1st JAN 2023 - Morning Daily News by Radio NUG


၂၀၂၃ ဇန်နဝါရီလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အကြမ်းဖက် စစ်အာဏာရှင် အဆက်ဆက်ဟာ အာဏာသက်ဆိုးရှည်ဖို့ ပြည်သူလူထုကိုစတေးခဲ့တဲ့သာဓက များစွာရှိခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ပဲခူးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံ

📌 ၃။ အချက်အလက်နဲ့ အခြေအနေတွေအရ နွေဦးတော်လှန်ရေးဟာ တော်လှန်ရေးအင်အားစုတွေဘက်က အသာစီးရနေတယ်လို့ဆို

📌 ၄။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ  စစ်အာဏာရှင်စနစ်အမြစ်ဖြတ် ချေမှုန်းရေးတို့ကို ဖော်ဆောင်ထမ်းရွက်မယ်လို့ထုတ်ပြန်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အကြမ်းဖက် စစ်အာဏာရှင် အဆက်ဆက်ဟာ အာဏာသက်ဆိုးရှည်ဖို့ ပြည်သူလူထုကိုစတေးခဲ့တဲ့သာဓက များစွာရှိခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


အကြမ်းဖက် စစ်အာဏာရှင် အဆက်ဆက်ဟာ အာဏာသက်ဆိုးရှည်ဖို့ ပြည်သူလူထုကိုစတေးခဲ့တဲ့သာဓက များစွာရှိခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကပြောပါတယ်။ ဒီဇင်ဘာ ၃၁ ရက် ပြည်သူလူထုသို့နှစ်သစ်ကူး သတိပေးစကားပြောကြားရာမှာ ပြည်ထောင်စုဝန်ကြီးချုပ်ကထည့်သွင်းပြောပါတယ်။


"အတိတ်ကာလက အကြမ်းဖက် စစ်အာဏာရှင် အဆက်ဆက်ဟာ သူတို့ရဲ့အာဏာသက်ဆိုးရှည်ဖို့အတွက် ပြည်သူလူထုရဲ့အသက်သွေးချွေးတွေကို ထင်သလို သတ်ဖြတ်ပြီး စတေးခဲ့တဲ့သာဓကများစွာရှိခဲ့သလို လက်ရှိ အကြမ်းဖက် စစ်ကောင်စီဟာလည်း ဒီအတိုင်းပဲ ဆက်လက်ကျူးလွန်နေတာကိုတွေ့နိုင်ပါတယ်"လို့ဝန်ကြီးချုပ်ကဆိုပါတယ်။


အကြမ်းဖက်စစ်အုပ်စုဟာ စစ်အာဏာသိမ်းပြီးနောက် လူပေါင်းတစ်သောင်း ကျော်ကို အကျဥ်းထောင်များမှာဖမ်းဆီးချုပ်နှောင်ခဲ့ပြီး လူပေါင်းနှစ် ထောင်ကျော်ကို သတ်ဖြတ်ခဲ့ပါတယ်။


========================


📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ပဲခူးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံ


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ပဲခူးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံခဲ့ပါတယ်။ ဒီဇင်ဘာ ၃၁ ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့်ပဲခူးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (/၂၀၂၂) ကို ကျင်းပခဲ့ပါတယ်။


အစည်းအဝေးတွင် ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်မှ ဌာန၏ဖွဲ့စည်းပုံ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ ဖက်ဒရယ်‌ရေးရာနှင့်သက်ဆိုင်သည်များကို  ရှင်းလင်း‌ပြောကြားခဲ့ပြီး ပဲခူးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကြုံတွေ့နေရသည့် အခက်အခဲများနှင့် ဖက်ဒရယ်‌ရေးရာ သိရှိလိုသည်များကို မေးမြန်းကာ အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။


ဆက်လက်၍ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ လူသားချင်းစာနာ‌ထောက်ထားရေးနှင့်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ အမှာစကားပြောကြားခဲ့ပါတယ်။ တွေ့ဆုံပွဲသို့ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ပဲခူးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ အချက်အလက်နဲ့ အခြေအနေတွေအရ နွေဦးတော်လှန်ရေးဟာ တော်လှန်ရေးအင်အားစုတွေဘက်က အသာစီးရနေတယ်လို့ဆို


အချက်အလက်နဲ့ အခြေအနေတွေအရ နွေဦးတော်လှန်ရေးဟာ တော်လှန်ရေးအင်အားစုတွေဘက်က အသာစီးရနေတယ်လို့နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကပြောပါတယ်။ ဒီဇင်ဘာ နောက်ဆုံးပတ်တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကဆိုပါတယ်။


"အချက်အလက်တွေနဲ့ အခြေအနေတွေအရ ကြည့်မယ်ဆိုလို့ရှိရင် ကျမတို့တော်လှန်ရေးအင်အားစုတွေဘက်က ချိန်ခွင်လျှာသာနေတာကတော့သေချာပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


၂၀၂၂ ခုနှစ် နိုဝင်ဘာလနဲ့ ဒီဇင်ဘာလများမှာ သံတမာန်ရေးအရ NUGအတွက် အားသာချက်တွေပေါ်ထွက်ခဲ့တယ်လို့လည်း ဝန်ကြီးကထပ်လောင်းဆိုပါတယ်။ လက်ရှိမှာ အမေရိကန်နိုင်ငံက NDAA ဥပဒေပေါ်ထွက်ခဲ့ပြီး ၄င်းဥပဒေမှာ Burma Act ကို ထည့်သွင်းရေးဆွဲထားကာ NUG CRPH PDF ERO များကို လက်နက်မဟုတ်သော နည်းပညာနဲ့အထောက်အပံ့များ အကူအညီပေးရန်တို့ပါဝင်ပါတယ်။


========================


📌📌 ၄။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ  စစ်အာဏာရှင်စနစ်အမြစ်ဖြတ် ချေမှုန်းရေးတို့ကို ဖော်ဆောင်ထမ်းရွက်မယ်လို့ထုတ်ပြန်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ  စစ်အာဏာရှင်စနစ်အမြစ်ဖြတ် ချေမှုန်းရေးတို့ကို ဖော်ဆောင်ထမ်းရွက်မယ်လို့ထုတ်ပြန်လာပါတယ်။ ဒီဇင်ဘာ (၃၁) ရက်မှာသတင်းထုတ်ပြန်ချက်အမှတ်( ၁၄/၂၀၂၂) ကိုထုတ်ပြန်ခဲ့ပါတယ်။


နိုင်ငံတော်ပုန်ကန်မှုကိုကျူးလွန်ထားသော တရားမဝင်အာဏာသိမ်း စစ်ကောင်စီသည် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ရက် နေ့မနက်ပိုင်းက မတရားဖမ်းဆီးကာ အမှုဆင် ပုဒ်မများတပ်ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ထောင်ဒဏ်များအသီးသီး သတ်မှတ်၍ တရားဥပဒေကို လေးစားလိုက်နာမှုမရှိသော တရားသူကြီး ဆိုသူများက အပြီးသတ် ချမှတ်လိုက်သည်ကိုတွေ့ရှိရပါတယ်လို့ဆိုပါတယ်။


နိုင်ငံတော်သမ္မတကြီးနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့သည် နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်ခဲ့စဥ်ကာလအတွင်း၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ထိုသို့လုပ်ကိုင်ဆောင်ရွက်ခဲ့ခြင်းကြောင့် ၎င်းတို့ ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ပြည်သူတစ်ရပ်လုံးက  ယုံကြည်စွာ ဆက်လက်ထောက်ခံခဲ့သဖြင့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် ပြတ်ပြတ်သားသား အနိုင် ရရှိခဲ့ခြင်း ဖြစ်ပါတယ်လို့ဖော်ပြပါတယ်။


စစ်ကောင်စီသည် ဥပဒေများကိုချိုးဖောက်ပြီး နိုင်ငံတော်၏အာဏာကိုလုယူလိုက်ပြီးချိန်မှစတင်၍ ၎င်းတို့ အာဏာတည်မြဲရေးကို ဆန့်ကျင်သော အမှန်တရားလိုလားသူ ပြည်သူ အပေါင်းတို့အားနည်းမျိုးစုံဖြင့် မတရားဖမ်းဆီးချုပ်နှောင် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုများ၊ အသက် ၊အိုးအိမ်၊ စည်းစိမ် များကို ဖျက်ဆီး၊ သိမ်းပိုက်မှုများ  ဆက်တိုက်ကျူးလွန်လျက်ရှိနေခြင်းနှင့် ကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူအပေါင်းတို့အား  အရေးယူဆောင်ရွက်နိုင်သည်အထိ မိမိတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တစိုက်မတ်မတ် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်လို့ဆိုပါတယ်။


သို့ဖြစ်ပါ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မတရားဖမ်းဆီးထိမ်းသိမ်းခံထားရသူများအားလုံး အမြန်ဆုံးလွတ်မြောက်နိုင်ရေး၊ တရားမျှတမှုများဖေါ်ထုတ်နိုင်ရေး နှင့် စစ်အာဏာရှင်စနစ်အမြစ်ဖြတ် ချေမှုန်းရေးတို့ကို ဖော်ဆောင်ထမ်းရွက်ရင်း တိုင်းရင်းသား၊ ပြည်သူလူထုတို့၏ဆန္ဒနှင့်အညီ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာရေးတို့ကို တော်လှန်ရေးအင်အားစုအသီးသီးတို့နှင့် အတူ ရင်းနှီးပွင့်လင်းစွာ သာတူညီမျှ လက်တွဲပူးပေါင်း ထူထောင်သွားရန် သန္နိဌာန်ချထားပြီးဖြစ်တယ်လို့ဗဟိုအလုပ်ကော်မတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကထုတ်ပြန်ပါတယ်။


အခုတင်ပြပေးခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment