၂၀၂၃ ဇန်နဝါရီလ ၁၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ စစ်ရေးစိုးမိုး ဧရိယာတွေမှာ ပြည်သူ့အုပ်ချုပ်ရေးယန္တရား စနစ်တကျ အသက်ဝင်ဖို့ယာယီသမ္မတပြောကြား
📌 ၂။ NUG အစိုးရကို အားမနာတမ်း ဝေဖန် အကြံပြုကြဖို့ဖိတ်ခေါ်လိုက်
📌 ၃။ အကြမ်းဖက် စစ်အုပ်စုရဲ့ ညှင်းပန်းနှိပ်စက်မှုများ၊ မတရားသတ်ဖြတ်မှုများနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများထံ ပေးပို့၍ တရားမျှတမှု ဖော်ဆောင်ရန် ပြည်ထောင်စုဝန်ကြီးချုပ်ဆို
📌 ၄။ ချင်းပြည်နယ် ထန်တလန်အတွင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ရာ လူသုံးဦးသေဆုံး
📌 ၅။ ဖယ်ခုံမြို့နယ်အနောက်ကယန်းအုပ်စုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ တိုက်လေယာဥ်ဖြင့် လာရောက်ခြိမ်းခြောက် ပျံဝဲခဲ့၍စာသင်ကြားနေတဲ့ ကျောင်းသားကလေးငယ်များပုန်းခိုခဲ့ရ
📌 ၆။ မုံရွာ နမခမှ စကစတပ်များလိုက်ပါလာတဲ့ အမြန်ရေယာဥ်ကို ကာကွယ်ရေးတပ်များ ဝိုင်းဝန်းတိုက်ခိုက်
📌 ၇။ အကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင်ရွေးကောက်ပွဲတွင် ပူးပေါင်းပါဝင်ခြင်း မပြုရန် ဆိပ်ဖြူ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သတိပေးထုတ်ပြန်
📌 ၈။ ဒီပဲယင်းမြို့နယ် အင်တိုင်းလေးကျေးရွာမှာ အကြမ်းဖက်စကစတပ်များကျေးရွာကို မီးရှို့ဖျက်ဆီးမှုကြောင့် မတိမ်းရှောင်နိုင်သည့် အဘိုးတစ်ဦး မီးလောင်သေဆုံး
📌 ၉။ စစ်ကိုင်းတိုင်း မြောင်မြို့နယ် တွင် ကင်းပတ်နေသောစကစတပ်များကို မိုင်းခွဲတိုက်ခိုက်ရာ တစ်ဦးသေ၊ တစ်ဦးပြင်းထန်ဒဏ်ရာရ
📌 ၁၀။ ညောင်လေးပင်မြို့နယ် ပိန်းဇလုပ်မြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ (၂၆၄) တပ်ဝန်းထဲသို့ လက်နက်ကြီးနဲ့ပစ်ခတ်ရာတပ်ရင်းမှူးအိမ်ရှေ့တည့်တည့်သို့ ကျည်ကျပေါက်ကွဲပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၁) ဦး သေဆုံးခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ စစ်ရေးစိုးမိုး ဧရိယာတွေမှာ ပြည်သူ့အုပ်ချုပ်ရေးယန္တရား စနစ်တကျ အသက်ဝင်ဖို့ယာယီသမ္မတပြောကြား
စစ်ရေးစိုးမိုး ဧရိယာတွေမှာ ပြည်သူ့အုပ်ချုပ်ရေးယန္တရား စနစ်တကျ အသက်ဝင်ဖို့ယာယီသမ္မတ ဒူဝါလရှီးလကပြောပါတယ်။ ဇန်နဝါရီ (၁၀) ရက် အမျိုးသားညီညွတ်ရေးအစိုးရ၏ (၈၂) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ကပြောကြားခဲ့ပါတယ်။
"လက်ရှိ အခြေအနေမှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စစ်ရေးစိုးမိုးဧရိယာတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတာကို နွေဦးတော်လှန်ရေးရဲ့ အားသာချက်အဖြစ် ရှုမြင်ဖို့လိုအပ်ပါတယ်။ စစ်ရေးစိုးမိုး ဧရိယာတွေမှာ ပြည်သူ့အုပ်ချုပ်ရေးယန္တရား စနစ်တကျ အသက်ဝင်ဖို့ကိစ္စကို အထူးပြုလုပ်ဆောင်ဖို့လည်း ပြောချင်ပါတယ်။ စစ်ရေးစိုးမိုးနယ်မြေတွေမှာ အုပ်ချုပ်ရေးယန္တရားကို လက်တွေ့ကျကျ အသက် မသွင်း နိုင်ရင် အဲသည့်နေရာမှာ တကယ်ခုခံတော်လှန်နိုင်တာ မဟုတ်သေးဘူးလို့ တွက်ဆနိုင်ပါတယ်။ ဒါ့ကြောင့် စစ်ရေးနဲ့ အုပ်ချုပ်ရေးကို ယှဉ်တွဲတည်ဆောက်မှသာ တော်လှန်ရေးနယ်မြေတွေကို ခြေကုတ် မြဲမြဲနဲ့ ရရှိနိုင်မယ်လို့ ပြောချင်ပါတယ်"လို့ ယာယီသမ္မတက ဆိုပါတယ်။
ဒါ့အပြင် ယခု လျှောက်လှမ်းနေတဲ့ နွေဦးတော်လှန်ရေးမှာ ပြတ်သားတဲ့ နိုင်ငံရေးရည်မှန်းချက် တိတိကျကျ ရှိထားပြီးနိုင်ငံရေးရည်မှန်းချက်တွေဟာ ဖြစ်နိုင်ချေရှိတဲ့ ရည်မှန်းချက်တွေ ဖြစ်တယ်လို့ ယာယီသမ္မတက ထပ်လောင်းဆိုပါတယ်။
========================
📌📌 ၂။ NUG အစိုးရကို အားမနာတမ်း ဝေဖန် အကြံပြုကြဖို့ဖိတ်ခေါ်လိုက်
NUG အစိုးရကို အားမနာတမ်း ဝေဖန် အကြံပြုကြဖို့ယာယီသမ္မတ ဒူဝါလရှီးလက ဖိတ်ခေါ်ပြောကြားလိုက်ပါတယ်။ ဇန်နဝါရီ (၁၀) ရက်နေ့ မြေပြင်မှ သပိတ်အင်အားစုများ အဖွဲ့ပေါင်း (၁၂) ဖွဲ့နှင့်တွေ့ဆုံရာမှာ ယာယီသမ္မတ ဒူဝါလရှီးလကပြောပါတယ်။
"တစ်လက်စတည်း ကျွန်တော့်အနေနဲ့ မေတ္တာရပ်ခံချင်တာလည်း ရှိပါတယ်။ အဲဒါကတော့ ကျွန်တော်တို့ NUG အစိုးရကို အားမနာတမ်း ဝေဖန် အကြံပြုကြဖို့လည်း အနူးညွတ် မေတ္တာရပ်ခံချင်ပါတယ်။ ကျွန်တော်တို့ဟာ ဘယ်သောအခါမှ “ငါတကော ကောပြီး” လုပ်ဆောင်တာမျိုး မဖြစ်စေရပါဘူး။ လူထုသဘောထား ဆန္ဒနဲ့ အညီသာ အစဉ်တစိုက် လုပ်ဆောင်ဖို့ ကြိုးစားကြပါတယ်။ ဒါ့အပြင် အသက်အရွယ် ဖြတ်သန်းမှုအားဖြင့် ငယ်ရွယ်ပေမယ့် တော်လှန်သောသပိတ်အင်အားစုအသီးသီးမှာ ပါဝင်နေတဲ့ လူငယ်တွေကို လေးစားတန်ဖိုးထားမှု မလျော့ခဲ့ဘူး ဆိုတာ အသိပေးချင်ပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဝေဖန်အကြံပြုချက်တွေကို တိုက်ရိုက်အားဖြင့်လည်းကောင်း / သွယ်ဝိုက်သော နည်းအားဖြင့် လည်းကောင်း ရရှိအောင် အမြဲမပြတ် ကြိုးစားနေတယ်လို့ ယာယီသမ္မတက ဆိုပါတယ်။
========================
📌📌 ၃။ အကြမ်းဖက် စစ်အုပ်စုရဲ့ ညှင်းပန်းနှိပ်စက်မှုများ၊ မတရားသတ်ဖြတ်မှုများနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများထံ ပေးပို့၍ တရားမျှတမှု ဖော်ဆောင်ရန် ပြည်ထောင်စုဝန်ကြီးချုပ်ဆို
အကြမ်းဖက် စစ်အုပ်စုရဲ့ ညှင်းပန်းနှိပ်စက်မှုများ၊ မတရားသတ်ဖြတ်မှုများနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများထံ ပေးပို့၍ တရားမျှတမှု ဖော်ဆောင်ရန် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကဆိုပါတယ်။
ဇန်နဝါရီ(၁၀) ရက်အမျိုးသားညီညွတ်ရေးအစိုးရ၏ (၈၂) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကဆိုပါတယ်။
"ပြီးခဲ့တဲ့ ၅ ရက်နေ့နဲ့ ၆ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ပုသိမ်ထောင်တွင်း အကြမ်းဖက် ညှင်းပန်းနှိပ်စက်မှုဖြစ်စဉ်ဟာဆိုရင် အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ ထောင်ဝန်ထမ်းတွေရဲ့ ဆိုးရွားလွန်းတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ဒါကြောင့် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အခုဖြစ်စဉ်အပါအဝင် အကျဉ်းထောင်အတွင်း အကြမ်းဖက်မှုများ၊ ညှင်းပန်းနှိပ်စက်မှုများ၊ မတရားသတ်ဖြတ်မှုများနဲ့ ပတ်သက်ပြီး မှတ်တမ်းတင်ထိန်းသိမ်းကာ သက်ဆိုင်ရာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများထံ ပေးပို့ခြင်း စသဖြင့် နည်းလမ်းအမျိုးမျိုးနဲ့ တရားမျှတမှု ဖော်ဆောင်ရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ကတိပြုပါတယ်"လို့ဝန်ကြီးချုပ်ကဆိုပါတယ်။
ဒါ့အပြင် တော်လှန်ရေးဟာ နေရာတိုင်းမှာ အရှိန်အဟုန်နဲ့ သွားနေချိန်မို့ တော်လှန်ရေးအင်အားစုတွေဘက်က အားသာမှုတွေ၊ အောင်မြင်မှုတွေကို ကြားသိရလို့ ဝမ်းသာအားတက်မှုတွေ ဖြစ်ရသလို ပြည်သူတွေ ပုံစံမျိုးစုံနဲ့ ဒုက္ခခံနေရတာ၊ အသက်ဆုံးရှုံးမှုတွေ ဖြစ်နေရတာကို ကြားသိရတာ အင်မတန် ဝမ်းနည်း စိတ်မကောင်းဖြစ်ရတယ်လို့ ဝန်ကြီးချုပ်ကထပ်လောင်းဆိုပါတယ်။
========================
📌📌 ၄။ ချင်းပြည်နယ် ထန်တလန်အတွင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ရာ လူသုံးဦးသေဆုံး
ချင်းပြည်နယ် ထန်တလန်အတွင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ရာ လူသုံးဦးသေဆုံးခဲ့ပါတယ်။ ဇန်နဝါရီ ၁၀ ရက် ညနေ ၃ နာရီ ၂၅ မိနစ်အချိန် စကစတပ်လေယာဥ်များက ဗုံးကြဲချခဲ့တာလို့ Chin Human Rights Organizationကထုတ်ပြန်ပါတယ်။
"အိန္ဒိယစံတော်ချိန် ညနေ ၃ နာရီ ၂၅ မိနစ်ခန့်တွင် ဗုံး ၅ လုံး ကြဲချခဲ့သဖြင့် အနည်းဆုံး လူ ၃ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်"လို့ဖော်ပြပါတယ်။ ပစ်မှတ်များသည် နိုင်ငံတကာ နယ်နိမိတ်မျဉ်းဘေးတွင် တည်ရှိနေသောကြောင့် တိုက်လေယာဉ်များသည် အိန္ဒိယလေပိုင်နက်အတွင်းသို့ ပျံတက်သွားဖွယ်ရှိတယ်လို့လည်း မျက်မြက်သက်သေများပြောကြားချက်ကိုဖော်ပြထားပါတယ်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုဟာချင်းပြည်နယ် ထန်တလန်မြို့နယ်အတွင်းရှိ ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် (CNF/CNA)ဌာနချုပ်ကို တိုက်ခိုက်တာဖြစ်တယ်လို့လည်း ဒေသ သတင်းများထွက်ပေါ်လျက်ရှိပါတယ်။
========================
📌📌 ၅။ ဖယ်ခုံမြို့နယ်အနောက်ကယန်းအုပ်စုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ တိုက်လေယာဥ်ဖြင့် လာရောက်ခြိမ်းခြောက် ပျံဝဲခဲ့၍စာသင်ကြားနေတဲ့ ကျောင်းသားကလေးငယ်များပုန်းခိုခဲ့ရ
ဖယ်ခုံမြို့နယ်အနောက်ကယန်းအုပ်စုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ တိုက်လေယာဥ်ဖြင့် လာရောက်ခြိမ်းခြောက် ပျံဝဲခဲ့၍စာသင်ကြားနေတဲ့ ကျောင်းသားကလေးငယ်များပုန်းခိုခဲ့ရပါတယ်။ ဇန်နဝါရီ ၁၀ ရက် နံနက် ၈ နာရီ မိနစ် ၄ဝ အတွင်းမှာ တိုက်လေယာဥ်ဟာ ပျံဝဲခဲ့တာလို့ UKSY ကဖော်ပြပါတယ်။
ဖယ်ခုံမြို့နယ်အနောက်ကယန်းအုပ်စုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ယနေ့ နံနက် ၈ နာရီ မိနစ် ၄ဝ အတွင်းမှာ တိုက်လေယာဥ်ဖြင့် လာရောက်ခြိမ်းခြောက် ပျံဝှဲခဲ့ပြီး နာရီဝက်ကျော်ကြာမြင့်ခဲ့ပါတယ်လို့ဆိုပါတယ်။ စစ်ကောင်စီတပ်၏ နာရီဝက်ကျော် တိုက်လေယာဥ်ပျံသန်းမှုကြောင့် ကျောင်းတက်နေသည့် ကျောင်းသူ၊ ကျောင်းသားများထွက်ပြေးတိမ်းရှောင် ပုန်းခိုခဲ့ရပါတယ်။
========================
📌📌 ၆။ မုံရွာ နမခမှ စကစတပ်များလိုက်ပါလာတဲ့ အမြန်ရေယာဥ်ကို ကာကွယ်ရေးတပ်များ ဝိုင်းဝန်းတိုက်ခိုက်
စစ်ကိုင်းတိုင်း မုံရွာ နမခမှ စကစတပ်များလိုက်ပါလာတဲ့ အမြန်ရေယာဥ်ကို ကာကွယ်ရေးတပ်များ ဝိုင်းဝန်းတိုက်ခိုက်ခဲ့ပါတယ်။ ဇန်နဝါရီ ၁၀ ရက် မနက် ၇ နာရီ ၄၀ အချိန် စုန်ဆင်းလာသော အမြန်ယာဥ် တစ်စီးအား တိုက်ခိုက်ခဲ့တယ်လို့ Black Shadow PDF ကအတည်ပြုဆိုပါတယ်။
"ဇန်နဝါရီ၁၀ရက် မနက်၇နာရီ၄၀အချိန် န မ ခ မှ စကစတပ်များစုန်ဆင်းလာသော အမြန်ယာဥ် တစ်စီးအား ပွိုင့်အသီးသီးခွဲကာ တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။ စစ်ဆင်ရေးကို Black Shadow .pdf.နင့် Black Vote Fighter.အဖွဲ့၊Salingyi G.Z People's Defence Forceအဖွဲ့ တခြားမဟာမိတ်ညီနောင်အဖွဲ့များပါဝင်ခဲ့ပါတယ်။ ရေယာဥ်ထိခိုက်ပျက်စီးမှုကိုအတည်ပြုစုံစမ်းနေဆဲ ဖြစ်ပါတယ်။
========================
📌📌 ၇။ အကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင်ရွေးကောက်ပွဲတွင် ပူးပေါင်းပါဝင်ခြင်း မပြုရန် ဆိပ်ဖြူ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သတိပေးထုတ်ပြန်
အကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင်ရွေးကောက်ပွဲတွင် ပူးပေါင်းပါဝင်ခြင်း မပြုရန် ဆိပ်ဖြူ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သတိပေးထုတ်ပြန်လိုက်ပါတယ်။ ဇန်နဝါရီလ (၁၀) ရက်နေ့ မှာ အမိန့်ကြေညာစာအမှတ် (၁/၂၀၂၃)ကို ဆိပ်ဖြူ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကအသိပေးထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင်အတုအယောင် ရွေးကောက်ပွဲအတွက် ဆိပ်ဖြူ မြို့နယ်အတွင်းတွင် စစ်ကောင်စီ လက်ကိုင်တုတ်များဖြစ်သော အုပ်ချုပ်ရေးအဖွဲ့များ နှင့် လဝကအဖွဲ့များက လူဦးရေ နှင့် သန်းခေါင်စာရင်းများကို အတင်းအကျပ်ကောက်ခံနေကြောင်း သိရပါတယ်လို့ဖော်ပြပါတယ်။
အဆိုပါ အကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင်အတုအယောင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဆိပ်ဖြူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန အမိန့်ကြေညာစာအမှတ် (၂/၂၀၂၃) နှင့်အညီ ထုတ်ပြန်ကြေညာလိုက်တယ်လို့ဖော်ပြပါတယ်။
(က) ပြည်သူများအနေဖြင့် ဇန်နဝါရီလ (၉) ရက်နေ့မှ (၃၁)ရက်နေ့အထိ အကြမ်းဖက် ဖက်ဆစ်စစ်အုပ်စု၏ တစ်အိမ်တက်ဆင်း လူဉီးရေစာရင်းကောက်ယူခြင်းလုပ်ငန်းစဉ် ကို ငြင်းဆန်၍ မပူးပေါင်းကြရန် မေတ္တာရပ်ခံအပ်ပါတယ်။
(ခ) တစ်အိမ်တက်ဆင်း မြေပြင်လူဦးရေစာရင်း ကောက်ယူနိုင်ရေးအတွက် အားပေး အားမြှောက်ပြုဆောင်ရွက်ကြသည့် အကြမ်းဖက် ဖက်ဆစ်စစ်အုပ်စု၏ အုပ်ချုပ်ရေး အဖွဲ့များ၊ လဝကအဖွဲ့များ နှင့် အခြားမည်သည့်ဒေါက်တိုင်မဆို အကြမ်းဖက်မှု တိုက်ဖက်ရေးဉပေဒဖြင့် ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ဆိပ်ဖြူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကကြေညာပါတယ်။
========================
📌📌 ၈။ ဒီပဲယင်းမြို့နယ် အင်တိုင်းလေးကျေးရွာမှာ အကြမ်းဖက်စကစတပ်များကျေးရွာကို မီးရှို့ဖျက်ဆီးမှုကြောင့် မတိမ်းရှောင်နိုင်သည့် အဘိုးတစ်ဦး မီးလောင်သေဆုံး
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အင်တိုင်းလေးကျေးရွာမှာ အကြမ်းဖက်စကစတပ်များကျေးရွာကို မီးရှို့ဖျက်ဆီးမှုကြောင့် မတိမ်းရှောင်နိုင်သည့် အဘိုးတစ်ဦး မီးလောင်သေဆုံးခဲ့ပါတယ်။ ဇန်နဝါရီ ၁၀ ရက်နေ့မှာ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့ကအသိပေးဆိုပါတယ်။
"အင်တိုင်းလေးကျေးရွာမှာ အကြမ်းဖက်စကစတပ်များကျေးရွာကို မီးရှို့ဖျက်ဆီးမှုကြောင့်--မတိမ်းရှောင်နိုင်သည့် အဘိုးတစ်ဦး မီးလောင်သေဆုံး Dead Body တွေ့ရှိရပါတယ်"လို့ဆိုပါတယ်။
ဒီပဲယင်းမြို့နယ်တွင်း စကစတပ်မှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ တစ်လအတွင်း ကျေးရွာ ပေါင်း ၂၂ ရွာ၌ အိမ်ခြေ စုစုပေါင်း ၂၉၀၀ ကျော် မီးရှို့ဖျက်စီးခဲ့ပြီး ၊ယခုအချိန်တွင် ဒီပဲယင်းမြို့နယ်၌ အာဏာသိမ်းပြီးချိန်မှစ၍ နေအိမ် စုစုပေါင်း ၄၂၀၀ ကျော် မီးရှို့ခံခဲ့ရပြီဖြစ်ကာ စစ်ကိုင်းတိုင်းအတွင်း ပျက်စီးဆုံးရှုံးမှု အများဆုံးမြို့နယ် ဖြစ်လာခဲ့ပါတယ်။
========================
📌📌 ၉။ စစ်ကိုင်းတိုင်း မြောင်မြို့နယ် တွင် ကင်းပတ်နေသောစကစတပ်များကို မိုင်းခွဲတိုက်ခိုက်ရာ တစ်ဦးသေ၊ တစ်ဦးပြင်းထန်ဒဏ်ရာရ
စစ်ကိုင်းတိုင်း မြောင်မြို့နယ် တွင် ကင်းပတ်နေသောစကစတပ်များကို မိုင်းခွဲတိုက်ခိုက်ရာ တစ်ဦးသေ၊ တစ်ဦးပြင်းထန်ဒဏ်ရာရခဲ့ပါတယ်။
ဇန်နဝါရီ ၁၀ ရက် နံနက် ၅ နာရီ မိနစ် ၃၀ အချိန်ခန့်တွင် စစ်ကိုင်းတိုင်း မြောင်မြို့နယ် ကျောင်းရစ်ကျေးရွာမြောက်ဘက်တွင် ကင်းပတ်နေသောစကစတပ်များကိုတိုက်ခိုက်ခဲ့တယ်လို့ စစ်ကိုင်းခရိုင်တပ်ရင်းအမှတ်၄ -MSPDF မှအတည်ပြုဆိုပါတယ်။
"ဇန်နဝါရီလ ၁၀ရက်နေ့ နံနက်၅နာရီမိနစ်၃၀ အချိန်ခန့်တွင် စစ်ကိုင်းတိုင်း မြောင်မြို့နယ် ကျောင်းရစ်ကျေးရွာမြောက်ဘက်တွင် ကင်းပတ်နေသော စကစတပ်များအား စစ်ကိုင်းခရိုင်တပ်ရင်းအမှတ်၄-MSPDFမှ ဖရဲသီးချိုချိုလေး ကျွေးခဲ့ရာ စကစတပ်က၁ဦးနေရာတွင်ပွဲချင်းပြီး သေဆုံးခဲ့ပြီး၁ဦးမှာ ထိခိုက်မှုပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်"လို့ဆိုပါတယ်။ အကြမ်းဖက်စစ်တပ်မှလက်နက်ကြီးဖြင့်ပြန်လည်ပစ်ခတ်ခဲ့သော်လည်းပြည်သူ့ကာကွယ်ရေးရဲဘော်များအထိအခိုက်မရှိပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၁၀။ ညောင်လေးပင်မြို့နယ် ပိန်းဇလုပ်မြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ (၂၆၄) တပ်ဝန်းထဲသို့ လက်နက်ကြီးနဲ့ပစ်ခတ်ရာတပ်ရင်းမှူးအိမ်ရှေ့တည့်တည့်သို့ ကျည်ကျပေါက်ကွဲပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၁) ဦး သေဆုံးခဲ့
ညောင်လေးပင်မြို့နယ် ပိန်းဇလုပ်မြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ (၂၆၄)တပ်ဝန်းထဲသို့ M79 ဖြင့် (၂)ချက်ပစ်ကာ တိုက်ခိုက်ခဲ့ပါတယ်။ ဇန်နဝါရီ ၁၀ ရက်မှာ စစ်ရေးသတင်းကို BAGOPDF ကအသိပေးဖော်ပြပါတယ်။
"ပဲခူးခရိုင် PDF တပ်ရင်း ၃၇၀၂၊ တပ်ခွဲ၁ မှ ဇန်နဝါရီလ (၁၀) ရက်နေ့ နံနက် (၁၁:၄၅) နာရီ၌ ညောင်လေးပင်မြို့နယ် ပိန်းဇလုပ်မြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ (၂၆၄) တပ်ဝန်းထဲသို့ M79 ဖြင့် (၂) ချက်ပစ်ကာ တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီ၏ တပ်ရင်းမှူးအိမ်ရှေ့တည့်တည့်သို့ ကျည်ကျပေါက်ကွဲပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်(၁)ဦး သေဆုံးခဲ့သည်ဟု ကနဦးသိရကာ ထိခိုက်ပျက်စီးမှုများလည်း ရှိနိုင်ပြီး နောက်ဆက်တွဲအခြေအနေအား ထပ်မံ အတည်ပြုစုံစမ်းလျက်ရှိတယ်လို့ဖော်ပြပါတယ်။
ထို့ပြင် နေ့လယ်(၁၂:၀၀)နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ဆက်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ခင်ကန့်လန့်ရွာနှင့် ကညင်ကျိုးရွာကြားရှိ တံတား(၁)စင်းအား ဖောက်ခွဲဖျက်ဆီးခဲ့ကာ ထို့နောက် နေ့လယ်(၁၂:၃၀)နာရီခန့်တွင် စစ်ကောင်စီ၏ ထောက်ပို့ ဆက်သွယ်ရေးလမ်းကြောင်းဖြစ်သည့် အခြားတံတား(၁)စင်းအား ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။ တော်လှန်ရေးတပ်ဖွဲ့ဝင်များမှာ ဘေးအန္တရာယ်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment