၂၀၂၃ ဇန်နဝါရီလ ၁၀ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။၂၀၂၃ ခုနှစ်ထဲမှာ စစ်ရေးရလဒ်နဲ့ နိုင်ငံရေးရလဒ်တွေ သိသိသာသာ ထွက်ပေါ်ဖို့ အထူးမျှော်လင့်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလအစိုးရအဖွဲ့အစည်းအဝေးမှာပြောကြား
📌 ၂။ “ပါဝင်လက်တွဲ တနင်္သာရီအောင်ပွဲ” ဒေါ်လာတစ်သိန်း ရန်ပုံငွေရှာဖွေပွဲအား ဇန်နဝါရီ ၁၅ ရက် ကျင်းပမယ်
📌 ၃။ နွေဦးတော်လှန်ရေးမှာ နေသာသလိုနေနေတဲ့ လူတွေကို လိပ်ပြာလုံရဲ့လားလို့ လူ့အခွင့်ရေးရာဝန်ကြီးမေးခွန်းထုတ်
📌 ၄။ စစ်ကိုင်းတိုင်းဒေသကြီး၊အထူးအုပ်ချုပ်ရေးဒေသအတွင်းရှိ ခန့်အပ်ပြီး CDM ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များအားပြည်သူ့ရဲလုပ်ငန်းနှင့် ပြည်သူ့လုံခြုံရေး လုပ်ငန်းဝင်သင်တန်းဖွင့်လှစ်ပို့ချ
📌 ၅။ ပုလဲမြို့နယ်အတွင်း ဂိတ် (၉) ဂိတ်ဖြင့် ကောက်ခံရရှိသော အခွန်ငွေ ကျပ်သိန်း ၄၆၀ ကျော်ထဲမှ ၃၀ ရာခိုင်နှုန်း NUG ရဲ့ စီမံဘဏ္ဍ ဝန်ကြီးဌာနကို ပေးသွင်းနိုင်ခဲ့
📌 ၆။ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်မှာတိုက်ပွဲ ဖြစ်၍ စစ်ကြောင်းမှူးအပါအဝင်စကစတပ်က၈ဦးထက်မနည်းသေဆုံး
📌 ၇။ ရောင်နီလာရာလမ်း ရုပ်ရှင်ဇာတ်လမ်းကို နိုင်ငံအနှံ့ ပြသပေးဖို့စီစဥ်နေပြီလို့ ဒါရိုက်တာကိုပေါက်အသိပေး
📌 ၈။ နေသာတဲ့နေ့ တေးပြဇာတ်ကို ဇန်နဝါရီ ၂၉ ရက်တင်ဆက် ပြသမယ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။၂၀၂၃ ခုနှစ်ထဲမှာ စစ်ရေးရလဒ်နဲ့ နိုင်ငံရေးရလဒ်တွေ သိသိသာသာ ထွက်ပေါ်ဖို့ အထူးမျှော်လင့်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလအစိုးရအဖွဲ့အစည်းအဝေးမှာပြောကြား
၂၀၂၃ ခုနှစ်ထဲမှာ စစ်ရေးရလဒ်နဲ့ နိုင်ငံရေးရလဒ်တွေ သိသိသာသာ ထွက်ပေါ်ဖို့ အထူးမျှော်လင့်တယ်လို့ယာယီသမ္မတ ဒူဝါလရှီးလ ကပြောပါတယ်။ ဇန်နဝါရီလ (၁၀) ရက် အမျိုးသားညီညွတ်ရေးအစိုးရ၏ (၈၂) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ကပြောကြားခဲ့ပါတယ်။
"ကျွန်တော့်အနေနဲ့ ၂၀၂၃ ခုနှစ်ထဲမှာ စစ်ရေးရလဒ်နဲ့ နိုင်ငံရေးရလဒ်တွေ သိသိသာသာ ထွက်ပေါ်ဖို့ အထူးမျှော်လင့်ပါတယ်။ ကျွန်တော် မျှော်လင့်သလိုပဲ ပြည်သူလူထုကလည်း မျှော်လင့်တကြီး စောင့်မျှော်နေမယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ NUG အစိုးရဟာ အတိတ်က ဖြစ်ခဲ့တဲ့ နိုင်ငံရေး အမှားတွေကို သင်ခန်းစာယူရပါလိမ့်မယ်။ အထူးသဖြင့် ကျွန်တော့်အနေနဲ့ ပြောချင်တာ တစ်ခုကတော့ NUG အစိုးရဟာ လေလှိုင်းထဲက အစိုးရမဖြစ်စေရဘူး ဆိုတဲ့ ခံယူချက်ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ လက်တွေ့ကျတဲ့ နိုင်ငံရေးအလုပ်တွေကိုလည်း လုပ်မယ်။ ဖြစ်သင့်တာတွေကို ဖြစ်နိုင်ချေရှိလာအောင်လည်း ကြိုးစားကြမယ်။ အထူးသဖြင့် ပြည်သူလူထုကို လက်တွေ့ရလဒ်နဲ့ သက်သေပြချင်ပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင် လက်တွေ့နိုင်ငံရေးရလဒ်/ လက်တွေ့ စစ်ရေးရလဒ်တွေနဲ့ပဲ ပြည်သူလူထု ယုံကြည်မှုရအောင် စည်းရုံးကြရန်လည်း ယာယီသမ္မတက တိုက်တွန်းပြောပါတယ်။
========================
📌📌 ၂။ “ပါဝင်လက်တွဲ တနင်္သာရီအောင်ပွဲ” ဒေါ်လာတစ်သိန်း ရန်ပုံငွေရှာဖွေပွဲအား ဇန်နဝါရီ ၁၅ ရက် ကျင်းပမယ်
“ပါဝင်လက်တွဲ တနင်္သာရီအောင်ပွဲ” ဒေါ်လာတစ်သိန်း စီမံကိန်းပထမဦးဆုံးရန်ပုံငွေရှာဖွေပွဲအား ဇန်နဝါရီ ၁၅ ရက် ကျင်းပမယ်လို့ တနင်္သာရီစစ်ဒေသခွဲ၊ ကွပ်ကဲရေးအဖွဲ့ကအသိပေးဖော်ပြပါတယ်။ ပထမဦးဆုံးရန်ပုံရှာဖွေပွဲ မိတ်ဆက်ပွဲအခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းနဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ လူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်း၊ ကာကွယ်ရေးဒုဝန်ကြီး နိုင်ကောင်းရွက်တို့တက်ရောက်ကြမှာဖြစ်ပါတယ်။
“တနင်္သာရီအောင်ပွဲသို့” စီမံကိန်းအောင်မြင်မှုအတွက် အာရှ၊ ဥရောပ၊ အမေရိကနိုင်ငံတွေမှာ ရန်ပုံငွေရှာဖွေပွဲ လေးကြိမ်တိုင်တိုင် ကျင်းပ သွားဖို့ ရှိပါတယ်။ ပထမဆုံး ရန်ပုံငွေရှာဖွေပွဲကိုတော့ လာမယ့် ဇန်နဝါရီ ၁၅ ရက်ရက်နဲ့ဒုတိယပွဲကို ဇန်နဝါရီ ၂၈ ရက်၊တတိယပွဲကို ဖေဖော်ဝါရီ ၅ ရက် နောက်ဆုံးပွဲကို ဖေဖော်ဝါရီ ၂၆ ရက် တွေမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
“စီမံကိန်းရဲ့ ရည်ရွယ်ချက်”“တနင်္သာရီတော်လှန်ရေးရှေ့တစ်ဆင့်တက်ပြီး စစ်အာဏာရှင်စနစ်ကိုအပြီးသတ်ဖယ်ရှားမယ့် ခုခံတွန်းလှန်စစ် ဆင်နွှဲနိုင်ရေးအတွက် အရေးပေါ်လိုအပ်ချက်တွေဖြည့်ဆည်းသွားဖို့”ရည်ရွယ်ထားပါတယ်။
========================
📌📌 ၃။ နွေဦးတော်လှန်ရေးမှာ နေသာသလိုနေနေတဲ့ လူတွေကို လိပ်ပြာလုံရဲ့လားလို့ လူ့အခွင့်ရေးရာဝန်ကြီးမေးခွန်းထုတ်
နွေဦးတော်လှန်ရေးမှာနေသာသလိုနေနေတဲ့ လူတွေကို လိပ်ပြာလုံရဲ့လားလို့ လူ့အခွင့်ရေးရာဝန်ကြီးအောင်မျိုးမင်းက ဇန်နဝါရီ ၉ ရက်နေ့တွင် လူမှုကွန်ရက်မှာမေးခွန်းထုတ်မေးမြန်းလိုက်ပါတယ်။
"အသတ်မခံဘဲ အသေခံခဲ့တဲ့ ပြည်သူတွေ၊အဆိပ်သောက်ပြပြီး လက်နက်ကို ရအောင်ယူခဲ့တဲ့ ပြည်သူတွေ၊ဒဏ်ရာရတာတောင် ရှေ့တန်းပြန်ထွက်ဖို့ ယောင်ယမ်းအော်နေတဲ့ ရဲဘော်တွေ၊သူတို့တွေ လိပ်ပြာလုံကြသလို သင်ရော လိပ်ပြာလုံရဲ့လား"လို့ဝန်ကြီးကဆိုပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုနဲ့အတူ နွေဦးတော်လှန်ရေးဟာ ပေါ်ပေါက်ခဲ့ပါတယ်။
========================
📌📌 ၄။ စစ်ကိုင်းတိုင်းဒေသကြီး၊အထူးအုပ်ချုပ်ရေးဒေသအတွင်းရှိ ခန့်အပ်ပြီး CDM ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များအားပြည်သူ့ရဲလုပ်ငန်းနှင့် ပြည်သူ့လုံခြုံရေး လုပ်ငန်းဝင်သင်တန်းဖွင့်လှစ်ပို့ချ
စစ်ကိုင်းတိုင်းဒေသကြီး၊အထူးအုပ်ချုပ်ရေးဒေသအတွင်းရှိ ခန့်အပ်ပြီး CDM ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များအားပြည်သူ့ရဲလုပ်ငန်းနှင့် ပြည်သူ့လုံခြုံရေး လုပ်ငန်းဝင်သင်တန်းဖွင့်လှစ်ပို့ချခဲ့တယ်လို့ ဇန်နဝါရီ၁၀ရက်နေ့မှာ ပြည်ထဲရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။
"စစ်ကိုင်းတိုင်းဒေသကြီး၊အထူးအုပ်ချုပ်ရေးဒေသအတွင်းရှိ ခန့်အပ်ပြီး CDM ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များ(ပြည်သူ့ရဲတပ်ဖွဲ့ဝင်အဖြစ်လျှောက်ထားသူများ)အား မြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ပြည်သူ့ရဲလုပ်ငန်းနှင့် ပြည်သူ့လုံခြုံရေးလုပ်ငန်းဝင်သင်တန်းအမှတ်စဉ်(၂/၂၀၂၃)ကို ဇန်နဝါရီ ၉ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါတယ်"လို့ဖော်ပြပါတယ်။
အဆိုပါသင်တန်းကို (၉.၁ .၂၀၂၃) ရက်နေ့မှ (၆.၂.၂၀၂၃) ရက်နေ့ထိ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ အမှုစစ်လုပ်ငန်းများ၊ ဦး/ရေး/ထောက်ဆိုင်ရာ လုပ်ငန်းများအားမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်တရားရေးတာဝန်ခံတို့မှ သင်ကြားပို့ချခဲ့ပါတယ်။
========================
📌📌 ၅။ ပုလဲမြို့နယ်အတွင်း ဂိတ် (၉) ဂိတ်ဖြင့် ကောက်ခံရရှိသော အခွန်ငွေ ကျပ်သိန်း ၄၆၀ ကျော်ထဲမှ ၃၀ ရာခိုင်နှုန်း NUG ရဲ့ စီမံဘဏ္ဍ ဝန်ကြီးဌာနကို ပေးသွင်းနိုင်ခဲ့
ပုလဲမြို့နယ်အတွင်း ဂိတ် (၉) ဂိတ်ဖြင့် ကောက်ခံရရှိသော အခွန်ငွေ ကျပ်သိန်း ၄၆၀ ကျော်ထဲမှ ၃၀ ရာခိုင်နှုန်း NUG ရဲ့ စီမံဘဏ္ဍ ဝန်ကြီးဌာနကို ပေးသွင်းနိုင်ခဲ့ကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကအသိပေးဖော်ပြဆိုပါတယ်။
" ပုလဲမြို့နယ်အတွင်း ဂိတ်(၉)ဂိတ်ဖြင့် ကောက်ခံရရှိသော အခွန်ငွေရှင်းတမ်းပြုလုပ်ပြီး NUG ရဲ့ဘဏ္ဍာခွဲရေးမူဝါဒနှုန်းထားအတိုင်း ခွဲဝေပေးခဲ့ပါတယ်။၂၀၂၂ဒီဇင်ဘာလ ရရှိအခွန်ငွေစုစုပေါင်းမှာ ဂိတ်(၉)ဂိတ် အသုံးစရိတ်နုတ်ပြီး 46,011,000ကျပ်ရရှိပါတယ်။ ထိုငွေများထဲမှNUGဘဏ္ဍာခွန်ဝန်ကြီးဌာန ၃၀ ရာခိုင်နှုန်း 13,803,300 ကျပ်၊"ပအဖ" လုပ်ငန်းစဉ်၃၀ရါခိုင်နှုန်း 13,803,300 ကျပ်၊ "ပကဖ"လုပ်ငန်းစဉ် ၄၀ရါခိုင်နှုန်း 18,404,400 ကျပ်တို့ ခွဲဝေခဲ့တယ်"လို့ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ ဘဏ္ဍာခွဲဝေရေးနှင့် လစဉ်အစည်းအဝေးကို ဇန်နဝါရီ ၆ ရက်နေ့က ကျင်းပခဲ့ပါတယ်။ "ပအဖ"လုပ်ငန်းစဉ်အတွက်ရရှိသော အခွန်ငွေများကို လူသားစာနာ၊ကျန်းမာရေး၊ပညာရေး၊ဖွံ့ဖြိုးရေး၊ရုံးအသုံးစရိတ်တို့အတွက် အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ခွဲတမ်းချ၍ သက်ဆိုင်ရာတာဝန်ခံများကို ခွဲဝေပေးခဲ့တယ်လို့ဖော်ပြပါတယ်။ "ပကဖ"လုပ်ငန်းစဉ်အတွက်ရရှိသော အခွန်ငွေများကို မြို့နယ် "ပကဖ" အဖွဲ့ဝင်များ၊ပုလဲမြို့နယ်အခြေစိုက် PDF တပ်ရင်းများနှင့် တိုက်နယ် "ပကဖ"များ မျက်နှာစုံညီ ခွဲတမ်းချ အသုံးပြုသွားမယ်လို့ဆိုပါတယ်။
========================
📌📌 ၆။ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်မှာတိုက်ပွဲ ဖြစ်၍ စစ်ကြောင်းမှူးအပါအဝင်စကစတပ်က၈ဦးထက်မနည်းသေဆုံး
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်မှာတိုက်ပွဲ ဖြစ်၍ စစ်ကြောင်းမှူးအပါအဝင်စကစတပ်က၈ဦးထက်မနည်းသေဆုံးခဲ့ကြောင်းကို ဇန်နဝါရီ ၁၀ ရက်မှာ ဟုမ္မလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ HPDF124 တပ်ရင်းကအတည်ပြုပါတယ်။
"ဇန်နဝါရီ ၅ ရက် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ နတ်နန်းမှော်ဈေးတန်းဂိတ်အား စစ်အုပ်စုနှင့် ၎င်း၏လက်ဝေခံ SNA တပ်တို့သည် ပူးပေါင်းအင်အား (၁၀၀) ဝန်းကျင်ဖြင့် နံနက် ဝေလီဝေလင်း (၅) နာရီ အချိန်ခန့်တွင် အလစ်အငိုက် ဝင်ရောက်စီးနှင်းခဲ့ရာ ကျည် အနည်းငယ်နှင့် စစ်အသုံးအဆောင် ပစ္စည်းအချို့ သိမ်းဆည်းခံခဲ့ရပါတယ်။ ရဲဘော်များမှာမူ ဘေးမသီရန်မခ ပြန်လည်ပစ်ခတ်ဆုတ်ခွာနိုင်ခဲ့ပါတယ်"လို့ဆိုပါတယ်။
ထို့နောက် ဇန်နဝါရီ (၈) ရက်နေ့ထိ စစ်အုပ်စုနှင့် SNA ဖက်မှ မလျော့သော အင်အားဖြင့် လက်နက်ကြီး၊ လက်နက်ငယ် ဖြည့်တင်းအင်အားနှင့် ဆက်တိုက်စစ်ကြောင်းထိုးခဲ့သဖြင့် ခန္တီးခရိုင် တပ်ရင်း (၁) ဟုမ္မလင်း ၊ HPDF-124 ၊ မိုးကြိုး ၊ HPDF မဟာမိတ် တပ်ပေါင်းစုဖက်မှ တန်ပြန်ခုခံကာကွယ်နိုင်ခဲ့ကြကာရဲဘော် တစ်ဦးမှာ မစိုးရိမ်ရ ရှပ်ထိဒဏ်ရာ ရရှိခဲ့ပါတယ်။
စစ်အုပ်စုနှင့် SNA ဖက်မှ စစ်ကြောင်းမှူးအပါအဝင် တိုက်ပွဲအတွင်း ခန့်မှန်းမျက်မြင် (၈)ဦးထက်မနည်း သေဆုံးပြီး ၊ အထိအခိုက် ဒဏ်ရာရများပြားကြောင်း သတင်းရပြီး ဒဏ်ရာရသူများအား နောင်ပိုအောင်ဆေးရုံတွင် ဆေးကုသနေကြောင်းကြားသိရပါတယ်။ ဇန်နဝါရီ (၉)ရက်နေ့တွင် နယ်မြေရှင်းလင်းရေးလုပ်ဆောင်စဉ် စစ်အုပ်စုတပ်သား အလောင်း နှစ်လောင်း နှင့် ကျည် ၊ ကျည်ဘောက် ၊ လက်ကိုင်ဖုန်း ၊ လက်နက်ကြီး အဆံ ၊ စသော စစ်အသုံးအဆောင် ပစ္စည်းများကို ရှာဖွေရှင်းလင်း သိမ်းဆည်းနိုင်ခဲ့ပါတယ်။
========================
📌📌 ၇။ ရောင်နီလာရာလမ်း ရုပ်ရှင်ဇာတ်လမ်းကို နိုင်ငံအနှံ့ ပြသပေးဖို့စီစဥ်နေပြီလို့ ဒါရိုက်တာကိုပေါက်အသိပေး
ရောင်နီလာရာလမ်း ရုပ်ရှင်ဇာတ်လမ်းကို ဖေဖော်ဝါရီ၄ရက်နေ့ကစတင်ကာ နိုင်ငံအနှံ့ ပြသပေးဖို့စီစဥ်နေပြီလို့ ဒါရိုက်တာကိုပေါက်အသိပေးဆိုလိုက်ပါတယ်။
"ရောင်နီလာမယ့်နှစ်အတွက်ရောင်နီလာရာလမ်းကို ဆက်လျှောက်နေပါတယ်။၂၀၂၃ ဖေဖဝါရီလ ၄/၅ ရက်နေ့မှစ၍ နိုင်ငံအနှံ့ပြသပေးဖို့ စီစဉ်နေပါပြီ။ ကျနော့ရဲ့ အနုပညာသမားဘဝ၊ တော်လှန်ရေးသမားဘဝအစရှ်ိတဲ့ ဘဝနှစ်ခုအတွင်း ပြောင်းလဲသွားခဲ့သောအခြေအနေများကို တင်ပြလို့ရသော အကန့်အသတ်အတွင်းကနေ တင်ပြသွားမယ့်မှတ်တမ်းရုပ်ရှင်ဖြစ်ပါတယ်"လို့ဆိုပါတယ်။ မသောက်မိသော မိုးခါးရေရုပ်ရှင်ဇာတ်လမ်းတိုတုန်းက ပြသချိန် မိနစ်၃၀ ဖြစ်တဲ့အတွက် ကြည့်ရတာအားမရတဲ့ တော်လှန်ရေးမိဘပြည်သူများအတွက် “ရောင်နီလာရာလမ်း”Documentaryဟာပြသချိန် ၁:၄၅ မိနစ်ကြမြင့်မှာဖြစ်တယ်လို့ဆိုပါတယ်။
========================
📌📌 ၈။ နေသာတဲ့နေ့ တေးပြဇာတ်ကို ဇန်နဝါရီ ၂၉ ရက်တင်ဆက် ပြသမယ်
San Francisco Bay Area က မျှော်လင့်တောင့်တနေကြတဲ့ ပရိတ်သတ်တွေအတွက် နေသာတဲ့နေ့ တေးပြဇာတ်ကို ဇန်နဝါရီ ၂၉ ရက်တင်ဆက် ပြသမယ်လို့သတင်းရရှိပါတယ်။
နေသာတဲ့နေ့ဟာမြန်မာစစ်တပ်ရဲ့ ၂၀၂၁ ခု ဖေဖေါ်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းမှုအပြီး မြန်မာပြည်သူပြည်သားများရဲ့ ဆုံးရှုံဲးရမှုများ၊ နာကျင်ကြေကွဲရမှုများနဲ့ မျှော်လင့်ချက်များ၊ စိတ်အားထက်သန်မှုများကို ထင်ဟပ်ထားတဲ့၊ တကယ့်ဖြစ်ရပ်မှန်များအပေါ် အခြေခံတဲ့ မြန်မာ့ နွေဦးတော်လှန်ရေး တေးပြဇာတ်ဖြစ်ပါတယ်။
ဒီတေးပြဇာတ်မှာ အခန်းပေါင်း ၄၀ ကျော် ပါဝင်ပြီး၊ ကိုယ်ပိုင် သံစဉ်သီချင်းပေါင်း ၂၈ ပုဒ်အပါအဝင် အဓိက ဇာတ်ကောင် ၁၄ ဦးနဲ့တစ်ချို့အကတွေမှာ လူ နှစ်ဆယ်ကျော် စင်ပေါ်မှာ တပြိုင်နက်တည်း ကပြနေတာ မြင်တွေ့ရမှာလည်းဖြစ်ပါတယ်။
"တေးပြဇာတ် တင်ပြရတာမှာ ဇာတ်ရုံ ရဲ့ စက်မှုပိုင်း၊ အသံ၊ မီးအလင်းအမှောင် တို့ကို အသုံးပြုပြီး ကိုယ်ပေးချင်တဲ့ ခံစားမှုကိုရအောင် ဖန်တီးရတာဟာ ခက်ခဲရှုပ်ထွေးပါတယ်။ လူတွေအများကြီးနဲ့ အင်အားစိုက် အချိန်ပေးပြီးလုပ်ကြရပါတယ်။ အဖွဲ့သားတွေ အနေနဲ့ ကိုယ် ယုံကြည်ရာ တစ်ခု အတွက်၊ တော်လှန်ရေး အရှိန်အဟုန်မြှင့်တင်နိုင်ဖို့အတွက် အနုပညာနဲ့ တတပ်တအား ကြိုးစားနေကြပါတယ်။ ကဲ A Sunny Day နေသာတဲ့နေ့ ကိုအားပေးဖ်ို့အသင့်ဖြစ်နေလောက်ပြီထင်ပါတယ်။တော်လှန်ရေးအတွက် ထပ်ပြီးအားထည့်ပေးကြပါအုံးလို့"ဒါရိုက်တာကိုပေါက်ကလည်းဆိုထားပါတယ်။ နေသာတဲ့နေ့တေးပြဇာတ်ကို၂၀၂၃ ခုနှစ် ဇန္နဝါရီလ ၂၉ ရက် တနင်္ဂနွေနေ့ မှာ Hayward မှာရှိတဲ့ Chabot College က Theater မှာ တင်ဆက်ကပြ မှာဖြစ်ပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment