၂၀၂၂ ဒီဇင်ဘာလ ၂၀ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ စစ်အုပ်စုအနေဖြင့် ရွေးကောက်ပွဲတရပ် ကျင်းပရန် အခွင့်အာဏာ လုံးဝ မရှိဘူးလို့ ယာယီသမ္မတ ပြောကြား
📌 ၂။ အမျိုးသားညီညွှတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားပြုကော်မတီ (CRSH) တို့ တွေ့ဆုံဆွေးနွေး
📌 ၃။ ၂၀၂၃ ဟာ စစ်အာဏာရှင်ကို ဖြိုဖျက်နိုင်တဲ့ အားကောင်းတဲ့နှစ်ဖြစ်လာမယ်လို့လူ့အခွင့်ရေးရာဝန်ကြီးဆို
📌 ၄။ ယောတော်လှန်ရေးတပ်-YRA (ထီးလင်း) ၏ တပ်ရင်းသုံးရင်းအား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ကာကွယ်ရေးဝန်ကြီးဌာနမှ မှတ်ပုံတင်အတည်ပြုကာ တပ်ရင်းအမှတ်ချပေး
📌 ၅။ မြောင်နယ်အတွင်း မီးဘေးသင့် CDM ဝန်ထမ်း ၅၁ ဦးအား တစ်ဦးလျှင် ငွေကျပ် တစ်သိန်းနှုန်းထောက်ပံ့မှုရရှိ
📌 ၆။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၆) ဌာနချုပ်စစ်ကြောင်းထံသို့ ထိုင်းဘတ်ငွေတစ်သိန်းခွဲ MFDMC ကထောက်ပို့
📌 ၇။ နွေဦးထီရဲ့ရောင်းရငွေ ၃၀ ရာခိုင်နှုန်းကိုပေါက်မဲအဖြစ်ပြန်လည်ဖွင့်လှစ်ပေးနေပြီး၊ ၇၀ ရာခိုင်နှုန်း ကို CDM သူရဲကောင်းများအတွက် အလေအလွင့်မရှိ ချီးမြှင့်ပေးနေ
📌 ၈။ ချင်းတွင်းမြစ်အထက်ပိုင်းသို့စကစတပ်များမှ လက်နက်ခဲယမ်းမီးကျောက်နှင့် စားနပ်ရိက္ခာပို့မည့်ထောက်ပို့ရေယာဥ်များအား ကာကွယ်ရေးတပ်များတိုက်ခိုက်၍ ထိခိုက်ကျရှုံးမှုများနိုင်
📌 ၉။ အင်းတော်မြို့နယ် ပိန်းအင်းရွာနားမှာ ပြည်သူ ၄ ဦးကို စစ်ကောင်စီတပ်ဖွဲ့များမှပစ်ခတ်သတ်ဖြတ်၍ အလောင်းကို ဖျောက်ဖျက်ပစ်
📌 ၁၀။ ရေဦးမြို့နယ်အတွင်း ကျေးရွာပေါင်း ၁၉ ရွာမှ ပြည်သူ့နေအိမ်များကိုအကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးရာ အချို့မှာ ရွာလုံးကျွတ်မီးလောင်ဆုံးရှူံး
📌 ၁၁။ ရွှေဘိုမြို့ ဧရာဝတီ ဘဏ်ရုံးရှေ့ ဘန်ကာထဲတွင် လုံခြုံရေးယူနေသောစကစတပ်များ ဗုံးပစ်သွင်းခံရ၍ နှစ်ဦးထိခိုက်သေဆုံးနိုင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ စစ်အုပ်စုအနေဖြင့် ရွေးကောက်ပွဲတရပ် ကျင်းပရန် အခွင့်အာဏာ လုံးဝ မရှိဘူးလို့ ယာယီသမ္မတ ပြောကြား
ဒီဇင်ဘာ (၂၀) ရက်နေ့တွင်ကျင်းပသောအမျိုးသားညီညွတ်ရေးအစိုးရ၏ (၇၉) ကြိမ်မြောက်အစိုးရအဖွဲ့ အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလက အခုလိုပြောကြားလိုက်ပါတယ်။
"ဥပဒေအရပ်ရပ်ကို ချိုးဖောက်ပြီး နိုင်ငံတော်အာဏာကို အကြမ်းဖက်လုယူရန် ကြိုးစားနေရုံ သာမက ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို နေ့စဥ်နှင့်အမျှ သတ်ဖြတ်၊ ညှင်းပမ်း နှိပ်စက်၊ ဖျက်ဆီးနေသော အကြမ်းဖက် စစ်အုပ်စုအနေဖြင့် ရွေးကောက်ပွဲတရပ် ကျင်းပရန် အခွင့်အာဏာ လုံးဝ မရှိပေ။ ၄င်းတို့ ကျင်းပမည်ဆိုသော "ရွေးကောက်ပွဲ" ဆိုတာ လက်ရှိ မြန်မာ့နိုင်ငံရေး အကြပ်အတည်း၊ ပြဿနာ၏ ထွက်ပေါက် နှင့် အဖြေ လုံးဝ မဟုတ်ရုံသာမက ပြဿနာကို ပိုမို ရှုတ်ထွေးစေမည့်၊ ပိုမို ခက်ခဲကြပ်တည်းစေမည့် လုပ်ရပ်သာဖြစ်ပြီး ရွေးကောက်ပွဲ ဟူသော အသုံးအနှုန်းကို သုံးစွဲရန်ပင် ထိုက်တန်မှုမရှိသည့် အမှန်တရားကို ဖုံးကွယ်ပုံဖျက်မှု (Deception) သာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင် အကြမ်းဖက် စစ်အုပ်စု၏ "ရွေးကောက်ပွဲ" ဟာ ၎င်းတို့ အာဏာသက်ဆိုးရှည်ရေး နှင့် ၎င်းတို့ ရင်ဆိုင်နေရသော စစ်ရေး နိုင်ငံရေး အထွေထွေ အကြပ်အတည်းများကို လျော့ချနိုင်ရေး အတွက် ရည်ရွယ်လုပ်ကြံသည့် နိုင်ငံရေးလှည့်ကွက်၊ နိုင်ငံရေး ထောင်ချောက်သာဖြစ်ပြီး ၄င်း "တရားမဝင်၊ အတုအယောင် ရွေးကောက်ပွဲ" ကို ပြည်သူတရပ်လုံးက ပြတ်ပြတ်သားသား ဆန့်ကျင်ဖို့ လိုတယ်လို့ ယာယီသမ္မတ ကထပ်လောင်းပြောပါတယ်။
========================
📌📌 ၂။ အမျိုးသားညီညွှတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားပြုကော်မတီ (CRSH) တို့ တွေ့ဆုံဆွေးနွေး
ဒီဇင်ဘာ ၁၉ ရက်နေ့တွင် အမျိုးသားညီညွှတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် ဝန်ကြီးချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားပြုကော်မတီ (CRSH) မှ ဥက္ကဌနှင့် အတွင်းရေးမှူးများ ၊ကော်မတီဝင်များ၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံခဲ့ပါတယ်။
တွေ့ဆုံပွဲမှာ လက်ရှိတော်လှန်ရေးအပေါ်ဖြစ်ပေါ်နေသော အခြေအနေ အရပ်ရပ်များ နှင့် နိုင်ငံရေး ဆိုင်ရာရှေ့လုပ်ငန်းစဥ်များကို ဗီဒီယိုကွန်ဖရင့်မှတဆင့် ဆွေးနွေးခဲ့ကြတယ်လို့စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီကဖော်ပြပါတယ်။
========================
📌📌 ၃။ ၂၀၂၃ ဟာ စစ်အာဏာရှင်ကို ဖြိုဖျက်နိုင်တဲ့ အားကောင်းတဲ့နှစ်ဖြစ်လာမယ်လို့လူ့အခွင့်ရေးရာဝန်ကြီးဆို
၂၀၂၃ ဟာ စစ်အာဏာရှင်ကို ဖြိုဖျက်နိုင်တဲ့ အားကောင်းတဲ့နှစ်ဖြစ်လာမယ်လို့လူ့အခွင့်ရေးရာဝန်ကြီးဦးအောင်မျိုးမင်းက ဒီဇင်ဘာလအတွင်း တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
"၂၀၂၂ အစက စလာတဲ့အားကောင်းချက် ရေလှိုင်းက ၂၀၂၃ကြလို့ရှိရင်တော့ စစ်အာဏာရှင်ကို ဖြိုဖျက်နိုင်တဲ့ တကယ့် စခန်းသိမ်းအားကောင်းတဲ့ ရေလှိုင်းကြီးတွေ ဖြစ်လာမယ်ဆိုတာကတော့သေချာပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
၂၀၂၁ ခုနှစ် စက်တက်ဘာ ၇ ရက်နေ့မှာ ပြည်သူ့ခုခံတွန်းလှန်စစ်များ စတင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရကကြေညာခဲ့ပါတယ်။ လက်ရှိမှာ ခုခံစစ်မှ တိုက်စစ်သို့ အရှိန်မြှင့်တင်ရန် တစ်နှစ် မဟာဗျူဟာ စီမံချက်များကို NUGအစိုးရဟာ ရေးဆွဲအကောင်အထည်ဖော်နေပြီ ဖြစ်ပါတယ်။
========================
📌📌 ၄။ ယောတော်လှန်ရေးတပ်-YRA (ထီးလင်း) ၏ တပ်ရင်းသုံးရင်းအား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ကာကွယ်ရေးဝန်ကြီးဌာနမှ မှတ်ပုံတင်အတည်ပြုကာ တပ်ရင်းအမှတ်ချပေး
ယောတော်လှန်ရေးတပ်-YRA (ထီးလင်း) ၏ တပ်ရင်းသုံးရင်းအား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ကာကွယ်ရေးဝန်ကြီးဌာနမှ မှတ်ပုံတင်အတည်ပြုကာ တပ်ရင်းအမှတ်ချပေးလိုက်ကြောင်းကိုဒီဇင်ဘာ ၁၉ ရက်မှာ ယောတော်လှန်ရေးတပ်-YRA (ထီးလင်း) ကအသိပေးဆိုပါတယ်။
"မိမိတို့ ယောတော်လှန်ရေးတပ်-YRA(ထီးလင်း)၏ တပ်ရင်းသုံးရင်းအား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ကာကွယ်ရေးဝန်ကြီးဌာန (MOD) မှ ဂန့်ဂေါခရိုင်တပ်ရင်း " 15/16/17- YRA(ထီးလင်း)" အဖြစ်အတည်ပြုခန့်အပ်ခြင်းအပေါ် ဝမ်းမြောက်ဂုဏ်ယူစွာ လက်ခံရရှိပါကြောင်း မိဘပြည်သူများထံ တင်ပြအပ်ပါတယ်"လို့ဖော်ပြပါတယ်။ လက်ရှိမှာ ပြည်သူ့ကာကွယ်ရေး တပ်ရင်းတပ်ဖွဲ့ပေါင်း ၃၀၀ နီးပါးရှိကာ မြို့နယ် ပကဖ အဖွဲ့ပေါင်း ၂၅၀ ကျော်နဲ့ မြို့ပြ ပြောက်ကျားနဲ့ လူငယ် LPDF အဖွဲ့ပေါင်း ၄၀၁ ဖွဲ့ရှိပါတယ်။
========================
📌📌 ၅။ မြောင်နယ်အတွင်း မီးဘေးသင့် CDM ဝန်ထမ်း ၅၁ ဦးအား တစ်ဦးလျှင် ငွေကျပ် တစ်သိန်းနှုန်းထောက်ပံ့မှုရရှိ
CRPH ပြည်သူ့ရေးရာကော်မတီမှ မြောင်နယ်အတွင်း မီးဘေးသင့် CDM ဝန်ထမ်း ၅၁ ဦးအား တစ်ဦးလျှင် ကျပ်တစ်သိန်းနှုန်းဖြင့်မီးဘေးသင့် CDM ဝန်ထမ်းများလက်ဝယ်အရောက် ပေးအပ်ခဲ့ပါတယ်"လို့ ဒီဇင်ဘာ ၁၉ ရက်မှာ မြောင်ပညာရေးကွန်ရက်ကအသိပေးဖော်ပြပါတယ်။ ကျန်ရှိနေသည့် CDM ဝန်ထမ်းများအတွက်လည်း ထောက်ပံမှုများရရှိနိုင်ရန် ဆက်လက်ကြိုးစားသွားမယ်လို့ထုတ်ပြန်ထားပါတယ်။
"အခက်အခဲပေါင်းများစွာကြားမှ ကြံကြံခံရင်ဆိုင်ကာ CDM လုပ်ခြင်းဖြင့် အာဏာရှင်အား တွန်းလှန်နေကြသည့်ဝန်ထမ်းများအားလည်း အထူးလေးစားပါတယ်။အခက်အခဲဖြစ်နေကြသည့် CDM ဝန်ထမ်းများအား ကူညီထောက်ပံ့ပေးသည့် CRPH မှ ပြည်သူ့ရေးရာကော်မတီအားလည်း အထူးလေးစား ကျေးဇူးတင်ရှိပါတယ်"လို့ မြောင်ပညာရေးကွန်ရက်ကဆိုပါတယ်။
========================
📌📌 ၆။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၆) ဌာနချုပ်စစ်ကြောင်းထံသို့ ထိုင်းဘတ်ငွေတစ်သိန်းခွဲ MFDMC ကထောက်ပို့
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၆) ဌာနချုပ်စစ်ကြောင်းထံသို့ ထိုင်းဘတ်ငွေတစ်သိန်းခွဲ MFDMC ကထောက်ပို့ပေးအပ်ခဲ့ပါတယ်။ ဒီဇင်ဘာ၂၀ ရက်မှာ မြန်မာ့ဖက်ဒရယ် ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ KTJ Supporting Group (MFDMC) ကအသိပေးဖော်ပြပါတယ်။
"ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၆) ဌာနချုပ်စစ်ကြောင်းထံသို့ ထိုင်းဘတ်ငွေတစ်သိန်းခွဲ (150,000) တိတိကို မြန်မာ့ဖက်ဒရယ် ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ KTJ Supporting Group (MFDMC) Thai ထောက်ပံ့အဖွဲ့ဝင်များ၏ လစဉ်ထောက်ပို့ငွေများထဲမှ ထောက်ပို့ခဲ့ပါတယ်"လို့ဖော်ပြပါတယ်။ လှူဒါန်းထောက်ပို့ငွေမှာကိုရီးယား၊ထိုင်း၊မလေးရှား၊စင်ကာပူနိုင်ငံမှထောက်ပံ့အဖွဲများ၏ ထောက်ပို့ငွေများပါဝင်ပါပြီး MFDMC ၏မူဝါဒအတိုင်း ကာကွယ်ရေးဝန်ကြီးဌာနလမ်းညွှန်ချက်ဖြင့် မြေပြင်သို့တိုက်ရိုက် မြန်ဆန်တိကျစွာ ပေးပို့ဆောင်ရွက်ခဲ့တယ်လို့ဖော်ပြပါတယ်။
========================
📌📌 ၇။ နွေဦးထီရဲ့ရောင်းရငွေ ၃၀ ရာခိုင်နှုန်းကိုပေါက်မဲအဖြစ်ပြန်လည်ဖွင့်လှစ်ပေးနေပြီး၊ ၇၀ ရာခိုင်နှုန်း ကို CDM သူရဲကောင်းများအတွက် အလေအလွင့်မရှိ ချီးမြှင့်ပေးနေ
နွေဦးထီရဲ့ရောင်းရငွေ ၃၀ ရာခိုင်နှုန်း ကိုပေါက်မဲအဖြစ်ပြန်လည်ဖွင့်လှစ်ပေးနေပြီး၊ ၇၀ ရာခိုင်နှုန်း ကို CDM သူရဲကောင်းများအတွက် အလေအလွင့်မရှိ ချီးမြှင့်ပေးနေတယ်လို့ဒီဇင်ဘာ၂၀ ရက်နေ့မှာ နွေဦးထီမိသားစုကအသိပေးဖော်ပြပါတယ်။
"နွေဦးထီကို လစဉ်လကုန်ရက်တစ်ရက်ကလွဲပြီး ပိတ်ရက်မရှိ ၂၄/၇ ဖွင့်လှစ်ထားပါတယ်။ နွေဦးထီကို ထိုးလိုပါက နွေဦးထီရဲ့Pag Messenger ကတဆင့် ဆက်သွယ်ထိုးယူနိုင်ပြီး ထီထိုးရန် အဆင့်ဆင့်ကို ဖော်ပြထားပါတယ်။
========================
📌📌 ၈။ ချင်းတွင်းမြစ်အထက်ပိုင်းသို့စကစတပ်များမှ လက်နက်ခဲယမ်းမီးကျောက်နှင့် စားနပ်ရိက္ခာပို့မည့်ထောက်ပို့ရေယာဥ်များအား ကာကွယ်ရေးတပ်များတိုက်ခိုက်၍ ထိခိုက်ကျရှုံးမှုများနိုင်
ချင်းတွင်းမြစ်အထက်ပိုင်းသို့စကစတပ်များမှ လက်နက်ခဲယမ်းမီးကျောက်နှင့် စားနပ်ရိက္ခာပို့မည့်ထောက်ပို့ရေယာဥ်များအား ကာကွယ်ရေးတပ်များတိုက်ခိုက်၍ ထိခိုက်ကျရှုံးမှုများနိုင်တယ်လို့ ဒီဇင်ဘာ ၂၀ ရက်မှာ စစ်ရေးသတင်းကို ချင်းတွင်းမြစ်ဝှမ်း နွေဦးပြောက်ကျားတပ်စုကဖော်ပြပါတယ်။
"ဒီဇင်ဘာ ၁၉ ရက်ချင်းတွင်းမြစ်အထက်ပိုင်းသို့စကစတပ်များမှ လက်နက်ခဲယမ်းမီးကျောက်နှင့်စားနပ်ရိက္ခာပို့မည့်ထောက်ပို့ရေယာဥ်များအားကာကွယ်ရန်စစ်ခွေးကုန်းကြောင်းရှေ့ပြေးပွိုင့်သည်ကျောက်မှော်ရွာမှအထွက်ကျောက်ကုန်းရွာနှင့်ယင်းဘိုးရွာအကြားကျွန်ုပ်တို့မဟာမိတ်ညီနောင်တပ်ပေါင်းစုများနှင့်ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။ တိုက်ပွဲမှာညီနောင်မဟာမိတ်အဖွဲ့မှခေါင်ဆောင်၁ဦးနှင့်ရဲဘော် ၁ ဦး ကျဆုံးကာ ၁ ဦးဒဏ်ရာရခဲ့ပြီး စကစတပ်များဘက်မှအကျအဆုံးများစွာဖြင့် တိမ်းရှောင်သွားခဲ့တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၉။ အင်းတော်မြို့နယ် ပိန်းအင်းရွာနားမှာ ပြည်သူ ၄ ဦးကို စစ်ကောင်စီတပ်ဖွဲ့များမှပစ်ခတ်သတ်ဖြတ်၍ အလောင်းကို ဖျောက်ဖျက်ပစ်
စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် ပိန်းအင်းရွာနားမှာ ပြည်သူ ၄ ဦးကို စစ်ကောင်စီတပ်ဖွဲ့များမှပစ်ခတ်သတ်ဖြတ်၍ အလောင်းကို ဖျောက်ဖျက်ပစ်ခဲ့တယ်လို့ ဒီဇင်ဘာ၂၀ ရက်မှာ အင်းတော် IR Team ကအတည်ပြုဆိုပါတယ်။
"ဒီဇင်ဘာ ၁၈ ရက်နေ့တုန်းက ပိန်းအင်းရွာနားမှာ ပြည်သူ ၄ ဦးကို စစ်ကောင်စီတပ်ဖွဲ့များမှ ပစ်သတ်ခဲ့ပြီး အလောင်းတွေကို ပိန်းအင်းရွာဘုန်းကြီးကျောင်းထဲမှာပဲ မြုပ်လိုက်ပါတယ်"လို့ဆိုပါတယ်။ အကြမ်းဖက်စစ်တပ်က သတ်ဖြတ်လိုက်သော အရပ်သားများမှာနန့်သဲရွာမှ ကိုအောင်နိုင်ထွန်း၊ ကွမ်းချောင်းရွာမှ ကိုနေဝင်း၊ မအူကုန်းရွာမှ ကိုကျော်လွင် ဖြစ်ပြီး ရွှေချောင်းရွာက ပြည်သူတစ်ယောက်မှာ မည်သူမည်ဝါမှန်းမသိရသေးဘူးလို့ဆိုပါတယ်။
========================
📌📌 ၁၀။ ရေဦးမြို့နယ်အတွင်း ကျေးရွာပေါင်း ၁၉ ရွာမှ ပြည်သူ့နေအိမ်များကိုအကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးရာ အချို့မှာ ရွာလုံးကျွတ်မီးလောင်ဆုံးရှူံး
ဒီဇင်ဘာ၂၀ ရက်မှာ ဗိုလ်မုတ်ဆိတ်အဖွဲ့ ရေဦးကအခုလိုအသိပေးဆိုထားပါတယ်။ "ယခုတစ်ပါတ်အတွင်း စကစတပ်များက စစ်ကိုင်းတိုင်း ရေဦးမြို့နယ်အတွင်း ကျေးရွာပေါင်း ၁၉ ရွာမှ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ အချို့ရွာများကို ရွာလုံးကျွတ်မီးရှို့ခဲ့ပါတယ်"လို့ဆိုပါတယ်။
တစ်ပတ်အတွင်း မီးရှို့ခံရသော ကျေးရွာများမှာ ရွာမိဿာ၊ မုတ်စီရွာ၊ ချမ်းသာရွာ၊ ကုန်းသာရွာ၊ ရွာသစ်ရွာ၊ ထန်းပင်ကုန်းရွာ၊ ဆည်ကြီးရွာ၊ ပေါက်သာရွာနဲ့ စတဲ့ရွာများပါဝင်ပါတယ်။ လတ်တလောမှာ မီးဘေးသင့်ပြည်သူများအတွက် ကူညီထောက်ပံ့မှုများလည်း လိုအက်လျက်ရှိပါတယ်။
========================
📌📌 ၁၁။ ရွှေဘိုမြို့ ဧရာဝတီ ဘဏ်ရုံးရှေ့ ဘန်ကာထဲတွင် လုံခြုံရေးယူနေသောစကစတပ်များ ဗုံးပစ်သွင်းခံရ၍ နှစ်ဦးထိခိုက်သေဆုံးနိုင်
ရွှေဘိုမြို့ ဧရာဝတီ ဘဏ်ရုံးရှေ့ ဘန်ကာထဲတွင် လုံခြုံရေးယူနေသောစကစတပ်များ ဗုံးပစ်သွင်းခံရ၍ နှစ်ဦးထိခိုက်သေဆုံးနိုင်ပါတယ်။ ဒီဇင်ဘာ ၁၉ ရက် ည ၆ နာရီ ၃၅ အချိန်မှာ ဗုံးပစ်သွင်းတိုက်ခိုက်ခဲ့တာလို့ ရွှေတောသား (Local.ပြောက်ကျားတပ်ဖွဲ့) ကအတည်ပြုဆိုပါတယ်။
"ဒီဇင်ဘာ ၁၉ ရက် ည ၆ နာရီ ၃၅ အချိန်ရွှေဘိုမြို့ ဧရာဝတီ ဘဏ်ရုံးရှေ့ ဘန်ကာထဲတွင် လုံခြုံရေးယူနေသော စခများအား ကျနော်တို့ ရွှေတောသား (Local.ပြောက်ကျားတပ်ဖွဲ့)နှင့် M.T Black Dragon People Defence Force တို့မှ အနီးကပ်သွားရောက်ကာ ဗုံးနှစ်လုံး ပစ်သွင်းခဲ့ပါတယ်"လို့ဆိုပါတယ်။ တိုက်ခိုက်မှုကြောင့် စကစတပ်မှ တပ်ဖွဲ့ဝင် နှစ်ဦးမှ သုံးဦး ထိခိုက်သေဆုံးနိုင်တယ်လို့ဆိုပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment