၂၀၂၂ ဒီဇင်ဘာလ ၁၀ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အာဏာသိမ်းစစ်တပ်ခေါင်းဆောင်များနှင့် ထောက်ခံသူများကို ထိရောက်သော အရေးယူဆောင်ရွက်ခြင်းများချမှတ်ပေးရန် နိုင်ငံတကာအသိုက်အဝန်းကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ထပ်မံတိုက်တွန်း
📌 ၂။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အဆုံးသတ်ဖို့ ရာဇ၀တ်စစ်တပ်ဆီ လက်နက်တွေ စီးဆင်းမှုတွေကို ရပ်တန့်ပစ်ရမယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလတိုက်တွန်း
📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရဖြစ်တယ်လို့ ဥရောပပါလီမန် ကြေညာ
📌 ၄။ အခြေခံလူ့အခွင့်အရေးများရရှိနိုင်ရေးအတွက် စွမ်းစွမ်းတမံကြိုးပမ်းနေကြတဲ့ မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေတယ်လို့ သြစတြေးလျ သံရုံးထုတ်ပြန်
📌 ၅။ အင်အား ၈၀ခန့်ပါတဲ့အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဆောမြို့နယ်လယ်ကြီးအိုင် ကျေးရွာ အနောက် တောင်ဖက်တောထဲ တပ်ဖျောက်ထား၍ ကျောက်ထု လမ်းပိုင်းကိုအရေးပေါ်သတိပေးချက်ထုတ်ပြန်ထား
📌 ၆။ လက်ယက်ကုန်းကျေးရွာကို လူ့အခွင့်ရေးနေ့မှာ အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီး
📌 ၇။ နန်းထိုက်အောင်စစ်ဆင်ရေးလှုပ်ရှားမှုအနေနဲ့ ဒေးဒရဲမြို့နယ်လျှပ်စစ်ရုံးအား အဝေးထိန်းနဲ့ ယနေ့မနက်ဖောက်ခွဲတိုက်ခိုက်
📌 ၈။ မန္တလေးမြို့ရှိ ဖလမ်းနှစ်ခြင်းခရစ်ယာန်အသင်းတော်မှ သိက္ခာတော်ရ ဆရာတော်ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂၃ နှစ် ချမှတ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အာဏာသိမ်းစစ်တပ်ခေါင်းဆောင်များနှင့် ထောက်ခံသူများကို ထိရောက်သော အရေးယူဆောင်ရွက်ခြင်းများချမှတ်ပေးရန် နိုင်ငံတကာအသိုက်အဝန်းကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ထပ်မံတိုက်တွန်း
ဒီဇင်ဘာလ ၁၀ ရက်အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ်နေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ သဘောထားထုတ်ပြန်ချက်ကိုအခုလို တိုက်တွန်းထုတ်ပြန်လိုက်ပါတယ်။
"မိမိတို့အနေဖြင့် ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေးနေ့တွင် လူမဆန်သော စစ်တပ်၏ သတ်ဖြတ်မှုများအား ရပ်တန့်သွားရန်နှင့် မြန်မာပြည်သူများ၏ အသက်များကို ကယ်တင်ပေးရန် ကုလသမဂ္ဂ၊ အာဆီယံနှင့် ဥရောပသမဂ္ဂ တို့အပါအဝင် နိုင်ငံ တကာ အသိုက်အဝန်းအနေဖြင့် အာဏာသိမ်းစစ်တပ်ခေါင်းဆောင်များနှင့် ထောက်ခံသူများကို ထိရောက်သော အရေးယူဆောင်ရွက်ခြင်းများ ချမှတ်ပေးရန် ထပ်မံ တိုက်တွန်းအပ်ပါတယ်"လို့ဖော်ပြပါရှိပါတယ်။
ဒါ့အပြင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် တိုင်းရင်းသားလူမျိုးများနှင့် ဒီမိုကရေစီအား အသက်ပေး၍ ခုခံကာကွယ်နေကြသူများအပေါ် အာဏာသိမ်းစစ်တပ်က ကျူးလွန်ခဲ့သည့် လူမဆန်သော လုပ်ရပ်များအတွက် တရားမျှတမှုရှိရေးနှင့် အကြမ်းဖက် စစ်တပ်မှ တာဝန်ခံမှုရှိစေရန် ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း ဆိုထားပါတယ်။
အကြမ်းဖက်အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် တရားမဝင် အမည်ခံစစ်ကောင်စီဟာ ၎င်းတို့၏တရားမဝင်အာဏာသိမ်းမှုနှင့် အုပ်ချုပ်မှုအား ဆန့်ကျင်ကြသည့် မြန်မာပြည်သူများအပေါ် စနစ်တကျ သတ်ဖြတ်မှုများအတွက် တာဝန်ရှိတယ်လို့လည်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကဆိုပါတယ်။
========================
📌📌 ၂။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အဆုံးသတ်ဖို့ ရာဇ၀တ်စစ်တပ်ဆီ လက်နက်တွေ စီးဆင်းမှုတွေကို ရပ်တန့်ပစ်ရမယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလတိုက်တွန်း
ဒီဇင်ဘာ ၁၀ ရက် Twitter မှာ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ကနေဒါအစိုးရကို ကျေးဇူးတင်စကားပြောကြားရာမှာအခုလိုထည့်သွင်းဆိုခဲ့ပါတယ်။
"လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ မြန်မာစစ်တပ်ရဲ့ ဆက်စပ်အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေကို ပိတ်ဆို့အရေးယူမှုအသစ်တွေ ထုတ်ပြန်ပြီး လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအတွက် ရပ်တည်ပေးတဲ့ ဝန်ကြီး melaniejoly နဲ့ Canada တို့ကို ကျေးဇူးတင်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အဆုံးသတ်ဖို့ ရာဇ၀တ်စစ်တပ်ဆီ လက်နက်တွေ စီးဆင်းနေတာကို ရပ်တန့်ဖို့လိုပါတယ်"လို့ဆိုပါတယ်။
လူ့အခွင့်အရေးနေ့မတိုင်မီ ရုရှား၊ အီရန်နှင့် မြန်မာနိုင်ငံတို့တွင် လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ပါဝင်ပတ်သက်နေသော လူပုဂ္ဂိုလ် ၆၇ ဦးနှင့် အဖွဲ့အစည်း ၉ ခုကိုကနေဒါအစိုးရက ပိတ်ဆို့အရေးယူလိုက်ပါတယ်။
========================
📌📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရဖြစ်တယ်လို့ ဥရောပပါလီမန် ကြေညာ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အမျိူးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းကို ဥရောပပါလီမန်က တရားဝင်ကိုယ်စားလှယ်အဖြစ်အသိအမှတ်ပြုလိုက်ပြီဖြစ်တယ်လို့ ဥရောပပါလီမန်က ကြေညာပါတယ်။
“မြန်မာနိုင်ငံ အမျိုးသားစည်းလုံးညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကို ဥရောပပါလီမန်မှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါသည်။ ဦးအောင်မျိုးမင်းသည် မြန်မာနိုင်ငံသားများ၏ ဒီမိုကရေစီတောင်းဆိုမှုများ၏ တရားဝင် ပြည်သူ့ကိုယ်စားလှယ်ဖြစ်ပါသည်။” ဆိုပြီး ဥရောပပါလီမန်က သူတို့ရဲ့ တရားဝင် လူမှုကွန်ရက်စာမျက်နှာတွေမှာရေးသားထားပါတယ်။
ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းဟာ ဥရောပပါလီမန် ဒုတိယဥက္ကဌ Heidi Hautala နဲ့တွေ့ဆုံခဲ့ပြီး မစ္စ Heidi Hautala ကလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သာ မြန်မာပြည်သူလူထုရဲ့ ဒီမိုကရေစီနဲ့ ကိုက်ညီတဲ့ တရားဝင်အစိုးရဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဒါ့အပြင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းဟာ ဒီဇင်ဘာ ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာ ကျင်းပခဲ့တဲ့ ဥရောပပါလီမန်အစည်းအဝေးမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာ့အခြေအနေ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဥရောပပါလီမန်မှာ ဆွေးနွေးခဲ့ပြီး နိုင်ငံတကာအဖွဲ့အစည်းများစွာနဲ့ တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။
ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးမှုတွေအတွင်း အကြမ်းဖက်စစ်ကောင်စီဟာ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကိုအလေးမထားတာကြောင့် ပိုပြီးပြင်းထန်တဲ့အရေးယူမှုတွေပြုလုပ်ဖို့၊ အမျိုးသားညီညွတ်ရေးအစိုးရသည်သာ တရားဝင်အစိုးရဖြစ်တယ်ဆိုတာသိရှိထားဖို့၊ ထိရောက်တဲ့ စီးပွားရေးပိတ်ဆို့မှုတွေပိုပြီးလုပ်ကြဖို့၊ အမျိုးသားညီညွတ်ရေးအစိုးရ နဲ့ မြန်မာတိုင်းရင်းသားအဖွဲ့အစည်းတွေကနေ တဆင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးအပ်ကြဖို့တိုက်တွန်းဆွေးနွေးခဲ့ပါတယ်။
========================
📌📌 ၄။ အခြေခံလူ့အခွင့်အရေးများရရှိနိုင်ရေးအတွက် စွမ်းစွမ်းတမံကြိုးပမ်းနေကြတဲ့ မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေတယ်လို့ သြစတြေးလျ သံရုံးထုတ်ပြန်
အခြေခံလူ့အခွင့်အရေးများရရှိနိုင်ရေးအတွက် စွမ်းစွမ်းတမံကြိုးပမ်းနေကြတဲ့ မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေတယ်လို့ ဒီဇင်ဘာ ၁၀ ရက်နေ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့မှာ သြစတြေးလျ သံရုံး ရန်ကုန်ကထုတ်ပြန်လိုက်ပါတယ်။
"ဒီနေ့ဟာ လူ့အခွင့်အရေးကြေညာစာတမ်းမွေးဖွားခဲ့ရာနေ့ တစ်ဖြစ်လဲ လူ့အခွင့်အရေးနေ့ဖြစ်ပါတယ်။ ဩစတြေးလျအနေနဲ့ မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးမှာ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ၊ လွတ်လပ်မှုနှင့် တရားမျှတမှုတို့ကိုရရှိနိုင်စေရေး အားပေးဆောင်ရွက်သွားရန် သံန္နိတ်ဌာန်ချထားပါတယ်။ဒီနေ့နှင့် နေ့ရက်တိုင်းမှာ ဩစတြေးလျဟာ မိမိတို့ရဲ့ အခြေခံလူ့အခွင့်အရေးများကိုရရှိနိုင်ရေးအတွက် စွမ်းစွမ်းတမံကြိုးပမ်းနေကြတဲ့ မြန်မာပြည်သူများနှင့်အတူ ရပ်တည်လျက်ရှိပါတယ်"လို့ဆိုထားပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး သြစတြေးလျနိုင်ငံဟာ အားတက်သရောပါဝင်ကူညီဆောင်ရွက်လျက်ရှိပါတယ်။
========================
📌📌 ၅။ အင်အား ၈၀ခန့်ပါတဲ့အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဆောမြို့နယ်လယ်ကြီးအိုင် ကျေးရွာ အနောက် တောင်ဖက်တောထဲ တပ်ဖျောက်ထား၍ ကျောက်ထု လမ်းပိုင်းကိုအရေးပေါ်သတိပေးချက်ထုတ်ပြန်ထား
အင်အား ၈၀ ခန့်ပါတဲ့အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဆောမြို့နယ်လယ်ကြီးအိုင် ကျေးရွာ အနောက် တောင်ဖက်တောထဲ တပ်ဖျောက်ထား၍ ကျောက်ထု လမ်းပိုင်းကို အရေးပေါ်သတိပေးချက်ထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ဂန့်ဂေါခရိုင် အမှတ် (၅) တပ်ရင်း၏ Drone and arms technical team က အရေးပေါ် သတိပေးဆိုပါတယ်။
"အရေးကြီး သတိပေးချက် ပါ။အင်အား ၈၀ခန့်ပါတဲ့ စစ်ကြောင်း တစ်ခုဟာဆောမြို့နယ် လက်မွန် ကျောက်စစ် ကံချောင်း ရွာ မြောက်ဖက် လယ်ကြီးအိုင် ကျေးရွာ အနောက် တောင်ဖက် တောထဲတွင်တပ်ဖျောက်ပြီး ရှိနေပါတယ်။ မဟာမိတ် တပ်ပေါင်းစုတို့နဲ့အတူ ပိုက်စိပ်တိုက်ရှာဖွေခဲ့သော်လည်း စကစတပ်တည်နေရာ အတိအကျ မသိရဖြစ်နေခဲ့ပါတယ်"လို့ဆိုပါတယ်။ ပြည်သူများအနေနဲ့ ဆောကျောက်ထု လမ်းပိုင်းသို့ အကြောင်းမဲ့ ဖြတ်သန်းသွားလာခြင်း မပြုရန် သတိပေးနှိုးဆော်ထားပါတယ်။
========================
📌📌 ၆။ လက်ယက်ကုန်းကျေးရွာကို လူ့အခွင့်ရေးနေ့မှာ အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီး
လေကြောင်းက ပစ်ခတ်တိုက်ခိုက်ခံထားရတဲ့ ဒီပဲယင်း လက်ယက်ကုန်းကျေးရွာကို လူ့အခွင့်ရေးနေ့မှာ အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးလိုက်ပါတယ်။ ဒီဇင်ဘာ ၁၀ ရက် မနက် ၈ နာရီအချိန်မှာ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများနဲ့ရွာအတွင်းသို့ ပစ်ခတ်ဝင်ရောက်ခဲ့တာလို့ ဗိုလ်ကျားကြီး အဖွဲ့ (ဒီပဲယင်း)ကအတည်ပြုဆိုပါတယ်။
"မနေ့ညက မူးကတွင်းကျေးရွာတွင်တပ်စွဲထားသော စကစတပ်များဟာ ယနေ့နံနက်ပိုင်း လက်ယက်ကုန်းကျေးရွာကို လက်နက်ကြီးလက်နက်ငယ်များဖြင် ပစ်ခက်ဝင်ရောက်ပြီး မီးရှိ့နေပါတယ်"လို့ဆိုပါတယ်။ စက်တင်ဘာ ၁၆ ရက်နေ့က ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာက စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က စစ်သုံးရဟတ်ယညဥ်နဲ့ပစ်ခတ်ခဲ့ရာ ကလေးငယ် ၇ ဦး သေဆုံးခဲ့ပြီး မြေပြင်စစ်ကြောင်းထိုးမှုမှာလည်း အရပ်သားတချို့သေဆုံးခဲ့ရပါတယ်။
========================
📌📌 ၇။ နန်းထိုက်အောင်စစ်ဆင်ရေးလှုပ်ရှားမှုအနေနဲ့ ဒေးဒရဲမြို့နယ်လျှပ်စစ်ရုံးအား အဝေးထိန်းနဲ့ ယနေ့မနက်ဖောက်ခွဲတိုက်ခိုက်
နန်းထိုက်အောင်စစ်ဆင်ရေးလှုပ်ရှားမှုအနေနဲ့ဒီဇင်ဘာ၁၀ရက် နံနက် (၄) နာခွဲအချိန်တွင် ဒေးဒရဲမြို့နယ်လျှပ်စစ်ရုံးအား အဝေးထိန်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ဒေးဒရဲမြို့နယ် ပြည်သူ့ ကာကွယ်ရေး အဖွဲ့ကအတည်ပြုဆိုပါတယ်။ "ဧရာဝတီစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ ၏ နန်းထိုက်အောင်စစ်ဆင်ရေး လှူပ်ရှားမှုအဖြစ် ဒေးဒရဲမြို့နယ် ပြည်သူ့ ကာကွယ်ရေး အဖွဲ့ (ပ.က.ဖ) မှ ဒီဇင်ဘာ၁၀ရက်နံနက် (၄) နာခွဲအချိန်တွင် ဒေးဒရဲမြို့နယ်လျှပ်စစ်ရုံးအား အဝေးထိန်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။
ထိုသို့ ပြုလုပ်ဆောင်ရွက်ခြင်းသည် ဒေးဒရဲလျှပ်စစ်ရုံးမှ ပြည်သူများအား မီတာခများ အတင်းအကြပ် ကောက်ခံခြင်း၊ မီတာမဆောင်ရင် မီတာပုံးဖြုတ်မယ်ဟု ခြိမ်းခြောက် အကြပ်ကိုင်ခြင်းများ ရှိနေခြင်းတို့ ကြောင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ နောက်နောင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာများအနေဖြင့် ပြည်သူလူထုအား ဖိနှိပ်ခြင်းများ မပြုလုပ်ရန် နှင့် စစ်ကောင်စီ အလိုကျ ဆောင်ရွက်နေခြင်းများပြုလုပ်ပါက ဆက်လက်တိုက်ခိုက် သွားမယ်လို့ ဒေးဒရဲပကဖကအသိပေးထားပါတယ်။
========================
📌📌 ၈။ မန္တလေးမြို့ရှိ ဖလမ်းနှစ်ခြင်းခရစ်ယာန်အသင်းတော်မှ သိက္ခာတော်ရ ဆရာတော်ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂၃ နှစ် ချမှတ်
မန္တလေးမြို့ရှိ ဖလမ်းနှစ်ခြင်းခရစ်ယာန်အသင်းတော်မှ သိက္ခာတော်ရ ဆရာတော်ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂၃ နှစ် ချမှတ်လိုက်ပါတယ်။ ဆရာတော် သျှန်းလျှန်ဆန်းကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-ကဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် သုံးနှစ်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၄၉(က)ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂၀ နှစ် ချမှတ်ခဲ့ခြင်း ဖြစ်တယ်လို့AAPPကဖော်ပြပါတယ်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဆရာတော် သျှန်းလျှန်ဆန်းကို အကြမ်းဖက်စစ်အုပ်စု၏တပ်မှ ၎င်း၏နေအိမ်၌ ဖမ်းဆီးခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၃၀၇၀) ဦးရှိပြီး ၎င်းတို့အနက်မှ (၁၇၀၁) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment