈ နာရီက ပြုလုပ်ခဲ့ပြီး မပြုလုပ်ခင် လပိုင်းအလိုကတည်းက မူးယစ်ဆေးဝါး ရောင်းဝယ်မှုများမပြုလုပ်ရန် သတိပေးမှုများ ပြုလုပ်ထားခဲ့ပြီးဖြစ်ကြောင်း PRDF တပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"မနေ့ညက ဖမ်းဆီးလိုက်တာပါ။ မဖမ်းခင်ကတည်းက အသိပေးထားပြီးသား၊ အခုက ဒိုင်တွေကို ဝင်ဖမ်းလိုက်တာ။ အသက်ရှင်လျက် ကျွန်တော်တို့ဆီမှာ ရှိပါတယ်။ လက္ကူးက မူးယစ်ဆေးဝါးနဲ့ပတ်သက်ရင် နာမည်အကြီးဆုံးရွာကြီးပါ။ အခုဖမ်းထားတဲ့ ကောင်တွေကို အရေးတော်ပုံပြီးမှ ပြန်လွှတ်ပေးမယ်။ စောင့်ကြည့်ဦးမှာပါ" လို့ PRDF တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ရှင်းပြသွားပါတယ်။ ယမန်နေ့ညက ဖမ်းဆီးမှုအတွင်း ဘိန်းစားမှုန့်ထုပ် ၄၆ ထုပ်၊ စိတ်ကြွရူးသွပ်ဆေးပြား (WY) အလုံး ၆၀၀၊ ဆိုင်ကယ် တစ်စီး၊ ပိုက်ဆံ ၂၇၀၀၀၀ ကျပ်နှင့် ဖုန်း ၃ လုံးတို့ကို PRDF တပ်ဖွဲ့က သိမ်းယူရရှိခဲ့ပြီး အသက် ၄၅ နှစ် အရွယ်ရှိ ဦးဖိုးထောင်နှင့် အသက် ၅၃ နှစ်အရွယ်ရှိ ဦးကုလားတို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ဖမ်းဆီးရာမှာပါဝင်တဲ့တပ်ဖွဲ့ဝင်တဦးက စာရင်းဖော်ပြခဲ့ပါတယ်။
"လက္ကူးကျေးရွာက လွန်ခဲ့တဲ့ နှစ်သုံးဆယ်ကျော်ထဲက မူးယစ်ဆေးဝါးရောင်းတဲ့ထွက်တဲ့ ရွာကြီးအဖြစ် ပုလောမှာရှိတဲ့လူတွေရဲ့ နှာခေါင်းရှုံ့တာကိုခံနေရတာ။ ဒေသခံအားလုံးက လက္ကူးသားတွေကို မပေါင်းချင်တဲ့အထိ ကြောက်ရတဲ့ရွာပေါ့။ အာဏာမသိမ်းခင်နဲ့ သိမ်းပြီးကာလတွေမှာ ရဲတွေက ဝင်ဖမ်းပေမယ့် လာဘ်ပေးလာဘ်ယူပြီး ပြန်လွှတ်ပေးနေကြ ဖမ်းလဲ ဝယ်သူလောက်ပဲ အဖမ်းပြတာ။ အခုတော်လှန်ရေးကာလမှာ ဒါကို အမြစ်ပြတ်အောင် ကျွန်တော်တို့စလုပ်တာပါ" လို့ PRDF တပ်ဖွဲ့ဝင်တစ်ဦးက ထပ်လောင်း ပြောဆိုပါတယ်။
ပုလောမြို့နယ်ရှိ ကျေးရွာ ၁၃၅ ရွာအနက် အိမ်ခြေ ၇၀၀ ခန့်ရှိသည့် လက္ကူးရွာသည် မူးယစ်ဆေးဝါးများကို စစ်ကောင်စီနှင့်ပေါင်းကာ ထိုင်းမှတဆင့် သယ်ဆောင်ရောင်းချသူများရှိသည့်ရွာဖြစ်ပြီး လက္ကူးရွာအတွင်းရှိ အသက် ၁၀ နှစ်အရွယ် လူမမယ်ကလေးများပင် WY ဆေးပြား အသုံးပြုမှုများရှိနေကြောင်းကိုလည်း ဒေသခံသတင်းရင်းမြစ်များမှာ ရေးသားထားပါတယ်။
ယမန့်နေ့ညက လက္ကူးရွာအတွင်းရှိ မူးယစ်ဆေးဝါးရောင်းချသူနှစ်ဦးကို ဖမ်းဆီးပြီးနောက် ည ၂ နာရီခန့်တွင် ၂၈၅ တပ်ရင်းအနီးရှိ ကမ်းချောင်းတံတား၊ ကမ်းစခန်းရှိ စစ်ကောင်စီတပ်များနှင့် PRDF တပ်ဖွဲ့တို့ အပြန်အလှန် ပစ်ခတ်ခဲ့ကြတယ်လို့လည်း သိရှိရပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်လွတ်လပ်နွေဦးက ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment