20th DEC 2022 - Morning Daily News by Radio NUG


၂၀၂၂ ဒီဇင်ဘာလ ၂၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အီးယူ-အာဆီယံထိပ်သီးအစည်းအဝေး ခေါင်းဆောင်များ၏ ပူးတွဲကြေညာချက်အပေါ်  ထုတ်ပြန် ကြေညာချက်တရပ်ကို ဒီဇင်ဘာလ 19 ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်ပါတယ်။  

📌 ၂။ မတရားဖမ်းဆီးခံ ခရစ်ယာန်ဆရာတော် နှစ်ပါးနှင့် သေဒဏ်ကျခံ ကျောင်းသား ခုနစ်ဦး အတွက် ဆုတောင်းခြင်းနှင့် ဆန္ဒပြပွဲသတင်း

📌 ၃။ အင်းတော်မြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ်များ သေဆုံးမှုများတဲ့သတင်း

📌 ၄။ ခရီးသွား သင်္ဘောပေါ်မှ  ပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်မှုမျိုးကို  စဉ်းတောင်မစဉ်းစားဝံ့ဟု ဒလ PDF က ပြော ဆိုလိုက်တဲ့သတင်း

📌 ၅။ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြခဲ့ကြတဲ့သတင်း

📌 ၆။ ဘီယာဆိုင်လာတဲ့ ရဲကား ပစ်ခတ်ခံရလို့ ဒုရဲအုပ်အပါအဝင် ဦး သေဆုံးတဲ့သတင်း


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အီးယူ-အာဆီယံထိပ်သီးအစည်းအဝေး ခေါင်းဆောင်များ၏ ပူးတွဲကြေညာချက်အပေါ်  ထုတ်ပြန် ကြေညာချက်တရပ်ကို ဒီဇင်ဘာလ 19 ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်ပါတယ်။  


ကြေငြာချက်အပြည့်အစုံမှာ


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရသည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ အတည်ပြုချမှတ်ခဲ့သော အီးယူ-အာဆီယံ ထိပ်သီး အစည်းအဝေး ခေါင်းဆောင်များ၏ ပူးတွဲကြေညာချက်အပေါ် ကြိုဆိုပါသည်။

အဆိုပါ ပူးတွဲကြေညာချက်တွင် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ နိုင်ငံရေး အကျဉ်းသားများအားလုံးကို လွှတ်ပေးရန်နှင့် လိုအပ်လျက်ရှိသည့် လူသားချင်း စာနာမှု အကူအညီများအား ခွဲခြားဆက်ဆံမှုမရှိဘဲ ထိရောက်စွာပေးအပ်နိုင်ရေးတို့အတွက် တောင်းဆို ထားကြောင်း တွေ့ရှိရသည်။ အီးယူနှင့် အာဆီယံခေါင်းဆောင်များအနေဖြင့် ယခုနှစ် ဇူလိုင်လ အတွင်းက ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူလေးဦးအား အကြမ်းဖက်စစ်အုပ်စုမှ မတရား ကွပ်မျက်ခဲ့ခြင်းအား ရှုတ်ချခဲ့ပြီး၊ အာဆီယံဥက္ကဋ္ဌ၏ အထူးသံတမန်အားသက်ဆိုင်သည့် အဖွဲ့ အားလုံးနှင့် အပြည့်အဝ ထိတွေ့ဆက်ဆံ၍ ယုံကြည်မှုတည်ဆောက်ရန် တောင်းဆိုခဲ့ပါသည်။ ယခုကဲ့သို့ တောင်းဆိုမှုများအား ကြိုဆိုသော်လည်း ယင်းတောင်းဆိုမှုများသည် အသစ်အဆန်း မဟုတ်သကဲ့သို့ အရေးပါသည့် အချက်အလက်များလည်း မပါဝင်ဘဲ ကျန်ရှိနေသည်ကို တွေ့ရှိ ရသည်။ ပူးတွဲကြေညာချက်တွင် အမျိုးသားညီညွတ်ရေးအစိုးရအား မြန်မာပြည်သူများ၏ တရားဝင် ကိုယ်စားလှယ်အဖြစ် ထောက်ခံကြောင်း ဖော်ပြထားခြင်း မရှိသည့်အပြင် တရားမဝင် အကြမ်းဖက် စစ်အာဏာရှင်များ၏ ကြမ်းကြုတ်ယုတ်မာရက်စက်မှုများကို ရှုတ်ချကြောင်း ဖော်ပြရန်လည်း ပျက်ကွက်ခဲ့သည်။ 

သို့သော်လည်း အဆိုပါ ပူးတွဲထုတ်ပြန်ချက်သည် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များ အခိုင်အမာ ဆက်လက်တည်ရှိရေးကို ထင်ဟပ်သည့် ငြိမ်းချမ်းသော ဖြေရှင်းချက်ဆီသို့ ဦးတည်စေရန် 'နှစ်ဆတိုး' စုပေါင်းကြိုးပမ်းမှုများ ဖော်ဆောင်သွားမည့် အီးယူ-အာဆီယံ ကတိကဝတ်အား ဖော်ညွှန်းထားသည်ကို ထင်ရှားစွာ တွေ့မြင်ရသည်။

လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များအတွက် ကတိကဝတ်ပြုထားသည့် အီးယူ-အာဆီယံ ကတိကဝတ်ပြုမှုသည်  ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲရလဒ်ကိုသာ အတည်ပြု လက်ကိုင် ထား၍ အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကျင်းပရန် ကြိုးပမ်းမှု အားလုံးကို တားဆီးပိတ်ပင်ခြင်းဖြင့် မြန်မာပြည်သူများ၏ ဒီမိုကရေစီဆန္ဒအား လေးစားမှုကို ပြသရမည် ဖြစ်သည်။ ဖယ်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်စာတမ်းကို ထောက်ခံရမည်ဖြစ်ပြီး အကြမ်းဖက် စစ်အုပ်စု၏ ဥပဒေမဲ့ အရေးပေါ်အခြေအနေ ကြေညာခြင်းတို့အား ပယ်ချရမည် ဖြစ်သည်။ လေယာဉ်ဆီ ရောင်းချနေသူများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများချမှတ်ခြင်း အပါအဝင် အကြမ်းဖက် အပြစ်မဲ့အရပ်သားများအပေါ် နောက်ထပ် ရက်စက်ကြမ်းကြုတ်မှုများ ပြုလုပ် လာနိုင်မည့် စစ်အုပ်စု၏ လုပ်ဆောင်နိုင်စွမ်းအား ဖြိုဖျက်နိုင်ရန်အတွက် ထိရောက်သည့် ဆောင်ရွက်မှုကို တောင်းဆိုရမည်ဖြစ်သည်။ ထို့ပြင် အကြမ်းဖက်စစ်အုပ်စုအနေဖြင့် နိုင်ငံရေး အကျဉ်းသားများအား ထပ်မံကွပ်မျက်ခြင်းမပြုနိုင်အောင် ပြင်းထန်သည့် ဖိအားများပေးရန် လိုအပ်သည်။

ဒေသတွင်း ငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို မတည်မငြိမ်ဖြစ်စေလျက်ရှိသည့် အကြမ်းဖက်စစ်အုပ်စု ကြောင့် ဖြစ်ပေါ်နေသော ဘက်ပေါင်းစုံ အကျပ်အတည်းများအား ကူညီဖြေရှင်းပေးရန် အီးယူနှင့် အာဆီယံတို့မှ ဆောင်ရွက်မည့် နှစ်ဆတိုး ကြိုးပမ်းအားထုတ်မှုများအား အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိနေပါသည်။

နိဂုံးချုပ်အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရသည် အီးယူကဲ့သို့သော ပြင်ပမိတ်ဖက်များထံမှ ပံ့ပိုးကူညီမှုကို ထပ်လောင်းတောင်းဆိုသည့် အာဆီယံ၏ တောင်းဆိုချက်အား အသိအမှတ်ပြု ပါသည်။ အပြန်အလှန်အားဖြင့် အာဆီယံသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံ အပေါ် အရေးယူဆောင်ရွက်မှုနှင့် နိုင်ငံတကာ၏ တာဝန်ခံမှုဆိုင်ရာ ကြိုးပမ်းဆောင်ရွက်နေမှုများ အပေါ် ၎င်းတို့၏ ထောက်ခံမှုကို လူသိရှင်ကြား ထုတ်ဖော်ပြသသင့်ပါသည် ဟု  နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဒီဇင်ဘာ 19 ရက်နေ့ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်ခင်ဗျာ


========================


📌📌 ၂။ မတရားဖမ်းဆီးခံ ခရစ်ယာန်ဆရာတော် နှစ်ပါးနှင့် သေဒဏ်ကျခံ ကျောင်းသား ခုနစ်ဦး အတွက် ဆုတောင်းခြင်းနှင့် ဆန္ဒပြပွဲသတင်း


မတရားဖမ်းဆီးခံရသော ခရစ်ယာန် ဆရာတော်နှစ်ပါးဖြစ်သည့် ကချင်နှစ်ခြင်းခရစ်ယာန် ဆရာတော် Rev. Dr. Hkalam Samson နှင့် ချင်း ခရစ်ယာန် ဆရာတော် Rev. Thian Lian Sang တို့ အမြန် လွတ်မြောက်ရေးနှင့်  သေဒဏ်ချမှတ်ခံရသော ဒဂုံတက္ကသိုလ် ကျောင်းသား ခုနစ်ဦး လွတ်မြောက်ရေးအတွက် ဆန္ဒပြတောင်းဆိုခြင်း အစီအစဉ်ကို အမေရိကန်နိုင်ငံ  Washington DC မြို့လယ်ရှိ Calvary Burmese Church တွင် ကျင်းပခဲ့ကြပါတယ်။

ဆန္ဒပြခြင်းနှင့် ဆုတောင်းပွဲတွင် American Baptist Church, USA မှ ခရစ်ယာန်ဆရာတော်ကြီးများ၊ New York နှင့် Maryland မှ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ၊ တိုင်းရင်းသား ခရစ်ယာန်ဆရာတော်ကြီးများ တက်ရောက်ခဲ့ကြပြီး မြန်မာပြည်အတွက် မေတ္တာပို့ အားပေးစကားပြောကြားခြင်း၊ မတရားဖမ်းဆီးခြင်းခံရသော ပြည်သူများအတွက် ဆုတောင်းပေးခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။

ထို့နောက်  မြန်မာစစ်သံရုံးရှေ့သို့ ဆက်လက်ချီတက်ခဲ့ကြပြီး လူထုဆန္ဒပြပွဲကို ဆင်နွှဲခဲ့ကြပါတယ်။ ခရစ်ယာန်ဘုန်းတော်ကြီးများ၊ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများက မြန်မာပြည်သူများအတွက် ဆုတောင်းမေတ္တာပို့သကြကာ တိုင်းရင်းသား ခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူများမှ မိန့်ခွန်းများ အသီးသီးပြောကြားပါတယ်။ အဆိုပါ ဆုတောင်းခြင်းနှင့်ဆန္ဒပြခြင်း လှုပ်ရှားမှုတွင်

ကချင်ခေါင်းဆောင် နှင့် Save Myanmar အဖွဲ့ဝင် ကို M Tu Aung မှကချင်တစ်ဦးကိုထိရင် ကချင်အားလုံးကိုထိခိုက်ခြင်းဖြစ်ကြောင်းသာမက တော်လှန်ရေးမှာတစ်ဦးကို ထိရင် အားလုံးကိုထိခြင်းဖြစ်ကြောင်း" ပြောကြားပြီး တော်လှန်ရေးကို အရှိန်မြှင့်ဆောင်ရွက်ရန် တိုက်တွန်းသွားပါတယ်။  မြန်မာနိုင်ငံမှာ  ပြည်သူ့ရွေးကောက်ပွဲရလာဒ်ကို အဓမ္မဖျက်သိမ်း အာဏာသိမ်းခံရပြီးနောက် နှစ်နှစ်နီးပါး ကာလတိုင်အောင် အကြောင်းပြချက်မျိုးစုံနှင့်မတရားဖမ်းဆီးသတ်ဖြတ်ခံရမှုတွေ အရှိန်မပျက် ဖြစ်ပွားလျက်ရှိပါတယ်။ အာဏာသိမ်းချိန်ကစလို့  ဒီဇင်ဘာလ ၁၆ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၃၀၈၈) ဦးရှိပြီး ၎င်းတို့အနက်မှ  (၁၇၂၅) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရတယ်လို့ သိရှိရပါတယ်ခင်ဗျာ


========================


📌📌 ၃။ အင်းတော်မြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ်များ သေဆုံးမှုများတဲ့သတင်း


စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ ညောင်ကုန်း၊ ဂျုံးဂျုံးကျ၊ ပိန်းအင်းရွာအနီး တွင် ဒီဇင်ဘာလ ၁၆ ရက်မှ ၁၈ ရက်နေ့အထိတိုက်ပွဲအတွင်း အကြမ်းဖက် စစ်သား ၄၀ နီးပါးသေဆုံးခဲ့ကြောင်း Indaw Revolution – IR က ပြောကြားပါတယ်။ စစ်ကောင်စီတပ်များဟာ အင်းတော်ဒေသကို အင်အား ၇၀ ခန့်နဲ့ စစ်ကြောင်းထိုးလာခဲ့ပြီး အဆိုပါ မကွေးအခြေစိုက် တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၀၁ မှ စစ်ကြောင်းအား   KIA PDF အင်းတော် PDF တို့ က ပူးပေါင်းပြီး ပြန်လည်ခုခံ တိုက် ခိုက်ခဲ့ကြပါတယ်။

တိုက်ပွဲမှာ  အကြမ်းဖက်စစ်သား  ၄၀ နီးပါး ထိခိုက် သေဆုံး မှုရှိကြောင်း၊  အထိနာသွားသော စစ်ကြောင်းကို ထီးချိုင့် မြို့ နယ်ဘက် တွင် လှည့်ပတ်မီးရှို့နေသော အကြမ်း ဖက်စစ်သား အင်အား ၂၀၀ နီးပါးခန့်ကို ထပ်မံ ပူးပေါင်းထားကြောင်း Indaw Revolution – IR မှ တာဝန်ရှိ သူတစ်ဦးက ဖော်ပြပါတယ်။

အင်အား ၇၀ လောက်ပဲပါတာ၊ ရက်ဆက်တိုက် တိုက်ပွဲဖြစ်တော့ အခု အင် အား ၃၀ လောက်ပဲရှိတော့ လို့ နောက်ထပ်အင်အား ၂၀၀ နီးပါးလောက် ထပ် ဖြည့်ထားတယ်၊ အခုကောင်တွေက ထီးချိုင့်မှာ မီးပတ် ရှို့ နေတဲ့ကောင်တွေ၊ မှန်ဘီလူးနဲ့ကြည့်တာတော့ အလောင်းတွေရော၊ ဒဏ်ရာရတဲ့ဟာတွေရော ထမ်း သယ်သွားတာမြင်ရတယ်၊ ထီးချိုင့်ဘက်လည်းသယ်သွားကြတယ်၊ သေဆုံးသွား တဲ့ စစ်ခွေး တွေကို နေအိမ်တွေနဲ့ရောပြီး မီးရှို့သွားတယ်လို့ကြားတယ်တယ်လို့ ကိုယ်တိုင်ပါဝင်တိုက်ခိုက်နေတဲ့ Indaw Revolution – IR မှ တာဝန်ရှိ သူတစ်ဦးက ပြောဆိုပါတယ်။

စစ်ကောင်စီတပ်က  မီးရှို့ဖျက်ဆီးမှုကြောင့် ဂျုံးဂျုံးဂျရွာသစ်မှ နေအိမ် လုံးနှင့် စား သောက် ဆိုင်၂ ဆိုင်၊ ဂျုံးဂျုံးဂျရွာမမှ နေအိမ် ၁၁ လုံး၊ မအူကုန်းရွာမှ နေအိမ် အလုံး၂၀နှင့် ပိန်းအင်းရွာမှ နေအိမ် လုံး မီးရှို့ခံထားရပြီး ကျေးရွာ ၁၂ ရွာမှ ပြည်သူ ၅၀၀၀ ကျော် စစ်ဘေးရှောင်နေရကြောင်း သိရပါတယ်။ တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားတစ်ဦးကို အရှင်ဖမ်းမိကာ  ပြည်သူ့ကာ ကွယ်ရေးရဲဘော်တစ်ဦး ရင်ဘတ်ကျည်ထိမှန် ဒဏ်ရာ ရရှိခဲ့ပြီး ဆေးကုသမှုခံယူနေရကြောင်း သိရပါတယ်ခင်ဗျာ


========================


📌📌 ၄။ ခရီးသွား သင်္ဘောပေါ်မှ  ပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်မှုမျိုးကို  စဉ်းတောင်မစဉ်းစားဝံ့ဟု ဒလ PDF က ပြော ဆိုလိုက်တဲ့သတင်း


ရန်ကုန်မြို့ ၊ပန်းဆိုးတန်းမှ ဒလမြို့သို့ ကူးနေသည့် ချယ်ရီသင်္ဘောပေါ် ပြည်သူကို ပစ်မှတ်ထား တိုက်ခိုက်မှုမျိုးကို မိမိတို့တော်လှန်ရေးတပ်ဖွဲ့များအနနဲ့   စဉ်းတောင်မစဉ်းစားဝံ့သော လုပ်ရပ်ဖြစ်ကြောင်း ဒလPDF တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်ပါတယ်။

ဒီဇင်ဘာ ၁၈ ရက်နေ့ နာရီခန့်က ချယ်ရီ ကူးတို့သင်္ဘောပေါ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး သင်္ဘောစီးပြည်သူ ၁၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြတယ်လို့ ဆိုပါတယ်။ ယင်း ဗုံးဖောက်ခွဲမှု လုပ်ဆောင်ခဲ့သည့် ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအား ပြင်းထန်စွာရှုတ်ချကြောင်းလည်း  ဒလမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့် မဟာမိတ်အင်အားစုများက ပူးတွဲထုတ်ပြန်ထားပါတယ်။

အခုကပြည်သူကိုရည်ရွယ်ချက်ရှိရှိနဲ့ လူပေါင်းများစွာရှိနေတဲ့အထဲကိုမှ ရွေးချယ်ယုတ်မာတာ။ ဒါမျိုးက စစ်ကောင်စီနဲ့ ပျူတွေပဲလုပ်တတ်တဲ့ ယုတ်မာမှုမျိုးပဲ။ ပြည်သူကိုဦးထိပ်ထားပြီး ပြည်သူနဲ့လက်တွဲလုပ်နေတဲ့ တော်လှန်ရေးမှာ ပြည်သူထိခိုက်တဲ့လုပ်ရပ်မျိုး ဘယ်တော်လှန်ရေးအဖွဲ့ကမှမလုပ်ဘူး။ ကျွန်တော်တို့နဲ့ မဟာမိတ်အဖွဲ့တွေလည်း မလုပ်ဘူးဆိုတာ ပြည်သူတွေသိစေချင်ပါတယ်လို့ ၄င်းက ပြောပါတယ်။

ဆက်လက်ပြီး ပြောကြားရာမှာ

ကျွန်တော်တို့အနေနဲ့ မစ်ရှင်တစ်ခုလုပ်မယ်ဆိုရင် အများကြီးချိန်ဆပြီးမှလုပ်လေ့ရှိကြောင်း  စစ်ကောင်စီနဲ့ ဒလန်တွေကိုတိုက်ခိုက်တဲ့အခါမှာလည်း ပြည်သူအသွားအလာနည်းတဲ့နေရာနဲ့ အချိန်မျိုးကို ရွေးချယ် ပြီးမှဆောင်ရွက်တာ ဖြစ်ကြောင်း ပြောကြားသွားပါတယ်။

ပြီးခဲ့သည့် ကျော်က မစ်ရှင် များကိုကြည့်ပါကလည်း  ပြည်သူကိုလုံးဝမထိခိုက်ဘဲ စစ်အုပ်စုပစ်မှတ်ကိုသာ တိုက်ခိုက်ခဲ့ခြင်းကို တွေ့ရမည်ဖြစ်ကြောင်း 

တချို့နေရာတွေဆိုရင် ရုတ်တရက်လူသွားလူလာများလာလို့ ပစ္စည်းအဆုံးရှုံးခံပြီး မစ်ရှင်မလုပ်လိုက်ရတာတွေရှိခဲ့ကြောင်း  အခုဖြစ်စဥ်ကတော့ရှင်းပါတယ် ကျွန်တော်တို့အနေနဲ့ စဥ်းတောင်မစဥ်းစားဝံ့တဲ့လုပ်ရပ်မျိုးပါ။ ရည်ရွယ်ချက်ကွာပါတယ်။ ကျွန်တော်တို့ကစည်း မျဥ်းစည်းကမ်းတွေအတိုင်း စစ်ရေးပစ်မှတ်ကိုပဲ တိုက်ခိုက်တာပါလို့ အဆိုပါပေါက်ကွဲမှုနှင့် မိမိတို့ PDF  မပက်သက်ကြောင်းကိုတာဝန်ရှိသူက ဖြေကြားသွားပါတယ်။ နွေဉီးတော်လှန်ရေးကာလ နှစ်နှစ်ပြည့်ကာနီးအချိန်မှာတော့ စစ်ကောင်စီနှင့် ဒလန်များပူးပေါင်းကာ  တော်လှန်ရေးအင်အားစုအယောင်ဆောင်၍ ပြည်သူများကို ဖုန်းဖြင့် ခြိမ်းခြောက်ခြင်း၊ ကာယကံမြောက် ငွေညှစ်ခြင်း  ပြည်သူများထိခိုက်နိုင်သည့် နေရာများတွင် PDF အပေါ် ပြည်သူထောက်ခံမှု လျော့ကျစေရန် ဖောက်ခွဲ ဖျက်ဆီးမှုများကို ခပ်စိပ်စိပ် ပြုလုပ်လာသည်ကို တွေ့လာရတယ်လို့ ဒလ PDF တာဝန်ရှိသူက ဖြေရှင်းပြောဆိုသွားခဲ့ပါတယ်ခင်ဗျား


========================


📌📌 ၅။ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြခဲ့ကြတဲ့သတင်း


ဒီဇင်ဘာလ ၁၉ ရက် နေ့လည်ပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ မြန်မာအလုပ်သမားများအပါအဝင် လူဦးရေ ၃၀၀ ကျော်ခန့်ဟာ ထိုင်းစံတော်ချိန် နေ့လယ် နာရီအချိန်တွင် စတင်ဆန္ဒပြမှု ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ ဆန္ဒပြပွဲ ကို တောက်ပသော အနာဂတ်အဖွဲ့မှ ဦးဆောင်ပြုလုပ်ပြီး အလုပ်သမားများ တန်းတူအခွင့်အရေးရရှိရေး၊ တော်လှန်ရေးတွင် သွေးမအေးရေး၊ စစ်အာဏာရှင် ကျရှုံးရေး၊ ဒီမိုကရေစီ အမြန်ဆုံးရရှိရေး စသည့် ရည်ရွယ်ချက် ကြွေးကြော်သံများနှင့်အတူ ကိုမင်းကိုနိုင်မှ ပေးပို့သော အသံဖိုင်ကို ဖွင့်ပြခြင်းတို့ လုပ်ဆောင်ခဲ့ကြတာတွေ့ရပါတယ်။ ဆန္ဒပြ မြန်မာနိုင်ငံသားများက ဖမ်းဆီးထားသော နိုင်ငံခါင်းဆောင်များ ပြန်လွှတ်ပေးရေးနှင့် စစ်အာဏာရှင်ကို ရှုံ့ချသော ကြွေးကြော်သံများကို သံပြိုင်ဟစ်ကြွေးခဲ့ကြကာ တပြိုင်တည်းမှာ လုပ်ခလစာနဲ့ လုပ်အား ခေါင်းပုံဖြတ်မှုကြုံနေရတာကို ရွှေ့ပြောင်းလုပ်သားတွေက ဆန္ဒဖော်ထုတ်ကြတာဖြစ်ပါတယ်။

ဆက်လက်ပြီး စစ်အာဏာသိမ်းမှုနောက်ပိုင်း ပြည်ပရောက်ရွှေ့ပြောင်းလုပ်သားတွေရဲ့ အခြေအနေဟာ  ကူရာမဲ့ဖြစ်နေလို့ ခုလို  ဆန္ဒထုတ်ဖော်ရတာလို့ ဆန္ဒပြပွဲဦးဆောင်သူတွေကပြောပါတယ်။ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ကျရောက်တဲ့ နိုင်ငံတကာရွှေ့ပြောင်းသွားလာသူများနေ့ အထိမ်းအမှတ်အနေနဲ့ ဒီဇင်ဘာလ ၁၉ ရက်ဆန္ဒထုတ်ဖော်ပွဲဟာ အလုပ်သမားအရေးနှင့်အတူ စစ်အာဏာရှင် ကျဆုံးရေးကိုလည်း ပူးတွဲတောင်းဆို ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ အကြမ်းဖက်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြည်ပကိုနည်းမျိုးစုံနဲ့ လူငယ်‌တွေ ထွက်ခွာနေကြပြီးဒီအထဲမှာ အိမ်နီးချင်းထိုင်းနိုင်ငံကတော့ တရားဝင်နည်းနဲ့အပြင် တရားမဝင်နည်းလမ်းတွေနဲ့ပါ အများဆုံးသွားရောက် အလုပ်လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်ခင်ဗျာ


========================


📌📌 ၆။ ဘီယာဆိုင်လာတဲ့ ရဲကား ပစ်ခတ်ခံရလို့ ဒုရဲအုပ်အပါအဝင် ဦး သေဆုံးတဲ့သတင်း


စစ်ကိုင်းတိုင်း ဆားလင်းကြီးနယ်မှာ ဘီယာဆိုင်လာတဲ့ ရဲကား ပစ်ခတ်ခံရပြီး ဒုရဲအုပ်အပါအဝင် ရဲ၄ ဦး နေရာတင်သေဆုံးပြီး တစ်ဦးထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။ ယမန်နေ့ ဒီဇင်ဘာ ၁၈ ရက် မနက် နာရီလောက်မှာ အာဏာသိမ်း အကြမ်းဖက်  စစ်ကောင်စီ လက်အောက်ခံ ရဲကားကို ဒေသ ကာကွယ်ရေးပူးပေါင်းအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ရဲဘက်က ပစ်ခတ်လို့ ပြည်သူတစ်ဦး ကျည်ထိမှန်ဆုံးရှုံးရပြီး ဒေသကာကွယ်ရေး ရဲဘော်တွေ အနည်းငယ်သာ ဒဏ်ရာရကြောင်းဆိုပါတယ်။ ကျည်ထိမှန်အသက်ဆုံးရှုံးသွားရတဲ့ ပြည်သူတစ်ဦးနဲ့ ပက်သက်ပြီးတော့လည်း မိမိတို့ မဟာမိတ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များအနေနဲ့ ကြေကွဲဝမ်းနည်းရပါကြောင်း ဒီဇင်ဘာလ ၁၉ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

ပစ်ခတ်တိုက်ခိုက်မှု အပြီးမှာတော့ အကြမ်းဖက်  ရဲများထံမှ  အူစီ သုံးလက်နဲ့ ပစ္စည်းအချို့ ရခဲ့တယ်လို့ Triple Two က ထုတ်ပြန်ပါတယ်။ ထိတွေ့ပစ်ခတ်သံကြားရချိန်မှာ ဘေးလွတ်ရာ အကာအကွယ် ကောင်းရာမှာ ပုန်းခိုနေကြဖို့နှင့် စူးစမ်းလေ့လာတာ ကြောက်လန့်ပြေးလွှားတာမျိုးကိုလည်း မပြုလုပ်ကြဖို့ မေတ္တာရပ်ခံတယ်လို့ Triple Two က သတိပေးနှိုးဆော် ထားပါတယ်။

ဒါ့ အပြင် စစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်ရေး အောင်မြင်မှာဖြစ်ပြီး လူထုအနေနဲ့ လိုအပ်တဲ့နေရာတွေမှာ တတ်နိုင်တဲ့ဘက်က တတ်နိုင်တဲ့အားနဲ့ ဝင်ကူဖို့ကိုလည်း အကူအတောင်းဆိုထားပါတယ်။  ပစ်ခတ်တိုက်ခိုက်မှုမှာ  Chindwin Galone Yarzar Guerrilla Defense Force - Salingyi People 'S Defense Force - Triple Two Task Force, Monywa Trust Of Force - Yinmarbin Local PDF - Alpha Special Force စတဲ့ ပူးပေါင်းမဟာမိတ်အဖွဲ့များက ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း သိရှိရပါတယ်ခင်ဗျာ


အခုတင်ပြခဲ့တဲ့သတင်းတွေကို ဝန်ကြီးဌာနများနဲ့ ခိုင်လုံသော သတင်းရင်းမြစ်တွေကိုအခြေခံပြီး ရေဒီယိုသတင်းထောက်လွတ်လပ်နွေဉီးက ပေးပို့တာ ဖြစ်ပါတယ်ခင်ဗျာ







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment