၂၀၂၃ ဇန်နဝါရီလ ၁၁ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ NUG အစိုးရနဲ့ သက်ဆိုင်ရာ သပိတ်အင်အားစုအသီးသီးအကြား အပြန်အလှန် ယုံကြည်မှုရှိရေးကိုအလေးထားတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား
📌 ၂။ ၂၀၂၃ ခုနှစ်အတွက် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များအတွက် CRPH နှင့် International IDEA Myanmar တို့ တွေ့ဆုံဆွေးနွေး
📌 ၃။ မိုးကုတ်မှာ ကျောက်မျက်တူးဖော်ခွင့် ( Mining Right ) ကို တော်လှန်ရေးအပေါ် သက်ဝင်ယုံကြည်၊ အောင်မြင်လိုစိတ် ပြင်းပြတဲ့ ပြည်တွင်း၊ ပြည်ပက ရင်းနှီးမြှုပ်နှံလိုသူတွေ ဖိတ်ခေါ်မယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်အသိပေးဆို
📌 ၄။ အကြမ်းဖက် စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဟာ မြန်မာပြည်ကိုဖျက်ပြီး သီးခြားကမ္ဘာငယ် တခုကို တည်ဆောက်ဖို့ လုပ်နေကြတာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင် ပြောကြား
📌 ၅။ ၂၀၂၂ ခုနှစ်အတွင်း စင်္ကာပူဒေါ်လာ ၂.၁၁၉ မီလီယံရရှိခဲ့ပြီး တော်လှန်ရေးအဖွဲ့များကို ဆက်လက်ပေးပို့ဖို့ သိန်းပေါင်း၁၀၀၀ထောင်ကျန်ရှိတယ်လို့ Click 2donate အသိပေး
📌 ၆။ ဂန့်ဂေါမြို့နယ် အောင်မြင်ရွာမှာ ယနေ့မနက် တိုက်ပွဲ ဖြစ်၍ စကစတပ်ဘက်က ၅ ဦးထိခိုက်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ NUG အစိုးရနဲ့ သက်ဆိုင်ရာ သပိတ်အင်အားစုအသီးသီးအကြား အပြန်အလှန် ယုံကြည်မှုရှိရေးကိုအလေးထားတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား
NUG အစိုးရနဲ့ သက်ဆိုင်ရာ သပိတ်အင်အားစုအသီးသီးအကြား အပြန်အလှန် ယုံကြည်မှုရှိရေးကိုအလေးထားတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ဇန်နဝါရီလ ၁၀ ရက်နေ့တွင် မြေပြင်မှ သပိတ်အင်အားစုများ အဖွဲ့ပေါင်း (၁၂) ဖွဲ့နှင့်တွေ့ဆုံရာမှပြောကြားခဲ့တာဖြစ်ပါတယ်။
"ကျွန်တော်တို့ NUG အစိုးရဟာ နွေဦးတော်လှန်ရေးမှာ နိုင်ငံရေး / စစ်ရေးတပ်ဦးကနေ ဦးဆောင်နေတယ်လို့ ဆိုပေမယ့် တော်လှန်ရေးအင်အားစု အသီးသီး / သပိတ်အင်အားစု အသီးသီးရဲ့ ယုံကြည်မှုကို မရရင် ကျွန်တော်တို့ ရှေ့ဆက်လို့ မရပါဘူး။ ဒါ့ကြောင့် NUG အစိုးရနဲ့ သက်ဆိုင်ရာ သပိတ်အင်အားစုအသီးသီးအကြား အပြန်အလှန် ယုံကြည်မှုရှိရေးကို ကျွန်တော့်အနေနဲ့ အထူး အလေးထားကြောင်း ပြောချင်ပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင် တော်လှန်လူငယ်မျိုးဆက်တွေမှာ အတွေးအခေါ်သစ်/ အမြင်သစ်နဲ့ တီထွင်ကြံဆမှုအသစ်တွေ ရှိနေတယ်ဆိုတာ ထင်ထင်ရှားရှား မြင်တွေ့နေရတယ်လို့ ယာယီ သမ္မတ ကထပ်လောင်းပြောပါတယ်။
========================
📌📌 ၂။ ၂၀၂၃ ခုနှစ်အတွက် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များအတွက် CRPH နှင့် International IDEA Myanmar တို့ တွေ့ဆုံဆွေးနွေး
ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ဒီမိုကရေစီနှင့် ရွေးကောက်ပွဲဆိုင်ရာ အကူအညီပေးရေး နိုင်ငံတကာအဖွဲ့အစည်း (International IDEA) တို့အကြား ၂၀၂၃ ခုနှစ် အတွက် နှစ်ဖက်ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြတယ်လို့သတင်းရရှိပါတယ်။
တွေ့ဆုံဆွေးနွေးမှုတွင် CRPH ဘက်မှ တာဝန်ရှိသူများက ၂၀၂၃ ခုနှစ်အတွင်း ဆောင်ရွက်ရန် လျာထားသည့် လုပ်ငန်းအစီအစဉ်များနှင့် ပံ့ပိုးကူညီမှုရရယူလိုသည့် အပိုင်းများကို ရှင်းလင်းတင်ပြခဲ့ပြီး International IDEA ဘက်မှ တာဝန်ရှိသူများက ၎င်းတို့၏ စီမံကိန်းများနှင့် CRPH ၏ လုပ်ငန်းအစီအစဉ်များအပေါ် ပံ့ပိုးပေးနိုင်မည့် အခြေအနေများကို ဆွေးနွေးတင်ပြခဲ့ကြပါတယ်။
ထို့နောက် CRPH ၏ ၂၀၂၃ ခုနှစ်၊ လုပ်ငန်းအစီအစဉ်များအနက်မှ ပြည်တွင်းတော်လှန်ရေးအင်အားစုများနှင့် မဟာမိတ်ဆက်ဆံရေး ခိုင်မာအားကောင်းလာစေရေး၊ နိုင်ငံတကာချိတ်ဆက်ဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်ရေး၊ အသွင်ကူးပြောင်းရေးကာလအတွက် လိုအပ်မည့် အစီအမံများနှင့် CDM ပြည်သူ့ဝန်ထမ်းသူရဲကောင်းများအား ပံ့ပိုးကူညီသွားနိုင်ရေးအတွက် ဆက်လက် ညှိနှိုင်းဆွေးနွေးသွားကြရန် သဘောတူညီခဲ့ကြတယ်လို့သတင်းရရှိပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အတွင်းရေးမှူး ဦးထွန်းမြင့်နှင့် CRPH အဖွဲ့ဝင်များ၊ ဥပဒေရေးကော်မတီ၊ ပြည်သူ့ရေးရာကော်မတီ၊ ဖက်ဒရယ်ရေးရာကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီနှင့် NUCC ရေးရာကော်မတီတို့မှ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြပါတယ်။ International IDEA မှ မြန်မာနိုင်ငံဆိုင်ရာ Head of Mission ဖြစ်သူ Dr. Marcus Brand ၊ Programme Manager ဖြစ်သူ Ms. Nathalie Ebead နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၃။ မိုးကုတ်မှာ ကျောက်မျက်တူးဖော်ခွင့် ( Mining Right ) ကို တော်လှန်ရေးအပေါ် သက်ဝင်ယုံကြည်၊ အောင်မြင်လိုစိတ် ပြင်းပြတဲ့ ပြည်တွင်း၊ ပြည်ပက ရင်းနှီးမြှုပ်နှံလိုသူတွေ ဖိတ်ခေါ်မယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်အသိပေးဆို
ဇန်နဝါရီလ ၁၁ ရက်နေ့မှာ စီမံကိန်း ဘဏ္ဍာရေးနဲ့ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က အခုလိုဆိုလိုက်ပါတယ်။
"ဒီတိုက်ပွဲ မနှေးအမြန်အောင်နိုင်ဖို့ဆိုရင် လိုအပ်တဲ့ ဘဏ္ဍာရန်ပုံငွေကို အချိန်မီရှာဖွေ ထောက်ကူနိုင်ရေးက အရေးကြီးတဲ့ အခန်းကဏ္ဍတခုအဖြစ် ပါဝင်တာ အားလုံးအသိပဲဖြစ်ပါတယ်။ဒီအတွက် မကြာခင်မှာ NUG-MoPFI’s Early Partnership Program တွေကို စတင်တော့မှာဖြစ်ပါတယ်။ပွဲဦးထွက် Early Partnership Program တခုအဖြစ် ကမ္ဘာသို့ မိုးကုတ်ရတနာနယ်မြေမှာ ကျောက်မျက်တူးဖော်ခွင့် ( Mining Right )ကို တော်လှန်ရေးအပေါ် သက်ဝင်ယုံကြည်၊ အောင်မြင်လိုစိတ် ပြင်းပျတဲ့ ပြည်တွင်း၊ ပြည်ပက ရင်းနှီးမြှုပ်နှံလိုသူတွေ ဖိတ်ခေါ်ပြီး နိုင်ငံတော်နှင့်အကျိုးတူ ဆောင်ရွက်သွားမယ့် စီမံကိန်းလည်း ပါဝင်ပါတယ်။စီမံကိန်းဆိုင်ရာ အသေးစိတ်အချက်အလက်တွေကို မကြာခင် အသိပေးကြော်ငြာသွားမှာ ဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
ဇန်နဝါရီ ၁၀ ရက် အစိုးရအဖွဲ့အစည်းအဝေးမှာ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နံမှုဝန်ကြီးဌာနနဲ့ လျှပ်စစ်နဲ့စွမ်းအင် ဝန်ကြီးဌာနက Early Partnership Programme နဲ့ ပတ်သက်ပြီး မိုးကုတ်ရတနာမြေ ကိစ္စတင်ပြခဲ့ကြပါတယ်။
တဆက်တည်းမှာပဲ ဝန်ကြီက "အကြမ်းဖက်စစ်တပ် မောင်ပိုင်စီးထားတဲ့ ရန်ကုန်မြို့ အချက်အချာမြေနေရာတွေမှာတည်ဆောက်ရောင်းချမယ့်အနာဂတ်စီမံကိန်းများအဖြစ် အရည်အသွေးမီ တန်ဖိုးသင့်တိုက်ခန်း( Affordable Apartment ) တွေပါမှာဖြစ်သလို အဆင့်မီကွန်ဒိုမီနီယံ ( Condominium )တွေလည်း ပါမှာဖြစ်ပါတယ်။တန်ဖိုးသင့်တိုက်ခန်းတွေဆိုရင် ပြည်သူအများ လက်လှမ်းမီပါဝင် ထောက်ပို့နိုင်ရေးအတွက် လစဉ်ပေးသွင်းရမယ့်ပမာဏ ဒေါ်လာရာဂဏန်းအနည်းငယ်နဲ့ ဝယ်ယူနိုင်အောင် ချိန်ဆစီမံထားပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရဟာ အာဏာရှင်အဆုံးသတ်နိဂုံး (The End of Dictatorship-EOD)ရှယ်ယာများအပါအဝင် ငွေတိုက်စာချုပ် (Bond)ရောင်းချခြင်း၊ အစရှိတာတွေကို ဆက်လက်ဆောင်ရွက်သွားမှာ လည်းဖြစ်တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၄။ အကြမ်းဖက် စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဟာ မြန်မာပြည်ကိုဖျက်ပြီး သီးခြားကမ္ဘာငယ် တခုကို တည်ဆောက်ဖို့ လုပ်နေကြတာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင် ပြောကြား
အကြမ်းဖက် စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဟာ မြန်မာပြည်ကိုဖျက်ပြီး သီးခြားကမ္ဘာငယ် တခုကို တည်ဆောက်ဖို့ လုပ်နေကြတာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင် ပြောကြားလိုက်ပါတယ်။ ဇန်နဝါရီ ၁၁ ရက်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က သုံးသပ်ဆိုပါတယ်။
"ရွေးကောက်ပွဲ နဲ့ သီရိပျံချီ ဆုတံဆိပ် တွေရဲ့ နောက်ဆက်တွဲ အခင်းအကျင်း တွေးစရာတွေ။ မြန်မာပြည်ကိုဖျက်ပြီး သီးခြားကမ္ဘာငယ် တခုကို တည်ဆောက်ဖို့ လုပ်နေကြတာ။ ရှေ့တန်းက စစ်သားတွေမသိဘူး။ သူတို့ ဦးနှောက်မှာ အမျိုးဘာသာ သာသနာ ဂျင်း ထည့်ထားပေးတာ"လို့ဝန်ကြီးကဆိုပါတယ်။ အကြမ်းဖက် စစ်အုပ်စုဟာ ၂၀၂၃ ခုနှစ်မှာ အတုအယောင်ရွေးကောက်ပွဲတစ်ခုကျင်းပဖို့ ပြင်ဆင်နေလျက်ရှိပါတယ်။
========================
📌📌 ၅။ ၂၀၂၂ ခုနှစ်အတွင်း စင်္ကာပူဒေါ်လာ ၂.၁၁၉ မီလီယံရရှိခဲ့ပြီး တော်လှန်ရေးအဖွဲ့များကို ဆက်လက်ပေးပို့ဖို့ သိန်းပေါင်း၁၀၀၀ထောင်ကျန်ရှိတယ်လို့ Click 2donate အသိပေး
ဇန်နဝါရီလအတွင်းမှာ Click2donate ကအခုလိုအသိပေးဖော်ပြပါတယ်။ "click2donate ဟာ ၂၀၂၂ တစ်နှစ်လုံးမှာ စင်္ကာပူဒေါ်လာ ၂.၁၁၉ မီလီယံ (ယခု average ပေါက်စျေးနဲ့ မြန်မာငွေ သိန်းပေါင်း ၄သောင်းကျော် ) နှင့် US ဒေါ်လာ ငါးသောင်းကျော် (မြန်မာငွေ သိန်း တစ်ထောင့်ငါးရာကျော်) ရရှိခဲ့ပါတယ်ခင်ဗျာ။ အဲ့ထဲကမှ သိန်းပေါင်းတစ်ထောင်လောက် ပေးပို့ဖို့ကျန်ကာ ပေးပို့နေဆဲဖြစ်ပြီး ကျန်တာတွေအားလုံးကတော့ အဖွဲ့ပေါင်း ရာချီဆီကို ပေးပို့ထားပြီးဖြစ်ပါတယ်ခင်ဗျာ"လို့ဆိုပါတယ်။
ဒါ့အပြင် အောင်ပွဲ ကနေကလစ်တဲ့သူ ၉၀၀ ကြောင့် ငွေကျပ်၈သိန်းလောက်ဝင်နေပြီး iphone ကိုင်တဲ့လူများပိုမိုကလစ်ပေးကြရန် အသိပေးနှိုးဆော်ထားပါတယ်။
========================
📌📌 ၆။ ဂန့်ဂေါမြို့နယ် အောင်မြင်ရွာမှာ ယနေ့မနက် တိုက်ပွဲ ဖြစ်၍ စကစတပ်ဘက်က ၅ ဦးထိခိုက်
မကွေးတိုင်း ဂန့်ဂေါမြို့နယ် အောင်မြင်ရွာမှာ ယနေ့မနက် တိုက်ပွဲ ဖြစ်၍ စကစတပ်ဘက်က ၅ ဦးထိခိုက်ခဲ့ပါတယ်။ ဇန်နဝါရီလ ၁၁ ရက်နေ့ မနက် ၇ နာရီ ၅၀ အချိန် အောင်မြင်ရွာကို စစ်ကြောင်းထိုးဝင်လာတဲ့ စကစတပ်များကို တိုက်ခိုက်ခဲ့တယ်လို့ PDF-GANGAW-တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကအတည်ပြုဆိုပါတယ်။
ပျားရွာသို့ရောက်ရှိနေသော အင်အား (၉၀) ခန့်ပါ ခလရ ၅၀ စစ်ကြောင်းဟာဇန်နဝါရီ ၁၁ ရက် လက်နက်ကြီးလက်နက်ငယ်များဖြင့်ပစ်ခတ်ပြီး အောင်မြင်ရွာသို့ဝင်လာရာ အောင်မြင်ရွာအဝင်တွင် PDF၊ KKG ပူးပေါင်းတပ်ဖွဲ့များမှ ပျောက်ကျားတိုက်ခိုက်ခဲ့ရာထိတွေ့မှုဖြစ်ပွားခဲ့ပါတယ်"လို့ဆိုပါတယ်။
တိုက်ပွဲမှာ စကစ ဘက်မှ ၅ ဦးခန့်ထိခိုက်နိုင်ပြီး ကာကွယ်ရေးဘက်မှထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။ ထိတွေ့တိုက်ပွဲများထပ်မံအချိန်မရွေးဖြစ်ပွားလာနိုင်သဖြင့် ဂန့်ဂေါ-မင်းရွာလမ်းပိုင်းအား လုံးဝ ဖြတ်သန်းသွားလာခြင်းမပြုကြပါရန် မိဘပြည်သူများအားပန်ကြားထားပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment